← Chapters

အခန်း ၄၁

Vol. 5 Ch. 41

အခန်း ၄၁

Vol. 5 Ch. 41

Chapter 41

မိစ္ဆာနှိမ်နင်းရေးရဲစခန်းသည် တိုင်ကြားဖုန်းလက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ဝိညာဉ်ချုပ်ထိန်းရေး ဌာနထံ ချက်ချင်းဆက်သွယ်ခဲ့သဖြင့် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူး လော့ယွီမင်သည် အဖွဲ့ကိုဦးဆောင်၍ Castle Peak စိတ်ရောဂါကုဆေးရုံသို့ ပထမဆုံးဆိုက်ရောက်လာခဲ့သည်။

သို့သော်လည်း တံခါးဝရှိ လုံခြုံရေးဝန်ထမ်းများမှာ မေ့မြောနေဆဲဖြစ်သည်ကို တွေ့ရ၏။

လော့ယွီမင်ကို ပိုရင်တုန်စေသည်မှာ ဝင်းထဲ၌ စူးစိုက်စွာဖြင့် ကြည့်ရှုနေကြသော လေလွင့် ဝိညာဉ်ကလေးနှင့် နှစ်တစ်ထောင်ကျားဝိညာဉ်၊ ထို့ပြင် မှောင်မိုက်သောထောင့်တစ်ခုတွင် ပုန်းကွယ်နေသည့် အမျိုးသမီးသရဲတစ်ကောင်တို့ ရှိနေခြင်းပင်။

ကျိုးအိုက်ကော်မှ လေလွင့်ဝိညာဉ်ကလေးသည် အငြိုးကြီးတစ္ဆေအလယ်အလတ်အဆင့်ဖြစ်ပြီး နှစ်တစ်ထောင်ကျားဝိညာဉ်သည် အငြိုးကြီးတစ္ဆေနှောင်းပိုင်းအဆင့်ဟု ပြောခဲ့သည်မဟုတ်ပါလော။

ယခုမူ အဘယ်ကြောင့် တစ်ကောင်က နှောင်းပိုင်းအဆင့်ဖြစ်နေပြီး နောက်တစ်ကောင်က ပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေရသနည်း။

လော့ယွီမင် အနည်းငယ်ဝေခွဲမရဖြစ်သွားချေသည်။

သူ၏ ပဉ္စမအဆင့် နန်ချောင်ကျင့်စဉ်ကျင့်ကြံမှုဖြင့် လေလွင့်ဝိညာဉ်ကလေးနှင့် ကျားဝိညာဉ်ကို အလွယ်တကူနှိမ်နင်း နိုင်သော်လည်း ၎င်းတို့နောက်ကွယ်တွင် ချန်ကျိုးရှိနေသဖြင့် မပတ်သက်မိခြင်းကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

လော့ယွီမင် စဉ်းစားနေစဉ်မှာပင် မိစ္ဆာနှိမ်နင်းရေးရဲစခန်းမှ ရဲကားများသည် ဥဩဆွဲသံတညံညံဖြင့် မောင်းနှင်လာခဲ့ကြ သည်။

ကျိုးအိုက်ကော်သည် ရဲကားပေါ်မှ ဆင်းလာပြီး မျက်နှာတွင် ပြုံးပြနေသော်လည်း စိတ်ထဲ၌မူ မနာလိုဖြစ်နေမိသည်။

"ဝိညာဉ်ချုပ်ထိန်းရေးဌာနရဲ့ ပစ္စည်းကိရိယာတွေက တကယ်ကောင်းတာပဲ၊ တစ်ချိန်တည်း ထွက်လာတာတောင် ကျွန်တော်တို့ မိစ္ဆာနှိမ်နင်းရေးရဲစခန်းထက် မြန်သေးတယ်၊ ဒီလက်နက်ဆန်းတွေကို ကြည့်ပါဦးဗျာ၊ လုံးဝကို အစုံအလင်ပဲ၊ ဒါနဲ့ ဘာလို့ အထဲမဝင်ကြတာလဲ"

