အခန်း ၄၉
Vol. 5 Ch. 49
Chapter 49
လူနာဆောင်ပြင်ပသို့ လန့်ဖျတ်ပြီး ထွက်ပြေးလာသော ဆေးရုံအုပ် ဝူပေါ်ထုံသည် ထိတ်လန့်တုန်ရင်နေဆဲဖြစ်ကာ ဆရာဝန်တစ်စု၏ ဝိုင်းအုံမေးမြန်းခြင်းကို ခံလိုက်ရသည်။
"ဆေးရုံအုပ်၊ ဘယ်လိုလဲ"
"ဆေးရုံအုပ်၊ အဆင်ပြေသွားပြီလား"
ဆေးရုံအုပ်သည် လူနာဆောင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး လူကွယ်ရာတွင် အတင်းပြောခြင်းက မကောင်းမှန်းသိသဖြင့် တမင်တကာ ဝေးဝေးသို့ လျှောက်လာခဲ့သည်။
"ကြည့်ရတာ ဒီနန်ရန်ဇီလည်း သိပ်ပြီး အသုံးမကျဘူးထင်တယ်၊ ငါ ချန်ကျိုးဆီပဲ ဖုန်းထပ်ဆက်လိုက်တော့မယ်"
ဆွန်ထုန်သည် ပြောပြောဆိုဆိုဖြင့် ဖုန်းကို ထပ်မံထုတ်ယူကာ ချန်ကျိုး၏ ဖုန်းနံပါတ်ကို နှိပ်လိုက်သည်။
စိတ်ရောဂါကုဆေးရုံအတွင်းရှိ အခန်းငယ်လေးထဲတွင် ချန်ကျိုးသည် နေရာယူလဲလျောင်းလျက် ပါးစပ်ကို ဟကာ အိပ်ချင်မူးတူး ဖြစ်နေချေသည်။
‘ဂြိုဟ်ရဲ့ အစွမ်းအထက်ဆုံး စစ်သည်တော် သုန်းသုန်းယောင် ဖုန်းလက်ခံပါဦး၊ ဂြိုဟ်ရဲ့ အစွမ်းအထက်ဆုံး စစ်သည်တော် သုန်းသုန်းယောင် ဖုန်းလက်ခံပါဦး’
တိတ်ဆိတ်လှသော နေရာအတွင်း၌ ရုတ်တရက် မြည်ဟည်းလာသော ဖုန်းသံကြောင့် ချန်ကျိုး တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရင်သွားကာ ခန္ဓာကိုယ်က အလိုအလျောက် ထထိုင်လိုက်မိရာ နဖူးပြင်မှာ ဒုန်း ဟူသော အသံနှင့်အတူ ဆောင့်မိတော့သည်။
"အား"
ချန်ကျိုးသည် နာကျင်လွန်းသဖြင့် ပါးစပ်ကြီးကို အားရပါးရ ဟလိုက်မိသည်။
ဖုန်းသံမှာမူ ဆက်လက်မြည်နေဆဲ ဖြစ်သည်။
ချန်ကျိုးသည် မကျေမနပ်ဖြင့် ဖုန်းကို လှမ်းယူလိုက်ရာ ဆွန်ထုန်ထံမှ ခေါ်ဆိုခြင်း ဖြစ်နေသဖြင့် ချန်ကျိုးသည် ဆေးရုံအုပ်ကြီး သူ့ကို ကူညီခိုင်းထားသည့် ကိစ္စကို ထိုအခါမှ သတိရလိုက်တော့သည်။ အားလုံးက ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရမည်ဖြစ်ပြီး ပိုက်ဆံရေတွက်ရင်း အိပ်ပျော်သွားခဲ့ မိချေသည်။
