← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

Chapter 42

လော့ယွီမင်၏ မျက်လုံးနှစ်လုံးမှာ အရောင်တလက်လက် တောက်ပလာပြီး ရင်ထဲ၌ တဖွားဖွား ဖြစ်ပေါ်လာသော စိတ်ဆန္ဒကို မထိန်းချုပ်နိုင်တော့ဘဲ မျက်စိစောင်းနေသော အမျိုးသမီးသရဲထံသို့ သွားရောက်စကားစမြည်ပြောရန် ပြင်လိုက်ခါနီးတွင် ဖြစ်သည်။

"ဌာနမှူး၊ ဒုတိယအဖွဲ့က မီးလောင်ကျွမ်းနေတဲ့ အမျိုးသားအလောင်း သွားရာလမ်းကြောင်းကို ရှာတွေ့ပါပြီ၊ ယန့်ဟွာရပ်ကွက်ထဲက လူနေအိမ်တစ်လုံးမှာပါ"

ဝိညာဉ်ချုပ်ထိန်းရေးဌာန ဝန်ထမ်းတစ်ဦး အချိန်ကိုက် ရောက်ရှိလာပြီး လော့ယွီမင်၏ အစီအစဉ်ကို ဖြတ်တောက်လိုက်ချေသည်။

လော့ယွီမင်သည် အကြည့်ကို နှမြောတသစွာ လွှဲပြောင်းလိုက်ပြီး "သွားမယ်၊ သွားကြည့်ရအောင်" ဟု ဆိုလိုက်၏။

"ဌာနမှူးလော့၊ ခင်ဗျားတို့ ဘယ်သွားမလို့လဲ၊ သဲလွန်စရပြီလား"

မည်သည့်အချိန်ကတည်းက သတင်းအနံ့ရမိ၍ ရောက်နေမှန်းမသိသော ကျိုးအိုက်ကော်သည်လည်း လှမ်းလာခဲ့သည်။

ကျိုးအိုက်ကော်၏ ပတ်ချာလည် ကပ်တွယ်မှုကြောင့် ယခုအမှုကို မိစ္ဆာနှိမ်နင်းရေးရဲစခန်းနှင့် ဝိညာဉ်ချုပ်ထိန်းရေး ဌာနတို့ ပူးပေါင်းဆောင်ရွက်သော အမှုအဖြစ် သတ်မှတ်လိုက်ရတော့သည်။

ယန့်ဟွာရပ်ကွက်၊ အမှတ် ၃ အဆောက်အအုံ၊ အခန်း ၅၀၂။

မီးတောက်များ ပြင်းထန်စွာ တောက်လောင်နေချေသည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာနနှင့် မိစ္ဆာနှိမ်နင်းရေးရဲစခန်းမှ လူများ ရောက်ရှိလာချိန်တွင် အဆောက်အအုံ အတွင်းရှိ နေထိုင်သူများကို ရွှေ့ပြောင်းပေးပြီးဖြစ်ရာ မီးသတ်ဌာနက မီးငြှိမ်းသတ်ရန် ဆောင်ရွက်နေကြသည်။

မီးသတ်ဌာနမှ လူများသည် မီးလောင်ရာနေရာတွင် အမြဲမပြတ် အလုပ်ရှုပ်နေပြီး မီးငြှိမ်းသတ်နည်းမျိုးစုံကို အသုံးပြုနေကြသော်လည်း ထိုနေရာရှိ မီးအရှိန်မှာ အနည်းငယ်မျှ လျော့ပါးသွားမည့် အရိပ်အယောင်မရှိဘဲ ပိုမိုပြန့်ပွားလာနေသည်။

နန်ချောင်ကျင့်စဉ်အဆင့်ရှိသော ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူး လော့ယွီမင်သည် မီးတောက်များအတွင်းရှိ ထူးဆန်းမှုကို အကြည့်တစ်ချက်ဖြင့်တင် ရိပ်မိလိုက်သည်။ အခန်း ၅၀၂ မှ ထွက်ပေါ်နေသော ဝါကျင့်ကျင့် မီးတောက်များသည် မည်းနီရောင်အချို့နှင့် ရောနှောနေပြီး တစ်ချက်တစ်ချက်တွင် ပေါက်ကွဲသံများ ထွက်ပေါ်နေ၏။

