အခန်း ၂၇၉
Vol. 28 Ch. 279
အခန်း(279)
“ကိုယ်တို့တွေ တစ်ကျောင်းတည်းကိုပဲ အတူ သွားကြရအောင်၊ ပြီးရင် ရှောင်လော်ကိုပါ တစ်ပါတည်း ခေါ်သွားပြီး ပြုစုစောင့်ရှောက်ကြတာပေါ့”
စုဝေ့ချင်း၏အသံက သူမ၏ နားထဲတွင် ထွက်ပေါ်လာခဲ့လေသည်။ သူ့အနေဖြင့် စုရှောင်လော်ကို ပိုင်မားခရိုင်တွင် ချန်ထားခဲ့ပြီး လော်ယွီရှို့ကို ပြုစုစောင့်ရှောက်ခိုင်းရန်အတွက် ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ သားသုံးယောက်ထဲတွင် လော်ယွီရှို့က စုဝေ့ဟိုင် ကွာရှင်းပြတ်စဲခဲ့ချိန်က နှစ်နှစ်တာ ကာလအတွင်း၌သာ စုချန်နှင့် စုကျွင့်တို့ကို ကူညီပြုစုပေးခဲ့ဖူးခြင်း ဖြစ်သည်။
သူမက တခြားသော ကလေးများကို တစ်ရက်မျှပင် ကူညီပြုစုပေးခဲ့ဖူးခြင်း မရှိပေ။
လော်ယွီရှို့ကိုယ်တိုင်လည်း အငြိမ်းစားမယူရသေးဘဲ အလုပ်များနေဆဲဖြစ်ပေ၏။
လော်ယွီရှို့၏ ကလေးအပေါ် အလိုလိုက်တတ်သော စရိုက်တစ်ခုတည်းကိုသာ တွေးတောကြည့်လျှင်ပင် စုဝေ့ချင်းက ကလေးက လမ်းမှားသို့ ရောက်ရှိသွားရန် အခွင့်အရေး ရှိသည်ဟု ခံစားမိရသည်။
တခြားသော အကြောင်းအရင်းတစ်ခုလည်း ရှိနေသေးလေ၏။
စုရှောင်လော်က အလွန်ပင် ပါးနပ်လွန်းသည်။ သူမက ငယ်စဉ်ကတည်းက ဥာဏ်ကောင်းလွန်းသော မျက်နှာအမူအရာမျိုး ရှိနေခဲ့ခြင်း ဖြစ်သည်။
သို့သော် ဥာဏ်ကောင်းလွန်းသော်လည်း သူမ၌ ကလေးတစ်ဦး၏ စိတ်နေစိတ်ထားမျိုးတော့ ရှိနေဆဲ ဖြစ်လေ၏။
ဤမျှအထိ ဥာဏ်ကောင်းလွန်းသော ကလေးငယ်တစ်ဦးသာ လမ်းမှားသို့ ရောက်ရှိသွားခဲ့လျှင်ပေါ်စေနိုင်မည့် ဆိုးကျိုးများက သာမန်ကလေးတစ်ဦးထက် အဆပေါင်းရာချီ၍ ပိုမို၍ ပြင်းထန်ပေလိမ့်မည်။
ထို့ကြောင့် စုဝေ့ချင်းက ပုံမှန်အားဖြင့် စုရှောင်လော်အပေါ် အလွန်ပင် စည်းကမ်း တင်းကျပ်လွန်းသည်။
ရှောင်လော်လေးကလည်း ဤကဲ့သို့သော တင်းကျပ်မှုများကို ကျင့်သားရနေခဲ့ပြီ ဖြစ်သော်လည်း လော်ယွီရှို့၏ အလိုလိုက်တတ်သော ပုံစံမျိုးကိုတော့ နေသားကျလိမ့်မည် မဟုတ်ပေ။
“အဆောက်အအုံက သေးငယ်နေသေးတာပဲ”
လီရှန်း သက်ပြင်းချလိုက်မိလေတော့သည်။
သူမက စုဝေ့ချင်းဘက်သို့ လှည့်ကြည့်လိုက်ရင်း လေးနက်စွာ တိုက်တွန်းပြောဆိုလေသည်။
“ကျွန်မတော့ ရှင် အရင်ဆုံး စာမေးပွဲသွားဖြေတာကို ပိုပြီး အဆင်ပြေမယ်ထင်တယ်၊
ကျွန်မ ရှောင်လော်ကို နောက်ထပ် နှစ်နှစ်လောက် ဆက်ပြီး ပြုစုစောင့်ရှောက်ထားလိုက်မယ်လေ၊
ရှောင်လော် အသက်ခုနစ်နှစ်ပြည့်လို့ မူလတန်းကျောင်း တက်နိုင်တဲ့အချိန်ကျမှ ကျွန်မ စာမေးပွဲ သွားဖြေမယ်”
စုဝေ့ချင်း : “...”
