အခန်း ၄၅
Vol. 5 Ch. 45
Chapter 45
ကားအသေးလေးထဲတွင် ထိုင်နေသော ချန်ကျိုးသည် ဝီချက်ကို ဖွင့်လိုက်ပြီး ကျန်းယိုယို ပေးပို့ထားသော ဓာတ်ပုံကို ဒေါင်းလုဒ်ဆွဲကာ မိတ်ဆွေများစကားဝိုင်းထံသို့ တင်လိုက်ချေသည်။
မိတ်ဆွေများစကားဝိုင်းတွင် စာသားကိုလည်း ဤသို့ ပူးတွဲရေးသားလိုက်သည်။
"မာဂဲလ်တွေရဲ့ ကိုးကွယ်ဆည်းကပ်မှုကို ခံရပြန်တဲ့ နေ့တစ်နေ့ပဲ"
ချန်ကျိုးသည် စိတ်ရောဂါကုဆေးရုံမှ ခဲရာခဲဆစ် ထွက်လာရခြင်းဖြစ်သဖြင့် သူ့ကို ပြန်သွားခိုင်းရန်မှာ မဖြစ်နိုင်သောအရာပင် ဖြစ်သည်။
"မင်း ဆရာတင်ကတည်းက ဆရာက မင်း အိမ်ကို မရောက်ဖူးသေးဘူး၊ ဒီမနက် ကျင့်စဉ်စွမ်းအားတွေ အများကြီး ကုန်ဆုံးသွားတာမို့ ကျင့်စဉ်စွမ်းအား ပြန်လည်ဖြည့်တင်းဖို့အတွက် ဝက်လက်နီချက်ကို အရေးပေါ် လိုအပ်နေတယ်"
ချန်ကျိုး၏ ဤစကားလုံးများကို အဓိပ္ပာယ်ဖွင့်ဆိုရလျှင် အလွန်လွယ်ကူလှပေသည်။ ချန်ကျိုးသည် Castle Peak စိတ်ရောဂါကုဆေးရုံသို့ မပြန်ချင်ဘဲ အပြင်တွင် လျှောက်လည်ချင်နေခြင်းဖြစ်သည်။ လျှောက်လည်ရုံတင်မကဘဲ ဝက်လက်နီချက်ကိုလည်း ဆာလောင်မွတ်သိပ်နေခြင်း ဖြစ်ချေသည်။
ချန်ကျိုး၏ အမာခံပရိသတ်မလေးအဖြစ် ကျန်းယိုယိုသည် ချန်ကျိုးက ကြယ်ကို လိုချင်သည်ဟု ဆိုလျှင်ပင် လကို ပေးရဲမည်မဟုတ်ဘဲ ပထမဆုံးအချိန်၌ပင် မိခင်ထံသို့ ဖုန်းဆက်လိုက်တော့သည်။
မိနစ်သုံးဆယ်ကျော် ကြာပြီးနောက် ကားလေးသည် အဆင့်မြင့် လူနေရပ်ကွက်တစ်ခု၏ အပြင်ဘက်တွင် ရပ်တန့်သွားခဲ့၏။
ကျန်းယိုယိုသည် မိခင်၏ တောင်းဆိုချက်အရ ရပ်ကွက်တံခါးဝရှိ ကုန်စုံဆိုင်ငယ်လေးသို့ ပဲငပိရည်တစ်ပုလင်း သွားဝယ်လေသည်။
ချန်ကျိုးသည် ရှေ့ခန်းလက်ထောက်ထိုင်ခုံတွင် ထိုင်နေရင်း မူလကတည်းက ငြိမ်ငြိမ်နေတတ်သူ မဟုတ်ရာ ငါးစက္ကန့်မျှ တစ်ယောက်တည်း နေပြီးနောက် ကားပေါ်မှ ဆင်းရန် ရွေးချယ် လိုက်တော့သည်။
ရပ်ကွက်တံခါးဝအပြင်ဘက်တွင် ရပ်နေရင်း ချန်ကျိုးသည် မည်သည့်နေရာမှ ထုတ်ယူလိုက်သည်မသိသော ရွှေရောင်မျက်မှန်ကို နှာခေါင်းပေါ်တွင် တပ်ဆင်လိုက်ချေသည်။
“တီ တီ”
သူ့နောက်ကွယ်မှ ကားတစ်စီးက ဟွန်းနှစ်ချက် တီးလိုက်၏။