၎င်းမှာ ဝိညာဉ်များကို အထူးလောင်ကျွမ်းစေသော ယင်မီး ဖြစ်သည်။ ဝိညာဉ်မပျက်စီးမချင်း ယင်မီးသည် ကွယ်ပျောက်မည်မဟုတ်ချေ။

ချန်ကျိုးတစ်ယောက် ဘာတွေလုပ်လိုက်သည်မသိ။ ကောင်းကင်မိစ္ဆာဂိုဏ်းမှ လူများ သေဆုံးပြီးနောက် ဝိညာဉ်ပင် ထွက်မပြေးနိုင်အောင် ဖြစ်သွားရသည်။

ထို့ပြင် ဤမီးအရှိန်ကို ကြည့်ရသည်မှာ အနည်းဆုံး စတုတ္ထအဆင့် ပေခုန်းကျင့်စဉ်အထက်ရှိသော အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ဝိညာဉ်လောင်ကျွမ်းနေခြင်း ဖြစ်ပေလိမ့်မည်။

ထူးခြားသော စွမ်းရည်မရှိသည့် ကျိုးအိုက်ကော်မှာမူ စစ်ဆေးရေးကိရိယာကို ကိုင်ဆောင်ကာ ဟိုဟိုဒီဒီ လျှောက်စစ်နေရုံသာ တတ်နိုင်ရှာသည်။ သို့သော်လည်း မီးလောင်နေသော အဆောက်အအုံ၏ သရဲစွမ်းအင်တန်ဖိုးမှာ အခြားအဆောက်အအုံများထက် တစ်ဆမျှ မြင့်မားနေသည်ကို သူ တကယ်ပင် စစ်ဆေးတွေ့ရှိသွားခဲ့သည်။

ဤကဲ့သို့ ထူးဆန်းသော ကိစ္စရပ်နှင့် ရင်ဆိုင်ရသောအခါ မိစ္ဆာနှိမ်နင်းရေးရဲစခန်းနှင့် မီးသတ်ဌာနတို့မှာ ဘာမှမတတ်နိုင်ဘဲ အလှပြသက်သက်သာ ဖြစ်သွားရတော့သည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာနကသာ အဓိကဇာတ်ဆောင် ဖြစ်လာခဲ့ချေသည်။

ဝိညာဉ်ချုပ်ထိန်းရေးဌာနသည် တာအိုတပည့်လေးဦးကို စေလွှတ်၍ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာတွင် နေရာယူစေကာ တာအိုပညာရပ်များကို အသုံးပြု၍ မီးလောင်မှုအတွင်းရှိ သရဲစွမ်းအင်များကို အခန်း ၅၀၂ အတွင်း၌သာ ဖိနှိပ်ထားလိုက်သည်။

ရလဒ်မှာ အလွန်သိသာလှသည်။ အခန်း ၅၀၂ မှ အပြင်ဘက်သို့ ကူးစက်နေသော မီးတောက်များသည် သရဲစွမ်းအင် ဖိနှိပ်ခံလိုက်ရသည်နှင့်အမျှ အသက်စွမ်းအား ဆုံးရှုံးသွားသည့်နှယ် အလိုအလျောက် ငြှိမ်းသွားခဲ့ချေသည်။

ထိုအချိန်မှာပင် ဗုဒ္ဓဘာသာတပည့်တစ်ဦးသည် ရွှေချည်ထိုး သင်္ကန်းတော်ကို ဆင်မြန်းကာ လက်မှ စိပ်ပုတီးကို စိပ်ရင်း ဝိညာဉ်ပို့ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်နေတော့သည်။

"နမောအမိတာဘာယ......."