ဖုန်းလက်ခံလိုက်ပြီး တစ်ဖက်လူကို စကားပြောခွင့်ပင်မပေးဘဲ ချန်ကျိုး စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"လမ်းမှာ လာနေပြီ၊ ဘာလို့ ဒီလောက် လောနေရတာလဲ"
ဆွန်ထုန်သည် ချန်ကျိုး၏ လေသံမဟန်သည်ကို ကြားလိုက်ရသဖြင့် ချန်ကျိုး လမ်းခုလတ်မှ ပြန်လှည့်သွားမည်ကို စိုးရိမ်သောကြောင့် သူနာပြုကောင်တာတွင် စတော်ဘယ်ရီကိတ်မုန့်တစ်ခု ရှိနေသည်ကို မတော်တဆ မျက်စိကျသွားကာ ချက်ချင်း ဉာဏ်ဆင်လိုက်တော့သည်။
"ဆရာကြီးချန်၊ ခင်ဗျား ညဘက် အလုပ်လုပ်ပြီးရင် ဗိုက်ဆာမှာစိုးလို့ စတော်ဘယ်ရီကိတ်မုန့် ဝယ်ထားပေးပါတယ်၊ ခင်ဗျား ကြိုက်၊ မကြိုက်တော့ မသိဘူးပေါ့"
ချန်ကျိုးသည် ထိုစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် အိပ်ချင်စိတ်များ ချက်ချင်း ကွယ်ပျောက်သွားခဲ့သည်။ ညဉ့်နက်သန်းခေါင်တွင် စတော်ဘယ်ရီကိတ်မုန့်တစ်တုံး စားရမည်ဆိုပါက ထိုခံစားချက်က တကယ်ကို အမိုက်စား ဖြစ်ပေလိမ့်မည်။
"အခုချက်ချင်း ရောက်တော့မယ်"
"ကောင်းပါပြီ ကောင်းပါပြီ၊ ခင်ဗျားကို စောင့်မျှော်နေပါတယ်"
ဖုန်းချပြီးနောက် ချန်ကျိုးသည် တွားထွက်လာခဲ့သည်။ ယခင်က ဤနေရာကို ကြည့်ရာတွင် ဒီနေရာလည်းကောင်း ဟိုနေရာလည်းကောင်းဟု ထင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ဘာမှမကောင်းတော့ချေ။ ကျန်းယိုယို၏ အိပ်ရာနုနု လေးကသာ ပိုသက်တောင့်သက်သာ ရှိလှသည်။ နောက်ကျရင် ကျိုးအိုက်ကော်ကို သူ့အတွက်လည်း တစ်ခုလောက် လုပ်ခိုင်းရမည်ဟု တွေးတောမိသည်။
မထွက်ခွာမီ ချန်ကျိုးသည် အခန်းငယ်လေးထဲတွင် ပစ္စည်းများကို သေချာစွာ စီရီထားပြီး အခန်းကိုလည်း သော့ခတ်လိုက်မှသာ စိတ်အေးလက်အေးဖြင့် ထွက်ခွာခဲ့တော့သည်။
ကျင်ဟိုင်ဆေးရုံအတွင်း၌ နန်ရန်ဇီသည် အလောင်းကောင်မှာ ကောင်းကင်မိစ္ဆာဂိုဏ်းနှင့် ပတ်သက်နေလိမ့်မည်ဟု သံသယဝင်သဖြင့် ပထမဆုံးအချိန်၌ပင် ဌာနမှူး လော့ယွီမင်ထံ ဆက်သွယ်လိုက်သည်။
လူတိုင်းက စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြစဉ်တွင် ဖြစ်သည်။
