အခန်း ၂၇၇
Vol. 28 Ch. 277
အခန်း(277)
တတိယညီနှင့် သူ၏ဇနီးဖြစ်သူတို့က အဆောက်အဦဟောင်းကို ရွေးချယ်ခဲ့ကြသည်။ သူတို့က အိမ်နီးနားချင်းများ၏ အရည်အသွေး ကွဲပြားလွန်းသော အဆောက်အအုံအသစ်သို့ သွားရောက်မည့်အစား အရာရှိများသာနေထိုင်ကြသော အဆောက်အအုံဟောင်းတွင်သာ ဆက်လက်၍နေထိုင်ခဲ့သည်။
သူတို့၏ လွှမ်းမိုးမှုအောက်တွင် ကလေးများက လမ်းမှားသို့ ရောက်ရှိသွားရန် အကြောင်းမရှိပေ။
ထို့အပြင် စုဝေ့ဟိုင် လက်ရှိ နေထိုင်သော နေရာက အဆောက်အအုံဟောင်းထက် ပိုမို၍ ကောင်းမွန်လွန်း၏။
အနီးအနားရှိ အိမ်နီးနားချင်းများက သုတေသနပညာရှင်များ ဖြစ်ကြသောကြောင့် ကလေးများက အသိပညာ မြင့်မားသောသူများနှင့်သာ ထိတွေ့ဆက်ဆံရခြင်း ဖြစ်
သည်။
သူတို့ ပေါင်းသင်းရသော သူငယ်ချင်းများကလည်း အသိပညာမြင့်မားသော မိသားစုများမှ ကလေးများသာ ဖြစ်ကြလေ၏။
ထို့ကြောင့် သူတို့၏ နောက်ပိုင်းလာမည့် လမ်းကြောင်းက သဘာဝကျကျပင် ကွဲပြားခြားနားပေလိမ့်မည်။
ထိုညီအစ်ကို နှစ်ယောက်က သုတေသနပညာရှင်များအဖြစ် ဆက်လက်လုပ်ကိုင်ကြရန်အတွက် အခွင့်အရေး အလွန်များပြားလွန်းသည်။
ထို့အပြင် တတိယမိသားစုခွဲမှ သမီးငယ်လေးကတော့ နောက်ပိုင်းတွင် ပြတ်သားပြီး လုပ်ကိုင်နိုင်စွမ်းရှိသော အမျိုးသမီးအရာရှိကြီးတစ်ဦး ဖြစ်လာရန်အတွက် အခွင့်အရေး များပြား၏။
စုဝေ့ဟိုင်၏ အစီအစဉ်က ကောင်းမွန်လွန်းပါသော်လည်း သူ၏ညီဖြစ်သူ စုဝေ့ချင်းက စုရှောင်လော်အပေါ် ထားရှိသော မျှော်လင့်ချက်က လေယာဉ်ပျံများနှင့် ဒုံးပျံများကို တည်ဆောက်ရန် ဖြစ်ကြောင်းကိုတော့ မသိရှိရှာပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် အလုပ်သမားအသစ်များက စက်ရုံထဲသို့ ဝင်ရောက်လာခဲ့ကြလေသည်။
ယခုနှစ်တွင် နည်းပညာဌာနသို့ အလုပ်သမားအသစ်တစ်ဦးမျှ ဝင်ရောက်ခြင်း မရှိပေ။
ဒါရိုက်တာဝမ်က လူတွေ့ပွဲများသို့ သွားရောက်နေခဲ့ချိန်အတွင်း၌ အချိန်လုကာ အောင်မြင်သွားခဲ့ကြသော လျှောက်ထားသူ တစ်ဦးချင်းစီ၏ စာမေးပွဲမေးခွန်းလွှာများကိုပါ လိုက်လံကြည့်ရှု စစ်ဆေးခဲ့လေသည်။