စတင်ချိန်တွင် မည်သည့်ထူးခြားမှုမျှမရှိဘဲ ဂါထာတော်ကို ဆယ်မိနစ်ကျော်ခန့် ရွတ်ဖတ်ပြီးသောအခါ မီးလောင်မှု အတွင်း၌ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော လူသားပုံသဏ္ဌာန် လေးခုမှာ အချင်းချင်း လုံးထွေးသတ်ပုတ်နေ ကြသည်။ လူသားပုံသဏ္ဌာန် နှစ်ခုမှ မည်းနက်သော မီးခိုးငွေ့များ အမြောက်အမြား ထွက်ပေါ်နေပြီး တစ်ခုမှ မီးခိုးငွေ့ အနည်းငယ်ထွက်ကာ ကျန်တစ်ခုမှာမူ မီးတောက်များ နီရဲလျက် မှိန်ဖျော့သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်နေချေသည်။

အောက်ဘက်တွင် တိုးဝှေ့ ကြည့်ရှုနေကြသော လူစုထဲမှ သာမန်လူများသည် ထူးဆန်းနေသဖြင့် ဝေဖန်ပြောဆိုနေကြသည်။

"ဝိညာဉ်ချုပ်ထိန်းရေးဌာနက ဆရာတော်က တကယ်တော်တာပဲ၊ မီးထဲက လူပုံသဏ္ဌာန် လေးခုကို ကြည့်စမ်းဦး"

"ဟုတ်ပဗျာ၊ ခင်ဗျား မြင်လား၊ ဒီအခန်းထဲမှာ သရဲရှိနေတာ၊ အစွမ်းကလည်း မနည်းဘူးဟ"

ထိုလူအုပ်ကြီးထဲတွင် အင်္ကျီလက်တို အနက်ရောင် ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် စကားတစ်ခွန်းမျှမဆိုဘဲ မျက်ဝန်းထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ပြည့်နှက်နေလျက် ဖုန်းကိုထုတ်ကာ စာတစ်စောင် တိုးတိုးတိတ်တိတ် ပို့လိုက်သည်။

[လျောင်တယ်ဆရာတော် မရှိတော့ဘူး]

လူအများ၏ချီးကျူးမှုကို ခံနေရသော ဆရာတော်၏နဖူးပြင်တွင် သေးငယ်သော ချွေးစက်များ စတင်ထွက်ပေါ်လာပြီး မိနစ်အနည်းငယ်အတွင်းမှာပင် ပဲစေ့ခန့်ကြီးသော ချွေးပေါက်များအဖြစ်သို့ ပြောင်းလဲကာ စီးကျလာခဲ့ချေသည်။

သူ ရွတ်ဖတ်ပူဇော်နေသော ဝိညာဉ်ပို့ဂါထာတော်သည် မီးလောင်မှုအတွင်းသို့ စီးဝင်သွားသော်လည်း ပိုမိုအစွမ်းထက် သော ဗုဒ္ဓစွမ်းအားတစ်ခု၏ တစ်ချက်ချင်း ရိုက်ခွဲဖျက်ဆီးခြင်းကို ခံလိုက်ရသည်။ ၎င်းထက် ပိုထူးဆန်းသည်မှာ မီးတောက်ထဲရှိ သရဲသုံးကောင်၏ မကောင်းဆိုးဝါး နာမ်ခန္ဓာများသည် သူရွတ်ဖတ်သော ဂါထာတော်ကို အစွမ်းကုန် လက်ခံနေကြသော်လည်း ဗုဒ္ဓအလင်းတန်းထွက်ပေါ်နေသော သရဲတစ်ကောင်ကမူ ဝိညာဉ်ပို့ဂါထာ၏စွမ်းအင်ကို ပြန်လည်လျှော့ချနေခြင်းပင်။

ကျိုးအိုက်ကော်သည် ဉာဏ်ကောင်းသူဖြစ်သဖြင့် ဆရာတော်လည်း မတောင့်ခံနိုင်တော့မှန်း ရိပ်မိကာ ရဲကားထဲသို့ ပုန်းလျှိုးဝင်ရောက်ပြီး ကျန်းယိုယိုထံသို့ ဖုန်းအမြန်ဆက်လိုက်သည်။ ကျန်းယိုယိုအား Castle Peak စိတ်ရောဂါကု ဆေးရုံတွင် အမြန်သွားစောင့်ခိုင်းပြီး ချန်ကျိုး နိုးလာသည်နှင့်တစ်ပြိုင်နက် ချန်ကျိုးအား ယန့်ဟွာရပ်ကွက်သို့ ခေါ်ဆောင်လာရန် မှာကြားလိုက်ချေသည်။