ဆေးရုံအပြင်ဘက် လမ်းမထက်၌ အဝေးမှ ကားမီးနှစ်လုံး လင်းလက်လာခဲ့ချေသည်။
ဆွန်ထုန်၏ မျက်နှာတွင် မျှော်လင့်ချက် ပြည့်နှက်နေသော အမူအရာ ပေါ်ထွက်လာသည်။ ချန်ကျိုးတွင်လည်း ကားအသေးလေးတစ်စီး ရှိမှန်း သူသိထားသဖြင့် ဆရာကြီးချန် ရောက်လာခြင်းလည်း ဖြစ်နိုင်ပေသည်။
သို့သော်လည်း စိတ်မကောင်းစရာမှာ အနားသို့ ရောက်ရှိလာသောအခါမှ ဝိညာဉ်ချုပ်ထိန်းရေးဌာန အမှတ်အသားပါသော အနက်ရောင် ကားတစ်စီး ဖြစ်နေသည်ကို တွေ့လိုက်ရခြင်းပင် ဖြစ်၏။
လော့ယွီမင် ကားပေါ်မှ ဆင်းလာချိန်တွင် ဆွန်ထုန်၏ စိတ်ပျက်နေသော မျက်နှာထားနှင့် ကွက်တိ တိုးမိသွားခဲ့သည်။
လော့ယွီမင် စကားပြောရန် ပြင်လိုက်ခါနီးတွင် ဆွန်ထုန်၏ မျက်နှာ၌ ဝမ်းသာအားရ ဖြစ်သွားသော အမူအရာ ရုတ်တရက် ပေါ်ထွက်လာပြီး လော့ယွီမင် ကို ကျော်ဖြတ်ကာ အဝေးသို့ လှမ်း၍ လက်ဝှေ့ယမ်းပြလိုက်သည်ကို မြင်လိုက်ရသည်။
"ဆရာကြီးချန်၊ ဒီမှာ၊ ဒီဘက်မှာ"
အဝေးရှိ လမ်းမလယ်ခေါင်တွင် ကြီးမားလှသော ကျားကြီးတစ်ကောင်က လမ်းပေါ်၌ ခုန်လွှားနေပြီး ကျားမျက်လုံးနှစ်လုံးမှာ စိမ်းဖန့်ဖန့် အရောင်များ တောက်ပနေချေသည်။
ချန်ကျိုးသည် ကျားဝိညာဉ်ကိုစီးကာ နုနုရွရွလေး ရောက်ရှိလာခဲ့ရာ ဝူပေါ်ထုံက သွားများအစုံအလင် ပေါ်အောင် ပြုံးပြရင်း ဝမ်းသာအားရ ကြိုဆိုလိုက်တော့သည်။
လော့ယွီမင် အနည်းငယ် စိတ်ပျက်သွားမိသည်။ ဆေးရုံတွင် ထူးဆန်းသော ကိစ္စရပ်များဖြစ်ပွားသည့် ယခင်ရက်များက ဆွန်ထုန်သည် ယနေ့ ချန်ကျိုးကိုဆက်ဆံသည့် အမူအရာမျိုးဖြင့် မိမိကို ကြိုဆိုလေ့ရှိသည်။
ယခုမူ သူသည် ဆွန်ထုန်၏ မျက်ဝန်းထဲတွင် လမ်းဘေးက လူတစ်ယောက်ကဲ့သို့ ဖြစ်သွားရချေပြီ။
‘ဟူး၊ ခေတ်ကာလကြီးက ပြောင်းလဲသွားခဲ့ပြီပဲ’
"ဆရာကြီးချန်၊ ကြယ်တွေကို မျှော်လင့်၊ လမင်းကို မျှော်လင့်ရင်းနဲ့ နောက်ဆုံးတော့ ခင်ဗျားကို မျှော်လင့်လို့ ရခဲ့ပြီပဲ"
ဆွန်ထုန်သည် ကျားဝိညာဉ်အပေါ်ရှိ ထိတ်လန့်မှုကို အောင့်အီးကာ ရှေ့သို့တိုး၍ ကျားပေါ်မှ ဆင်းလာသော ချန်ကျိုးကို တွဲပေးလိုက်သည်။