ကံဆိုးစွာဖြင့် လီရှန်းကဲ့သို့ ကောင်းမွန်စွာ ဖြေဆိုနိုင်သူ မည်သူမျှ မရှိခဲ့ပေ။
ယခုနှစ်တွင် ခေါ်ယူလိုက်သော အလုပ်သမားအသစ်များက ယမန်နှစ်က အလုပ်သမားများလောက် ထူးချွန်ထက်မြက်ခြင်း မရှိကြကြောင်း ထင်ရှား၏။
ထို့ကြောင့် ရွေးချယ်ခေါ်ယူလိုက်သော အလုပ်သမားအသစ် ဆယ်ယောက်လုံးကို အလုပ်ရုံသို့သာ ပို့ဆောင်ခဲ့ကြလေသည်။
နည်းပညာဌာနသို့ အလုပ်သမားအသစ် ဝင်ရောက်ခြင်းမရှိသောကြောင့် သူ ဆယ်ရက်ကျော်ကြာအောင် မျှော်လင့်ခဲ့ရသော အရာများက ပျက်ပြားသွားခဲ့ရလေ၏။
ဖန်ထုံ၏ မျက်နှာမှာလည်း ပင်ပန်းနွမ်းနယ်မှုများပြည့်ခဲ့ရလေ၏။ မကြာသေးမီက အခြေအနေများ အဆင်ပြေချောမွေ့နေခဲ့သော လီရှန်းနှင့် မတူညီစွာဖြင့် ဖန်ထုံကတော့ အဆင်မပြေခဲ့ပေ။
သူမ၌ ကိုယ်ဝန်ရှိနေသောကြောင့် ဖန်ထုံ၏ ခင်ပွန်းဖြစ်သူက သူမကို ပြုစုစောင့်ရှောက်ပေးမည့်သူ မရှိမည်ကို စိုးရိမ်ရုံမျှမက ညဘက်တွင် အခြေအနေတစ်ခုခု ဖြစ်ပွားပါက ကူညီမည့်သူ မရှိမည်ကိုပါ စိုးရိမ်နေခဲ့လေ၏။
ထို့ကြောင့် သူက မြို့တော်မှ အငြိမ်းစားယူထားခဲ့သော သူ၏မိခင်ကို လာရောက်ကူညီရန်အတွက် ဖိတ်ခေါ်ရန် ဆုံးဖြတ်ခဲ့လေသည်။
ဤဖိတ်ခေါ်မှုက ပြဿနာများကို ဖြစ်ပေါ်စေခဲ့ပြီး ယောက္ခမနှင့် ချွေးမကြားရှိ ဆက်ဆံရေးက အကြီးမားဆုံးသော ပြဿနာ ဖြစ်လာခဲ့ရလေတော့၏။
ဖန်ထုံမှာ နှစ်ပေါင်းများစွာ ကြာမြင့်မှသာ အိမ်တွင်းရေးကိစ္စများကို သူမကိုယ်တိုင် ကိုင်တွယ်နိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု သူမ၏ပုခုံးပေါ်တွင် ကြီးမားလွန်းသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုက ထပ်မံ၍ ရှိလာခဲ့ပြန်ပြီဖြစ်၍ သူမကို အလွန်ပင် နေရခက်စေခဲ့၏။
အကယ်၍ ဤယောက္ခမသာ လော်ယွီရှို့ကဲ့သို့ဖြစ်ခဲ့လျှင် အဆင်ပြေနိုင်ပါသော်လည်း သူမက အလွန်ပင် ဇီဇာကြောင်တတ်ပြီး တောင်းဆိုမှုလည်း များပြားလွန်းသည်။
ဤခဏအတွင်းတွင် ဖန်ထုံတစ်ယောက် သိသာစွာပင် အိုစာသွားခဲ့ရုံမျှမက နေ့ဘက် အလုပ်ခွင်တွင်လည်း အနည်းငယ် စိတ်မပါသကဲ့သို့ ဖြစ်နေခဲ့ရရှာ၏။
လီရှန်း ကိုယ်ဝန်ဆောင်သည့်အချိန်က ဖန်ထုံက သူမကို ကူညီပေးခဲ့ဖူးသည်။