ချန်ကျိုး၏ နှလုံးသားလေးမှာ ရုတ်တရက် ထိတ်လန့်သွားရသဖြင့် အသိစိတ်အရ ဘေးသို့ ရွှေ့ပေးလိုက်မိသည်။
၎င်းမှာ အဝိုင်းလေးခုပါသော အနက်ရောင် အော်ဒီကားတစ်စီး ဖြစ်ပေသည်။ ချန်ကျိုးသည် အဟောင်းဆိုင်မှ ဂျာနယ်များထဲတွင် မြင်ဖူးခဲ့ခြင်း ဖြစ်သည်။
အော်ဒီကားသည် ရှေ့သို့ မောင်းနှင်လာပြီး မောင်းနှင်သူက ခေါင်းပြူထွက်လာရာ အသက် နှစ်ဆယ့်ခုနစ်နှစ် နှစ်ဆယ့်ရှစ်နှစ်ခန့် ရှိပြီး ဂျဲလ်ဖြင့် ပုံသွင်းထားသော ဆံပင်များမှာ ငါးစင်တီမီတာခန့် ထူထဲနေသည်။ အရပ်မမီသည်ကို ဆံပင်ဖြင့် အစားထိုးထားခြင်း ဖြစ်ချေသည်။
အော်ဒီကားပိုင်ရှင်သည် ချန်ကျိုး၏ ဝတ်စုံကို အပေါ်အောက် လှည့်ပတ်ကြည့်ရှုလိုက်ရာ ညစ်ပတ်ပေရေနေသော အင်္ကျီပေါ်တွင် ဖုန်မှုန့်များ ပေကျံနေပြီး ရေချိုးခန်းမှ ခိုးယူလာသည့်နှယ်ရှိသော ညှပ်ဖိနပ်အကြီးစားကို စီးထားသဖြင့် ဤအဆင့်အတန်းကို ခန့်မှန်းနေစရာ လိုအပ်ပါဦးမည်လော။ ဆင်းရဲနွမ်းပါးသူတစ်ယောက်သာ ဖြစ်ပေသည်။
အော်ဒီကားပိုင်ရှင်က လူကိုကြည့်၍ နှိမ်တတ်သူပီပီ "မင်း မျက်လုံးမပါဘူးလား၊ အမှိုက်ကောက်တာတောင် နေရာမရွေးဘူး၊ ဒီနေရာက မင်း ဝင်လို့ရတဲ့နေရာလား" ဟု အော်ဟစ်လိုက်ချေသည်။
ထို့ပြင် ပြောရုံတင်မကဘဲ ချန်ကျိုးထံသို့ တံတွေးတစ်ချက် ထွေးလိုက်သေးသည်။
ချန်ကျိုးက ဖျတ်လတ်စွာဖြင့် ကိုယ်ကိုရှောင်တိမ်းလိုက်၏။
ရပ်ကွက်တံခါးဝရှိ ပိတ်ဆို့ထားသောအတားအဆီး ပွင့်သွားရာ အော်ဒီကားပိုင်ရှင်သည် ကားကိုနှိုး၍ ရပ်ကွက်အတွင်းသို့ မောင်းနှင်ရန် ပြင်လိုက်သည်။
ကားပြတင်းပေါက်အပြင်ဘက်မှ ညှပ်ဖိနပ်အကြီးစား စီးထားသော ခြေထောက်တစ်ဖက် ဝင်ရောက်လာပြီး အော်ဒီကားပိုင်ရှင်၏ မျက်နှာပေါ်သို့ အားရပါးရ နင်းခြေလိုက်ရာ ညှပ်ဖိနပ်အရှေ့ဘက်မှ ထွက်ပေါ်နေသော ခြေချောင်းငါးချောင်းနှင့် အကွာအဝေးမရှိ ထိတွေ့သွားရတော့သည်။
"စိတ်ရောဂါသည်ပဲ" ဟု အော်ဒီကားပိုင်ရှင်က အော်ဆဲလိုက်သည်။
"မင်းကမှ စိတ်ရောဂါသည်၊ မင်းရဲ့ ဘိုးဘွားဘီဘင် တစ်ဆယ့်ရှစ်ဆက်လုံး စိတ်ရောဂါသည်တွေ"
