အခန်း ၄၃
Vol. 5 Ch. 43
Chapter 43
တိုးဝှေ့ခြင်းခံလိုက်ရသော လူအုပ်ကြီးက "ခင်ဗျားကလည်း ဘယ်လိုဖြစ်နေတာလဲ၊ လူရှိနေတာ မမြင်ဘူးလား" ဟု ပြောဆိုကြလေသည်။
ချန်ကျိုး "ဟက်၊ ငါက တိုးချင်လို့တိုးတာ၊ မင်းနဲ့ ဘာဆိုင်လဲ" ဟု ပြန်ပြောလိုက်၏။
ချန်ကျိုးသည် မိမိ၏ခွန်အားသက်သက်ဖြင့် ထိုလူငယ်ကိုဆွဲကာ လူအုပ်ကြီး၏ အရှေ့ဆုံးအထိ တိုးဝှေ့ရောက်ရှိသွားပြီး စိတ်ဝင်တစား ကြည့်ရှုနေတော့သည်။
ကျိုးအိုက်ကော်နှင့် လော့ယွီမင်းတို့မှာ ထိုနေရာတွင် စောင့်ဆိုင်းနေခဲ့ကြသည်မှာ ကြာပြီဖြစ်သည်။
ချန်ကျိုးကို မြင်လိုက်ရသောအခါ ကျိုးအိုက်ကော်က ဖားယားကာ ပြုံးလိုက်ရင်း "သုန်းသုန်းယောင်၊ မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ" ဟု ဝမ်းသာအားရ ပြောလိုက်သည်။
လော့ယွီမင်း၏ မျက်နှာတွင်လည်း ကြင်နာတတ်သော အပြုံးတစ်ခု ပေါ်လာပြီး "ဆရာကြီး၊ ခင်ဗျား နောက်ဆုံးတော့ ကြွလာခဲ့ပြီပဲ" ဟု ဆိုလိုက်၏။
လူငယ်သည် မိစ္ဆာနှိမ်နင်းရေးရဲစခန်း အုပ်ချုပ်ရေးမှူးနှင့် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူးတို့ကို မှတ်မိသွားသဖြင့် နှလုံးခုန်သံများ မြန်ဆန်လာကာ စိတ်ထဲတွင်
"တောက်၊ ဒီကောင်က ဘယ်သူလဲ၊ ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူးနဲ့ မိစ္ဆာနှိမ်နင်းရေးရဲစခန်း စခန်းမှူးတို့က ဘာလို့ ဖားယားနေကြတာလဲ... မဟုတ်သေးပါဘူး၊ သူက ငါ့ကို အတင်းဆွဲခေါ်လာတာ၊ ငါ ကောင်းကင်မိစ္ဆာဂိုဏ်းကဆိုတာ သူ ရိပ်မိသွားလို့လား၊ ငါက လူအုပ်ထဲမှာ လာကြည့်ရုံတင်ပဲဥစ္စာ၊ သိသာစရာမရှိပါဘူး၊ လူတွေ ဒီလောက်အများကြီးထဲကနေ သူ ဘယ်လိုသိသွားတာလဲ" ဟု တွေးတောနေမိသည်။
"ဟို... ကျွန်တော့်အိမ်မှာ ရုတ်တရက် ကိစ္စလေးတစ်ခု ရှိလာလို့ အရင်ပြန်လိုက်ပါဦးမယ်"
လူငယ်က ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။
"ဘာလို့ ပြန်မှာလဲ၊ ဒီလောက် အရှေ့ဆုံးအထိ အတင်းတိုးဝှေ့လာရတာကို"
ချန်ကျိုးသည် လူငယ်၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိတ်အားထက်သန်စွာ ပြောလိုက်၏။