ထို့ကြောင့် ယခုအချိန်တွင် ဖန်ထုံတွင် ကလေးရှိလာပြီဖြစ်၍ လီရှန်းကလည်း သူမကို ပြန်လည်၍ ကူညီပေးပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် နှစ်ကုန်ပိုင်းသို့ ရောက်ချိန်၌ ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ရသောကြောင့် လော်ယွီရှို့က နေရာအနှံ့သို့ သွားရောက်ပြီး မီးငြှိမ်းသတ်ပေးနေခဲ့ရသည်။
ဝူလီ၏ ကုန်တိုက်တွင်လည်း ကုန်ပစ္စည်းအမြောက်အမြားက ရောက်ရှိလာခဲ့သောကြောင့် သူမက ယခုရက်ပိုင်းအတွင်း အနားမရဘဲ အလုပ်လုပ်နေခဲ့ရလေ၏။
ထိုမျှမက ညတိုင်းနွင် ကုန်ပစ္စည်းများကို ခွဲခြားသတ်မှတ်ရန်အတွက် အချိန်ပိုဆင်းနေခဲ့ရသည်။
စုဝေ့မင်က နှစ်ချုပ်အစည်းအဝေးသို့ တက်ရောက်ရန်အတွက် တိုင်းမြို့တော်သို့ သွားရောက်ခဲ့ရပြီး စုဝေ့ချင်းကလည်း သူ၏အတွင်းရေးမှူးအဖြစ် တစ်ပါတည်း လိုက်ပါသွားခဲ့ရလေ၏။
သူက စုဝေ့မင်ကိုပါ ပြုစုစောင့်ရှောက်နိုင်လိမ့်မည်။
လွန်ခဲ့သောအချိန်က စုဝေ့မင်က အအေးမိခဲ့ဖူးပြီး သူ၏ ချောင်းဆိုးရောဂါက ယခုထက်ထိ သက်သာပျောက်ကင်းခြင်း မရှိသေးပေ။
ထို့ကြောင့် နှစ်ကုန်ပိုင်းသို့ ရောက်ရှိချိန်၌ စုဝေ့ဟိုင်က မိသားစုထဲ၌ အအားလပ်ဆုံးသောသူ ဖြစ်လာခဲ့ရသည်။
စုဝေ့ဟိုင် : “...”
ဤဖြစ်ရပ်က ထူးဆန်းလွန်းလေ၏။
ဤကဲ့သို့သော အလုပ်များလွန်းသော ကာလက တရုတ်ပြက္ခဒိန်အရ တစ်ဆယ့်နှစ်လပိုင်း (၂၈) ရက်နေ့အထိ ကြာမြင့်ခဲ့ရသည်။
ထိုအချိန်မှသာ ဝူလီက စုဝေ့ဟိုင်ကို ခေါ်ဆောင်ပြီး သူမ၏ မိဘအိမ်သို့ ပြန်လည်၍ လည်ပတ်ရန် အချိန်ရသွားခဲ့လေတော့၏။
စုဝေ့ဟိုင်၏ အရှိန်အဝါက အလွန်ပင် ပြင်းထန်လွန်းသောကြောင့် သို့မဟုတ် ဝူလီက ယခုနှစ်အတွင်း သူမ၏ မိဘအိမ်အပေါ်တွင် အလွန်ပင် ပြတ်သားလွန်းခဲ့သောကြောင့် ဖြစ်နိုင်သည်။
ယခုအကြိမ် သူတို့က ပြန်သွားခဲ့ကြချိန်တွင် သူမ၏ မိဘများက မည်သည့်တောင်းဆိုမှုကိုမျှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ကြပေ။
သို့သော် သူတို့က ကောင်းစွာဧည့်ခံကျွေးမွေးခြင်းမျိုးကိုလည်း မပြုခဲ့ကြပေ။
