အခန်း ၄၆
Vol. 5 Ch. 46
Chapter 46
ဖုန်းချပြီးနောက် ကျန်းယိုယိုသည် စိုးရိမ်တကြီးဖြင့် ထမင်းစားပွဲဘက်သို့ လျှောက်လာကာ ထိုင်လိုက်ပြီး ချန်ကျိုးကို စိတ်ပူစွာ ကြည့်လိုက်သည်။
"ဆရာ၊ ဘာမှမဖြစ်ဘူးမလား"
ကျန်းယိုယို မည်သို့စကားစရမှန်း မသိတော့ချေ။
ပါးစပ်တစ်ခုလုံး ဆီများပေကျံနေသော ချန်ကျိုးက ခေါင်းကိုစောင်းကာ လှမ်းကြည့်လိုက်ရင်း "ဆရာက ဘာဖြစ်ရမှာလဲ" ဟု မေးလိုက်၏။
ကျန်းယိုယိုသည် အကြည့်ကိုရုပ်သိမ်းကာ ခေါင်းငုံ့၍ ထမင်းစားလိုက်သည်။
"ဘာမှမဖြစ်ရင် ပြီးတာပါပဲ"
ချန်ကျိုးသည် ဝက်ခြေထောက်အကြောကို ဝါးရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မင်းပြောတဲ့ ဗီဒီယိုအကြောင်းလား၊ လောကပြင်ပက အစွမ်းထက်သူတွေဟာ အသိဉာဏ်နည်းတဲ့ လူသားတွေရဲ့ မနာလိုမှုကို ခံရတာကလည်း မရှောင်လွှဲနိုင်တဲ့ ကိစ္စရပ်တစ်ခုပဲဥစ္စာ၊ ဆရာ့ကို နံရိုးဟင်းရည် တစ်ခွက်လောက် ခတ်ပေးဦး"
ဆီများပေကျံနေသော ပန်းကန်လုံးတစ်လုံး ကျန်းယိုယို၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့"
...
ချန်ကျိုးကဲ့သို့ သဘောထားသေးသိမ်သောလူက ဘာမှမဖြစ်ဘဲ မည်သို့နေပါ့မည်နည်း။
သူသည် ကျန်းဖခင်နှင့် ကျန်းမိခင်တို့က “ဆရာကြီးချန်”ဟု တစ်ခွန်းပြီးတစ်ခွန်း မြှောက်ပင့် ပြောဆိုနေကြသဖြင့် မိမိ၏အဆင့်အတန်း ကျသွားမည်စိုး၍သာ ဟန်ဆောင်နေခြင်း ဖြစ်ပေသည်။
စိတ်ထဲတွင်မူ အင်တာနက်ပေါ်တွင် သူ့ကို ဆဲဆိုနေကြသော လူများကို ကျိန်စာတိုက်သည့် အဝိုင်းလေးများ လိုက်လံဆွဲနေခြေပြီ။
ချန်ကျိုးသည် ကျန်းအိမ်၏ ထမင်းစားပွဲပေါ်တွင် အားရပါးရ စားသောက်ရင်း ရင်ထဲရှိ မကျေနပ်မှုများကို ဖွင့်ချလိုက်တော့သည်။
ဗီဒီယိုအကြောင်းကြောင့် ထမင်းစားပြီးနောက် ချန်ကျိုးသည် အပြင်ထွက်လည်ချင်စိတ် မရှိတော့ဘဲ မွန်းလွဲတစ်ချိန်လုံး ယိုယို၏ အိပ်ခန်းထဲတွင် ပုန်းအောင်းကာ သူမ ငယ်စဉ်ကတည်းက စုဆောင်းထားသော ဆန်းဆန်းပြားပြား ပစ္စည်းလေးများကို ဆော့ကစားနေခဲ့သည်။
ညမှောင်လာသည်အထိပင် ဖြစ်သည်။
ချန်ကျိုးသည် ကျန်းယိုယိုတို့အိမ်တွင် ညစာစားပြီးနောက် ညအိပ်တည်းခိုရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ကာ အိမ်ပြန်မည့် ခရီးလမ်းသို့ ပြတ်ပြတ်သားသား ထွက်လာခဲ့ချေသည်။
လမ်းခရီးတစ်ခုလုံးတွင် ချန်ကျိုးသည် အလွန်ငြိမ်သက်နေခဲ့သည်။ လေလွင့်ဝိညာဉ်ကလေးကိုလည်း အပြင်ထွက်ဆော့ရန် မခေါ်ခဲ့သလို အော်ဟစ်ဆဲဆိုခြင်းလည်း မပြုဘဲ တစ်ယောက်တည်း ကျားဝိညာဉ်ကိုစီးကာ မှောင်မိုက်သော လမ်းမထက်တွင် အရှိန်ပြင်းစွာ စီးနင်းနေခဲ့သည်။
