အခန်း ၄၇
Vol. 5 Ch. 47
Chapter 47
အချို့သောသူများအတွက် ညဉ့်နက်သန်းခေါင်သည် ကျော်ဖြတ်ရန် ခဲယဉ်းလှသော်လည်း အချို့သောသူများမှာမူ ငြိမ်းချမ်းလှသော အိပ်မက်ကမ္ဘာတွင် ညဉ့်နက်သည့်တိုင်အောင် ကုန်ဆုံးသွားခဲ့သည်။
မိုးသောက်ယံ အလင်းရောင် ဖြာကျလာသည်နှင့်တစ်ပြိုင်နက် ချန်ကျိုး၏ အခန်းငယ်လေးအပြင်ဘက် ပြတင်းပေါက်ဘောင်ပေါ်တွင် စာကလေးအချို့ လာရောက်နားကြပြီး တကျိကျိဖြင့် မစဲတမ်း အော်မြည်နေကြချေသည်။
ချန်ကျိုးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ နိုးထလာပြီး ခေါင်းတလားအဖုံးကို တွန်းဖွင့်ကာ ပျင်းရိပျင်းတွဲဖြင့် တစ်ချက် သမ်းဝေလိုက်၏၊ ထို့နောက် နံနက်ခင်း၏ လတ်ဆတ်သော လေထုကို အားရပါးရ ရှူရှိုက်လိုက်ရာ မနေ့က ဝမ်းနည်းမှုများမှာ ထိုနေရာတင် အဆုံးသတ်သွားခဲ့ပြီး ယနေ့တွင်လည်း မာနတခွဲသားဖြင့် ပြန်လည်တောက်ပလာခဲ့သည်။
ထုံးစံအတိုင်း အိပ်ရာမှထ၍ မျက်နှာသစ် သွားတိုက်ပြီးနောက် မိမိ၏ ထမင်းချိုင့်ကြီးကို ကိုင်ဆောင်ကာ ရင်းနှီးနေသော အပေါက်ဝသို့ သွား၍ ထမင်းထုတ်လေသည်။
"သုန်းသုန်းယောင်က အသားဖတ်လေးတွေ ပိုပေးဖို့ အမိန့်ပေးချက် တောင်းဆိုတယ်"
ချန်ကျိုးသည် တက်ကြွလှပသော လူငယ်လေးအဖြစ် ပြန်လည်ရောက်ရှိနေဆဲ ဖြစ်သည်။
စနစ်ကမူ ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာခဲ့သည်။
[စိတ်ရောဂါသည် ချန်ကျိုးရဲ့ ကိုယ်တိုင်ပြန်လည်ကုစားနိုင်စွမ်းကပဲ အရမ်းကောင်းနေတာလား၊ ဒါမှမဟုတ် ငါကပဲ အလိုက်မသိ စိုးရိမ်ပေးမိတာလား]
ချန်ကျိုးသည် နေရာဟောင်းတွင် ထိုင်၍ ထမင်းစားနေရင်း မျက်လုံးထောင့်မှနေ၍ ထောင့်က ထမင်းစားပွဲတစ်ခုဆီသို့ လှမ်းကြည့်လိုက်ရာ မျက်မှန်လေးသည် နှာခေါင်းပေါ်တွင် မျက်မှန်အသစ်တစ်လက် လဲလှယ်ထားသည်ကို တွေ့ရ၏။
"ဆိုဒိုစနဲ"
ချန်ကျိုးသည် မည်သည့်အကြောင်းကြောင့်မသိ ဂျပန်စကားတစ်ခွန်း ထွက်ပေါ်လာခဲ့သည်။
ထောင့်တွင် ရှိနေသော မျက်မှန်လေးသည် တစ်စုံတစ်ယောက်က မိမိကို စိုက်ကြည့်နေသည်ဟု ခံစားရသဖြင့် အသိစိတ်အရ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်မိသည်။