လော့ယွီမင် သည်လည်း မိမိ၏ အင်္ကျီကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်ပြီး မျက်နှာတွင် ဖားပြုံးလေး ချက်ချင်း လဲလှယ်ကာ ရှေ့သို့ တိုး၍ ယဉ်ကျေးစွာ ပြောလိုက်သည်။
"ဆရာကြီးချန်လည်း ကြွလာတာပဲ၊ ခင်ဗျား အရင် ကြွပါဦး"
"ကိတ်မုန့်ကော"
ချန်ကျိုးသည် ပထမဆုံးအချိန်၌ပင် အဓိကအချက်ကို ဖမ်းဆွဲလိုက်မိသည်။
"အထဲမှာ ခင်ဗျားအတွက် ပြင်ဆင်ထားပါတယ်"
ချန်ကျိုးသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ပြီး ထိုအခါမှသာ ဘေးနားရှိ လော့ယွီမင် နှင့် နန်ရန်ဇီတို့ကို သတိပြုမိတော့သည်။
"အဘိုးကြီး၊ ငါတို့တွေ တစ်နေရာရာမှာ တွေ့ဖူးကြလား"
ချန်ကျိုးသည် နန်ရန်ဇီ၏မျက်နှာကို အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရသည်။
နန်ရန်ဇီ မျက်နှာတွင် အရှက်ရစရာ ပြုံးလေး ပေါ်ထွက်လာပြီး "ဆရာကြီးချန်၊ ပြီးခဲ့တဲ့အကြိမ်က ခင်ဗျား ဝိညာဉ်ချုပ် ထိန်းရေးဌာနကို ဧည့်သည်အဖြစ် ကြွလာတုန်းက ဒီတာအိုအဖိုးကြီးနဲ့ တွေ့ဖူးပါတယ်" ဟု ပြောလိုက်သည်။
ဂုဏ်သိက္ခာရှိသော ပဉ္စမအဆင့် နန်ချောင်ကျင့်စဉ် ကျင့်ကြံသူကြီးတစ်ဦးက ချန်ကျိုး၏ ရှေ့မှောက်တွင် တစ်ကွက်မျှပင် မခံခဲ့ရသဖြင့် နန်ရန်ဇီသည် မျက်နှာလေး အနည်းငယ် ပူလာရရှာသည်။
"အော်၊ မင်းကိုး၊ မင်းရဲ့ မုတ်ဆိတ်မွေးပေါ်က ကျစ်ဆံမြီးက ဘာလို့ မရှိတော့တာလဲ၊ ငါ မင်းကို ပြောမယ်....မင်းက မုတ်ဆိတ်မွေးကို ကျစ်ဆံမြီးလေး ကျစ်ထားတာကမှ ပိုကြည့်ကောင်းတာ၊ နောက်တစ်ခေါက်ကျရင် ငါ မင်းအတွက် ပုံစံအသစ် ထပ်လုပ်ပေးမယ်"
ခဏချင်းအတွင်းမှာပင် ချန်ကျိုးသည် စတော်ဘယ်ရီကိတ်မုန့် တစ်ပန်းကန်ကို ကိုင်ဆောင်ကာ အလောင်းကောင်ရှိရာ လူနာဆောင်အတွင်း၌ ပေါ်လာခဲ့သည်။ အခန်းတွင်း၌ ဝိညာဉ်ချုပ်ထိန်းရေးဌာနမှူး လော့ယွီမင် ၊ နန်ချောင်ကျင့်စဉ် ကျင့်ကြံသူ နန်ရန်ဇီနှင့် ကျင်ဟိုင်ဆေးရုံအုပ် ဆွန်ထုန် တို့ ရပ်နေကြ၏။
ဤအရာသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ နောက်ဆုံး မွမ်းမံထားသော သက်မဲ့အလောင်း ဖြစ်သည်။ အလောင်းကောင်နှင့် နာမ်ခန္ဓာသည် ရာခိုင်နှုန်းပြည့် ပေါင်းစည်းနေပြီး ခွဲထုတ်၍မရချေ။ ခန္ဓာကိုယ်ကို သိုလှောင်ကန်အဖြစ် ပြုလုပ်ပြီး နာမ်ခန္ဓာကို အာဟာရအဖြစ် အသုံးပြုကာ ကူပိုးကောင်များကို မွေးမြူထားခြင်း ဖြစ်သည်။
ကူပိုးကောင်က နာမ်ခန္ဓာကို တစ်စက်မကျန် ဝါးမြိုခြင်းမပြုမီတွင် အလောင်းကောင်သည် ပုံစံပြောင်းလဲ၍ ပြန်လည်အသက်ရှင်လာလိမ့်မည်။ ကူပိုးကောင်များ၏ ရှင်သန်နှုန်းကို မြှင့်တင်ရန်အတွက် အရှင်လတ်လတ် ကူပိုးကောင်ထည့်ခြင်း ဖြစ်ရာ ပိုးကောင်သေလျှင် ဝိညာဉ်ပါ ပျက်စီးမည်ဖြစ်ပြီး နာမ်ခန္ဓာ ဝါးမြိုခံရပြီးပါက နာမ်မဲ့အလောင်းကောင်သည် သက်မဲ့အလောင်း ဖြစ်လာလိမ့်မည်။ ထိုအခါ ကူပိုးကောင်သည် နောက်ထပ် ပစ်မှတ်ကို ရှာဖွေ၍ ဥအသစ်များ ဥလိမ့်မည်။
ချန်ကျိုးသည် စတော်ဘယ်ရီကိတ်မုန့်ကို အလွန်စွဲလန်းနေသဖြင့် ခက်ရင်းကို အသုံးမပြုတော့ဘဲ ကိတ်မုန့်ကို လှမ်းကိုင်ကာ တစ်လုတ်တည်းဖြင့် ကိုက်စားလိုက်ရာ နှာခေါင်းထိပ်နှင့် ပါးစပ်ဘေးတို့တွင် ခရမ်များ ပေကျံကုန်တော့သည်။ သူသည် ပါးစပ်ထဲမှ လျှာကို ဆန့်ထုတ်ကာ ပါးစပ်ဘေးကို လျက်လိုက်သော်လည်း ခရင်များ သန့်စင်မသွားသည့်အပြင် ပိုမို၍ပင် ပျံ့နှံ့သွားခဲ့ချေသည်။
"ဆရာကြီး၊ ဆရာကြီး၊ ခင်ဗျား ဘာများ မြင်ပါသလဲ"
ဆွန်ထုန်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
လော့ယွီမင်သည်လည်း နန်ရန်ဇီ၏ ပါးစပ်မှတစ်ဆင့် အချက်အလက်အချို့ကို သိရှိထားသဖြင့် ချန်ကျိုး၏ စကားကို စောင့်ဆိုင်းနေမိသည်။
ချန်ကျိုးသည် မျက်ခုံးကို တွန့်ကာ မျက်လုံးကို မှေးလိုက်သည်။
"ဒီလူက အသက်ရှင်နေတုန်းက တစ်စုံတစ်ယောက်က သူ့ကို ကူပိုးကောင်ထည့်ခဲ့တာပဲ၊ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ကူပိုးကောင်တစ်ကောင် မွေးထားတယ်၊ ကူပိုးကောင် သေရင် သူ့ရဲ့ ဝိညာဉ်လည်း မရှိတော့ဘူး၊ ကူပိုးကောင် အသက်ရှင်ရင် သူ့ရဲ့ ဝိညာဉ်ကို စားလိမ့်မယ်”