ရုန်းကန်နေသည့်ကြားမှ လူငယ်၏ ခါးဘေးအရေပြား ပေါ်ထွက်လာရာ အရေပြားပေါ်တွင် မှိန်ဖျော့သော မည်းနက်သည့် သွေးကြောကလေးများ ထင်ဟပ်နေသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ကောင်းကင်မိစ္ဆာဂိုဏ်းသို့ အသစ်ဝင်ခါစ မိစ္ဆာဂိုဏ်းသားများ၌သာ ရှိတတ်သော အမှတ်အသားဖြစ်သည်။
ကောင်းကင်မိစ္ဆာဂိုဏ်းသည် လူအများကို လှည့်စားစည်းရုံးလေ့ရှိသော်လည်း ကိုယ့်ကိုကိုယ် ကောင်းကင်မိစ္ဆာဂိုဏ်းထံ ပူဇော်ဆက်သပြီးသူများသာ ကောင်းကင်မိစ္ဆာဂိုဏ်း၏ တရားဝင်ဂိုဏ်းသား ဖြစ်လာကြသည်။
ဤမိစ္ဆာဂိုဏ်းသားလူငယ်မှာ ဂိုဏ်းသို့ ဝင်ရောက်သည်မှာ မကြာသေးမှန်း ထင်ရှားလှပေသည်။ မည်းနက်သော သွေးကြောကလေးများမှာ လုံးဝ ပျောက်ကွယ်သွားခြင်းမရှိသေးချေ။
ကျိုးအိုက်ကော်က မသင်္ကာစရာကို ရိပ်မိသွားသဖြင့် လူငယ်၏လက်ကို ဖမ်းဆွဲလိုက်ပြီး ရယ်မောလျက် "ရောက်လာပြီးမှတော့ ဘာလို့ ပြန်ဦးမှာလဲ" ဟု ဆိုလိုက်သည်။
လော့ယွီမင်က လူငယ်၏အင်္ကျီကို လှန်ကြည့်လိုက်ရာ ရင်ဘတ်အောက်ခြေရှိ မည်းနက်သော သွေးကြောကလေးများသည် နှလုံးသားဆီသို့အထိ သွယ်တန်းနေသည်ကို မြင်လိုက်ရချေသည်။
လော့ယွီမင်သည် လူငယ်၏ကိုယ်ပေါ်ရှိ ပစ္စည်းများကို ရှာဖွေလိုက်ပြီး လူငယ်၏လက်ကို ဆွဲကာ ဖုန်းပေါ်ရှိ လက်ဗွေသော့ကို ဖွင့်လိုက်သည်။ ဤမိစ္ဆာဂိုဏ်းသားလေးသည် ငယ်ရွယ်လွန်းသေးသည်ဟု ဆိုရမည်။ ဝါရင့်သူများဆိုပါက စာတိုပို့ပြီးသည်နှင့် နောက်ဆက်တွဲ ပြဿနာမရှိစေရန် စာတိုကို ပထမဆုံးအချိန်၌ ချက်ချင်းဖျက်ပစ်ကြမည်ဖြစ်သော်လည်း သူကမူ ထိုသို့မဟုတ်ချေ။
စာတိုကို ဖတ်ပြီးနောက် လော့ယွီမင်သည် ချန်ကျိုးထံသို့ လက်မထောင်ပြလိုက်ပြီး "ဆရာကြီးချန်၊ ခင်ဗျားက တကယ်ကို တော်တာပဲ၊ ဒီကောင်က မိစ္ဆာဂိုဏ်းသားဆိုတာ ခင်ဗျား ဘယ်လိုမြင်သွားတာလဲ" ဟု ပြောလိုက်၏။
ကောင်းကင်မိစ္ဆာဂိုဏ်းသားများသည် ပုန်းကွယ်ခြင်းအတတ်တွင် ကျွမ်းကျင်သည်ဟု နာမည်ကြီးလှပေသည်။ ကောင်လေးက ကောင်းကင်မိစ္ဆာဂိုဏ်းသို့ အသစ်ဝင်ခါစဖြစ်ပြီး ကိုယ်ပေါ်တွင် ကောင်းကင်မိစ္ဆာဂိုဏ်း၏ အမှတ်အသား ရှိမနေပါက လူအုပ်ကြီးထဲတွင် ကောင်းကင်မိစ္ဆာ ဂိုဏ်းသားတစ်ဦး ရှိနေလိမ့်မည်ဟု မည်သူမျှ တွေးမိကြမည်မဟုတ်ချေ။