ချန်ကျိုး၏ အကြည့်များက ပြင်းထန်လွန်းလှသဖြင့် ၎င်းမှာ မရရအောင် ယူမည်ဟူသော အမူအရာမျိုး ဖြစ်နေချေသည်။
မျက်မှန်လေးမှာ ထိတ်လန့်သွားရသဖြင့် ခေါင်းငုံ့၍ ထမင်းကို အမြန်စားလိုက်ပြီး အမြန်ဆုံးနှုန်းဖြင့် ရေချိုးခန်းဘက်သို့ ပန်းကန်ဆေးရန် ပြေးသွားတော့သည်။
ချန်ကျိုးသည် နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါသွားပြီး ရေချိုးခန်းအတွင်းသို့ လိုက်လံဝင်ရောက်သွားခဲ့၏။
ချန်ကျိုး ပြန်လည်ထွက်ခွာလာချိန်တွင်မူ နှာခေါင်းပေါ်၌ စတုရန်းပုံစံ မျက်မှန်တစ်လက် ပိုမိုပါရှိလာခဲ့ချေပြီ။
နံနက်ခင်း လေညင်းခံချိန်သို့ ရောက်ရှိလာသည်။
Castle Peak စိတ်ရောဂါကုဆေးရုံ ဝင်းအတွင်းရှိ ညောင်ပင်ကြီးတစ်ပင်ပေါ်တွင် လေပြေလေးက သစ်ကိုင်းဖျားများကို အသာအယာ တိုက်ခတ်နေ၏။
ညောင်ပင်အောက်တွင် ချန်ကျိုးသည် လက်တစ်ဖက်ဖြင့် ဖုန်းကို မြှောက်ကိုင်ထားပြီး လက်တစ်ဖက်ဖြင့် မြေဖြူခဲကို ကိုင်ကာ ကွန်ကရစ်မြေပြင်ပေါ်တွင် အဝိုင်းလေးများ အမြောက်အမြား ဆွဲနေသည်။ အဝိုင်းလေးများအတွင်း၌ အိုင်ဒီစာသားများကို ရေးသားထားသည်။ ထျန်းပြန် ယိမော့ ယွီတုပိုင် ၊ သစ်သားလုံးလေး...
ချန်ကျိုးသည် အာရုံစိုက်၍ ရေးသားနေပြီး အဝိုင်းတစ်ခု ရေးပြီးတိုင်း ခြေထောက်ဖြင့် ပြင်းထန်စွာ နင်းခြေကာ ပါးစပ်မှ တိုးတိုးလေး ရေရွတ်နေမိသည်။
"အဝိုင်းလေးဆွဲပြီး မင်းကို ကျိန်စာတိုက်တယ်"
"အဝိုင်းလေးဆွဲပြီး မင်းကို ကျိန်စာတိုက်တယ်"
"အဝိုင်းလေးဆွဲပြီး မင်းကို ကျိန်စာတိုက်တယ်"
...
တစ်ညတာအတွင်းမှာပင် ချန်ကျိုးက ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူးကို ရိုက်နှက်သည့် ဗီဒီယိုသည် ပြောင်းပြန်ဖြစ်သွား ခဲ့ချေပြီ။ မလိုမုန်းထားစိတ်ဖြင့် တင်ခဲ့သော အကောင့်ပိုင်ရှင် မူလတင်သူသည် နံနက်အစောပိုင်းတွင်ပင် အင်တာနက် ပေါ်ရှိ မကျေမနပ်ဖြစ်နေကြသော သွေးပူလူငယ်များ၏ ပြင်းထန်စွာ ရိုက်နှက်ခြင်းကို ခံလိုက်ရပြီး မဟုတ်မမှန် သတင်းအချက်အလက်များ ထုတ်လွှင့်မှုကြောင့် ရဲစခန်း၏ ခေါ်ယူစစ်ဆေးခြင်းကို ခံလိုက်ရသည်။
ထိုအချိန်မှာပင် အစိုးရပိုင်းကလည်း ချန်ကျိုးအတွက် ဂုဏ်သိက္ခာပြန်လည်ဆယ်တင်ပေးရန် ပါဝင်လာခဲ့ချေသည်။