နံနက်ခင်းတွင် စိတ်ရောဂါကုဆေးရုံ၏နိုးစက်သံမှာ မြည်ဟည်းနေပြီ ဖြစ်သည်။

ကြေးနီခေါင်းတလားထဲတွင် လဲလျောင်းနေသော ချန်ကျိုးသည် နှိုးစက်နာရီ၏ကျေးဇူးကြောင့် အချိန်မှန် နိုးထလာခဲ့သည်။

ကြေးနီခေါင်းတလားအဖုံးနှင့် ခေါင်းတလားကိုယ်ထည်တို့ ပွတ်တိုက်မိသံ ထွက်ပေါ်လာ၏။

အခန်းငယ်အပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေသော ကျန်းယိုယိုသည် ပြတင်းပေါက်မှတစ်ဆင့် အခန်းငယ်ထဲသို့ အမြန်လှမ်းကြည့်လိုက်သည်။

ချန်ကျိုးသည် ကြေးနီခေါင်းတလားထဲမှ ထထိုင်လိုက်ပြီး ငှက်သိုက်ကဲ့သို့ ရှုပ်ပွနေသော ဆံပင်များနှင့် လက်နှစ်ဖက်ကို ဆန့်ကာ သမ်းဝေလိုက်ချေသည်။

"ဆရာ၊ ဆရာ"

ကျန်းယိုယို ပြတင်းပေါက်အပြင်ဘက်မှ လှမ်းခေါ်လိုက်သည်။

ချန်ကျိုးသည် ကြေးနီခေါင်းတလားထဲမှ တွားထွက်လာပြီး သူ၏အခန်းငယ်ထဲသို့ တစ်စုံတစ်ယောက် လာသွားခဲ့မှန်း ခံစားလိုက်ရသည်။

ထောင့်က အာလူးကြော်ထုပ်က အဘယ်ကြောင့် လေလျှော့နေရသနည်း။ ခေါင်းတလားဘေးတွင် ထားသော မီရန်ဒါပုလင်းကလည်းနေရာပြောင်းနေသည်။

အခန်းငယ်၏ကြမ်းပြင်ပေါ်တွင် ကြက်သွေးရောင် သွေးခြေရာဝက်ခန့် ရှိနေသည်။ ၎င်းမှာ အလောင်းကောင် ချန်ထားခဲ့ခြင်း မဟုတ်သည်ကတော့ သေချာသည်။ အလောင်းကောင်ကမူ ဖိနပ်မစီးချေ။

တံခါးဝသို့ မော့ကြည့်လိုက်ရာ သူ၏တံခါးသော့မှာ နှစ်ခြမ်းကွဲနေချေပြီ။

သက်သေအထောက်အထား အားလုံးအရ သူ၏အခန်းငယ်လေးသည် သူခိုးအခိုးခံလိုက်ရခြင်း ဖြစ်ပေသည်။

"ဆရာ၊ သမီး ဝင်လာလို့ ရမလား" ဟု မေးလိုက်သည်။

ချန်ကျိုး လက်ဟန်ပြကာ ကျန်းယိုယိုအား ဝင်လာရန် အချက်ပြလိုက်၏။

ကျန်းယိုယို အခန်းငယ်ထဲသို့ လမ်းလျှောက်ဝင်လာရာ ချန်ကျိုး၏ မျက်လုံးများသည် ကျန်းယိုယို၏ အားကစားဖိနပ်တစ်စုံပေါ်သို့ စိုက်ကြည့်နေသည်။

"ခြေထောက်ကို မပြီး ဆရာ့ကို ပြစမ်းပါဦး"

ကျန်းယိုယို နားမလည်ဘဲ ခြေထောက်ကို မပြလိုက်သည်။

ဖိနပ်အောက်ခြေ ပန်းပွင့်ပုံစံက မတူချေ။ လုံးလုံးလေးတွေ မဟုတ်ပါပေ။

ချန်ကျိုးသည် ဖုန်းကိုထုတ်ကာ ကြမ်းပြင်ပေါ်ရှိ ခြေရာကို ဓာတ်ပုံရိုက်ယူလိုက်သည်။

"ဆရာ၊ ဘာဖြစ်လို့လဲဟင်"