ချန်ကျိုးသည် သူတစ်ပါးက သူ့ကို စိတ်ရောဂါသည်ဟု ပြောသည်ကို အမုန်းဆုံးဖြစ်ရာ အော်ဟစ်ဆဲဆိုရင်း သော့ခတ်ထားသော ကားတံခါးကို ဆွဲဖွင့်ကာ အော်ဒီကားပိုင်ရှင်၏ အင်္ကျီကို ဆွဲ၍ အောက်သို့ တရွတ်တိုက် ဆွဲချလေတော့သည်။
အော်ဒီကားပိုင်ရှင် အူကြောင်ကြောင် ဖြစ်သွားရသည်။ ၎င်းမှာ အကြောတင်းသူနှင့် တိုးမိခြင်း ဖြစ်ပေသည်။
ချန်ကျိုး၏ သရုပ်ပြခွန်အားအောက်တွင် အော်ဒီကားပိုင်ရှင်၏ အင်္ကျီမှာ အဝတ်စုတ်များအဖြစ်သို့ ဆုတ်ဖြဲခံလိုက်ရပြီး လူသည်လည်း ကားအပြင်ဘက်သို့ တရွတ်တိုက် ဆွဲထုတ်ခြင်း ခံလိုက်ရချေသည်။
သူ့ကို ကြိုဆိုနေသည်မှာ စိတ်ရောဂါသည် ချန်ကျိုး၏ လက်သီးချက်နှင့် ခြေကန်ချက်များပင် ဖြစ်သည်။
မကြာမီ ရပ်ကွက်အတွင်းမှ လုံခြုံရေးဝန်ထမ်းများ ပြေးထွက်လာကြပြီး လူလေးယောက်စုမှသာ ချန်ကျိုးကို မနည်းဆွဲထားနိုင်တော့သည်။ ချန်ကျိုး၏ ခြေထောက်များကမူ မာနတခွဲသားဖြင့် ဟိုဟိုဒီဒီ ကန်ကျောက်နေဆဲ ဖြစ်၏။
ကျန်းယိုယိုသည် ကုန်စုံဆိုင်မှ ဝမ်းသာအားရ ထွက်လာပြီး ရပ်ကွက်တံခါးဝရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်မိသည်။
"ဆရာ၊ ဝမ်းကွဲအစ်ကို"
လုံခြုံရေးဝန်ထမ်းလေးယောက် ဤအခြေအနေကို မြင်သောအခါ လက်လျှော့လိုက်ကြရသည်။
‘ကဲလေ၊ ဒါက မိသားစုဝင်အချင်းချင်း ပြန်ရိုက်နေကြတာပဲ’
ကျန်းအိမ်၊ ဧည့်ခန်းအတွင်း၌။
ဆိုဖာပေါ်တွင် ထိုင်နေသော ကျန်းယိုယို၏ အဒေါ်ဖြစ်သူက သားဖြစ်သူအကြောင်း ကြွားဝါနေဆဲ ဖြစ်သည်။
"ကျွန်မသားက နှစ်ဝက်ပိုင်းကျရင် ဌာနမန်နေဂျာအဖြစ် ရာထူးတိုးတော့မှာ၊ အခု သူတို့လူကြီးတွေက သူ့ကို စစ်ဆေးနေတာ၊ အတွင်းသတင်းအရတော့ ဒီလိုပဲ သတ်မှတ်ထားတာ၊ ရှင်တို့အိမ်က ယိုယိုကိုတော့ ကျွန်မအမြင်အရ မိစ္ဆာနှိမ်နင်းရေးရဲစခန်းမှာ ဆက်မလုပ်ခိုင်းနဲ့တော့၊ တရားဝင်ဝန်ထမ်း ဖြစ်ပေမဲ့ အခုလို ခေတ်ကာလကြီးမှာ အန္တရာယ်က အရမ်းများလွန်းတယ်၊ သူ့ဝမ်းကွဲအစ်ကိုကတစ်ဆင့် ကုမ္ပဏီမှာ အလုပ်သွင်းခိုင်းလိုက်၊ ပိုက်ဆံက အခုသူရနေတဲ့ လစာထက် နည်းမှာမဟုတ်ဘူး"
"ယိုယိုရဲ့ ဝမ်းကွဲအစ်ကိုက ငယ်ငယ်ကတည်းက အတန်းခေါင်းဆောင်လုပ်လာတာ၊ ငယ်ငယ်ကတည်းက တော်လာတဲ့သူပဲ၊ ပြီးခဲ့တဲ့ရက်ပိုင်းက ဖုန်းထဲမှာ ပြောတော့ ရည်းစားရနေပြီဆို"