မိစ္ဆာနှိမ်နင်းရေးရဲစခန်း၏ပစ္စည်းကိရိယာများသည် ဝိညာဉ်ချုပ်ထိန်းရေးဌာနနှင့် ယှဉ်၍ပင်မရချေ။ ၎င်းတို့၏ ပစ္စည်းများက ဈေးကွက်ထဲတွင် အကောင်းဆုံးနှင့် အဆင့်မြင့်ဆုံးဖြစ်သဖြင့် ကြည့်ရသည်မှာ ခန့်ညားထည်ဝါလှသည်။

မိစ္ဆာနှိမ်နင်းရေးရဲစခန်း၏ ပစ္စည်းများကို ပြန်ကြည့်ပါက လမ်းဘေးပလက်ဖောင်းပေါ်ရှိ လေးငါးခါပြန်သုံးထားသော အဟောင်းအစုတ်များနှင့် တူလှပေသည်။

ကျိုးအိုက်ကော်သည် စိတ်ရောဂါကုဆေးရုံတံခါးဝသို့ ရောက်ရှိလာပြီး သံတိုင်တံခါးမှတစ်ဆင့် လုံခြုံရေးအခန်းအတွင်း မေ့မြောနေသော လုံခြုံရေးဝန်ထမ်းနှစ်ဦးကို မြင်လိုက်ရသလို ဝင်းထဲရှိ သရဲသုံးကောင်ကလည်း တံခါးဝသို့ လှမ်းကြည့်နေသည်ကို တွေ့လိုက်ရ၏။

ကျိုးအိုက်ကော်က စိတ်ထဲတွင် "ဒါက လေလွင့်ဝိညာဉ်ကလေးနဲ့ ကျားကြီးကို ကြောက်နေကြတာ မဟုတ်လား၊ ဟဲဟဲ၊ ပစ္စည်းကိရိယာတွေ ကောင်းနေလည်း ဘာလုပ်ရမှာလဲ၊ တံခါးဖွင့်ပြီးတောင် မဝင်ရဲကြဘူးပဲ" ဟု တွေးတောနေမိသည်။

ကျိုးအိုက်ကော်သည် ချောင်းတစ်ချက်ဟန့်လိုက်ပြီး အနည်းငယ်နိမ့်ကျလှသော မိစ္ဆာနှိမ်နင်းရေး ရဲယူနီဖောင်းကို သပ်သပ်ရပ်ရပ်ပြင်ဆင်ကာ တံခါးအတွင်းရှိ လေလွင့်ဝိညာဉ်ကလေးအား လက်လှမ်းပြလိုက်သည်။

လေလွင့်ဝိညာဉ်ကလေးသည် ကျိုးအိုက်ကော်ကို သိသဖြင့် တံခါးဝသို့ မျောလွင့်လာပြီး မျက်နှာလေးတွင် အထင်သေးသော အရိပ်အယောင်များ ပြည့်နှက်နေ၏။

"လေလွင့်ဝိညာဉ်ကလေး၊ တို့တွေက လူရင်းတွေပဲဥစ္စာ၊ တံခါးလေး ဖွင့်ပေးပါဦး"

ကျိုးအိုက်ကော်က သွားရှစ်ချောင်းလုံးပေါ်အောင် ပြုံးပြကာ ဖားလိုက်သည်။

ဆံပင်ဖားလားချထားသော လေလွင့်ဝိညာဉ်ကလေးသည် အကြည့်ကိုလွှဲကာ စဉ်းစားလိုက်မိသည်မှာ ကျိုးအိုက်ကော် သည် ချန်ကျိုးယုံကြည်ရသူဖြစ်သဖြင့် သူမအနေဖြင့်လည်း မတတ်သာဘဲ ယုံကြည်ရမည့်သူဟု သတ်မှတ်လိုက်ရုံသာ ရှိတော့သည်။