အမြန်ဆုံးနှုန်းဖြင့် Castle Peak စိတ်ရောဂါကုဆေးရုံ ဝင်းထဲသို့ ပြန်ရောက်လာသောအခါ ချန်ကျိုးသည် ကျားဝိညာဉ်ပေါ်မှ ဆင်းလိုက်ပြီး ကြိုးချည်ရန်ပင် မေ့လျော့ကာ ခေါင်းငိုက်စိုက်ချလျက် မိမိ၏အခန်းငယ်လေးထဲသို့ ပြန်ဝင်သွားခဲ့ချေသည်။
နှစ်တစ်ထောင်ကျားဝိညာဉ်သည် ဝင်းထဲတွင် တစ်ကောင်တည်း ကျန်ရစ်ခဲ့ပြီး ချည်ရန် သတိပေးသည့်နှယ် ခေါင်းဖြင့် ကြိုးကို ဝှေ့ယမ်းပြနေသော်လည်း ချန်ကျိုး၏ စိတ်အာရုံမှာ ၎င်းထံတွင် လုံးဝမရှိတော့ချေ။
၎င်းသည် မတတ်သာဘဲ ကြိုးကို ပါးစပ်ဖြင့်ကိုက်ကာ ခုံတန်းလျားဘက်သို့ ပြေးသွားပြီး ခြေသည်းဖြင့် ဇာတ်ကြိုးကို ကုတ်ခြစ်လျက် ကိုယ့်ကိုကိုယ် လှည့်စားသည့်နှယ် ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ ကြည့်ရှုလိုက်သည်။ ၎င်း၏အဓိပ္ပာယ်မှာ သူ ကြိုးချည်ပြီးသွားပြီဟူ၍ ဖြစ်သည်။
ချန်ကျိုးသည် မီးမဖွင့်ဘဲ ကြေးနီခေါင်းတလားကြီးထဲသို့ တွားဝင်သွားခဲ့သည်။ ခေါင်းတလားကြီးအတွင်း၌ အလင်းရောင်အချို့ လင်းလက်လာ၏။
ချန်ကျိုးသည် ဖုန်းမျက်နှာပြင်ပေါ်တွင် လက်ဖြင့် နှိပ်ဆော့နေရင်း လော့ယွီမင်းကို သူ ရိုက်လိုက်သည့် ဗီဒီယိုကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။
ဗီဒီယိုကြည့်ရှုသူ အရေအတွက်မှာ တစ်ဘီလီယံပင် ကျော်လွန်နေပြီ ဖြစ်သည်။
ဗီဒီယိုအောက်ခြေရှိ မှတ်ချက်များအားလုံးမှာ သူ့ကို ဆဲဆိုနေကြခြင်း ဖြစ်ပေသည်။
[ထျန်းပြန် ယိမော့ ယွီတုပိုင် - ဒီလူက ဘာကောင်မို့လို့ ဌာနမှူးကို ရိုက်ရဲတာလဲ]
[သစ်သားလုံးလေး - အဖေမရှိ အမေမရှိတဲ့ ကောင်၊ မင်း ရေခြားမြေခြားမှာ သေပါစေလို့ ဆုတောင်းပေးလိုက်တယ်၊ လေလွင့်ဝိညာဉ် ဖြစ်ပါစေ]
[ကုဒ်ရိုက်တဲ့ ကုဒ်သမား - ဒီလူက Castle Peak စိတ်ရောဂါကုဆေးရုံက လူနာပဲ၊ နာမည်က ချန်ကျိုးတဲ့၊ မိဘမဲ့တစ်ယောက်ပဲ၊ တကယ်ကို မိမဆုံးမ ဖမဆုံးမပဲ]
[ဝမ့်ချွမ်း ဟယ်ဖန့် - တောင်းပန်ပါတယ်၊ ဒီစိတ်ရောဂါသည်က ကျွန်တော် စွန့်ပစ်ခဲ့တဲ့ သားမိုက်ပါပဲ]
[ဝမ်ချိုစစ် ရှီးပေ့ဖုန်း - လောကကြီးမှာ ဘယ်မှာလဲ ငြိမ်းချမ်းခြင်းဆိုတာ၊ တစ်စုံတစ်ယောက်က ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးပေးထားလို့ပေါ့၊ သူက စိတ်ရောဂါသည် ဖြစ်နေရင်တောင် သူ့ကို ဖော်ထုတ်ပစ်ရမယ်]
[တာကျာဟွေ့ တွန့်ထု - ခွေးမသား တိရစ္ဆာန်]
...