သူတို့၏ သမီးနှင့် သားမက်ဖြစ်သူကို လက်ဖက်ရည်တစ်ခွက်သာ တိုက်ကျွေးခဲ့ကြပြီး ထမင်းဟင်း ပြင်ဆင်ကျွေးမွေးခြင်းပင် မရှိခဲ့ကြပေ။
ထိုဇနီးမောင်နှံက ထိုနေရာသို့ သွား၍ ပြန်လာခဲ့ချိန်တွင် ခေါက်ဆွဲများကိုသာ ဆက်လက် စားသောက်ခဲ့ကြရရှာသည်။
တိုက်ဆိုင်စွာပင် စုဝေ့မင်နှင့် စုဝေ့ချင်းတို့ကလည်း မြို့တော်မှ ပြန်လည်၍ရောက်ရှိလာခဲ့ကြကာ သူတို့ကလည်း အလွန်ပင် ဗိုက်ဆာနေခဲ့ကြသောကြောင့် ထိုခေါက်ဆွဲ စားသောက်ကြသော လူအုပ်စုထဲသို့ ဝင်ရောက်ပူးပေါင်းခဲ့ကြလေတော့၏။
စုဝေ့ချင်းတစ်ယောက် ပြန်လည် ရောက်ရှိလာပြီဖြစ်၍ လီရှန်းကလည်း ကလေးကို ခေါ်ဆောင်ပြီး စုဝေ့ချင်းနှင့်အတူ မိသားစုအိမ်သို့ သွားခဲ့သည်။
စုဝေ့ချင်းကတော့ ကျန်းမိသားစုထဲ၌ စုဝေ့ဟိုင်ထက် အဆပေါင်းများစွာ ပိုမိုကောင်းမွန်သော ဆက်ဆံရေးကို ရရှိခဲ့၏။
သူက ကလေးများ၏ လှိုက်လှဲစွာ ကြိုဆိုခြင်းကို ခံခဲ့ရရုံမျှမက ယန်အန်းကော်နှင့် တခြားသောလူများကပင် သူ့ကို စကားပြောဆိုရန်အတွက် လာရောက်ဖိတ်ခဲ့ကြလေတော့သည်။
သေချာပေ၏။
သူတို့က အလုပ်နှင့်သက်ဆိုင်သော ကိစ္စရပ်များကိာသာ ဆွေးနွေးခဲ့ကြသည်ပင်။
ညနေဘက်တွင် စုဝေ့ချင်းတို့ ဇနီးမောင်နှံက ကလေးကို ပွေ့ချီလျက် ဘတ်စ်ကားပေါ်တွင် ထိုင်နေခဲ့ကြရင်း လမ်းဘေးမီးတိုင်များ လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို စောင့်ကြည့်နေခဲ့ကြ၏။
လီရှန်းက ရုတ်တရက် စိတ်မထိန်းနိုင်တော့ဘဲ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မ မနှစ်က ဒီလိုအချိန်မျိုးကို အခုထိ မှတ်မိသေးတယ်”
စုဝေ့ချင်းက ခဏမျှ ကြောင်အ,သွားရပြီးနောက် သူလည်း စိတ်မထိန်းနိုင်ဘဲ ရယ်မောလိုက်လေတော့၏။
“ကိုယ် မင်းတို့မိသားစုဆီကို သားမက်လောင်းအဖြစ် ပထမဆုံးအကြိမ် သွားလည်တုန်းကဆိုရင် အတော်လေးကို စိတ်လှုပ်ရှားပြီး တုန်လှုပ်နေခဲ့တာ၊
မင်းရဲ့ ဦးလေးတွေနဲ့ အဒေါ်တွေအားလုံးက တကယ့်ကို အရှိန်အဝါကြီးကြတာလေ၊
ကိုယ် ဘယ်ကနေစပြီး စကားပြောရမှန်းတောင် မသိလောက်အောင် ဖြစ်ခဲ့ရတာ”
သူတို့နှစ်ယောက် လက်ထပ်ခဲ့ကြသည်က အချိန်တစ်နှစ်မျှသာ ရှိပေသေးသည်။