သူမသည် လုံခြုံရေးအခန်းဘက်သို့ လှည့်ကြည့်လိုက်ရာ သော့တွဲတစ်ခုသည် တရွေ့ရွေ့ဖြင့် မျောလွင့်ထွက်လာပြီး ကျိုးအိုက်ကော်၏ ခြေရင်းသို့ ကျလာခဲ့ချေသည်။ ထို့နောက် လေလွင့်ဝိညာဉ်ကလေးသည် မာန်တက်သော အမူအရာဖြင့် ကျားကြီးနှင့် ဆော့ကစားရန် ပြန်လှည့်သွားခဲ့သည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာနနှင့် မိစ္ဆာနှိမ်နင်းရေးရဲစခန်းမှ လူများသည် Castle Peak စိတ်ရောဂါကုဆေးရုံအတွင်းသို့ ဝင်ရောက်လာကြသော်လည်း စနစ်က ကြေးနီခေါင်းတလား၏ အတွင်းနှင့် အပြင်ကို သီးခြားခွဲထုတ်ထားပြီး ဖြစ်သဖြင့် ချန်ကျိုး ကောင်းမွန်စွာ အနားယူနိုင်ရန် အာမခံထားပြီးဖြစ်ရာ ချန်ကျိုးသည် ပြင်ပမှ လှုပ်ရှားသံများကို လုံးဝမကြားရချေ။

ချန်ကျိုးသည် ခေါင်းတလားထဲတွင် အလွန်နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး ကျိုးအိုက်ကော်နှင့် လော့ယွီမင်တို့က အခန်းငယ်ထဲတွင် ခေါင်းတလားအဖုံးကို မည်မျှပင် ရိုက်ခေါက်စေကာမူ အတွင်းရှိ ချန်ကျိုးသည် မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ တစ်ချက်တစ်ချက်တွင် ကိုယ်ကိုလှည့်ခြင်း သို့မဟုတ် ဟောက်ခြင်းများသာ ပြုလုပ်နေသည်။

ပြင်ပကမ္ဘာနှင့် လုံးဝသီးခြားဖြစ်နေသည့်နှယ် ရှိတော့၏။

ခေါင်းတလားအဖုံးကို ဖွင့်၍မရသလို ခေါင်းတလားကိုလည်း မရွှေ့နိုင်သဖြင့် တစ်ချီတစ်မောင်း ကြိုးစားပြီးနောက် ကျိုးအိုက်ကော်နှင့် လော့ယွီမင်တို့သည် လက်လျှော့လိုက်ကြရသည်။

ထိုဖြစ်စဉ်တစ်ခုလုံးတွင် ချန်ကျိုးမှလွဲ၍ ဝင်းထဲရှိ သရဲသုံးကောင်သာ ရှိနေခဲ့ကြသည်။

မျက်စိစောင်းနေသော အမျိုးသမီးသရဲသည် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လူများ၏ ဆွဲထုတ်ခြင်းကို ခံလိုက်ရပြီး လေလွင့်ဝိညာဉ်ကလေး၏ ဘေးတွင် ကြောက်ကြောက်လန့်လန့်ဖြင့် မျောလွင့်နေရကာ လေလွင့်ဝိညာဉ်ကလေး ကလည်း တစ်ချက်တစ်ချက်တွင် ၎င်းအား ခြောက်လှန့်နေသဖြင့် မျက်စိစောင်းနေသော အမျိုးသမီးသရဲမှာ လေလွင့်ဝိညာဉ်ကလေးနှင့် နီးကပ်စွာ မနေရဲရှာချေ။

ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လူများသည် မျက်စိစောင်းနေသော အမျိုးသမီးသရဲအား အနည်းငယ် ထုံအသည်ဟု မြင်သဖြင့် ထွက်ဆိုချက်ရယူရန် လေလွင့်ဝိညာဉ်ကလေးကိုသာ ရွေးချယ်လိုက်ကြသည်။

လေလွင့်ဝိညာဉ်ကလေးသည် ခုံတန်းလျားပေါ်တွင် ထိုင်ကာ ခြေထောက်နှစ်ဖက်ကို လွှဲယမ်းနေပြီး လက်ကလေးဖြင့် ကျားကြီးကို ပွတ်သပ်ပေးနေ၏။

ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ပြတ်သားလှသော လုပ်ငန်းခွင်အမူအရာမှာ ပုံစွက်တစ်ခုတည်းမှ ထွက်လာသည့်အတိုင်းပင်။

လေလွင့်ဝိညာဉ်ကလေးနှင့် ရင်ဆိုင်ရသည့်တိုင်အောင် ၎င်းတို့က တင်းမာစွာဖြင့်

"ဝိညာဉ်ချုပ်ထိန်းရေးဌာနက အမှုစစ်ဆေးနေတာမို့ မျက်မြင်သက်သေအနေနဲ့ စစ်ဆေးမှုကို လက်ခံပါ"

