← Chapters

အခန်း ၄၄

Vol. 5 Ch. 44

အခန်း ၄၄

Vol. 5 Ch. 44

Chapter 44

အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် ချန်ကျိုးမှာ ဆော့၍ ဝသွားကာ အခန်း ၅၀၂ ၏ မီးလောင်ရာနေရာအတွင်းသို့ ခြေလှမ်းကြီးကြီးဖြင့် လှမ်းဝင်လိုက်သည်။

သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် မီးတောက်များသည် ချန်ကျိုးအတွက် လမ်းတစ်ခုကို အလိုအလျောက် ဖယ်ပေးကြချေသည်။

မီးလောင်ကွင်းအတွင်း၌ သာမန်မျက်စိဖြင့် မြင်နိုင်သော နာမ်ခန္ဓာလေးခုမှာ သုံးယောက်တစ်ယောက် ပုံစံဖြင့် ယှဉ်ပြိုင်နေကြသည်။ ရုပ်သေးရုပ်ဖြစ်သော နာမ်ခန္ဓာသည် ရွှေရောင်အလင်းများ တောက်ပနေပြီး ချန်ကျိုး ဝင်ရောက်လာသည်နှင့်အမျှ ပိုမိုအသာစီး ရလာခဲ့သည်။

ဤအသာစီးရမှု အနည်းငယ်မျှဖြင့်ပင် မိစ္ဆာဂိုဏ်းသား၏ တပည့်နှစ်ဦးဖြစ်သော နာမ်ခန္ဓာများသည် ရွှေရောင်အလင်းကို မယှဉ်နိုင်ဘဲ လွင့်စင်ပျက်စီးသွားကြရတော့သည်။

ထိုအခါ ပေခုန်းကျင့်စဉ်အဆင့်ရှိသည်ဆိုသော မိစ္ဆာကျင့်ကြံသူ လျောင်တယ်ဆရာတော် တစ်ဦးတည်းသာ ယှဉ်ပြိုင်ရန် ကျန်ရစ်ခဲ့ချေသည်။

အသိစိတ် အနည်းငယ် ကျန်ရှိနေသေးသော မိစ္ဆာကျင့်ကြံသူ လျောင်တယ်ဆရာတော်သည် လိမ်ကောက်နေသော ပုံစံဖြင့် ချန်ကျိုးကို စိုက်ကြည့်နေသည်။ သူ၏ ပေခုန်းကျင့်စဉ်အဆင့်အရ ရုပ်သေးရုပ်အမြင်မှတစ်ဆင့် မြင်တွေ့ရသောအရာ အားလုံးကို သိရှိနိုင်ပေသည်။

"ချန်..........ကျိုး"

အာလေးလျှာလေးဖြင့် ထွက်လာသော အသံမှာ အလွန်တိုးသော်လည်း သေချာစွာ ကြားနိုင်ပေသည်။

ချန်ကျိုးသည် မျက်လုံးကြီးများကို ဖွင့်ကာ အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ခတ်လိုက်ရင်း "မင်း ငါ့ကို သိတာလား" ဟု မေးလိုက်၏။

မိစ္ဆာကျင့်ကြံသူသည် ကောင်းကင်ယံထက်မကကြီးမားသော အရှက်ခွဲမှုကို ခံလိုက်ရသည့်နှယ် ရှိတော့သည်။

ဤရုပ်သေးနာမ်ခန္ဓာ၊ ဤမီးလောင်မှု၊ ဝိညာဉ်ပျက်စီးသွားသော တပည့်နှစ်ဦး၊ သူ ဤကဲ့သို့သော ပုံစံဖြစ်သွားရခြင်း အပါအဝင် ဘယ်အရာက ထိုသူ၏လက်ချက် မဖြစ်ခဲ့သနည်း။

‘မင်းက ဒီလောက်အထိတောင် အထင်သေးရဲတယ်ပေါ့’

ထားပါတော့၊ မူလကမူ နောင်တစ်ချိန်တွင် ကလဲ့စားချေနိုင်ရန်အတွက် ကြွင်းကျန်သော ဝိညာဉ်အစအနလေးကို ထိန်းသိမ်းထားချင်သော်လည်း ချန်ကျိုး ရောက်လာပြီဖြစ်ရာ အမြစ်ပြတ်ချေမှုန်းရန် ကြိုးစားရမည်။