ဆဲဆိုသံများ အမြောက်အမြား ရှိနေချေသည်။
ထိုအထဲတွင် ဆရာက ကျွန်မကို သုန်းသုန်းလို့ ခေါ်တယ် ဟူသော အိုင်ဒီတစ်ခု ရှိနေသည်။
[ရှင်တို့ ဖြစ်စဉ်အမှန်ကို သိကြလို့လား၊ ပါးစပ်ဟတာနဲ့ ဆဲနေကြတာပဲ၊ သူ သရဲနှိမ်နင်းပြီး ဝိညာဉ်ချုပ်နေတုန်းက ရှင်တို့ ဘယ်မှာလဲ၊ မြို့သူမြို့သား အားလုံးအတွက် အလောင်းကောင်နဲ့ တစ်ယောက်တည်း တိုက်ခိုက်နေတုန်းက ရှင်တို့ ဘာလုပ်နေကြလဲ]
ထိုသူမှာ ကျန်းယိုယို ဖြစ်ကြောင်း တွေးနေစရာပင် မလိုချေ။
ချန်ကျိုးအတွက် ရှေ့နေလိုက်ပေးသော ကျန်းယိုယိုသည်လည်း အပြင်းအထန် ဆဲဆိုခြင်းကို ခံလိုက်ရသည်။ သူမကို ဖားယားသူ၊ အကျင့်စာရိတ္တ ပြဿနာရှိသူ၊ မျက်စိကန်းသူ စသည်ဖြင့် ပြောဆိုနေကြချေသည်။
တိတ်ဆိတ်လှသော ညဉ့်နက်သန်းခေါင်တွင် ချန်ကျိုး၏ ခေါင်းတလားအတွင်းမှ ရှိုက်သံများ ထွက်ပေါ်လာပြီး တစ်ခါတစ်ရံတွင် ငိုသံများပါ ထွက်ပေါ်လာသည်။
ချန်ကျိုးသည် အင်တာနက်ပေါ်တွင် မိမိအား ဆဲဆိုပုတ်ခတ်နေကြသည်များကို တစ်လုံးချင်းစီ ဖတ်ရှုနေမိသည်။
သူ့ကို လူတိုင်းက စွန့်ပစ်လိုက်ကြပြီး လောကကြီးတစ်ခုလုံးက စွန့်ပစ်လိုက်ပြီဟု ခံစားနေရချေသည်။
ချန်ကျိုးသည် ခေါင်းတလားကြီးအတွင်း၌ ကွေးကွေးလေး နေရင်း ရှိုက်ကြီးတငိုဖြင့် တိုးတိုးလေး ငိုကြွေးနေရှာသည်။
လေလွင့်ဝိညာဉ်ကလေးသည် ချန်ကျိုး၏ ခန္ဓာကိုယ်အတွင်းမှ မျောလွင့်ထွက်လာပြီး ခေါင်းတလားကြီး၏ ဘေးတွင် ရပ်ကာ လက်ကလေးဖြင့် ခေါင်းတလားကိုယ်ထည်ကို သပ်ပေးနေ၏။
"ချန်ကျိုး၊ နင် ဝမ်းမနည်းပါနဲ့တော့၊ ငါ နင်နဲ့အတူ ပုန်းတမ်းကစားပေးရမလား"
ခေါင်းတလားကြီးအတွင်းမှ မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။ ရှိုက်သံလေးမှာမူ အနည်းငယ် တိုးသွားခဲ့သည်။ ကိုယ့်ကိုကိုယ် အစွမ်းကုန် ထိန်းချုပ်နေသည့်နှယ် ရှိတော့သည်။
လေလွင့်ဝိညာဉ်ကလေးသည် ခေါင်းတလားကြီး၏ ဘေးတွင် မှီ၍ ထိုင်လိုက်ပြီး ခေါင်းကို ခေါင်းတလားကြီးတွင် ကပ်ထားသည်။ သူမအနေဖြင့် တိတ်တဆိတ် အတူရှိပေးခြင်းမှလွဲ၍ ဘာများတတ်နိုင်ဦးမည်နည်း။