လေလွင့်ဝိညာဉ်ကလေးက မျက်လုံးကို အပေါ်ပင့်ကာ "ချီးပဲ" ဟု ဆိုလိုက်၏။

ဒီပုံစံ

ဒီအမူအရာ

ဒီလေသံ

၎င်းမှာ ချန်ကျိုး၏ အမျိုးသမီးဗားရှင်းနှင့် လုံးဝတူလှပေသည်။

သူမသည် အထင်သေးသော အမူအရာဖြင့် ထိုစကားလုံးကို ချန်ထားခဲ့ပြီးနောက် ကျားကြီးနှင့်အတူ စိတ်ရောဂါကုဆေးရုံအဆောက်အအုံ၏ အမိုးပေါ်သို့ တက်ကာ ကြယ်သွားကြည့်လေတော့သည်။

ကျိုးအိုက်ကော်ကမူ ပိုဉာဏ်ပြေးလှသည်။ သူသည် လေလွင့်ဝိညာဉ်ကလေးနှင့် ကျားကြီးမှာ ချန်ကျိုးနှင့် စရိုက်တူဖြစ်ကြောင်း သိထားသဖြင့် ထိုသတ္တဝါနှစ်ကောင်ထံမှ အချက်အလက်ရရန် ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။ အားကိုးရာမဲ့နေသော မျက်စိစောင်းနေသည့် အမျိုးသမီးသရဲသည်သာ အကောင်းဆုံးသော ထွက်ပေါက်ဖြစ်ပေသည်။

ကျိုးအိုက်ကော်သည် တကယ်ပင် အခြေအနေကို အကဲခတ်တတ်သော လူတစ်ယောက် ဖြစ်ပေသည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လူများသည် လေလွင့်ဝိညာဉ်ကလေးထံတွင် အရှက်ရသွားသဖြင့် မိစ္ဆာနှိမ်နင်းရေး ရဲစခန်းနှင့် အမျိုးသမီးသရဲတို့၏ အမေးအဖြေ ထွက်ဆိုချက်ကိုသာ ငြိမ်သက်စွာ မှတ်တမ်းတင်ရုံသာ တတ်နိုင်တော့သည်။

"ကျွန်မက ဝင်းထဲမှာ မျောလွင့်နေတုန်း တံခါးအပြင်ကနေ မီးလောင်ကျွမ်းနေတဲ့ အလောင်းတစ်လောင်း ရောက်လာတယ်၊ တစ်ကိုယ်လုံးမှာ ကောင်းတဲ့နေရာ တစ်ခုမှမရှိဘူး၊ အောက်အရေပြားတွေကလည်း အမျှင်လိုက် ဖြစ်နေတာ၊ ပြီးတော့ မျက်လုံးအိမ်တွေကလည်း မျက်ခွံတွေနဲ့ ကပ်နေတာ"

မိစ္ဆာနှိမ်နင်းရေးရဲဝန်ထမ်းက "အဟမ်း၊ အဲဒီလောက်အထိ အသေးစိတ် ရှင်းပြစရာမလိုပါဘူး၊ ဖြစ်စဉ်အကျဉ်းကိုပဲ ပြောပြရင် ရပါပြီ" ဟု ပြောလိုက်သည်။

"အလောင်းတစ်လောင်း ရောက်လာပြီးတော့ ပြန်သွားတယ်"

"အဲ၊ မင်း အသေးစိတ်ပဲ ပြန်ပြောပြတာ ကောင်းလိမ့်မယ် ထင်တယ်"

"အဲဒီ မီးလောင်ကျွမ်းနေတဲ့ အလောင်းက တံခါးဝကနေ ဝင်လာတော့ ကျွန်မလည်း ချန်ကျိုးကို သွားခေါ်တယ်၊ ရှင်တို့ ချန်ကျိုးကို သိကြလား၊ ချန်ကျိုးက အိမ်သာထဲကနေ ထွက်လာတယ်၊ သူကိုင်တဲ့ တုတ်ကိုတောင် ကျွန်မက အိမ်သာထဲက ကြမ်းတိုက်တံခေါင်းကိုဖြုတ်ပြီး ရှာပေးလိုက်ရတာ၊ ချန်ကျိုးက ကျွန်မလုပ်ပြသလိုမျိုး ရိုက်တာ၊ အရင်က ဒီလိုမျိုး၊ ပြီးတော့ ဟောဒီလိုမျိုး"