"ရတာက ရနေပါပြီ၊ ဒါပေမဲ့ အဲဒီကောင်မလေးကို ကျွန်မ မျက်စိမကျဘူး၊ သူက သားရဲ့ လက်အောက်ငယ်သားလေ၊ တကယ်လို့ ကျွန်မသားက မန်နေဂျာမဖြစ်ခဲ့ရင် အဲဒီကောင်မလေးက ကျွန်မသားနဲ့ အနည်းငယ် မျှတတယ်လို့ ပြောလို့ရတာပေါ့"
အိမ်တံခါးဝမှ ဘဲလ်သံ မြည်လာခဲ့သည်။
ကျန်းဖခင်က တံခါးဖွင့်ပေးလိုက်၏။
ကျန်းယိုယိုသည် အရှက်ရနေသော မျက်နှာဖြင့် အိမ်ထဲသို့ လမ်းလျှောက်ဝင်လာသည်။
ချန်ကျိုးက နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါလာရာ အင်္ကျီလက်တစ်ဖက်မှာ ဆုတ်ဖြဲခံထားရပြီး လက်မောင်းပေါ်တွင်လည်း ကုတ်ခြစ်ရာ နှစ်ကြောင်း ရှိနေသည်။ ပုံစံမှာ သနားစရာဖြစ်နေသော်လည်း သူသည် အောင်နိုင်သော တိုက်ကြက်တစ်ကောင်ကဲ့သို့ စိတ်ဓာတ်တက်ကြွစွာဖြင့် ကျန်းအိမ်တံခါး အတွင်းသို့ လှမ်းဝင်လာခဲ့ချေသည်။
ဆိုဖာပေါ်ရှိ ကျန်းမိခင်က ထိုအခြေအနေကို မြင်သောအခါ အမြန်မေးမြန်းလိုက်သည်။
"ဆရာကြီးချန်၊ ရှင် ဘာဖြစ်လာတာလဲ၊ ဘယ်သူက ကုတ်လိုက်တာလဲ"
စကားဆုံးသည်နှင့်တစ်ပြိုင်နက် နောက်ကွယ်မှ ရှုံးနိမ့်သူသည် ခေါင်းငိုက်စိုက်ချကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ တစ်ကိုယ်လုံးတွင် ညိုမည်းဒဏ်ရာများနှင့် ပွန်းပဲ့ဒဏ်ရာများ ပြည့်နှက်နေပြီး အင်္ကျီမှာ အမျှင်လိုက် ကိုယ်ပေါ်တွင် တွဲလောင်းကျနေကာ ဦးခေါင်းထိပ်တွင်လည်း ဆံပင်တစ်စု လျော့နည်းနေချေသည်။
ကျန်းယိုယို၏ အဒေါ်ဖြစ်သူက အံ့ဩတုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"သား၊ ဒါ ဘယ်သူက မင်းကို ရိုက်လိုက်တာလဲ"
ကျန်းယိုယို၏ ဝမ်းကွဲအစ်ကိုသည် ချန်ကျိုးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ခေါင်းပြန်ငုံ့သွားခဲ့သည်။
ချန်ကျိုးမှလွဲ၍ အခြားလူများ၏ အခြေအနေမှာ အလွန်ပင် အရှက်ရစရာ ဖြစ်နေချေသည်။
ချန်ကျိုးသည်လည်း ပထမဆုံးအကြိမ် သူတစ်ပါးအိမ်သို့ လာလည်ရာတွင် ထိုသူ၏ ဝမ်းကွဲအစ်ကိုကို ရိုက်မိလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ အဓိကမှာ ဤကောင်က ရိုက်ချင်စရာကောင်းလွန်းသဖြင့် သူသည် ယိုယို၏ ဝမ်းကွဲအစ်ကို ဖြစ်ကြောင်း သိလျှင်ပင် အလွန်ဆုံး လက်စကို အနည်းငယ် လျှော့ပေးရုံသာ ရှိတော့သည်။