[စနစ်နှစ်သိမ့်မှု : Host သည် လောကပြင်ပက အစွမ်းထက်သူကြီး ဖြစ်ပြီး လူထဲက လူစွမ်းကောင်း ဖြစ်ပါသည်၊ ပုရွက်ဆိတ်များက အစွမ်းထက်သူကြီး၏ အတွေးအခေါ်ကို မည်သို့ ခန့်မှန်းနိုင်ပါ့မည်နည်း]
လေထုထဲတွင် ချန်ကျိုး၏ ရှိုက်သံလေးများ ပဲ့တင်ထပ်နေဆဲ ဖြစ်သည်။
တစ်နာရီ ကြာပြီးနောက် ချန်ကျိုး ဝမ်းနည်းနေဆဲ ဖြစ်သည်။
နှစ်နာရီ ကြာပြီးနောက် ချန်ကျိုး ဝမ်းနည်းနေဆဲပင် ဖြစ်သည်။
သုံးနာရီ ကြာပြီးနောက် ချန်ကျိုး ဝမ်းနည်းနေဆဲ ဖြစ်၏။
လေးနာရီ ကြာပြီးနောက် ချန်ကျိုး ဝမ်းနည်းရင်းဖြင့် အိပ်ပျော်သွားခဲ့ချေသည်။
...
[စနစ်သတိပေးချက် : မိမိမလိုချင်သောအရာကို သူတစ်ပါးအပေါ် မပြုလုပ်ပါနဲ့]
စနစ်တကျရှိလှသော စနစ်သတိပေးသံ မြည်ဟည်းလာခဲ့သည်။
စနစ်သည် အဓိက ဗီဒီယိုဝက်ဘ်ဆိုက်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ ဝက်ဘ်ဆိုက်အားလုံး၏ ထိပ်ဆုံးနေရာများကို သိမ်းပိုက်လိုက်ပြီး Castle Peak စိတ်ရောဂါကုဆေးရုံ၏ စောင့်ကြည့် ကင်မရာများနှင့် ယန့်ဟွာရပ်ကွက်၏ စောင့်ကြည့်ကင်မရာ အားလုံးကို ဗီဒီယိုအပြည့်အစုံအဖြစ် ထုတ်လျက် အားလုံးကို ထုတ်လွှင့်ပြသလိုက်ချေသည်။
ဒါနဲ့တင် ပြီးသွားပြီလော။
သာမန်လူတစ်ယောက်က စိတ်ရောဂါဝေဒနာရှင်တစ်ဦးကို တိုက်ခိုက်ခြင်းဖြစ်ရာ ချန်ကျိုးတွင် စနစ်မြှင့်တင်မှု မရှိဘူးဟု တကယ် ထင်မှတ်နေကြသလော။
ချန်ကျိုးကို တိုက်ခိုက်ခဲ့သော အကောင့်အားလုံး၏ အချက်အလက်များကို နည်းလမ်းမျိုးစုံဖြင့် ပြန်လည်တိုက်ခိုက်ဖော် ထုတ်ကာ ရေပန်းစားမှု ထိပ်ဆုံးနေရာသို့ တင်ပေးလိုက်သည်။
ညဉ့်နက်သန်းခေါင်
ဝေ့ပေါ်
"ကျွန်တော်တို့ ဝက်ဘ်ဆိုက်ရဲ့စာတန်းက ဘာလို့ ပြောင်းသွားရတာလဲ၊ 'စိတ်ရောဂါသည် ချန်ကျိုးက မလိုမုန်းထားဖြင့် ပုတ်ခတ်ခြင်း ခံလိုက်ရသည်၊ တရားမျှတမှု ဘယ်မှာလဲ' တဲ့၊ ထူးဆန်းတယ်၊ ကျွန်တော့်မှာ ပြင်ဆင်ပိုင်ခွင့် ဘာလို့ မရှိတော့တာလဲ"