အမျိုးသမီးသရဲသည် မျက်ခုံးပင့်ကာ လက်ဟန်ခြေဟန်ဖြင့် ဖြစ်စဉ်ကို ရှင်းပြနေတော့သည်။

၎င်းမှာ ဖြစ်စဉ်ထဲတွင် အပိုစကားများ ညှပ်ပြောနေခြင်း မဟုတ်ချေ။

တကယ်တမ်းမူ အပိုစကားများထဲတွင် ဖြစ်စဉ်အနည်းငယ်သာ ညှပ်ပါနေခြင်း ဖြစ်ပေသည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ စစ်ဆေးရေးသမားများသည် ချန်ကျိုး၏ဝင်းထဲတွင် လှည့်လည်စစ်ဆေး နေရင်း မတော်တဆ အမျိုးသမီးသရဲအနီးသို့ ရောက်ရှိသွားရာ ထူးဆန်းမှုတစ်ခုကို စစ်ဆေးတွေ့ရှိ သွားခဲ့သည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာန စစ်ဆေးရေးသမားမှ "တစ်ခုလောက်မေးပါရစေ၊ မင်းက ချန်ကျိုးရဲ့ သရဲအစေခံလား" ဟု မေးလိုက်၏။

"မဟုတ်ပါဘူး၊ ဒါပေမဲ့ မကြာခင် ဖြစ်တော့မှာပါ"

အမျိုးသမီးသရဲက ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

စစ်ဆေးရေးသမားသည် ဆက်မမေးတော့ဘဲ ဌာနမှူး လော့ယွီမင်ထံ တိုးတိုးတိတ်တိတ် သွားရောက်ပြောဆိုလိုက် သည်။

"ဌာနမှူး၊ ခုနက စစ်ဆေးလိုက်တာ အဲဒီအမျိုးသမီးသရဲရဲ့ သရဲစွမ်းအင်က အရမ်းမြင့်မားနေတာကို မတော်တဆ တွေ့လိုက်ရတယ်၊ သူမက ဘာပညာရပ်မှ မကျင့်ကြံရသေးဘူး၊ ကိုးယင် ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ဖို့ ရာခိုင်နှုန်း တော်တော် များပါတယ်၊ ကျွန်တော် ခုနက စုံစမ်းကြည့်တော့ သူမက ချန်ကျိုးရဲ့ သရဲအစေခံ မဟုတ်သေးပါဘူး" ဟု စစ်ဆေးရေး သမားက တိုးတိုးလေး ပြောလိုက်သည်။

ကိုးယင် ခန္ဓာကိုယ်ဟူသည်မှာ သရဲလောကတွင် သဘာဝတရားက အထူးပေးသနားထားသော ပါရမီထူးဖြစ်ပြီး သရဲပညာရပ်ကို ကျကြံရာတွင် ပါရမီအရှိဆုံးသော ပါရမီရှင်များပင် ဖြစ်ကြသည်။ လက်ရှိသိထားသော သရဲလောကတွင် လော့ယွီမင်းအနေဖြင့် ငါးယင် ခန္ဓာကိုယ်ပိုင်ရှင် တစ်ဦးတည်းကိုသာ သိရှိထားပြီး စိတ်မကောင်းစရာမှာ ထိုသူသည် သရဲကမ္ဘာတွင် ရှိနေခြင်းဖြစ်သည်။

သရဲပညာရပ်ကို ကျင့်ကြံရာတွင် လူသားကမ္ဘာသည် သရဲကမ္ဘာလောက် စွမ်းအင်တိုးတက်မှု မမြန်ဆန်လှချေ။

လော့ယွီမင်သည် အမျိုးသမီးသရဲရှိရာဘက်သို့ လှမ်းကြည့်လိုက်ရာ ၎င်းမှာ ကိုးယင် ခန္ဓာကိုယ်ပိုင်ရှင်နှင့် လုံးဝမတူဘဲ ထုံအအပုံစံသာ ရှိနေပြီး ရုပ်ရည်ကမူ အတန်အသင့် ရှိလှသည်။ သူမကို အူကြောင်ကြောင် သရဲမလေးဟု ပြောလျှင် ရနိုင်သော်လည်း ကိုးယင်ခန္ဓာကိုယ်ပိုင်ရှင် ဟုဆိုပါက မည်သူမျှ ယုံကြည်ကြမည်မဟုတ်ချေ။