ချန်ကျိုးက လူကို ရိုက်ခဲ့သော်လည်း သူသည် ကျန်းယိုယို၏ အသက်သခင်ကျေးဇူးရှင် ဖြစ်ပြီး ထို့ပြင် ချန်ကျိုးမှာ စိတ်ရောဂါသည်တစ်ဦး ဖြစ်သဖြင့် မည်သို့ပင်ပြောစေကာမူ တရားမျှတမှုမရှိရာ ဤဆွံ့အသော နစ်နာမှုကို ဝမ်းကွဲအစ်ကိုအနေဖြင့် မခံချင်လည်း ခံရမည်။ ခံချင်လည်း ခံရမည်သာ ဖြစ်ပေသည်။
အချင်းချင်း အငြင်းပွားမှုကို ရှောင်ရှားရန်အတွက် ကျန်းယိုယိုသည် ချန်ကျိုးကို မိမိ၏အခန်းထဲသို့ ခေါ်ဆောင်လာခဲ့သည်။
ကျန်းယိုယို၏အခန်းသည် ချန်ကျိုး အခန်းအရွယ်အစားနှင့် အတူတူပင်ဖြစ်သော်လည်း ချန်ကျိုး အခန်းနှင့် ယှဉ်ကြည့်ပါက ချန်ကျိုး အခန်းမှာ အလွန်ရိုးရှင်းလွန်းလှသည်။ တကယ်လို့ ကြေးနီခေါင်းတလားကြီးသာ မရှိပါက သူhအခန်းတွင် ရိုးရှင်းသော သစ်သားအိပ်ရာတစ်ခုနှင့် အဝတ်ဗီရိုအသေးလေးတစ်ခုသာ ရှိပြီး မျက်နှာသစ် ပစ္စည်းများမှာလည်း အိပ်ရာအောက်ရှိ မျက်နှာသစ်ကန်တော့ခွက်ထဲတွင် ရှိနေခြင်း ဖြစ်သည်။
ကျန်းယိုယို၏ အခန်းတွင်မူ အဝတ်ဗီရို၊ ဖိနပ်ဗီရို၊ စားပွဲကုလားထိုင်၊ ကွန်ပျူတာနှင့် အိပ်ရာနုနုလေး ရှိနေချေသည်။
ချန်ကျိုး၏ အမြင်တွင်မူ ၎င်းမှာ နတ်ပြည်ကဲ့သို့ပင် ဖြစ်နေတော့သည်။
သူသည် ကျန်းယိုယို၏ အိပ်ရာပေါ်တွင် လဲလျောင်းကာ ကျန်းယိုယို ငယ်စဉ်ကတည်းက ရိုက်ကူးထားသော ဓာတ်ပုံများကို လှန်လှောကြည့်ရှုနေသည်။
"မင်း ငယ်ငယ်က ဖင်ပြဲဘောင်းဘီ ဝတ်ခဲ့တာပဲ"
"ဆရာကော ငယ်ငယ်က ဖင်ပြဲဘောင်းဘီ မဝတ်ခဲ့ဘူးလား"
"ဆရာက ငယ်ငယ်ကတည်းက ဖင်ပြဲဘောင်းဘီ ဘယ်လိုလုပ် ဝတ်ပါ့မလဲ၊ ဆရာက အသက်နှစ်သောင်းကျော် ရှိနေပြီဥစ္စာ၊ ဆရာတို့ဂြိုဟ်ကနေ ကမ္ဘာမြေကို ရောက်လာတာတောင် အသက်နှစ်သောင်း ရှိနေပြီ"
ချန်ကျိုးသည် မွေးရာပါ စိတ်ရောဂါကြောင့် ငယ်စဉ်ကတည်းက စိတ်ရောဂါကုဆေးရုံအပြင်ဘက်တွင် စွန့်ပစ်ခြင်း ခံခဲ့ရသည်။ ထိုအချိန်တွင် သူသည် အမှတ်သညာမရှိသေးဘဲ ပြုစုစောင့်ရှောက်သူများက သူ့ကို သနားသဖြင့် တစ်ခါတစ်ရံတွင် ဂြိုဟ်သားဟု လုပ်ကြံပြောဆိုကြပြီး တစ်ခါတစ်ရံတွင် နတ်ဘုရားဟု လုပ်ကြံပြောဆိုကြရာ သူ နှစ်သက်သည့်အရာ ဖြစ်နေပါက မည်သည့်အရာမဆို ဖြစ်နိုင်ပေသည်။