သို့သော် ရေတွက်၍မရနိုင်သည့် အတိတ်အမှတ်တရများစွာက သူတို့၏ စိတ်အာရုံထဲသို့ တိုးဝှေ့ဝင်ရောက်လာခဲ့လေ၏။
စုဝေ့ချင်းင စိတ်လိုက်မာန်ပါဖြင့် သတ္တိမွေးပြီး ဘတ်စ်ကား၏ အနောက်သို့ အစွမ်းကုန်လိုက်ကာ တဖက်လူ၏ နာမည်ကို မေးမြန်းခဲ့သည်ဖြစ်စေ၊ သို့မဟုတ် နောက်ပိုင်းတွင် အရှက်မရှိဘဲ ဘတ်စ်ကားပေါ်တွင် ထိုင်စောင့်နေခဲ့ခြင်းဖြစ်စေ..
ကမ္ဘာပေါ်တွင် သဘာဝကျသည့် တိုက်ဆိုင်မှုဟူ၍ မရှိပေ။
အရာအားလုံးက ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခဲ့ကြသည့် ဆုံတွေ့ခြင်းများသာ ဖြစ်သည်။
စုဝေ့ချင်းက ယမန်နှစ်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောဆိုနေချိန်၌ သူ၏မျက်ဝန်းများထဲတွင် ပါးနပ်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားခဲ့ရလေ၏။
ထိုအချိန်က သူ့ထံတွင် အလုပ်အကိုင်မရှိသေးပေ။
သူ မြတ်နိုးရသူ၏ နှလုံးသားကို ရရှိနိုင်ရန်အတွက် သူက စာပေသင်ကြားရန်ဟူသော ဆင်ခြေဖြင့် ဘတ်စ်ကားပေါ်တွင် အသွားအပြန် ခရီးနှင်နေခဲ့ရရှာသည်။
သူ၏ဘေးနားတွင် နေရာလွတ်တစ်ခု ရှိနေစေရန်အတွက် သူက ဘတ်စ်ကားပေါ်မှ ခရီးသည် မည်မျှကို လှမ်းပြီး နှုတ်ဆက်ခဲ့ရသည်ကိုပင် မသိနိုင်တော့ပေ။
လက်မှတ်ရောင်းသူပင်လျှင် သူ့ကို မှတ်မိနေခဲ့လေသည်။
ဤအရာအားလုံးက ဘတ်စ်ကားပေါ်တွင် လီရှန်း သူ့ကို မြင်တွေ့လိုက်ရချိန်၌ အံ့ဩဝမ်းသာသွားရမည့် ထိုအချိန်အတောအတွင်းလေးကို စောင့်မျှော်ရန်အတွက်သာ ဖြစ်ခဲ့လေ၏။
လီရှန်းအနေဖြင့် စုဝေ့ချင်းက ထိုအချိန်က ဤမျှအထိ အူကြောင်ကြောင် ကိစ္စရပ်များကို လုပ်ဆောင်ခဲ့လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။
သို့သော် သူမက နားထောင်လေလေ သူမ၏အကြည့်များက ပိုမို၍ နူးညံ့လာလေလေ ဖြစ်ခဲ့သည်။
အကယ်၍ သူတို့က အများပြည်သူဆိုင်ရာ နေရာတစ်ခုတွင် ရှိမနေခဲ့ကြလျှင် သူမက သူမ၏ခေါင်းကို စုဝေ့ချင်း၏ ပုခုံးပေါ်သို့ အသာအယာ မှီထားမိလိမ့်မည်။
“ဒီဘတ်စ်ကားက ကိုယ်တို့တွေအတွက်တော့ အောင်သွယ်တော်ကြီးလို့ သတ်မှတ်လို့ရတာပေါ့၊