‘မင်းရဲ့ ပြိုင်ဘက်မဟုတ်ရင်တောင် မင်းရဲ့ အမွှေးအမျှင်တစ်ခုလောက်ကို ထိခိုက်အောင် လုပ်နိုင်ရင် ငါ မင်း လက်ထဲမှာ သေရတာ တန်ပါပြီ’

မိစ္ဆာကျင့်ကြံသူ လျောင်တယ်ဆရာတော်သည် ထိုသို့တွေးတောကာ စွမ်းအားကို စုစည်းလိုက်ပြီး လောင်ကျွမ်းနေသော မီးတောက်များထဲမှ ပြင်းထန်သော မည်းနက်သည့် စွမ်းအင်များကို ထုတ်လွှတ်လျက် ချန်ကျိုးထံသို့ အရှိန်ပြင်းစွာ ပြေးဝင်သွားခဲ့သည်။

မိစ္ဆာကျင့်ကြံသူ၏ ရုတ်တရက် တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ချန်ကျိုးသည် အသိစိတ်အရ လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံဖြင့် ဦးခေါင်းကို ကာကွယ်လိုက်၏။

[စနစ်မြှင့်တင်မှု : ပြင်းထန်သောမီးတောက် လောင်ကျွမ်းခြင်း]

အခန်းတွင်း လောင်ကျွမ်းနေသော မီးတောက်များသည် ချန်ကျိုး၏ ကြက်ခြေခတ်ထားသော လက်မောင်းအရှေ့ဘက်သို့ လျင်မြန်စွာ စုစည်းသွားပြီး ကြီးမားသော မီးလုံးကြီးတစ်ခုအဖြစ်သို့ ပေါင်းစည်းသွားခဲ့ချေသည်။

မိစ္ဆာကျင့်ကြံသူ၏ နာမ်ခန္ဓာတစ်ခုလုံးမှာ မီးလုံးကြီးအတွင်းသို့ တိုးဝင်သွားပြီး ပြင်းထန်သော လောင်ကျွမ်းမှုကြောင့် သူ၏ခန္ဓာကိုယ်အတွင်းရှိ သရဲစွမ်းအင်များသည် လျင်မြန်စွာ ပွန်းပွါးလာခဲ့သည်။

“ဗုန်း”

ပြင်းထန်သော သရဲစွမ်းအင်များ ရောနှောနေသည့် မီးလုံးကြီးသည် ချန်ကျိုး၏ ရှေ့မှောက်တွင် ပေါက်ကွဲသွားခဲ့သည်။

မိစ္ဆာကျင့်ကြံသူသည် ကျင့်စဉ်အဆင့် အတန်အသင့်ရှိသဖြင့် လုံးဝဥဿုံ ပျက်စီးသွားခြင်းမရှိဘဲ ကြွင်းကျန်နေသော သရဲစွမ်းအင်ကို အားကိုးကာ နာမ်ခန္ဓာ မပြန့်ပွားသွားစေရန် ခေတ္တမျှ ထိန်းထားနိုင်သေးသည်။

မိစ္ဆာကျင့်ကြံသူသည် အောက်ဘက်တွင် ကြည့်ရှုနေကြသော လူအုပ်ကြီးကို လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များကို ထူးဆန်းစွာ တုန်လှုပ်ရင်း အောက်သို့ ခုန်ချလိုက်တော့သည်။

"ငါ့ဝိညာဉ်ကို ဖျက်ဆီးချင်မှတော့ ဒီလူအုပ်ကြီးကို ငါနဲ့အတူ" ဟု ငါ ဟူသော စကားလုံး စထွက်ရုံရုံရှိသေးသည် လက်ဝါးပုံသဏ္ဌာန် မီးတောက်တစ်ခုသည် အောက်သို့ တိုက်ရိုက်ဆင်းသက်သွားပြီး မိစ္ဆာကျင့်ကြံသူကို လှမ်းဖမ်းကာ အခွင့်အရေး အနည်းငယ်မျှမပေးဘဲ ညှစ်ပစ်လိုက်ရာ ပုရွက်ဆိတ်တစ်ကောင်ကို ညှစ်သတ်လိုက်သည့်နှယ် အစအနတစ်ခုမျှပင် မကျန်ရစ်ခဲ့ချေ။

ဤမီးလက်ဝါး၏ ပိုင်ရှင်သည် ယခုအချိန်တွင် အပေါ်ထပ်၌ ရပ်နေပြီး အောက်သို့ ငုံ့ကြည့်နေသည်။