ချန်ကျိုးမှာမူ အူကြောင်ကြောင်ဖြစ်သွားရသည်။ သူသည် စကားအနည်းငယ် ဝင်မေးရုံသာဖြစ်ပြီး တစ်ဖက်လူကို ကျေးဇူးတင်သောအားဖြင့် အတူခေါ်လာခဲ့ခြင်းဖြစ်သည်။ မည်သည့် ကောင်းကင်မိစ္ဆာဂိုဏ်း၊ မည်သည့် မိစ္ဆာဂိုဏ်းသားဆိုသည်ကို သူ ဘာတစ်ခုမှ မသိချေ။
သို့သော်လည်း ဌာနမှူး၏ ချီးကျူးမှုကို ခံလိုက်ရသဖြင့် ချန်ကျိုး အလွန်ကျေနပ်သွားကာ မျက်နှာတွင် နက်နဲဆန်းကြယ်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
လူငယ်က သူ၏လက်အောက်တွင် ရုန်းကန်ရင်း "ကောင်းကင်မိစ္ဆာဂိုဏ်းက လူသားတွေကို မြှင့်တင်ပေးဖို့ လုပ်တာ၊ ဒါက မွန်မြတ်တဲ့ လုပ်ရပ်ပဲ" ဟု အော်ဟစ်နေတော့သည်။
ကျိုးအိုက်ကော်က ချန်ကျိုးကို ကြည့်ကာ ရင်ထဲရှိ ခံစားချက်ကို စကားလုံးဖြင့်ဖော်ပြရန်ပင် ခက်ခဲနေမိသည်။ ကြည့်ရှုနေကြသော လူအများကြီးထဲမှ ချန်ကျိုးက စိတ်အလိုကျ ဆွဲထုတ်လိုက်သောလူသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ မိစ္ဆာဂိုဏ်းသားတစ်ဦး ဖြစ်နေရသနည်း။
ဒါကသာ တိုက်ဆိုင်မှုဆိုလျှင် သူကျိုးအိုက်ကော် တစ်ကိုယ်လုံးပြောင်းပြန်ပင် ဖြစ်သွားပါတော့မည်။
"ဒီကောင်က ကောင်းကင်မိစ္ဆာဂိုဏ်းကပဲ၊ သူ့ကို လက်ထိပ်ခတ်လိုက်စမ်း"
မကြာမီ ဝိညာဉ်ချုပ်ထိန်းရေးဌာနမှလူများ ရောက်လာပြီး လူငယ်ကို ထိန်းချုပ်လိုက်ကြသည်။
မိစ္ဆာဂိုဏ်းသားတစ်ဦး မိသွားသည့်အခြင်းအရာက ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ရုန်းရင်းဆန်ခတ် ဖြစ်သွားစေသည်။
"သူက မိစ္ဆာဂိုဏ်းသားလား၊ ဒီလူငယ်လေးက ဖြူဖြူသန့်သန့်လေးနဲ့ တကယ်ကို မထင်ရဘူးနော်"
"ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူးနဲ့ မိစ္ဆာနှိမ်နင်းရေးရဲစခန်း စခန်းမှူးတို့ကိုယ်တိုင် ပြောတာပဲ၊ အမှားရှိပါ့ဦးမလား"
"ဘုရားရေ၊ သူက ခုနကတင် ကျွန်မဘေးမှာ ရပ်နေတာ၊ ကျွန်မကို အောက်လမ်းနည်းနဲ့ ပြုစားခဲ့သေးလားမသိဘူး၊ ကောင်းကင်မိစ္ဆာဂိုဏ်းကလူတွေက အောက်လမ်းနည်း သုံးတတ်ကြတယ်လို့ ကြားတယ်"
"ကြောက်စရာကြီး၊ အခန်း ၅၀၂ က ကိစ္စကလည်း သူလုပ်တာ သေချာတယ်"
ကျန်းယိုယိုက ချန်ကျိုး၏ လက်မောင်းကို အထင်ကြီး အားကိုးတကြီးဖြင့် ဖက်လိုက်ရင်း "ဆရာက တကယ်တော်တာပဲ၊ မိစ္ဆာဂိုဏ်းသားရဲ့ အထောက်အထားကို တစ်ချက်ကြည့်ရုံနဲ့တင် သိတယ်"