မွန်းတည့်ချိန်တွင် ချန်ကျိုးသည် သူအနှစ်သက်ဆုံးဖြစ်သော ဝက်လက်နီချက်ကို ကျေနပ်စွာ စားသုံးခဲ့ရသည်။
ထမင်းစားနေစဉ်အတွင်း ဖုန်းကို အမြဲကိုင်၍ ဆော့ကစားနေသော ဝမ်းကွဲအစ်ကိုသည် ရုတ်တရက် ထမင်းသီးသွားရာ ချောင်းဆိုးရန်ပင် သတိမရဘဲ ချန်ကျိုးကို တစ်ချက်ကြည့်လိုက်၊ ဖုန်းကို တစ်ချက်ကြည့်လိုက်၊ ထို့နောက် ချန်ကျိုးကို တစ်ချက်ပြန်ကြည့်လိုက်၊ ဖုန်းကို တစ်ချက်ပြန်ကြည့်လိုက် ပြုလုပ်နေသည်။
"မင်း ပြန်အရိုက်ခံချင်လို့လား" ဟု ချန်ကျိုးက မာနတခွဲသားဖြင့် မေးလိုက်၏။
ဝမ်းကွဲအစ်ကို ဒေါသမထွက်ဘဲ ပြန်လည်မေးမြန်းလိုက်သည်။
"မင်း ဝိညာဉ်ချုပ်ထိန်းရေးဌာနက ဌာနမှူး လော့ယွီမင်ကို ရိုက်လိုက်တာလား"
"ဝမ်းကွဲအစ်ကို၊ အဓိပ္ပာယ်မရှိတာတွေ ဘာတွေ လျှောက်ပြောနေတာလဲ" ဟု ကျန်းယိုယိုက စကားဖြတ်ပြောလိုက်သည်။
ဝမ်းကွဲအစ်ကိုသည် ဖုန်းကို လူအများရှေ့မှောက်သို့ ချပြလိုက်ရာ ဖုန်းပေါ်တွင် ဗီဒီယိုအတိုတစ်ခု ရှိနေပြီး ၎င်းမှာ ချန်ကျိုးက လော့ယွီမင်၏ ဦးခေါင်းကို လက်ဝါးဖြင့် ရိုက်ချလိုက်သော အခိုက်အတန့်ပင် ဖြစ်ချေသည်။
ဤဗီဒီယိုအတိုကို တစ်စုံတစ်ယောက်က မလိုမုန်းထားစိတ်ဖြင့် တည်းဖြတ်ကာ အင်တာနက်ပေါ်သို့ တင်ထားခြင်း ဖြစ်သည်။
ထို့ပြင် အထူးသီးသန့် ရေးသားထားသည်မှာ ချန်ကျိုးသည် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူးကို မလေးမစား ပြုလုပ်သည်ဟူ၍ ဖြစ်၏။
ဤခေတ်ကာလတွင် ဝိညာဉ်ချုပ်ထိန်းရေးဌာနသည် လူသားတို့၏ အစွမ်းထက်ဆုံးသော စောင့်ရှောက်သူနတ်ဘုရား ဖြစ်ပြီး ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူးများမှာလည်း စွမ်းအားကြီးမားသော ကျင့်ကြံသူကြီးများ ဖြစ်ကြသဖြင့် လူ့လောကတွင် နတ်ဘုရားကဲ့သို့ ကိုးကွယ်ခြင်း ခံနေရသူများ ဖြစ်သည်။
ဤခေတ်ကာလတွင် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူးကို မလေးမစား ပြုလုပ်ဝံ့သူ ရှိနေခြေပြီ။
အနည်းငယ်မျှ လမ်းကြောင်းပေးလိုက်ရုံဖြင့် လူထုအမြင်မှာ ခဏချင်းအတွင်း ပေါက်ကွဲသွားခဲ့တော့သည်။