“မင်းက ကိုယ်တစ်ယောက်တည်း တက္ကသိုလ်သွားတက်မှာကို တကယ်ပဲ စိတ်ချလို့လား”
လီရှန်းက စိတ်ချသည် ဟု ထုတ်ဖော်ပြောဆိုချင်ပါသော်လည်း စုဝေ့ချင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်နေသော မျက်နှာအမူအရာက ပေါ်ပေါက်လာသည်ကို မြင်တွေ့လိုက်ရချိန်တွင် ထိုစကားကို ထွက်မပြောရက်တော့ပေ။
သူမက နောက်ထပ် နှစ်နှစ်ကြာမှသာ ဆေးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ရိုးရှင်းစွာပင် စောင့်မျှော်ချင်နေခြင်း ဖြစ်သည်။
ခဏမျှအတွင်း ထိုဇနီးမောင်နှံနှစ်ဦးလုံးက တိတ်ဆိတ်သွားခဲ့ကြရ၏။
ပြတင်းပေါက်၏ အပြင်ဘက်ရှိ စိတ်လှုပ်ရှားစွာ အော်ဟစ်အောင်ပွဲခံနေကြသံများနှင့်ယှဥ်လျှင် ဤနေရာင ဆန့်ကျင်ဘက် ဖြစ်နေခဲ့ရလေသည်။
စက်ရုံထဲရှိ အလုပ်သမားများက ဆူညံပွက်လောရိုက်နေခဲ့ကြလေ၏။
မိသားစုတိုင်းတွင် ကျေးလက်ဒေသသို့ ဆင်းသွားခဲ့ကြရရှာသော ကလေးများ ရှိနေကြသည် မဟုတ်ပါလား။
ထို့အပြင် ကျေးလက်သို့ မဆင်းရစေရန်အတွက် စအိမ်ထောင်ချပေးခဲ့ရသော်လည်း တရားဝင် အလုပ်အကိုင် မရရှိကြသေးဘဲ အိမ်တွင်သာ နေထိုင်လျက် မိဘများကို မှီခိုနေကြရသော ကလေးများလည်း ရှိနေကြသည်။
ယခုအချိန်တွင် သူတို့၏ရှေ့၌ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် နောက်ထပ် လမ်းကြောင်းသစ်တစ်ခုက ရှိနေခဲ့လေ၏။
သူတို့က စိတ်မလှုပ်ရှားဘဲ မည်သို့နေနိုင်ကြမည်နည်း။
စုရှောင်လော်မှ စုမိသားစုမှ အစ်ကိုနှစ်ယောက်၏ ခေါ်ဆောင်ခြင်းကို ခံရပြီး ပြန်ရောက်လာချိန်တွင်တော့ သူမ၏မျက်နှာက မပျော်မရွှင်ဖြစ်နေခဲ့ရရှာသည်။
အိမ်သို့ပြန်ရောက်ကြချိန်တွင်တော့ သူမက လက်နှစ်ဖက်ကို ခါးထောက်လိုက်ရင်း ကလေးသံလေးဖြင့် မေးမြန်းလိုက်လေသည်။
“အမေနဲ့ အဖေတို့ရော တက္ကသိုလ် သွားတက်ကြမလို့လား”
“ဟုတ်တယ်”
စုဝေ့ချင်းက သူ၏အတွေးများကို ကလေးအပေါ် မည်သည့်အချိန်တွင်မျှ ထိမ်ချန်ထားခြင်း မရှိပေ။
သူက စုရှောင်လော် ဥာဏ်ကောင်းသည်ကို သိရှိထားသောကြောင့် သူမကို အမြဲတစေပွင့်လင်းစွာပင် ပြောဆိုလေ့ရှိသည်။
“ဒါဆို အဖေတို့ တက္ကသိုလ်သွားတဲ့အချိန်ကျရင် မနက်ကတည်းက ထွက်သွားပြီး ညကျမှ ပြန်လာကြမှာလား”
စုရှောင်လော်၏ ပါးစပ်အစွန်းလေးက မကျေမနပ်ဖြစ်မှု ဆူထော်နေခဲ့သည်။
“အဲဒီလိုဖြစ်ဖို့ အများဆုံးပဲ”