လူအများထံမှ ရောက်ရှိလာသော အထင်ကြီးလေးစားသည့် အကြည့်များကို ရင်ဆိုင်ရင်း ချန်ကျိုးက ရင်ဘတ်ကို မတ်လိုက်သည်။ မိစ္ဆာဂိုဏ်းသားကို သူ၏ ရွှေမျက်လုံးဖြင့် ရှာဖွေဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး သူသည် မိစ္ဆာဂိုဏ်းသား၏ အထောက်အထားကို စောစောစီးစီးကတည်းက သိမြင်ခဲ့ခြင်း ဖြစ်ပေသည်။
စနစ်ကမူ အူကြောင်ကြောင်ဖြစ်သွားရချေသည်။
[ဒီလိုလည်း ရတာပဲလား၊ ဒီစိတ်ရောဂါသည်ရဲ့ ကံတရားက တကယ်ကို ကောင်းလွန်းနေပါလား]
ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဂိုဏ်းသားများအပေါ် ထိန်းချုပ်မှုမှာ အလွန်ထူးဆန်းလှသည်။ ထိုလူများသည် ဝိညာဉ်တစ္ဆေများကဲ့သို့ဖြစ်ပြီး ညဘက်တွင် အဖမ်းခံရပါက မိုးမလင်းခင်မှာပင် သေဆုံးသွားတတ် ကြသည်။ နေ့ဘက်တွင် အဖမ်းခံရပါကလည်း သူတို့၏နှုတ်ကို မဖွင့်နိုင်ခဲ့လျှင် ည ရောက်သည် နှင့်တစ်ပြိုင်နက် ဝိညာဉ်ချုပ်ထိန်းရေးဌာနက မည်သည့်နည်းလမ်းကိုပင် အသုံးပြုစေကာမူ သူတို့ သေဆုံးသွားကြမည်ဖြစ်ပြီး ဝိညာဉ်ပင် ချန်ထားခဲ့မည်မဟုတ်ချေ။
ထိုအကြောင်းကြောင့်ပင် ယခုအချိန်အထိ လူသားအစိုးရသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ လူများကို ဘာမှမတတ်နိုင်ဘဲ ရှိနေရခြင်းဖြစ်သည်။
ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လူများက မိစ္ဆာဂိုဏ်းသားကို ဖမ်းဆီးသွားစဉ် လော့ယွီမင်က နေ့ဘက်တွင် မိစ္ဆာဂိုဏ်းသား၏ ထွက်ဆိုချက်ကို အစွမ်းကုန် ရယူရန် အထူးမှာကြားလိုက်သည်။
ကျိုးအိုက်ကော်က ချန်ကျိုးအနားသို့ တိုးကပ်လာပြီး မီးလောင်ရာနေရာ၏ အခြေအနေကို ရှင်းပြနေတော့သည်။
"သုန်းသုန်းယောင်၊ မင်း မြင်လား၊ အဲဒီ တာအိုဆရာ လေးယောက်နဲ့ ချွေးပြန်နေတဲ့ ဘုန်းကြီး၊ သူတို့က အသုံးမကျဘူး၊ သုံးလေးနာရီကြာအောင် လုပ်နေတာတောင် မီးကို မငြှိမ်းနိုင်ကြဘူး"
ကျိုးအိုက်ကော် တိုးတိုးလေး အထင်သေးစွာ ပြောလိုက်သည်။
"သူတို့က ဘာပဲဖြစ်ဖြစ် ကျင့်ကြံသူတွေပဲဥစ္စာ၊ မင်းက ဘာမှမတတ်တဲ့လူ ဖြစ်နေပြီးတော့ သူတို့ကို ဘယ်လိုမျက်နှာနဲ့ ပြောရတာလဲ"
ချန်ကျိုး တည်တည်တံ့တံ့ဖြင့် ပြန်လည်မေးခွန်းထုတ်လိုက်၏။
