← Chapters

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း ၂၇၈

Vol. 28 Ch. 278

အခန်း(278)

ဆေးဝါးစက်ရုံ၏ အဆင့်အတန်းက မြင့်မားလာခဲ့သည်နှင့်အမျှ အလုပ်သမားများ၏ အကျိုးခံစားခွင့်များကလည်း တိုးတက်လာခဲ့ရလေသည်။

စုဝေ့ချင်းနှင့် လီရှန်းတို့၏ ရာထူးအဆင့်အတန်းများကလည်း မြင့်မားလာခဲ့ရသည်။ အထူးသဖြင့် လီရှန်းပင် ဖြစ်လေ၏။

အစ်မလျို့က နည်းပညာဌာနမှ တရားဝင် ထွက်ခွာသွားခဲ့လေသည်။

ထို့နောက်တွင် သူမက သူလျှိုအမှုကို စုံစမ်းစစ်ဆေးရန်အတွက် စစ်တပ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ထိုအချိန်ကတည်းက လီရှန်းက အစ်မလျို့၏ ရာထူးနေရာကို အောင်မြင်စွာ ဆက်ခံနိုင်ခဲ့ပြီး ဒါရိုက်တာဝမ်၏ ညာလက်ရုံး ဖြစ်လာခဲ့ရလေ၏။

ဒါရိုက်တာဝမ်မှာတော့…

သူက လက်ထပ်ပြီး သုံးလမျှသာ ရှိသေးသည့် အချိန်တွင်ပင် သူ၏ဇနီးနှင့် ကွာရှင်းပြတ်စဲခဲ့လေသည်။

ယခုအချိန်တွင် သူ၏ဇနီးဟောင်းထံမှ ကလေးငယ်က လမ်းလျှောက်နိုင်နေပြီ ဖြစ်သော်လည်း သူကတော့ အေးဆေးစွာ ပူပန်မှုမရှိဘဲ နေထိုင်ဆဲဖြစ်ပေ၏။ ထိုအရာက လီရှန်းကို အမှန်တကယ့်ကို ခေါင်းခဲစေခဲ့သည်။

စုဝေ့ချင်းက အကြောင်းကြားစာကို ကိုင်ဆောင်လျက် အစည်းအဝေးခန်းမထဲသို့ ရောက်ရှိလာခဲ့လေ၏။

သူက အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သောကြောင့် တံခါးကိုပင် ခေါက်ခြင်းမပြုတော့ဘဲ တွန်းဖွင့်ပြီး အထဲသို့ ဝင်ရောက်လာခဲ့လေတော့သည်။

စုဝေ့မင်က ဒေါသထွက်ရန် ပြင်ဆင်လိုက်ချိန်တွင်မှ ဝင်ရောက်လာသူက သူ၏ သားဖြစ်ကြောင်းကို သတိပြုမိသွားခဲ့ရ၏။

စုဝေ့ချင်းက လွန်ခဲ့သောနှစ်များအတွင်း ပိုမို၍ တည်ငြိမ်ရင့်ကျက်လာခဲ့ပြီ ဖြစ်သည်။

သူ့အနေဖြင့် ဤကဲ့သို့သော အခြေခံအကျဆုံးအမှားမျိုးကို လုပ်ဆောင်မည့်သူ မဟုတ်ကြောင်းကို သူက သိရှိထား၏။

ထို့ကြောင့် စုဝေ့မင်က သူ၏ ဆဲဆိုပြစ်တင်မည့် စကားများကို အမြန်ပင် ပြန်လည်၍ မျိုချလိုက်ရသော်လည်း သူ၏လေသံက မာထန်နေဆဲဖြစ်လေသည်။

“မင်း ဘာဖြစ်နေတာလဲ၊ အစည်းအဝေး လုပ်နေတာကို မမြင်ဘူးလား”

“ဒုညွှန်ကြားရေးမှုး၊ ကျွန်တော်တို့ ပြည်နယ်ဘက်က သတင်းတစ်ခု ရရှိထားလို့ပါ”

ပြည်နယ်ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် လူတိုင်းက ခေါင်း လှည့်ကြည့်လိုက်ကြလေသည်။

စုဝေ့ချင်းကို ဤမျှအထိ စိတ်လှုပ်ရှားသွားစေခဲ့သည့် အရာက သေချာပေါက်ပင် ကြီးမားလွန်းသော ကိစ္စရပ်တစ်ခု ဖြစ်ရမည်။