စုဝေ့ချင်းက လက်နှစ်ဖက်ကိုပိုက်ထားဆဲဖြစ်ပြီး ခေါင်းကိုလေးနက်စွာဖြင့် ညိတ်ပြလိုက်လေ၏။
ထိုအကြောင်းကို ချိန်တွင် စုရှောင်လော်က သူမ၏မျက်ရည်များကို မထိန်းနိုင်တော့ပေ။
သူမက ခုံတန်းလျားအသေးစားလေးပေါ်တွင် ထိုင်ချလိုက်ရင်း အော်ဟစ်ငိုကြွေးလေတော့၏။
“ဒါဆိုရင် ရှောင်လော်ကရော.. ဘယ်လိုလုပ်ရမလဲ၊ ရှောင်လော်က တစ်နေ့လုံး အမေနဲ့ အဖေတို့ကို မမြင်ရတော့ဘူးပေါ့ ဟုတ်လား”
စုရှောင်လော်က ဤမျှအထိ ဝမ်းနည်းပူဆွေးစွာ ငိုကြွေးနေသည်ကို မြင်တွေ့ရချိန်တွင် စုဝေ့ချင်းတစ်ယောက် သူမကို စိတ်မကောင်းဖြစ်အောင် မလုပ်ရက်တော့ပေ။
သူနှင့် လီရှန်းနှစ်ဦးလုံးက တက္ကသိုလ်သို့ ဝင်ခွင့်ရရှိသွားကြပါက တစ်နေ့တာလုံး မိဘများကို မမြင်တွေ့ရရုံမျှသာ မဟုတ်တော့ဘဲ မနက်ပိုင်းနှင့် ညနေပိုင်းတွင်သာ ဆုံတွေ့နိုင်တော့မည့် အခြေအနေမျိုးဖြစ်လာလိမ့်မည်။
စနစ်ကြောင့်လည်း ဖြစ်နိုင်သည်။ စုရှောင်လော်က မိဘနှစ်ပါးအပေါ် အလွန်ပင် သံယောဇဉ် တွဲနေတတ်ခြင်း ဖြစ်လေ၏။
အထူးသဖြင့် လီရှန်းအပေါ်တွင် ဖြစ်လေသည်။
သူနှင့် သူ၏ဇနီးသည်တို့ ကျောင်းသွားတက်ကြချိန်၌ ရှောင်လော်ကို ပိုင်မားခရိုင်တွင် ချန်ထားခဲ့ရမည်ဆိုပါက ကလေးမလေးက မည်မျှအထိ ပြဿနာရှာလိမ့်မည်ကို စဉ်းစား၍ပင် မရနိုင်တော့ပေ။
တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကြီးက မစတင်ရသေးမီကတည်းက စုဝေ့ချင်းက စာမေးပွဲအောင်မြင်သွားပြီးနောက် ဖြစ်ပေါ်လာမည့် အခြေအနေများအတွက် စိုးရိမ်ပူပန်နေခဲ့ရလေ၏။
သူက သူ၏စာမေးပွဲအပေါ် အမှန်တကယ့်ကို ယုံကြည်မှု အပြည့် ရှိနေခဲ့သည်။
သူ့တွင် ယုံကြည်မှုရှိရန်အတွက်လည်း အကြောင်းအရင်း ရှိသည်။
လွန်ခဲ့သော ငါးနှစ်တာကာလပတ်လုံး သူက အမြဲတစေ စာပေများကို လေ့လာနေခဲ့ခြင်း ဖြစ်၏။
ထို့အပြင် လီရှန်းသည်လည်း စနစ်ရှိနေကြောင်းကို သိရှိသွားခဲ့ပြီဖြစ်ကာ ထိုဇနီးမောင်နှံက သီးသန့်အိမ်ခန်းတစ်ခုတွင် နေထိုင်ကြခြင်း ဖြစ်သောကြောင့် ပိုမို၍ လွတ်လပ်မှုရှိလာကြသည်။
သူက စာပေများကို ပိုမို ရဲတင်းစွာ သင်ယူခဲ့ပြီး ညသန်းခေါင်ယံအချိန်များတွင် စနစ်နေရာလွတ်ထဲ၌ အပြင်းအထန် စာဖတ်လေ့ရှိကာ သူ၏ အိမ်စာများကိုလည်း အပြင်သို့ ယူဆောင်၍ လုပ်ဆောင်လာလေ့ရှိခဲ့၏။