ကျိုးအိုက်ကော်သည် မေးခွန်းကြောင့် တံတွေးတစ်ချက် သီးသွားရပြီးနောက် ပြန်လည်ညည်းညူလိုက်သည်။
"ဒါက ငါ့မှာ စွမ်းရည်မရှိလို့ပေါ့၊ ငါသာ မင်းလိုမျိုး ဒီဂြိုဟ်ရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်နေရင် ဒီနေရာမှာ သူတို့ နေရာရပါ့ဦးမလား၊ ငါက ဒီဂြိုဟ်ကနေ မင်းကို ကူညီဖို့ စေလွှတ်လိုက်တဲ့သူပဲ၊ ငါ့ရဲ့ စွမ်းရည်ကတော့ သာမန်ပါပဲ"
"အရမ်း အားနည်းတယ်"
"ဟုတ်တယ်၊ အရမ်း အားနည်းပါတယ်၊ အရမ်း အားနည်းတယ်၊ ဒါပေမဲ့ ငါလည်း သန်မာချင်တာပေါ့၊ ငါ့ရဲ့ ပါရမီက ဒီလောက်ပဲရှိတာ၊ မွေးရာပါ ကျင့်ကြံဖို့ ပါရမီမပါလာဘူး၊ သုန်းသုန်းယောင်လိုမျိုးမှ မဟုတ်တာ၊ ရုပ်ရည်ကလည်း ချောမောခန့်ညားပြီး စတိုင်လ်လည်း ရှိတယ်၊ မင်းရဲ့ သာမန်အကွက်လေး တစ်ကွက်ကတင် ငါ နှစ်နဲ့ချီပြီး ကျင့်ရမယ့်ဟာမျိုးပဲ"
ကျိုးအိုက်ကော်က နည်းလမ်းမျိုးစုံဖြင့် ချန်ကျိုးကို မြှောက်ပင့်ပေးလိုက်သည်။
ဖားယားမြှောက်ပင့်ခြင်း နည်းလမ်းသည် စိတ်ရောဂါသည်အပေါ်တွင် အလွန်ထိရောက်လှပေသည်။ ချန်ကျိုး လက်ကို ဝှေ့ယမ်းလိုက်ရင်း ပါးစပ်ကို ဖြဲကာ ဟဲဟဲဟု ရယ်မောလိုက်ပြီး
"အေးအေးဆေးဆေး၊ အေးအေးဆေးဆေး နေစမ်းပါ" ဟု ဆိုလိုက်၏။
ချန်ကျိုးကို စိတ်ချမ်းသာအောင် လုပ်ပြီးနောက် ကျိုးအိုက်ကော်က သူ့ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။
"သုန်းသုန်းယောင်၊ ဝိညာဉ်ချုပ်ထိန်းရေးဌာနက လော့ယွီမင်က ဘာပဲဖြစ်ဖြစ် အသိဉာဏ်နည်းတဲ့ လူသားတစ်ယောက်ပဲဥစ္စာ၊ မင်း မီးငြှိမ်းသတ်တဲ့ အောင်မြင်မှုကို ငါတို့ မိစ္ဆာနှိမ်နင်းရေး ရဲစခန်းကိုပဲ ပေးလိုက်ပါလား၊ မင်းရဲ့ ချစ်လှစွာသော တပည့်မလေး ကျန်းယိုယိုလည်း မိစ္ဆာနှိမ်နင်းရေးရဲစခန်းမှာ ရှိနေတာပဲ၊ အဲဒီအချိန်ကျရင် ဆုကြေးငွေတွေ ထွက်လာရင် မင်းအတွက် အရသာရှိတာတွေ အကုန်ဝယ်ပေးမယ်၊ ဝိညာဉ်ချုပ်ထိန်းရေးဌာနမှာ လူတွေ အများကြီးရှိတာ၊ ဆုကြေးငွေ ထွက်လာရင် ဘယ်နှယောက် ခွဲဝေရဦးမလဲ၊ မင်းကို သတိရရင်တောင် ပိုက်ဆံနည်းနည်းပဲ ကျန်တော့မှာ"