“ပေကျင်းဘက်က ရရှိတဲ့ နောက်ဆုံးသတင်းအရ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်”

ဘာပြောတယ်။

လူတိုင်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိကြပြီး သူတို့၏ မျက်ဝန်းများကလည်း ဝိုင်းစက်သွားရသည်။

ခဏမျှအတွင်းမှာပင် သူတို့က တစ်ဦးကိုတစ်ဦး ကြည့်ရှုရင်း သူတို့က နားကြားမှားသွားခဲ့လေသလားဟူ၍ တွေးတောနေမိကြသည်။

သူတို့ဘက်မီ တုံ့ပြန်မှုမရှိကြသည်ကို မြင်သည့်အချိန်တွင် စုဝေ့ချင်းက စိုးရိမ်ပူပန်သွားရပြီး ပိုမို၍ ကျယ်လောင်သော အသံဖြင့် အော်ဟစ်လိုက်လေသည်။

“အဖေ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ကျင်းပတော့မှာပါ၊ ကျွန်တော်တို့တွေ စာမေးပွဲဖြေပြီး တက္ကသိုလ်တက်လို့ ရပြီ”

သူက စကားပြောနေရင်း သူ၏မျက်ဝန်းများက နီရဲလာခဲ့ရရှာသည်။

ဆယ်နှစ်ပတ်လုံး ကြာမြင့်ခဲ့ရလေ၏။

ဆယ်နှစ်အပြည့် ကြာမြင့်ခဲ့ရခြင်း ဖြစ်လေသည်။

လွန်ခဲ့သော ဆယ်နှစ်က သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရန်အတွက် အရွယ်ငယ်လွန်းနေခဲ့သေးသည်။

သို့သော် ဆယ်နှစ်ကြာမြင့်ပြီးနောက်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်ဖြေဆိုခွင့် ရရှိချိန်တွင် သူက ဖခင်တစ်ဦးပင် ဖြစ်နေခဲ့လေပြီ။

အစည်းအဝေးခန်းမကြီးတစ်ခုလုံးက စုဝေ့ချင်း၏ စကားကြောင့် ချက်ချင်းပင် ဆူညံပွက်လောရိုက်သွားခဲ့ရတော့သည်။

မိသားစုတိုင်းတွင် စာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်မည့် အရွယ်ရောက်ပြီးသား ကလေးများ ရှိနေကြသည် မဟုတ်ပါလား။

အနည်းဆုံးတော့ ကျေးလက်ဒေသသို့ ပညာတတ်လူငယ်များအဖြစ် ဆင်းသွားခဲ့ကြရရှာသော ကလေးများ ရှိနေကြသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ပြန်လည်၍ ကျင်းပတော့မည်ဆိုမှတော့ ကျေးလက်ဒေသသို့ ဆင်းသွားခဲ့ကြရရှာသော ထိုကလေးများက မြို့ပြသို့ ပြန်လည်၍ ရောက်ရှိလာရန်အတွက် အခွင့်အရေးရရှိကြတော့မည် ဖြစ်သည်။

အစည်းအဝေးကိုလည်း ချက်ချင်းပင် ရပ်ဆိုင်းလိုက်ရလေတော့သည်။

အရာရှိအဖွဲ့တစ်စုက အရှေ့သို့ တိုးကပ်လာခဲ့ကြပြီး စုဝေ့ချင်း၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းအုံလျက်မေးကြလေတော့၏။

“မင်းပြောတာ တကယ်ပဲလား”

“တကယ်ပါ၊ တကယ်ပါ၊ အကြောင်းကြားစာက ဒီမှာ ရှိနေတုန်းပဲ၊ ကြည့်ကြပါဦး”

စုဝေ့ချင်းက လက်ကို ဆန့်ထုတ်ပြလိုက်လေ၏။ ထိုအကြောင်းကြားစာက သူက ဖုန်းပြောနေချိန်အတွင်း၌ ကိုယ်တိုင်လက်ရေးဖြင့် ချရေးထားခဲ့ခြင်း ဖြစ်သည်။