တစ်ခါတရံတွင် သူက စာဖတ်လွန်းသောကြောင့် မျက်နှာသစ်ရန်နှင့် သွားတိုက်ရန်ပင် မေ့လျော့နေတတ်သည်။
နောက်ဆုံးတွင် လီရှန်းက သူ့ကို မျက်နှာသွားသစ်ရန်နှင့် သွားတိုက်ရန်အတွက် နှိုးဆော်ပေးရလေ့ ရှိလေတော့၏။
စုဝေ့ချင်းကိုလည်း အပြစ်ပြော၍ မရပေ။
စနစ်၏ စာကြည့်တိုက်ထဲတွင် ရှေးခေတ်မှ ယခုခေတ်အထိ နယ်ပယ်စုံလင်လွန်းသော စာအုပ်အမြောက်အမြားရှိနေခဲ့သောကြောင့် စုဝေ့ချင်းက ထိုစာအုပ်တို့ကို ဖတ်ရှုခြင်း၌ လုံးဝ စိတ်အာရုံနစ်မြှုပ်နေခဲ့ခြင်း ဖြစ်၏။
သူက အသိပညာများကို ပိုမို၍ သင်ယူမိလေလေ သူ့ကိုယ်သူ သေးငယ်သိမ်ဖျဉ်းလွန်းသည်ဟု ခံစားရလေလေ ဖြစ်သည်။
ထို့်မျှမကသေးပေ။ ယခင်က သူ့ကိုယ်သူ အားသွန်ခွန်စိုက် ကြိုးစားခဲ့ခြင်း မရှိပါလားဟူ၍လည်း ပိုမို၍ တွေးတောမိလာခဲ့လေ၏။
လီရှန်းအတွက်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။
ယခင်က စနစ်က သူမအပေါ်တွင် ထားရှိသော တစ်ခုတည်းသော သတ်မှတ်ချက်က အဓိကဇာတ်ကွက်များနှင့် သက်ဆိုင်သော ဇာတ်ကောင်များကို လမ်းညွှန်ပေးရန်နှင့် မိသားစုမှ ထွက်ခွာသွားရန် လိုအပ်သည့်အချိန်၌ ထွက်ခွာသွားစေရန်သာ ဖြစ်လေ၏။
သူမ ကူညီပေးနိုင်ခဲ့သော ကိစ္စအများစုက ကလေးများကိုပြုစုစောင့်ရှောက်ခြင်း၌သာ ဖြစ်လေသည်။
စနစ်တွင် ယခုကဲ့သို့သော လုပ်ဆောင်ချက်မျိုး ရှိနေသည်ကို သူမ အမှန်တကယ်ပင် မသိရှိခဲ့ပေ။
[ဒါက ငါ ပြန်သွားတဲ့အချိန်ကျမှ အသစ်စက်စက် အဆင့်မြှင့်တင်လိုက်တဲ့ လုပ်ဆောင်ချက်လေ]
စနစ်က အမြန်ပင် ထုတ်ဖော်ရှင်းပြလာခဲ့လေသည်။
ထိုလုပ်ဆောင်ချက်ကို အဆင့်မြှင့်တင်ရန်အတွက် အသုံးပြုခဲ့သော အမှတ်များက လီရှန်းတစ်ယောက် တာဝန်များကို ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးနောက် ချန်ထားခဲ့သော အမှတ်များပင် ဖြစ်လေ၏။
ထို့ကြောင့် ထိုအချိန်က သူမကို ကူညီပေးချင်ခဲ့လျှင်ပင် ပစ္စည်းကိရိယာချင်း မတူညီကြသောကြောင့် ကူညီရန်အတွက် မတတ်နိုင်ခဲ့ပေ။
ထိုအချိန်တုန်းက သူတို့နှစ်ဦးလုံးက အလွန်ပင် ဆင်းရဲမွဲတေနေခဲ့ကြရလဆ၏။
“ဒီလုပ်ဆောင်ချက်က တကယ့်ကို ကောင်းတာပဲ၊တကယ်လို့ ငါတို့တွေမှာ အမှတ်တွေ အများကြီး ရှိနေရင် တခြားလုပ်ဆောင်ချက်တွေကိုပါ ထပ်ပြီး အဆင့်မြှင့်တင်လို့ ရဦးမလား”
လီရှန်းက စနစ်၏ အဆင့်မြှင့်တင်ရေး အခြေအနေအပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်လေသည်။