"ဆရာ့အခန်း၊ သူခိုးဝင်ခံရလို့"

ချန်ကျိုး ဖုန်းကို မြှောက်ပြရင်း ပြောလိုက်သည်။

‘ဒါ ညွှန်ကြားရေးမှူးကျိုး ဒါမှမဟုတ် ဌာနမှူးလော့ရဲ့ခြေရာ ဖြစ်ရမယ်’

အားလုံးမှာ အထက်လူကြီးများဖြစ်သောကြောင့် ကျန်းယိုယို မလျှောက်တွေးရဲဘဲ စကားလမ်းကြောင်း လွှဲလိုက်သည်။

"ဆရာ၊ သမီး ဆရာ့အတွက် မနက်စာ ဝယ်လာတယ်၊ ကျွန်မတို့ ညွှန်ကြားရေးမှူးဘက်မှာ ကိစ္စတစ်ခု ဖြစ်လို့ ဆရာ့ကို ဖိတ်ခိုင်းလိုက်ပါတယ်"

"သူ ကိစ္စဖြစ်တာက ဆရာ့အခန်း သူခိုးဝင်ခံရတာထက် ပိုအရေးကြီးလို့လား"

ကျန်းယိုယို မည်သို့ပြန်ဖြေရမှန်း မသိတော့ချေ။

ချန်ကျိုးက သက်ပြင်းတစ်ချက်ချကာ

"သုန်းသုန်းချီက တကယ်ကို အသုံးမကျတဲ့ကောင်ပဲ၊ ထားပါတော့၊ စိမ်းသက်လှတဲ့ ကမ္ဘာမြေပေါ်မှာ ငါနဲ့ သုန်းသုန်းချီက ဒီဂြိုဟ်ရဲ့ အစွမ်း... ငါက အစွမ်းအထက်ဆုံး စစ်သည်တော်ဖြစ်ပြီး သုန်းသုန်းချီက အသုံးမကျဆုံး စစ်သည်တော်ပဲ၊ အစွမ်းထက်တဲ့ စစ်သည်တော်ဖြစ်တဲ့ ငါက မကယ်တင်ဘဲ နေလို့ဖြစ်မလဲ၊ ဆရာ မျက်နှာသစ် သွားတိုက်လိုက်ဦးမယ်"

ချန်ကျိုးသည် သူ၏မျက်နှာသစ်ပစ္စည်းများကို ကိုင်ဆောင်ကာ ရေချိုးခန်းဘက်သို့ တတ်တတ်ကြွကြွဖြင့် ပြေးသွားခဲ့သည်။

ချန်ကျိုးသည် အလွန်လောနေသော်လည်း တန်းစီနေဆဲ ဖြစ်သည်။

ကျန်းယိုယို၏ ဖုန်းမြည်လာခဲ့သည်။ ၎င်းမှာ ကျိုးအိုက်ကော်ထံမှ ခေါ်ဆိုသော ၁၇ ကြိမ်မြောက် ဖုန်းကောလ် ဖြစ်ပေသည်။

"ချန်ကျိုး မနိုးသေးဘူးလား"

"နိုးပါပြီ၊ ဒါပေမဲ့ ဆရာက သွားတိုက်မျက်နှာသစ် သွားပါတယ်"

"ဘုရားရေ၊ ဒီဘက်မှာ မီးက မျက်ခုံးမွေးလောင်နေပြီ၊ ဟိုဘက်မှာ သွားတိုက်မျက်နှာသစ်နေတုန်းလား၊ ထားပါတော့၊ မြန်မြန်လေး လာခဲ့ကြပါ"

မကြာမီအချိန်အတွင်းမှာပင် ချစ်စရာကောင်းသော ကားအသေးလေးတစ်စီးသည် ယန့်ဟွာရပ်ကွက်အတွင်းသို့ မောင်းနှင်ဝင်ရောက်လာခဲ့သည်။