ထိုစာက အနည်းငယ် ရှုပ်ထွေးနေခဲ့ပါသော်လည်း တခြားလူများအတွက် ဤလက်ရေးက အမှန်တကယ့်ကို လှပလွန်းသည်ဟု ထင်ရလေ၏။

သူတို့က ထိုစက္ကူပြားကို လုယက်ပြီး လိုက်လံ၍ ကြည့်ရှုနေခဲ့ကြပြီးနောက်တွင် စုဝေ့မင်လည်း နောက်ဆုံး၌ သတိပြန်ဝင်လာခဲ့ပြီး ထိုအကြောင်းကြားစာကို လှမ်း၍ ဆွဲယူလိုက်ရင်း ကြေညာလိုက်လေတော့သည်။

“ဒီနေ့အတွက် အစည်းအဝေးကို ဒီမှာတင် ရပ်နားလိုက်မယ်၊ မင်းတို့ အိမ်ကို ပြန်ပြီးတော့ မိသားစုဝင်တွေကို ဒီသတင်းကောင်းကို သွားပြောလိုက်ကြတော့၊

စာရေးချင်ရင် ရေးကြ၊ ဒါမှမဟုတ် စာအုပ်တွေ ပေးပို့ချင်ရင်လည်း ပို့ကြတော့၊ ငါလည်း အသံလွှင့်ရုံကို သွားရမယ်”

ပြောပြီးသည်နှင့် သူက သူ၏ နောက်ကွယ်မှ အော်ဟစ်အောင်ပွဲခံသံများကို ဂရုမစိုက်တော့ဘဲ ထိုစက္ကူပြားကို ဆွဲကိုင်လျက် စုဝေ့ချင်းကို ခေါ်ဆောင်ပြီး ထွက်ခွာသွားခဲ့လေတော့၏။

ထိုဖခင်နှင့် သားနှစ်ဦးက အောက်ထပ်သို့ ရောက်ရှိသွားချိန်တွင် စုဝေ့မင်က ပျာပျာသလဲ မေးမြန်းလိုက်လေသည်။

“မင်း တက္ကသိုလ် တက်ချင်လို့လား”

စုဝေ့ချင်းက ခေါင်းကို ညိတ်၍ ပြောလိုက်လေ၏။

“တက်ချင်တယ်”

“ဒါဆိုရင် မင်းရဲ့ ဇနီးနဲ့ ကလေးတွေကျတော့ရော”

စုဝေ့မင်က စုဝေ့ချင်း၏ အခြေအနေကို လုံးဝ နားမလည်နိုင်ဘဲ ရှိနေခဲ့ရလေသည်။

စုဝေ့ချင်းက လက်ရှိတွင် အလွန်ကောင်းမွန်သော အလုပ်အကိုင်ကို ရရှိထားခြင်းဖြစ်လေ၏။

သူက နောင်တစ်ချိန်တွင် လုပ်သက်ပြည့်လာပါက ဦးဆောင်မှုအပိုင်းသို့ ရာထူးတိုးမြှင့်ခံရရန်အတွက် အခွင့်အရေး အလွန်များပြားလွန်းကြောင်းကို သူ သိရှိထားသည်။

လီရှန်းကလည်း နည်းပညာဌာနတွင် ဒါရိုက်တာအဆင့်အထိ ရာထူးတိုးမြှင့်ခံရရန် သေချာနေသည်။

“ရှန်းရှန်းလည်း စာမေးပွဲဖြေဆိုချင်လိမ့်မယ် အဖေ၊ အဖေလည်း သိတဲ့အတိုင်း ရှန်းရှန်းက ဆေးဝါးသုတေသန ပြုလုပ်ရတာကို မနှစ်သက်ပါဘူး၊ သူမက ဆရာဝန်တစ်ဦးဖြစ်ရတာကိုပဲ ပိုပြီး သဘောကျတာလေ”

ဟုတ်ပေသည်။

သူမက ဆေးဝါးစက်ရုံတွင် ငါးနှစ် သို့မဟုတ် ခြောက်နှစ်ခန့် အလုပ်လုပ်ကိုင်ခဲ့ပြီး ဖြစ်သော်လည်း လီရှန်း၏ မူလရည်ရွယ်ချက်က ပြောင်းလဲခြင်း မရှိပေ။

သူမ၏ရည်ရွယ်ချက်က လူသားတို့၏ အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည့် ဆရာဝန်တစ်ဦး ဖြစ်လာရန်ပင် ဖြစ်သည်။