ပိုင်တု
"ကျွန်တော်တို့ ဝက်ဘ်ဆိုက်ရဲ့ နောက်ကွယ်စနစ်က ဘာလို့ သတင်းအချက်အလက်တွေကို အလိုအလျောက် ပို့နေရတာလဲ၊ ကျွန်တော် တားလို့မရဘူး"
Douyin
"ကျွန်တော်တို့ တရားဝင်စနစ်မှာ အမှားအယွင်း ဖြစ်သွားတာလား၊ ဘာလို့ ချန်ကျိုးရဲ့ ဗီဒီယိုကိုပဲ ဆက်တိုက် ပို့နေရတာလဲ"
အဓိကအကျဆုံးမှာ ဗီဒီယိုကို ပထမဆုံး တင်ခဲ့သော အကောင့်ပိုင်ရှင် လင်မယားနှစ်ဦး ခွေးနှင့်ကြောင်များကို နှိပ်စက်ညှင်းပန်းနေသည့် ဗီဒီယိုပင် ဖြစ်ချေသည်။
ကျင်ဟိုင်မြို့အတွင်းရှိ ကျဉ်းမြောင်းလှသော ငှားရမ်းခနဲ အခန်းငယ်တစ်ခုထဲတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ဆောက်လုပ်ထားသော ထမင်းစားပွဲအသေးလေးပေါ်တွင် ခေါက်ဆွဲပြုတ် စားနေကြသည်။ အခန်းတွင်း၌ လှောင်အိမ် အမြောက်အမြား ရှိနေပြီး လှောင်အိမ်ထဲရှိ ခွေးနှင့်ကြောင်များတွင် မတူညီသော မသန်စွမ်းမှု ဒဏ်ရာများ ရှိနေကြ၏။
အမျိုးသားက ဖုန်းကို ကိုင်ကာ အူကြောင်ကြောင် ရယ်မောနေသည်။
"ငါ ပေါက်သွားပြီ၊ ဟားဟား၊ ငါ ပျိုးထောင်ထားတဲ့ အကောင့် ပေါက်သွားပြီ"
"ယောက်ျား၊ သူ ကျွန်မတို့ကို ကလဲ့စားမချေဘူးလား"
"ငါ စုံစမ်းပြီးပြီ၊ သူက စိတ်ရောဂါသည် တစ်ယောက်ပဲဥစ္စာ၊ အဖေမရှိ အမေမရှိ နောက်ခံလည်းမရှိဘူး၊ ဘယ်သူက အလုပ်မရှိ အလုပ်ရှာပြီး သူ့အတွက် ရှေ့နေလိုက်ပေးမှာလဲ၊ တို့အတွက် အကျိုးပြုတယ်လို့ပဲ သတ်မှတ်လိုက်၊ သူ ဆဲခံရလေလေ ငါတို့အိမ်အတွက် အုတ်တစ်ချပ် တိုးလေလေပဲ"
"ဒါလည်း ဟုတ်တာပဲ၊ စိတ်ရောဂါသည် တစ်ယောက်ပဲ၊ သေသွားရင်တောင် ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်ဘူး၊ ကျွန်မလည်း ဒီတိရစ္ဆာန်တွေကို ပြုစုရတာ စိတ်ကုန်နေပြီ၊ သူ့ကို ဆဲသတ်လိုက်ကြစမ်းပါ"
အမျိုးသမီးက နံရံဘေးရှိ လှောင်အိမ်ထဲက အိမ်မွေးတိရစ္ဆာန်များကို လှည့်ကြည့်လိုက်ရာ ထိုတိရစ္ဆာန်လေးများမှာ ကြောက်လန့်တုန်ရင်နေကြရှာသည်။