မတူညီသော ဝါဒဖြန့်ချိရေးအကောင့်များသည် ချန်ကျိုးက မိစ္ဆာနှိမ်နင်းရေးရဲစခန်းနှင့် ဝိညာဉ်ချုပ်ထိန်းရေးဌာနတို့ကို ကူညီ၍ သရဲနှိမ်နင်းကာ ဝိညာဉ်ချုပ်ပေးခဲ့သည့် သတင်းများကို ဆက်တိုက် ထုတ်လွှင့်ပြသကြတော့သည်။
သရဲစွမ်းအင်များ ပြန်လည်နိုးထလာသော ခေတ်ကာလကြီးအောက်တွင် သရဲနှိမ်နင်းသည့် သူရဲကောင်းကြီးသည်သာ လူအများ၏ ကိုးကွယ်ဆည်းကပ်ခြင်းကို ခံရမည့်သူ ဖြစ်ပေသည်။ ထို့ပြင် ဤသူရဲကောင်းကြီးမှာ တကယ်ပင် ခန့်ညားထည်ဝါလှသည် မဟုတ်ပါလော။
အင်တာနက်ပေါ်တွင်မူ စိတ်ရောဂါသည်ဟူသော စကားလုံးသည် ချစ်စရာကောင်းသော အမှတ်အသားတစ်ခု ဖြစ်လာခဲ့ပြီး ချန်ကျိုးအမူအရာပုံစံမျိုးစုံမှာ အလွန်ခေတ်စားသွားခဲ့သည်။
ထို့ပြင် သတင်းကြား၍ လာရောက်ကြသော ပရိသတ်အမြောက်အမြားသည် Castle Peak စိတ်ရောဂါကုဆေးရုံ တံခါးဝအပြင်ဘက်တွင် ပိတ်ဆို့နေကြတော့သည်။
ထိုလူများသည် မုန့်ပဲသရေစာများကတစ်ဆင့် ချန်ကျိုးနှင့် ရင်းနှီးအောင် ပြုလုပ်နိုင်သည်ကို မည်သည့်နေရာမှ ကြားသိခဲ့ကြသည်မသိ။ လူတိုင်း၏လက်ထဲတွင် လက်ဆောင်ပစ္စည်းများကို ကိုင်ဆောင်ထားကြသည်။
နုပျိုလှပသော မိန်းကလေးတစ်စုသည် သံတိုင်တံခါးကို ဖြတ်ကျော်၍ အော်ဟစ်နေကြ၏။
"ချန်ကျိုး၊ ကျွန်မ ရှင့်ကို ချစ်တယ်၊ ရှင် တကယ်ကို ခန့်ညားလွန်းတယ်"
"ချန်ကျိုး၊ ကျွန်မ ရှင်နဲ့ ကလေးယူချင်တယ်"
"ချန်ကျိုး၊ ရှင် တကယ်ကို ချစ်ဖို့ကောင်းတာပဲ၊ မွမွမွ"
ချန်ကျိုး ရုတ်တရက် ပေါက်သွားခြင်းက စိတ်ရောဂါကုဆေးရုံအုပ်ကြီးအား အလွန်ပင် စိတ်ရှုပ်ထွေးစေသည်။ ရူးသွပ်နေကြသော ပရိသတ်မလေးများကို ရင်ဆိုင်ရင်း စိတ်ရောဂါကုဆေးရုံက ဆွေးနွေးဆုံးဖြတ်လိုက်သည်မှာ ချန်ကျိုး၏ ဘေးကင်းလုံခြုံရေးအတွက် တံခါးမဖွင့်ပေးရန်နှင့် ဗီဒီယိုရိုက်ကူးမှုကို လက်မခံရန် ဖြစ်ပေသည်။
ပရိသတ်များသည် စိတ်ရောဂါကုဆေးရုံနှင့် တစ်မွန်းလွဲခင်းလုံး အငြင်းပွားပြီးနောက် နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရရှိသွားခဲ့သည်၊ ချန်ကျိုးသည် သံတိုင်တံခါးကို ဖြတ်ကျော်၍ ၎င်းတို့နှင့် တွေ့ဆုံနိုင်သည်ဟူ၍ ဖြစ်၏။
ထို့နောက်...