တချို့သောလူများက ဆေးဝါးတစ်မျိုးကို တီထွင်ဖော်စပ်ခြင်းက လူသားတို့၏ အသက်ပေါင်းများစွာကို ပိုမို၍ ကယ်တင်နိုင်လိမ့်မည်ဟု ပြောဆိုကြပေလိမ့်မည်။

သို့သော် လီရှန်းက သူမကိုယ်သူမ ဆေးဝါးဖော်စပ်ရေးကိစ္စရပ်များနှင့် မသင့်တော်ကြောင်းကို ကောင်းစွာသိရှိထားလေ၏။

သူမအနေဖြင့် နည်းပညာဌာနတွင် သူမ၏ လုပ်သက်ကို တဖြည်းဖြည်းချင်း တည်ဆောက်နိုင်ပြီး ဒါရိုက်တာဝမ်မှ ရာထူးတိုးမြှင့်ခံရချိန်တွင် သူ၏ရာထူးနေရာကို ရရှိရန်အတွက် ကြိုးစားနိုင်လေသည်။

သို့သော် ထိုအရာမှလွဲ၍ တိုးတက်စေမည့် အကြံပြုချက်များကိုတော့ ထုတ်ဖော်ပြောဆိုနိုင်စွမ်း မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူမက ဆေးရုံသို့ သွားရောက်မည်ဆိုပါက..။

သူမတွင် လက်နှစ်ဖက်သာ ရှိသောကြောင့် လူတစ်ဦးတည်းကိုသာ ကယ်တင်နိုင်ပေလိမ့်မည်။

သို့သော် လူနာတစ်ဦးက ပြန်လည်၍ ကျန်းမာလာသည်ကို မြင်တွေ့ရခြင်း၏ အားရကျေနပ်မှုဟူသော ခံစားချက်မျိုးကိုတော့ ဆေးဝါးဖော်စပ်ခြင်းအားဖြင့် မခံစားနိုင်ပေ။

ထို့အပြင်……

လီရှန်းက သူမ၏လက်ထဲရှိ လေ့လာရေး ကုန်ကြမ်းစာအုပ်များကို လှန်လှောကြည့်ရှုနေခဲ့ရင်း ထိုစာအုပ်၏မျက်နှာဖုံးကို လက်ဖြင့် မကိုင်ဘဲ မနေနိုင်တော့ပေ။

ဤလေ့လာရေး ကုန်ကြမ်းစာအုပ်များက ဤကမ္ဘာနှင့် ဤခေတ်ကာလ၏ အသိပညာအဆင့်အတန်းနှင့် အမှန်တကယ့်ကို ကိုက်ညီလွန်းသော စနစ်ကျလွန်းသည့် အကျဉ်းချုပ်တစ်ခု ဖြစ်သည်။

အထဲရှိ မေးခွန်းများပင်လျှင် ဤခေတ်ကာလ၏ ထူးခြားချက်များဖြင့် ပြည့်နှက်နေခဲ့လေ၏။

ထိုအရာက စနစ်ကလည်း သူတို့ကို တက္ကသိုလ်သို့ ဝင်ခွင့်ရရှိစေရန်အတွက် မျှော်လင့်နေကြောင်းကို ထင်ရှားလွန်းသည်။

“တကယ်လို့ ကိုယ်တို့တွေ တက္ကသိုလ်တက်ရင် ရှောင်လော်လေးရော ဘယ်လိုလုပ်မလဲ”

“အဲဒီအချိန်ကျရင် ရှောင်လော်လည်း မူလတန်းကျောင်း တက်လို့ရပြီလေ၊

ကျွန်မတို့တွေ သူမကို တက္ကသိုလ်အနီးက မူလတန်းကျောင်းမှာပဲ သွားပြီး ထားကြတာပေါ့”

လီရှန်းက သူမ၏အခြေအနေကို တွေးတောလိုက်မိလေသည်။

အမှန်တကယ်တွင် သူမက ကက်သလစ် ဆေးတက္ကသိုလ်သို့ လျှောက်ထားချင်လေ၏။

သို့သော် လက်ရှိထုတ်ပြန်ထားသော ပထမဆုံးအကြိမ် တက္ကသိုလ်များ စာရင်းထဲ၌ ဆေးတက္ကသိုလ်များ အတန်းက ပြန်လည်၍ ဖွင့်လှစ်မည့် နေရာ မပါဝင်သေးပေ။