[..ရပါတယ်]
ဒါဆိုရင် ဘာဖြစ်လို့ အရင်က အဆင့်မမြှင့်တင်ခဲ့တာလဲ။
လီရှန်းက ထိုမေးခွန်းကို ထပ်မံ၍ မမေးတော့ပေ။
ထိုအချိန်က သူမ၏အင်အားက အလွန်ပင် အားနည်းလွန်းပြီး အသက်ရှင်သန်နိုင်ရန်အတွက်ပင် အမှန်တကယ့်ကို ခက်ခဲခဲ့ရကြောင်းကို သူမ ကောင်းစွာသိရှိထားသောကြောင့် ဖြစ်၏။
နောက်ဆုံးတွင်တော့ သူမက အဆင့်မြှင့်တင်ရန်အတွက် စနစ်ထံ၌ အမှတ်တချို့ကို ချန်ထားနိုင်ခဲ့သေးသည်။
ဤသည်ကို သူမကိုယ်တိုင်ပင် အနည်းငယ် ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလွန်းသည်ဟု တွေးတောမိနေခဲ့၏။
စုရှောင်လော်ကတော့ တစ်ညလုံး ဝမ်းနည်းပူဆွေးနေခဲ့ရှာပြီး ညစာစားချိန်တွင်လည်း ပေါက်စီတစ်လုံးတည်းကိုသာ စားသုံးခဲ့လေ၏။
လော်ယွီရှို့က မကြာခဏ စောင်းငဲ့ကြည့်နေခဲ့သော်လည်း သူမ၏ တတိယသားက လွန်ခဲ့သောနှစ်များအတွင်း ကိုယ်ပိုင်အမြင် ရှိလာခဲ့ပြီဖြစ်၍ ယခင်ကကဲ့သို့ အတင်းအကျပ် အမိန့်ပေး၍ မရနိုင်တော့ပေ။
ထို့ကြောင့် ညစာစားပြီးနောက် ပန်းကန်ခွက်ယောက်များကို ဆေးကြောနေချိန်အတွင်း၌ သူမက လီရှန်းကို မေးမြန်းလိုက်လေ၏။
“မင်းတို့နှစ်ယောက် ဘာတွေလုပ်လိုက်ကြတာလဲ၊ ရှောင်လော်က တစ်ညလုံး မပျော်မရွှင် ဖြစ်နေရုံတင်မကဘူး ထမင်းလည်း အများကြီး မစားဘူးလေ”
အသက်ငါးနှစ်အရွယ် ကလေးငယ်တစ်ဦးအတွက် ပေါက်စီအကြီးကြီးတစ်လုံးကို စားသုံးခြင်းက အတော်လေး များပြားလွန်းပေသည်။
လီရှန်းက ထိုစကားကို ပြောချင်ပါသော်လည်း စုရှောင်လော်၏ ပုံမှန်စားသောက်တတ်သော အစားအသောက် ပမာဏကို ပြန်လည်၍ တွေးတောမိလိုက်လေ၏။ ယနေ့ညတွင် သူမက အမှန်တကယ်ပင် အစားနည်းသွားခဲ့လေသည်။
“ကျွန်မတို့ ဘာမှမလုပ်ပါဘူးအမေ၊ ဒီအတိုင်း အိမ်မှာ ဝေ့ချင်းနဲ့အတူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမယ့်အကြောင်း ပြောဖြစ်ကြတာ
ရှောင်လော်က ကျွန်မတို့တွေ တက္ကသိုလ်တက်ရင် နေ့ဘက်မှာ သူမနဲ့အတူ အချိန်မဖြတ်သန်းနိုင်တော့ဘူးလို့ ထင်မှတ်ပြီး စိုးရိမ်ပူပန်နေလို့ပါ”
လီရှန်းက မရေရာသော လေသံဖြင့် ရှင်းပြလိုက်လေသည်။
လော်ယွီရှို့က ချက်ချင်းပင် နားလည်မှုလွဲမှားသွားခဲ့ရပြီး ပြောလိုက်လေ၏။
“ဟုတ်သားပဲ၊ ဒီကလေးမလေးက ငယ်ငယ်ကတည်းက အမြဲတမ်း ပူပန်တတ်တာ”
လီရှန်းက ပြုံးလိုက်မိလေသည်။
*