ပုံစံမှာ ဤမျှလောက်အထိ ဆန်းပြားလှပေသည်။
မွန်းလွဲပိုင်းတွင် ချန်ကျိုးသည် ခေါင်း၌ ပီကာချူးသိုးမွှေးဦးထုပ်ကို ဆင်မြန်းထားပြီး ကိုယ်ပေါ်တွင် စိတ်ရောဂါကု ဆေးရုံ၏ အစင်းကြားလူနာဝတ်စုံကို ဝတ်ဆင်ထားသည်။ ဘယ်ဘက်ဘောင်းဘီစကို ပေါင်အထိ လိပ်တင်ထားပြီး ညာဘက်ဘောင်းဘီစမှာမူ ခြေဖျားပေါ်တွင် ပွပွယောယော တွဲလောင်းကျနေကာ ခြေထောက်တွင်မူ ထိုထင်ရှားလှသော ညှပ်ဖိနပ်အကြီးစားကို စီးထားဆဲ ဖြစ်သည်။ ခြေဖျားကို အရှေ့သို့ ဆန့်ထုတ်ထားခြင်းမှာ သူ၏ အမှတ်အသားတစ်ခု ဖြစ်လာခဲ့ချေပြီ။
ဘယ်ဘက်ခြေဖျားဖြင့် မြေပြင်ကို ထောက်ထားပြီး ကိုယ်အလေးချိန်ကို ညာဘက်သို့ ယိုင်လဲထားလျက် ခေါင်းကိုစောင်းကာ ပါးစပ်လေးကို စူ၍ မျက်လုံးကြီးများကို ဝိုင်းစက်နေအောင် ဖွင့်ထားသည်။
ဤပုံစံသည် ကြည့်ရှုနေသော လူတစ်ယောက်၏ အမူအရာကို ပြည့်စုံစွာ ဖော်ပြနေပေသည်။
"ဝါး၊ ချန်ကျိုး၊ ရှင် တကယ်ကို ချစ်ဖို့ကောင်းလွန်းတယ်၊ ချစ်တယ် ချစ်တယ် ချစ်တယ်"
“ဟီး”
ချန်ကျိုးသည် သွားဖြူဖြူများကို ဖြဲပြလိုက်၏။
"ချန်ကျိုး၊ ကျွန်မ ရှင့်ကို တကယ်သဘောကျတယ်"
ချန်ကျိုးသည် အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။ စိတ်ဝင်စားစရာ ကောင်းလှပေသည်။
ချန်ကျိုး ဘယ်ဘက်သို့ ခေါင်းပြူလိုက်သည်။
"အသည်းပုံလေး ပေးမယ် ပေးမယ်"
ချန်ကျိုး ညာဘက်သို့ ခေါင်းပြူလိုက်ပြန်သည်။
"ချန်ကျိုး၊ ကျွန်မကို ကြည့်ဦး ကြည့်ဦး"
ချန်ကျိုးသည် အောက်နှုတ်ခမ်းကို ရှေ့သို့ဆန့်ထုတ်ကာ အပေါ်နှုတ်ခမ်းဖြင့် သွားဖြဲပြလိုက်ရာ လူဝံကြီးတစ်ကောင်နှင့် တူလှပေသည်။
"ချစ်ဖို့ကောင်းလိုက်တာ ချစ်ဖို့ကောင်းလိုက်တာ၊ ချစ်တယ် ချစ်တယ်"
ချန်ကျိုးသည် အမြဲမပြတ် အမူအရာများကို ပြောင်းလဲနေသည်။ တစ်ခါတစ်ရံတွင် အာထရာမန်း၊ တစ်ခါတစ်ရံတွင် ဂျီဂျီဘုရင်၊ တခါတစ်ရံတွင် ကိုနန် ပုံစံများ ပြုလုပ်နေ၏။
အမူအရာတစ်ခု ပြောင်းလဲတိုင်း ပရိသတ်မလေးများထံမှ ရုန်းရင်းဆန်ခတ် ဖြစ်သွားစေသည်။
၎င်းမှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများအား ကိုယ့်ကိုကိုယ် သံသယဝင်လာစေသည်။ သူတို့နှင့် လူထု၏အလှအပ အမြင်က လမ်းကြောင်းလွဲချော်သွားခဲ့ပြီလော။
တံခါးဝရှိ သွယ်လျသော လက်တစ်ဖက်သည် ပိုက်ဆံနှစ်ရာကို ကိုင်ဆောင်ကာ သံတိုင်တံခါးအတွင်းသို့ လှမ်းဝင်လာခဲ့သည်။