လီရှန်းက ဤဆုံးဖြတ်ချက်အပေါ် တုန့်ဆိုင်းနေခဲ့ရဆဲ ဖြစ်လေ၏။

“တကယ်လို့ အဆင်မပြေရင်လည်း ရှင်ပဲ အရင်ဆုံး တက္ကသိုလ်သွားတက်လိုက်ပါလား၊

ကျွန်မ ရှောင်လော်ကို နှစ်နှစ်လောက် ဆက်ပြီး ပြုစုစောင့်ရှောက်ထားလိုက်မယ်၊

ရှင့်ဘက်က အခြေအနေအားလုံး တည်ငြိမ်သွားတဲ့အချိန်ကျမှ ကျွန်မ ဆက်ပြီး လျှောက်ထားလိုက်မယ်လေ”

တခြားသော ကမ္ဘာများတွင် ကက်သလစ် ဆေးတက္ကသိုလ်က နောက်တစ်နှစ်ကျမှသာ ပြန်လည်၍ ဖွင့်လှစ်ရန်အတွက် ခွင့်ပြုချက်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

လီရှန်းက ထိုအမှန်တရားကို သိရှိထားသော်လည်း စုဝေ့ချင်းကို ထုတ်ဖော်ပြောဆိုရန် မလိုလားပေ။

ထို့ကြောင့် စုဝေ့ချင်းက နားလည်မှုလွဲမှားသွားခဲ့ရပြီး လီရှန်းက သူ၏ဆန္ဒများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် သူမ၏ကိုယ်ပိုင်အိပ်မက်များကို စွန့်လွှတ်ချင်နေခြင်း ဖြစ်သည်ဟု တွေးတောမိသွားခဲ့ရရှာသည်။

“မင်း အခုလိုမျိုး လုပ်စရာမလိုပါဘူး”

သူက ထပ်မံ၍ စိတ်မထိန်းနိုင်တော့ဘဲ လီရှန်းကို အနောက်ဘက်မှနေ၍ တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ပြောလိုက်လေ၏။

“မင်း ကိုယ့်အတွက်နဲ့ မင်းရဲ့ အိပ်မက်တွေကို စွန့်လွှတ်စရာမလိုပါဘူး၊ နှစ်နှစ်ဆိုတဲ့ ကာလအတွင်းမှာ ပြောင်းလဲမှုတွေ အများကြီး ရှိနိုင်တယ်၊

တကယ်လို့ နောက်နှစ်နှစ်ကြာတဲ့အချိန်ကျရင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ထပ်ပြီး ရပ်ဆိုင်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ”

ထို့ကြောင့် သူတို့က သူတို့ မျှော်လင့်ထားသော တက္ကသိုလ်သို့ ဝင်ခွင့်ရရှိနိုင်ရန်အတွက် အခွင့်အရေးတိုင်းကို အမိအရ ဆုပ်ကိုင်ရပေလိမ့်မည်။

“ရပါတယ်”

လီရှန်း၏ လည်ပင်းက ဖက်ထားခြင်းကို ခံရသောကြောင့် အသက်ရှူရန် ခက်ခဲနေခဲ့ရပြီး သူမကို နေရခက်စေခဲ့သည်။

သူမက အမြန်ပင် လက်ကိုမြှောက်၍ သူ၏လက်မောင်းကို ပုတ်ပြလိုက်ရင်း ပြောလိုက်လေ၏။

“လွှတ်ပါဦး၊ ကျွန်မ အသက်ရှူကျပ်လို့ပါ”

စုဝေ့ချင်းက အမြန်ပင် သူ၏ လက်ကို လွှတ်ပေးလိုက်လေတော့သည်။

သို့သော် သူက လီရှန်း၏ အရှေ့သို့ သွားခြင်းမရှိဘဲ သူမ၏ အနောက်ဘက်တွင် ဝင်ထိုင်လိုက်ပြီး သူမကို တင်းကျပ်စွာ ပွေ့ဖက်ထားခဲ့ပြီး သူ၏နဖူးကို သူမ၏ လည်ပင်းအနောက်ဘက်သို့ မှီထားမိလေတော့၏။

*

All Chapters