“သူ့ဝိညာဉ်ကို စားပြီးသွားရင် သူက တကယ့် သက်မဲ့အလောင်း ဖြစ်လာလိမ့်မယ်၊ ကူပိုးကောင်ကလည်း နောက်ထပ် ပစ်မှတ်ကို ရှာပြီး ကူပိုးကောင်အသစ်တွေ ထပ်ဥလိမ့်မယ်၊ ပြီးမှ ကူပိုးကောင်အဟောင်းက သေသွားမှာ"
ချန်ကျိုးသည် ဆန်းပြားလှသော လည်ပတ်မှုအဆင့်ဆင့်ကို မိမိမျက်စိဖြင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့်နှယ် အလွယ်တကူ ပြောဆိုလိုက်ချေသည်။
ဆွန်ထုန်မှာမူ သက်မဲ့အလောင်း ဟူသော စကားလုံးကိုသာ နားလည်နိုင်ပြီး ဤစကားလုံး သုံးလုံးတည်းနှင့်တင် အလွန်ထိတ်လန့်စရာ ကောင်းနေပြီ ဖြစ်သည်။
ဝိညာဉ်ချုပ်ထိန်းရေးဌာနသည် တစ်နှစ်ပတ်လုံး သရဲမိစ္ဆာများနှင့် ပတ်သက်နေရသဖြင့် ဤအချက်ကို ကြားသည်နှင့် ချက်ချင်း သဘောပေါက်သွားခဲ့သည်။
"ဒါဆိုရင် ဒီကူပိုးကောင်ကို အလောင်းထဲကနေ ထုတ်လို့ ရမလား"
လော့ယွီမင်က မေးလိုက်သည်။
ဗုန်း
ကုတင်ပေါ်ရှိ အလောင်းကောင်မှာ ငြိမ်မနေတော့ဘဲ မည်သည့်အထောက်အပံ့မျှမရှိဘဲ ကိုယ်ကိုထိုင်လိုက်ပြန်သည်။ ကိုယ်ပေါ်တွင်မူ အဝါရောင် အဆောင်လက်ဖွဲ့ ကပ်ထားလျက်ပင် ရှိနေဆဲ ဖြစ်ကာ မျက်လုံးနှစ်လုံးမှာ ဝိုင်းစက်နေအောင် ပွင့်လာပြီး သူငယ်အိမ် အပေါ်အောက်ရှိ မျက်မှန်ဖြူများပါ ထွက်ပေါ်လာချေသည်။
ချန်ကျိုးကမူ အနည်းငယ်မျှ ဂရုမစိုက်ဘဲ ပါးစပ်ထောင့်ရှိ ခရင်များကို ဆက်လက်လျက်နေသည်။
"မင်းတို့ လူသားတွေရဲ့ စည်းကမ်းအရဆိုရင်တော့ မရဘူး၊ ကူပိုးကောင်ကို ထုတ်လိုက်တာက သူ့ရဲ့ နာမ်ခန္ဓာ ဝိညာဉ်ပျက်စီးသွားတာကို မျက်စိမှိတ် ကြည့်နေရတာနဲ့ အတူတူပဲ၊ ဒါက လူမပီသဘူး၊ ကယ်လို့ လူအရှင်လတ်လတ်ကို ကူပိုးကောင်ထည့်တာဆိုရင် ပိုပြီးတော့တောင် ရက်စက်သေးတယ်၊ ကူပိုးကောင်ကိုထုတ်တာက အသက်ကို သတ်တာနဲ့ အတူတူပဲ"
ချန်ကျိုးက ရှင်းပြလိုက်သည်။
ဆံပင်ဖြူတာအိုဆရာကြီး နန်ရန်ဇီ လောသွားခဲ့သည်။
"ဒါလည်း မရ၊ ဟိုဟာလည်း မရနဲ့၊ ဒီအတိုင်း ပစ်ထားလို့တော့ မဖြစ်ဘူးမလား"