ယန့်ဟွာရပ်ကွက်တွင် ကြည့်ရှုနေကြသော လူများဖြင့် ပိတ်ဆို့နေချေပြီ။

ချန်ကျိုးသည်လည်း လူစည်ကားရာတွင် ပါဝင်ချင်သော စိတ်ရောဂါဝေဒနာရှင်တစ်ဦး ဖြစ်သဖြင့် ကားရပ်သည်နှင့် တစ်ပြိုင်နက် ကျန်းယိုယို၏ ထိန်းချုပ်မှုမှ ရုန်းထွက်ကာ လူအုပ်ကြီးထဲသို့ တိုးဝှေ့ဝင်ရောက်လျက် သွားရောက်ကြည့်ရှုလေတော့သည်။

ချန်ကျိုးသည် မိမိ၏စွမ်းရည်ဖြင့် လူအုပ်ကြီး၏ အလယ်ဗဟိုသို့ တိုးဝင်သွားခဲ့ရာ ဘေးနားတွင် ရှိနေသူမှာ ခုနက စာပို့ပြီးသွားသော အင်္ကျီလက်တို အနက်ရောင် ဝတ်ဆင်ထားသည့် လူငယ်ပင် ဖြစ်သည်။

"မီးက ဒီလောက်ကြီးတာ၊ ဘာလို့ မီးမသတ်ကြတာလဲ"

ချန်ကျိုးသည် လက်တစ်ဖက်ဖြင့် ကိတ်မုန့်ကို ကိုင်ကာ ခြေဖျားထောက်လျက် ခေါင်းကိုဆန့်ထုတ်၍ ကြည့်ရှုနေသည်။

လူငယ်က မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။

"ငါ ခုနက မင်းကို မေးနေတာလေ၊ မကြားဘူးလား"

လူငယ်က ချန်ကျိုးကို လှည့်ကြည့်လိုက်ရာ သွားကြားတွင် ကြက်သွန်မြိတ်ဖတ်များ ကပ်နေသည်ကို တွေ့ရ၏။

"ငြှိမ်းလို့မရဘူးလို့ ကြားတယ်"

လူငယ်က ပြန်ဖြေသည်။

"ဘာလို့ ငြှိမ်းလို့မရတာလဲ"

"အထဲမှာ သရဲရှိလို့"

"ဝိညာဉ်ချုပ်ထိန်းရေးဌာန နဲ့ မိစ္ဆာနှိမ်နင်းရေးရဲစခန်းက လူတွေကော"

"သူတို့ အထဲမှာ မီးဘယ်လိုငြှိမ်းသတ်ရမလဲဆိုတာ သုတေသနလုပ်နေကြတယ်"

ချန်ကျိုးသည် အဆောက်အအုံအပေါ်ဘက်သို့ လှည့်ကြည့်လိုက်ရာ သေချာကြည့်ပါက မီးတောက်များထဲတွင် လူသားပုံသဏ္ဌာန်များ အမှန်ပင် ရှိနေချေသည်။

လူငယ်သည် ချန်ကျိုး စူးစမ်းကြည့်ရှုနေသည့် အခွင့်အရေးကို အသုံးချကာ ဘေးသို့ အနည်းငယ် ရွှေ့ဆိုင်းပြီး ထွက်ခွာရန် ပြင်လိုက်သည်။

"ဝိညာဉ်ချုပ်ထိန်းရေးဌာနနဲ့ မိစ္ဆာနှိမ်နင်းရေးရဲစခန်းမှာ ငါ့လူရင်းတွေ ရှိတယ်၊ တို့တွေ ရှေ့ကို နည်းနည်း တိုးရအောင်၊ ပိုမြင်ရတာပေါ့" ဟု ပြောလိုက်၏။

"မလိုပါဘူး၊ ကျွန်တော် ဒီကနေ ကြည့်တာ အဆင်ပြေပါတယ်"

"ဘာလို့ အားနာနေတာလဲ"

ချန်ကျိုးသည် လူငယ်ကို အတင်းဆွဲကာ ရှေ့သို့ တိုးဝှေ့ဝင်ရောက်သွားလေတော့သည်။

All Chapters