နောက်ပိုင်းကျရင် ကိုယ် မင်းနဲ့ ရှောင်လော်ကိုခေါ်ပြီး အဘိုးဆီကိုအကြာခဏ သွားလည်နိုင်ဖို့အတွက် မျှော်လင့်မိတယ်”
“သေချာပေါက် သွားကြတာပေါ့”
လီရှန်းက ထိုကိစ္စကို အခိုင်အမာ ယုံကြည်နေခဲ့သည်။
*
ငါးနှစ်ခန့် ကြာပြီးနောက်။
(၁၉၇၇) ခုနှစ် ကိုးလပိုင်း။
စုဝေ့ချင်းက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်၍ ကျင်းပတော့မည်ဟူသော သတင်းကို ရရှိသည်နှင့် စိတ်လှုပ်ရှားစွာဖြင့် အကြောင်းကြားစာကို ယူဆောင်ပြီး စုဝေ့မင်ထံသို့ သွားခဲ့လေသည်။
စုဝေ့မင်က ထိုအချိန်တွင် စက်ရုံထဲရှိ အမျိုးမျိုးသော ဌာနခွဲခေါင်းဆောင်များနှင့်အတူ ဆေးဝါးစက်ရုံ၏ နောက်ပိုင်းလာမည့် ဦးတည်ချက်များအကြောင်းကို ဆွေးနွေးရန်အတွက် အစည်းအဝေး ပြုလုပ်နေခဲ့ခြင်း ဖြစ်လေ၏။
လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက ဒါရိုက်တာ ကျန်းရိကော်၏ ဦးဆောင်မှုအောက်တွင် သုတေသနပညာရှင် အားလုံးတို့က အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြလေသည်။
ထို့ကြောင့် အသည်းရောင်အသားဝါ ကာကွယ်ဆေးကို အောင်မြင်စွာ တီထွင်ဖော်စပ်နိုင်ခဲ့ကြပြီး နိုင်ငံတော်၏ အပြည့်အဝ ထောက်ခံအားပေးမှုကို ရရှိခဲ့ကြ၏။
ရလဒ်အနေဖြင့် ဆေးဝါးစက်ရုံက ပိုမို၍ ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်ခဲ့လေသည်။
တစ်ချိန်တည်းမှာပင် ပိုင်မားခရိုင်ကလည်း နောက်ဆုံး၌ မြို့ပြအဆင့်မှ ပြည်နယ်အဆင့်သို့ ပြောင်းလဲသွားခဲ့ရလေ၏။
ယခင်က မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်များက မြို့လယ်ခေါင် ဖွံ့ဖြိုးတိုးတက်ရေးဇုန်ထဲသို့ ထည့်သွင်းခြင်းကို ခံခဲ့ရလေသည်။
ထို့ကြောင့် ပိုင်မားခရိုင်က မြို့တော်၏ ဆင်ခြေဖုံးရပ်ကွက်အသစ် ဖြစ်လာခဲ့ရတော့၏။
ပိုင်မားခရိုင်က မြို့တော်၏ ဗဟိုချက်မလောက် မကျယ်ဝန်းလွန်းပါသော်လည်း အနည်းဆုံးတော့ သူတို့၏ အိမ်ထောင်စုစာရင်းပေါ်ရှိ နေရပ်လိပ်စာက ပြောင်းလဲသွားခဲ့လေသည်။
ပိုင်မားခရိုင် ဆေးဝါးစက်ရုံ ဟူသော ဆိုင်းဘုတ်ကြီးကိုလည်း နင်ရှပြည်နယ် ဆေးဝါးစက်ရုံဟူ၍ လဲလှယ်ပြီးစီးသွားခဲ့လေပြီ။
*