ချန်ကျိုးသည် မူလကတည်းက ဝိညာဉ်ချုပ်ထိန်းရေးဌာနကို မနှစ်မြို့ချေ။ ဝိညာဉ်ချုပ်ထိန်းရေး ဌာနသည် သူ၏ ခေါင်းတလားကြီးကို ခိုးယူခဲ့သော ဓားပြဖြစ်သဖြင့် ဆုကြေးငွေရရှိပါက သူ့ကို ခွဲဝေပေးလိမ့်မည် မဟုတ်ချေ။
" ကောင်းပြီလေ၊ မင်း ဒီလောက် ရိုးသားမှုရှိတာကို ကြည့်ပြီးတော့ပဲ၊ မင်းတို့ မိစ္ဆာနှိမ်နင်းရေးရဲစခန်းကို ပေးလိုက်မယ်၊ ဆုကြေးငွေကို ငါ့ဆီ တိုက်ရိုက်သာ ပေးလိုက်တော့၊ ငါ ကိုယ်တိုင် ဝယ်စားမယ်"
"ကောင်းပြီ၊ ပြဿနာမရှိဘူး"
မိစ္ဆာဂိုဏ်းသားလူငယ်ကို အရေးယူပြီးနောက် လော့ယွီမင်သည် အဝေးမှနေ၍ ကျိုးအိုက်ကော်၏ သေးသိမ်သော အမူအရာကို အကဲခတ်နေသည်။ သူ၏ အောင်နိုင်သူပုံစံ ဖြစ်နေပုံမှာ ခါးကို ကုန်းကာ ပြုံးစစဖြင့် ဂုဏ်သိက္ခာရှိသော မိစ္ဆာနှိမ်နင်းရေးရဲစခန်း အုပ်ချုပ်ရေးမှူး ဖြစ်ပြီး လူအများ ရှေ့မှောက်တွင် သိက္ခာတစ်ခုမှ မရှိတော့ချေ။
လော့ယွီမင်သည် အထင်သေးသော မျက်နှာထားဖြင့် သူ၏ ပြည့်ဖြိုးနေသော လက်နှစ်ဖက်ကို ပွတ်သပ်ရင်း ချန်ကျိုးထံသို့ လျှောက်လှမ်းလာကာ ဟဲဟဲဟု ရယ်မောလျက် "ဆရာကြီးချန်" ဟု ခေါ်လိုက်သည်။
ချန်ကျိုးကမူ မကြားချင်ယောင်ဆောင်ကာ လော့ယွီမင်ကို ကျော်ဖြတ်၍ အဆောက်အအုံ လှေကားထစ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
"ဆရာကြီး၊ ကျွန်တော့်ကို စောင့်ပါဦး"
လော့ယွီမင်သည် အရှက်ရသည်ဟု အနည်းငယ်မျှ မခံစားရဘဲ ရယ်မောလျက် ချန်ကျိုး၏ နောက်ကွယ်မှ လိုက်ပါသွားခဲ့ချေသည်။
ကျိုးအိုက်ကော်က မိမိလူများကို လက်ဟန်ပြလိုက်ရာ မီးခံအင်္ကျီ ဝတ်ဆင်ထားသော မိစ္ဆာနှိမ်နင်းရေးရဲဝန်ထမ်း အချို့သည် ချန်ကျိုး၏ခြေလှမ်းများ နောက်သို့ လိုက်ပါသွားကြသည်။
လော့ယွီမင် စကားမဲ့သွားရသည်။ ကျိုးအိုက်ကော်ဟူသော မြေခွေးအိုကြီးသည် မီးသတ်သမားများထံမှ မီးခံအင်္ကျီ အချို့ကို စောစောစီးစီး ငှားရမ်းကာ မိမိလူများကို ဝတ်ဆင်ခိုင်းထားသည်မှာ မီးငြှိမ်းသတ်ရန် အားထုတ်ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့မိသည်။
တကယ်တမ်းမူ အောင်မြင်မှုကို လုယူရန်အတွက်သာ ဖြစ်ပေသည်။
"ခင်ဗျားအနေနဲ့ အောင်မြင်မှု လုယူမယ့် ဉာဏ်ကို မီးငြှိမ်းသတ်တဲ့နေရာမှာ အသုံးပြုခဲ့ရင် မီးက စောစောစီးစီး ငြိမ်းသွားလောက်ပြီ"
"ဟဲဟဲ၊ ကျွန်တော့်မှာ ကိုယ့်ကိုကိုယ် သိတဲ့စိတ် ရှိပါတယ်"