"ချန်ကျိုး၊ ကျွန်မနဲ့အတူ ဓာတ်ပုံတစ်ပုံလောက် တွဲရိုက်လို့ ရမလား"
ချန်ကျိုးကို စောင့်ကြည့်နေသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းသည် ချက်ချင်း ရှေ့သို့တိုး၍ တားဆီးရန် ပြင်လိုက်သော် လည်း ချန်ကျိုးက လက်ဦးမှုရယူကာ လျင်မြန်သောနှုန်းဖြင့် ပိုက်ဆံကို မိမိအိတ်ကပ်အတွင်းသို့ ထည့်လိုက်ချေပြီ။
တစ်ခုရှိလျှင် နှစ်ခုရှိစမြဲဖြစ်ရာ ပိုမိုများပြားသော ပရိသတ်မလေးများသည် ပိုက်ဆံထုတ်၍ ချန်ကျိုးနှင့် ဓာတ်ပုံတွဲရိုက်ကြတော့သည်။
ပိုက်ဆံများသည် စက္ကန့်ပိုင်းအတွင်း ချန်ကျိုး၏ အိတ်ကပ်အတွင်းသို့ စီးဝင်သွားခဲ့ချေသည်။
ပြည့်စုံ၍ ပျော်ရွှင်စရာကောင်းသော နေ့တစ်နေ့သည် လျင်မြန်စွာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ချန်ကျိုးသည် မိမိ၏ အခန်းငယ်လေးထဲတွင် ထိုင်ကာ ပရိသတ်မလေးများ ပေးအပ်ထားသော လက်ဆောင်ပစ္စည်း များကို ဖြည်ကြည့်နေသည်။ ညဉ့်နက်သည်အထိ ဆော့ကစားနေသော်လည်း အိပ်ချင်စိတ် လုံးဝမရှိသေးချေ။
...
သရဲပွဲတော် ရောက်ရှိရန် နီးကပ်လာသည်နှင့်အမျှ သရဲမိစ္ဆာများသည် ပိုမို၍ သောင်းကျန်းလာကြသည်။ သရဲတစ္ဆေများ၏ အော်ဟစ်ငိုကြွေးသံများသည် လမ်းမထက်တွင် ပဲ့တင်ထပ်နေ၏၊ သရဲအများစုမှာ သရဲပွဲတော်ကို အခွင့်ကောင်းယူ၍ ပြဿနာအချို့ ပြုလုပ်ချင်နေကြပြီး အချို့သော သရဲများသည် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ ဝန်ထမ်းများကို ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေကြသဖြင့် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှာ ယခုအချိန်တွင် အလွန်အလုပ်ရှုပ်နေကြရသည်။
ကျင်ဟိုင်ဆေးရုံ
တိတ်ဆိတ်လှသော ရင်ခွဲရုံအတွင်း၌ သံထည်ပစ္စည်းများ ပွတ်တိုက်မိသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ညစောင့်ခန်းရှိ အဘိုးအိုကျန်းသည် လှုပ်ရှားသံကို ကြားရသဖြင့် ရင်ခွဲရုံတံခါးကို ဖွင့်ကာ သွားရောက်စစ်ဆေးလိုက်၏။
အမှတ် ၃၇ အလောင်းအံဆွဲကြီးမှာ မည်သို့ဖြစ်သည်မသိ ပွင့်နေချေသည်။
ရင်ခွဲရုံတွင် တာဝန်ကျစောင့်ရဲသူပီပီ အဘိုးအိုကျန်းသည်လည်း သတ္တိရှိသူဖြစ်သဖြင့် အမှတ် ၃၇ အံဆွဲဘက်သို့ လျှောက်လှမ်းသွားခဲ့သည်။