"ငါ့ကိုတောင် ပြန်ချချင်သေးတာ၊ ကိုယ့်ကိုကိုယ် ဘယ်လောက်အဆင့်ရှိလဲဆိုတာ မဆင်ခြင်ဘူး၊ မင်းကို တကယ်ပဲ မျက်နှာသာပေးလိုက်မိတာ" ဟု ချန်ကျိုးက ပြတင်းပေါက်မှနေ၍ အော်ဟစ်ဆဲဆိုလိုက်သည်။

အခန်းတွင်းရှိ မီးတောက်များသည် တဖြည်းဖြည်း ကွယ်ပျောက်သွားပြီး ကြွင်းကျန်နေသော ရုပ်သေးနာမ်ခန္ဓာသည် ချန်ကျိုး၏ ရှေ့မှောက်တွင် ဒူးထောက်ကာ ဦးချလိုက်၏၊ ၎င်း၏မျက်နှာတွင် လွတ်မြောက်သွားသော အမူအရာ ပေါ်ထွက်လာပြီးနောက် လူ့လောကကြီးမှ အပြီးတိုင် ကွယ်ပျောက်သွားခဲ့ချေသည်။

အောက်ဘက်ရှိ ကျိုးအိုက်ကော်သည် စိတ်လှုပ်ရှားစွာဖြင့် ရဲကားခေါင်မိုးပေါ်တွင် ရပ်ကာ ပဉ္စမထပ် ပြတင်းပေါက်ရှိ ချန်ကျိုးကို ကြည့်၍ လက်ခုပ်တီးပေးနေသည်။

ဤကဲ့သို့သော ခံစားချက်သည် ကူးစက်တတ်လှပေသည်။ အောက်ဘက်တွင် ကြည့်ရှုနေကြသော လူများသည် မီးတောက်များ လုံးဝငြိမ်းသွားသည်ကို မြင်သောအခါ ညွှန်ကြားရေးမှူးကျိုးနှင့်အတူ လိုက်လံလက်ခုပ်တီးကြ တော့သည်။

ချန်ကျိုး မျက်လုံးကို အပေါ်ပင့်ကာ အထင်သေးသော အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အသိဉာဏ်နည်းတဲ့ လူသားတွေက ကိုယ့်ကိုကိုယ် အဓိပ္ပာယ်မရှိ ပြန်ကျေးဇူးတင်နေကြပြန်ပြီ၊ အသိဉာဏ်မရှိတဲ့ မာဂဲလ်တွေပဲ"

(T/N : မှော်စွမ်းအားမရှိသူ: ဟယ်ရီပေါ်တာ ဇာတ်လမ်းကမ္ဘာထဲမှာ မှော်ပညာ လုံးဝမတတ်တဲ့၊ မှော်စွမ်းအားမရှိတဲ့ သာမန်လူသားတွေကို ခေါ်တာ ဖြစ်ပါတယ်)

ထိုသို့ပြောသော်လည်း ချန်ကျိုးသည် ကိုယ့်ကိုကိုယ် ရုပ်ရှင်ထဲက စွမ်းအားရှင်သူရဲကောင်းကြီး တစ်ယောက်ကဲ့သို့ အလွန်ခန့်ညားထည်ဝါသည်ဟု ခံစားနေရသည်။ မဟုတ်သေးပါချေ။ သူတို့ထက် ပိုအစွမ်းထက်ပေသည်။

ချန်ကျိုးသည် လက်ကို ပေါ့ပါးစွာ ပုတ်လိုက်ပြီး ကြမ်းပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။

[စနစ်သတိပေးချက်: Host အနေဖြင့် အန္တရာယ်ရှိသော အမူအရာများကို မပြုလုပ်ပါနှင့်]

ချန်ကျိုးသည် ပြတင်းပေါက်မှနေ၍ ပဉ္စမထပ်အောက်သို့ တစ်လှမ်းချင်း လှမ်းဆင်းလိုက်သည်။

စနစ်ကာကွယ်ရေးအကာအကွယ်ကို ဖွင့်လှစ်လိုက်သည်။

[စနစ်က Host အား သတိပေးပါသည်၊ သေကြောင်းကြံစည်မှု၏ အစွန်းဖျားတွင် ရူးသွပ်စွာ စမ်းသပ်ခြင်း မပြုလုပ်ပါနဲ့]

“ဘုန်း”

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးထံမှ အံ့ဩမှင်သက်သံများ ထွက်ပေါ်လာပြီး ချန်ကျိုးသည် မြေပြင်ပေါ်သို့ ဘေးကင်းလုံခြုံစွာ ကျဆင်းလာခဲ့သည်။