ယခုအချိန်တွင် ဗီဒီယိုကြည့်ရှုသူ အရေအတွက်မှာ သန်းရာချီ ကျော်လွန်နေပြီဖြစ်ပြီး အောက်ဘက်တွင် လူအုပ်ကြီးက ဗီဒီယိုအောက်၌ ဆဲဆိုနေကြသည်။
"ဒါ ဘယ်ကလာတဲ့ အရူးလဲ၊ ဌာနမှူးလော့ရဲ့ ခေါင်းကို ရိုက်ရဲတယ်"
"ဌာနမှူးလော့က စိတ်ထားကောင်းလို့ သူ့ကို ပြန်မပြောတာ၊ မဟုတ်ရင် လက်ဝါးတစ်ချက်နဲ့တင် လွင့်စင်သွားလောက်ပြီ"
"တောက်၊ ဝိညာဉ်ချုပ်ထိန်းရေးဌာနက ငါတို့ လူသားတွေရဲ့ သူရဲကောင်းပဲ၊ ဘယ်သူက သူရဲကောင်းကို မလေးမစား ပြုဝံ့တာလဲ၊ အားလုံး တံတွေးနဲ့ ထွေးသတ်လိုက်ကြစမ်း"
"ဒါက တစ်စုံတစ်ယောက်က မလိုမုန်းထားနဲ့ တည်းဖြတ်ထားတာပဲ"
ကျန်းယိုယိုသည် ချန်ကျိုး၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ အမြန်ဗီဒီယိုကို ပိတ်လိုက်ရင်း မကျေမနပ် ပြောလိုက်သည်။
ထိုအချိန်တွင် ကျန်းယိုယို၏ ဖုန်းမြည်လာခဲ့သည်။ ၎င်းမှာ ကျိုးအိုက်ကော်ထံမှ ခေါ်ဆိုသော ဖုန်းကောလ် ဖြစ်ပေသည်။
၎င်းမှာ အင်တာနက်ပေါ်ရှိ ဗီဒီယို ပေါက်ကြားသွားခြင်းကြောင့် ဖြစ်ရမည်။ ကျန်းယိုယို စဉ်းစားလိုက်ပြီး အလိုက်သိစွာဖြင့် ချန်ကျိုးကို ရှောင်ရှားကာ အပြင်ထွက်၍ ဖုန်းလက်ခံလိုက်သည်။
ဖုန်းလက်ခံလိုက်သည်နှင့်တစ်ပြိုင်နက် ကျိုးအိုက်ကော်ဘက်မှ ဆူညံစွာဖြင့် အလောတကြီး မေးမြန်းလိုက်တော့သည်။
"ချန်ကျိုး မင်းနဲ့အတူ ရှိနေတာလား၊ မင်း ဘာလို့ ချန်ကျိုးကို စိတ်ရောဂါကုဆေးရုံကို ပြန်မပို့တာလဲ၊ အင်တာနက်ပေါ်က ဗီဒီယိုကို မြင်ပြီးပြီလား၊ ချန်ကျိုးရဲ့ စိတ်ခံစားချက်က ဘယ်လိုရှိလဲ"
ဆက်တိုက်ဆိုသလို မေးခွန်းများ ဗုံးကြဲလာခဲ့၏။
ကျန်းယိုယိုသည် တံခါးအဟလေးကို ဖွင့်လှစ်လိုက်ရာ ချန်ကျိုးသည် ဗီဒီယို၏ သက်ရောက်မှုကို အနည်းငယ်မျှ မခံရဘဲ မွှေးကြိုင်လှသော ဝက်လက်ကို ကိုင်၍ ဝါးမြိုနေပြီး ပါးစပ်တစ်ခုလုံးတွင် ဟင်းရည်များ ပေကျံနေသည်ကို တွေ့ရသည်။
"ကျွန်မ ဆရာ့ရဲ့ စိတ်ခံစားချက်က လောလောဆယ် ပြဿနာမရှိပါဘူး"
"ဒါဆိုရင် တော်သေးတာပေါ့၊ နောက်တစ်ပတ်ဆိုရင် သရဲပွဲတော် ရောက်တော့မှာမို့ ချန်ကျိုးဘက်ကို မင်း သေချာစောင့်ကြည့်ပေးပါ၊ ဒီလို အရေးကြီးတဲ့ အချိန်ကာလမှာ ပြဿနာအရှုပ်အထွေးတွေ မဖြစ်ပါစေနဲ့"