မိမိလူများ အဆောက်အအုံအတွင်းသို့ ဝင်ရောက်သွားသည်ကို ကြည့်ရင်း ကျိုးအိုက်ကော်သည် ကျေနပ်စွာ ပြုံးလိုက်မိသည်။ ယခုနှစ်အတွက် စစ်ဆေးမှု အောင်မြင်သွားပြီဖြစ်ရာ လူတိုင်းမှာ အတန်အသင့်များပြားသော ဆုကြေးငွေများကို ရရှိကြတော့မည် ဖြစ်ပေသည်။
အဆောက်အအုံအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ပြင်းထန်သော အပူလှိုင်းတစ်ခု ပျံနှံ့လာခဲ့သည်။
စနစ်က မီးတောက်ကာကွယ်ရေး အကာအကွယ်ကို ဖွင့်လှစ်လိုက်သည်။
ချန်ကျိုး၏ တစ်ကိုယ်လုံးကို ဖောက်ထွင်းမြင်နိုင်သော ကာကွယ်ရေးအကာအကွယ်တစ်ခုက ဖုံးအုပ်ထားလိုက်ချေသည်။
မိစ္ဆာနှိမ်နင်းရေးရဲများသည် ချန်ကျိုး၏ နောက်သို့လိုက်ရင်း စတုတ္ထထပ်သို့ ရောက်ရှိလာကြသည်။ အခန်း ၅၀၂ ၏ အချိန်ကြာမြင့်စွာလောင်ကျွမ်းမှုကြောင့် စတုတ္ထထပ်ရှိ စင်္ကြန်လမ်းများပင် မည်းနက်နေပြီ ဖြစ်သည်။
မိစ္ဆာနှိမ်နင်းရေးရဲများသည် အပူဒဏ်ကို မတောင့်ခံနိုင်တော့သဖြင့် စတုတ္ထထပ်တွင် ရပ်တန့်ကျန်ရစ်ခဲ့ရတော့သည်။
ချန်ကျိုးသည် စနစ်၏ ကာကွယ်မှုအောက်တွင် လောင်ကျွမ်းမှုအပူရှိန်ကို လုံးဝမခံစားရဘဲ ခန္ဓာကိုယ်အတွင်းပိုင်း အပူချိန်မှာ ပြင်ပအပူချိန်နှင့် အတူတူပင်ဖြစ်နေသည်။
သူသည် တစ်လှမ်းချင်းစီဖြင့် ပဉ္စမထပ်သို့ တက်လှမ်းလာခဲ့၏။
အခန်း ၅၀၂ အတွင်းရှိ မီးတောက်များသည် အာရုံခံအင်္ဂါများ ပါရှိနေသည့်နှယ် ပြင်ပသို့ အမြဲမပြတ် ကူးစက်ရန် ကြိုးပမ်းနေကြသည်။
ချန်ကျိုးသည် ပတ်ဝန်းကျင်တွင် လူမရှိသည်ကို မြင်သောအခါ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ လေစီးကြောင်းတစ်ခုက ချန်ကျိုး၏ လက်ညှိုးထိပ်ရှိ မီးတောက်ကို လွင့်စင်သွားစေသည်။
ဒီမီးက သူ့ကို ကြောက်နေတာလား။
ချန်ကျိုးသည် သတ္တိရှိရှိဖြင့် လက်တစ်ဖက်လုံးကို ဆန့်ထုတ်လိုက်ရာ လက်တစ်ဖက်လုံး၏ ပတ်ဝန်းကျင်ရှိ မီးတောက်များသည် လျင်မြန်စွာ ငြိမ်းသွားခဲ့ပြီး လက်ကို ပြန်ရုပ်သိမ်းလိုက်သောအခါ မီးတောက်များက ပြန်လည်တောက်လောင်လာပြန်သည်။
လက်ကို ဆန့်ထုတ်လိုက်သည်။
မီးငြိမ်းသွားသည်။
လက်ကို ပြန်ရုပ်လိုက်သည်။
မီးပြန်လောင်သည်။
တကယ် ဆော့လို့ကောင်းတာပဲ။