မာဂဲလ်များ၏ မနာလိုဖြစ်မှုကို ခံစားရသောအခါ ချန်ကျိုးသည် မာနတထောင်ထောင်ဖြင့် ခေါင်းကို မော့လိုက်သည်။

‘ဒါက မင်းတို့ အသိဉာဏ်နည်းတဲ့ ကမ္ဘာမြေက လူသားတွေ ဘယ်တော့မှ ယှဉ်လို့မရတဲ့ စွမ်းရည်ပဲ၊ မင်းတို့ရဲ့ မနာလိုတဲ့ အကြည့်တွေကို အားရပါးရ ပို့လွှတ်လိုက်ကြစမ်းပါ၊ ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ ဒီလိုအခွင့်အရေးမျိုး တစ်ကြိမ်ပဲ ရှိနိုင်တာမို့’

ကျန်းယိုယိုသည် အမာခံပရိသတ်မလေးတစ်ဦးအဖြစ် ပြောင်းလဲသွားကာ ခုနက ရိုက်ကူးထားသော ချန်ကျိုး အောက်သို့ ခုန်ချလာသည့် ဓာတ်ပုံကို ချန်ကျိုးအား ပြသလိုက်ရင်း "ဆရာ၊ ခုနက တကယ်ကို ခန့်ညားလွန်းတယ်" ဟု ပြောလိုက်သည်။

ဓာတ်ပုံအကြောင်း ပြောလိုက်သဖြင့် ချန်ကျိုးသည် သူ၏အခန်းငယ်လေး သူခိုးဝင်ခံရသည့် ကိစ္စကို သတိရသွားကာ လျောက်လှမ်းလာနေသော ကျိုးအိုက်ကော်နှင့် လော့ယွီမင်းတို့ထံသို့ အကြည့်ကို လွှဲပြောင်းလိုက်သည်။

တစ်ယောက်က အသိဉာဏ်နည်းတဲ့ လူသားတွေရဲ့ ဖျက်ဆီးခြင်းကို ခံထားရတဲ့ စစ်သည်တော်။

နောက်တစ်ယောက်က ဓားပြဂူထဲက ဗိုလ်ကြီး။

ကျိုးအိုက်ကော်က ပါးစပ်ကို ဟကာ ဖားယားမြှောက်ပင့်ရန် ပြင်လိုက်သည်။

"ဖိနပ်အောက်ခြေကို မပြီး ငါ့ကို ပြစမ်းဦး" ဟု ချန်ကျိုးက တည်တင်းသော မျက်နှာဖြင့် ပြောလိုက်၏။

နှစ်ဦးစလုံး နားမလည်ဘဲ အချင်းချင်းလှမ်းကြည့်လိုက်ကြပြီး နှေးကွေးစွာဖြင့် ခြေထောက်ကို မပြလိုက်ကြသည်။

ချန်ကျိုးသည် ဖုန်းကိုထုတ်ကာ ဖိနပ်အောက်ခြေရှိ ပန်းပွင့်ပုံစံများကို တစ်ခုချင်းစီ လိုက်လံတိုက်ဆိုင်ကြည့်ရှုနေသည်။

နောက်ဆုံးတွင် ချန်ကျိုးသည် လော့ယွီမင်၏ ခြေရင်း၌ ဆောင့်ကြောင့်ထိုင်ကာ လက်ဖြင့် အရွယ်အစားကို တိုင်းတာလိုက်သည်။

မှန်သွားချေပြီ။ ဖိနပ်အောက်ခြေ၏ အရွယ်အစားနှင့် ပန်းပွင့်ပုံစံမှာ ဓာတ်ပုံထဲရှိ ခြေရာနှင့် ထပ်တူထပ်မျှ တူညီနေသည်။

ချန်ကျိုးသည် မျက်ခုံးကို တွန့်ကာ သွားကို ကြိတ်လျက် လော့ယွီမင်အနားသို့ တိုးကပ်သွားပြီး အချင်းချင်း စိုက်ကြည့်လိုက်ကြသည်။

လော့ယွီမင် နားမလည်ဘဲ "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။

“ဘုန်း”

လက်ကို မြှောက်ကာ လော့ယွီမင်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။

"ပြောစမ်း၊ မင်း ငါ့အခန်းထဲကို တိုးတိုးတိတ်တိတ် ဝင်တာ ငါ့ရဲ့ ခေါင်းတလားကြီးကို ခိုးချင်လို့ မဟုတ်လား၊ ဓားပြဗိုလ်ကြီး"