စစ်ဆေးရေးသမားသည် ဌာနမှူး၏စိတ်ကူးကို ရိပ်မိပုံရသဖြင့်

"ကျွန်တော်တို့ သုံးကြိမ်တိုင်တိုင် စစ်ဆေးခဲ့တာပါ၊ သရဲစွမ်းအင်တန်ဖိုးက အလွန်မြင့်မားပြီး ယင်စွမ်းအင်တန်ဖိုးက တော့ လုံးဝမရှိသလောက်ပါပဲ၊ အသန့်စင်ဆုံး သရဲပညာရပ်ကျင့်ကြံမယ့် မျိုးဆက်သစ် ပါရမီရှင်ပါပဲ"

လော့ယွီမင်သည် မယုံတဝက် ယုံတဝက်ဖြင့် အမျိုးသမီးသရဲကို စိုက်ကြည့်ရင်း အတွေးများသွားခဲ့သည်။

ကယ်၍ တကယ်ပဲ ကိုးယင် ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်နေပါက ဝိညာဉ်ချုပ်ထိန်းရေးဌာနအနေဖြင့် သရဲကျင့်ကြံသူတစ်ဦးကို ပြုစုပျိုးထောင်ပေးပြီး ဆဋ္ဌမအဆင့် သရဲမိစ္ဆာအဆင့်သို့ ရောက်ရှိသွားပါက နိုင်ငံတစ်ဝန်းရှိ ပြည်နယ်အဆင့် ဝိညာဉ်ချုပ်ထိန်းရေးဌာနများတွင် ထိပ်ဆုံးက ဖြစ်လာပေလိမ့်မည်။

သူသိသလောက်မူ အင်ပါယာမြို့တော်ရှိ ဝိညာဉ်ချုပ်ထိန်းရေးဌာနချုပ်တွင်ပင် ဆဋ္ဌမအဆင့် သရဲမိစ္ဆာအဆင့်ရှိသော သရဲကျင့်ကြံသူ တစ်ဦးတည်းသာ ရှိပြီး ထိုသူသည်လည်း ကိုးယင် ခန္ဓာကိုယ်ပိုင်ရှင် မဟုတ်သဖြင့် နောင်တွင် သရဲဘုရင်အဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးမှာ သုညနီးပါးပင်။

သို့သော်လည်း တစ်ခုခုတော့ မှားနေခြေပြီ။

ချန်ကျိုးကဲ့သို့ အစွမ်းထက်သောလူက ဤအမျိုးသမီးသရဲသည် ကိုးယင်ခန္ဓာကိုယ်ပိုင်ရှင် ဖြစ်ကြောင်း မမြင်နိုင်ဘဲ နေမည်လော။

ချန်ကျိုးသည် စွမ်းအားကြီးမားသော်လည်း လူအကဲခတ်ရာတွင်မူ သာမန်သာ ဖြစ်နေခြင်းလည်း ဖြစ်နိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ကိုးယင် ခန္ဓာကိုယ်ပိုင်ရှင်ကို ဝိညာဉ်ချုပ်ထိန်းရေးဌာနသို့ အရင်ဆုံး လှည့်စားခေါ်ဆောင်သွားရမည်။ ရှေးလူကြီးများ ပြောသကဲ့သို့ လက်ဦးသူက အသာစီးရပြီး လက်နှေးသူက ဒုက္ခရောက်ရစမြဲ မဟုတ်ပါလော။

လော့ယွီမင်သည် ရိုးအလှသော မျက်စိစောင်းနေသည့် အမျိုးသမီးသရဲကို ကြည့်ကာ “ဟဲဟဲ” ဟု ရယ်မောလိုက်တော့သည်။

မျက်စိစောင်းနေသော အမျိုးသမီးသရဲမှာမူ ရုတ်တရက် ကျောချမ်းသွားရရှာလေတော့သည်။

All Chapters