"မိန်းမ၊ ငါ့မှာ ဗီဒီယိုတစ်ခု ကျန်သေးတယ်၊ နည်းနည်း တည်းဖြတ်လိုက်ရင် ကွက်တိပဲ၊ ဒီစိတ်ရောဂါသည်က လူအုပ်ထဲကို မီးလုံးကြီးနဲ့ လှမ်းပစ်တဲ့ ပုံစံမျိုးဆိုရင် ထပ်ပြီး ပေါက်ဦးမှာ သေချာတယ်"
"ကျွန်မ အခု တကယ်ကို ပျော်လွန်းလို့၊ ကျွန်မတို့ လုပ်ထားတာတွေ ပေါက်သွားပြီလို့ တွေးမိတာနဲ့တင် အိပ်လို့တောင် မပျော်တော့ဘူး"
နှစ်ဦးစလုံးသည် အနာဂတ်၏ သာယာလှပသော လူနေမှုဘဝကို ပျော်ရွှင်စွာ မျှော်လင့်နေကြတော့သည်။
အမျိုးသား၏ ဖုန်းထဲသို့ ပြန်လည်ဖြေကြားချက် စာတစ်စောင် ရောက်ရှိလာသဖြင့် ဖွင့်ကြည့်လိုက်ရာ
[ခင်ဗျားတို့ နှစ်ယောက်က တကယ်ကို ရွံစရာကောင်းတာပဲ၊ လူစိတ်နည်းနည်းလေးတောင် မရှိကြဘူး]
အမျိုးသမီးက အနားသို့ တိုးကပ်လာရင်း "ယောက်ျား၊ ဒီလူက စိတ်မနှံ့တာလား" ဟု မေးလိုက်၏။
"ဂရုစိုက်မနေနဲ့၊ ဒီလိုလူက လုပ်ငန်းတူ မဟုတ်ရင် လူအပဲ ဖြစ်ရမယ်"
ပြန်လည်ဖြေကြားချက် စာတိုများမှာ ပိုမိုများပြားစွာ ရောက်ရှိလာခဲ့ချေသည်။
[စိတ်ရောဂါသည်ကိုတောင် ပုတ်ခတ်ရဲတယ်၊ ခွေးက ခင်ဗျားတို့ရဲ့ အသိစိတ်ကို စားရင်တောင် ပြန်အန်ထုတ်လိမ့်မယ်]
[အကောင့်ပိုင်ရှင်ရဲ့ နာမည်အမှန်က ဝမ်ရှောင်ဟူ၊ ကျန်းဟွေ့ တဲ့၊ ကျင်ဟိုင်မြို့ ရှန့်ယန်ရပ်ကွက် အဆောက်အအုံ ၅၊ အခန်း ၂၀၁ မှာ နေတာ]
[တစ်ယောက်က လူမပီသရင် မိသားစုတစ်ခုလုံးရဲ့ ဘိုးဘွားသင်္ချိုင်း တူးခံရမယ်၊ နှစ်ယောက်လုံး လူမပီသရင် ကိုးဆက်လုံး အသတ်ခံရမယ်]
[အဆုံးအမဆိုတာ ကောင်းတဲ့အရာပဲ၊ နှမြောစရာကောင်းတာက ခင်ဗျားတို့ နှစ်ယောက်မှာ မရှိတာပဲ]
[ကျွန်တော် သူတို့နဲ့ အနီးဆုံးမှာ နေတာ၊ တကယ် ဒေါသထွက်ဖို့ကောင်းတယ်၊ မိုးလင်းတာနဲ့ တံခါးဝမှာ သွားပိတ်ပြီး သူတို့နှစ်ယောက်ကို ဖော်ထုတ်ပစ်မယ်]
[ကျွန်တော့်အတွက်ပါ လက်ဝါးတစ်ချက် ရိုက်ပေးစမ်းပါ၊ လူဖြစ်ပြီးတော့ တကယ်ကို ရွံစရာကောင်းလွန်းတယ်]