လော့ယွီမင်၏ မျက်နှာတွင် ဖားယားသောအပြုံးလေး ချက်ချင်း ပေါ်လာပြီး ပြောလိုက်သည်။

"ဆရာကြီးချန်၊ ကျွန်တော်တို့က အလောင်းကောင်က ခင်ဗျားကို တိုက်ခိုက်ဖို့ သွားတယ်ဆိုတဲ့ တိုင်ကြားဖုန်းကို လက်ခံရရှိလို့ ခင်ဗျားမှာ အန္တရာယ်ရှိမှာ စိုးရိမ်လို့ ခင်ဗျားအိမ်ကို သွားရှာတာပါ”

ကျိုးအိုက်ကော်သည် မိမိကိုယ်ကို ဖော်ကောင်လုပ်မိမှာ စိုးရိမ်သဖြင့် အမြန်ဝင်ရောက်ထောက်ခံလို က်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ သက်သေခံနိုင်ပါတယ်၊ ဌာနမှူးလော့က မင်းကို စိုးရိမ်လို့ပါ"

ချန်ကျိုးသည် သူ၏မျက်လုံးအိမ်လေးများကို ပြန်လည်မှေးလိုက်ပြန်သည်။ သူ မျက်လုံးမှိတ်လျှင် စဉ်းစားနေခြင်းကို ဆိုလိုပေသည်။

ကျိုးအိုက်ကော်က လော့ယွီမင်အား မျက်ရိပ်ပြလိုက်ရာ လော့ယွီမင်း၏ အိတ်ကပ်မှတစ်ဆင့် ချန်ကျိုး၏ အိတ်ကပ်ဘက်သို့ ကြည့်လိုက်သည်။

လော့ယွီမင် အလိုက်သိစွာဖြင့် ပိုက်ဆံသုံးရာကို ထုတ်၍ ချန်ကျိုး၏ အိတ်ကပ်အတွင်းသို့ ထည့်ပေးလိုက်ချေသည်။

ကျိုးအိုက်ကော်က မျက်လုံးကို အပေါ်ပင့်လိုက်မိသည်။

‘သိသိသာသာ တစ်ရွက်တည်းနဲ့ ပြီးမယ့်ကိစ္စကို ဘာလို့ သုံးရွက်တောင် သုံးရတာလဲ’

ချန်ကျိုးသည် လက်ကို အိတ်ကပ်ထဲသို့ နှိုက်ကာ လက်ညှိုးဖြင့် ပိုက်ဆံသုံးရွက်ကို ပွတ်သပ်လိုက်ရာ ယုံကြည်မှုအလေးသာမှုက စတင်ယိမ်းယိုင်လာခဲ့သည်။

"ဖိနပ်ကို ချွတ်လိုက်"

လော့ယွီမင် သိမ်မွေ့စွာဖြင့် လိုက်နာလုပ်ဆောင်လိုက်၏။

ချန်ကျိုး၏ လက်ထဲမှ မီးတောက်အစအနလေးတစ်ခု ထွက်ပေါ်လာပြီး လော့ယွီမင်၏ အပူရှိန် ကျန်ရှိနေသေးသော ဖိနပ်သည် ခဏချင်းအတွင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားကာ လေပြေလေးအဝှေ့တွင် လွင့်စင်ပျက်စီးသွားခဲ့တော့သည်။

"မာဂဲလ်"

ချန်ကျိုးသည် ထိုစကားလုံးနှစ်လုံးကို ချန်ထားခဲ့ပြီးနောက် ရပ်ကွက်အပြင်ဘက်သို့ လှမ်းထွက်သွားခဲ့ရာ ကျန်းယိုယိုလည်း နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါသွားခဲ့သည်။

ကြည့်ရှုနေကြသော လူအုပ်ကြီးသည် ချန်ကျိုး အတွက် လမ်းတစ်ခုကို အလိုအလျောက် ဖယ်ပေးကြပြီး ပါးစပ်ကိုလည်း ငြိမ်သက်စွာ ပိတ်ထားကြလျက် သူရဲကောင်းကြီး ချန်ကျိုး ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်လံပို့ဆောင်ကြ ချေသည်။

ချန်ကျိုး၏ ကားအသေးလေးသည် ရပ်ကွက်အပြင်ဘက်သို့ မောင်းနှင်ထွက်ခွာသွားခဲ့တော့သည်။

All Chapters