"အူကြောင်ကြောင်နိုင်လိုက်တာ၊ မင်းတို့မှာ ဒီလောက်တောင် လူသားဆန်တဲ့ စည်းကမ်းတွေ အများကြီး ရှိနေလို့ပဲ၊ ကောင်းကင်မိစ္ဆာဂိုဏ်းက မင်းတို့ကို ကိုယ်တိုင်ရွေးခိုင်းတာ၊ ဘယ်လမ်းကိုပဲ ရွေးရွေး ကိုယ်ကျင့်တရားနဲ့ ဆန့်ကျင်နေတာပဲ"
ချန်ကျိုးသည် တည်တည်တံ့တံ့ဖြင့် စကားပြောနေသော်လည်း သူ၏ ပါးစပ်ပေါ်ရှိ ခရင်များကမူ ထိုသို့ဖြစ်ခွင့်မပေးချေ။
လော့ယွီမင် ခေါင်းညိတ်လိုက်သည်။
"ဒါ ကောင်းကင်မိစ္ဆာဂိုဏ်း၏ လုပ်ထုံးလုပ်နည်းနဲ့ တူတယ်၊ သူတို့က ငါတို့ ဝိညာဉ်ချုပ်ထိန်းရေးဌာနကို လူအများရဲ့ ပြစ်တင်ရှုတ်ချခြင်း ခံရအောင် လုပ်ချင်တာပဲ၊ ဘယ်လမ်းကိုပဲ ရွေးရွေး ရက်စက်တာပဲ ဖြစ်လိမ့်မယ်၊ ငါတို့မှာ ရွေးချယ်စရာ လမ်းတစ်လမ်းပဲ ရှိတော့တယ်၊ ကူပိုးကောင်က သူ့ရဲ့ နာမ်ခန္ဓာကို တစ်စက်မကျန် ဝါးမြိုပြီး နောက်ထပ် သားကောင်ကို မရှာဖွေခင်မှာ ကူပိုးကောင်ကို ဖမ်းဆွဲရမယ်"
ဤတစ်ခုတည်းသော ရွေးချယ်မှုသည် ကောင်းမွန်သော ရွေးချယ်မှုတစ်ခု မဟုတ်ချေ။ နောက်ဆုံးအဆင့်တွင် သက်မဲ့အလောင်း နှင့် ထိတွေ့ရမည့်သူ အားလုံးသည် ကူပိုးကောင်၏ ပစ်မှတ် ဖြစ်လာနိုင်ခြေ ရှိပေသည်။
ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးခင်မှာပင် အမှတ် ၃၇ အံဆွဲထဲရှိ အလောင်းကောင်သည် ကိုယ်ကိုထိုင်လိုက်ချေသည်။
၎င်းမှာ အမျိုးသားအလောင်းတစ်လောင်း ဖြစ်ပြီး ကိုယ်ပေါ်တွင် ရေခဲစအနည်းငယ် ကပ်ငြိနေဆဲ ဖြစ်၏။
အဘိုးအိုကျန်းသည် အခြေအနေ မဟန်တော့မှန်း သိရှိသွားသဖြင့် တိုးတိုးတိတ်တိတ် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်သည်။
အမျိုးသားအလောင်း၏ လည်ပင်းမှ 'ကလောက် ကလောက်' ဟူသော အသံ ထွက်ပေါ်လာပြီး ညိုမည်းသေဆုံးနေ သော မျက်နှာသည် အဘိုးအိုကျန်းရှိရာ ဘက်သို့ လှည့်လာခဲ့သည်။ နှုတ်ခမ်းနှင့် အရေပြားမှာ အရောင်တစ်ခုတည်း ဖြစ်နေပြီး သေဆုံးနေသော မျက်လုံးအိမ်နှစ်ခု၏ ပတ်ဝန်းကျင်တွင်သာ နီရဲသော အရောင်များ ထွက်ပေါ်နေချေသည်။
ရင်ခွဲရုံရှိ မီးလုံးသည် တဖျတ်ဖျတ် ဖြစ်လာပြီး ခဏချင်းအတွင်းမှာပင် ငြိမ်းသွားခဲ့တော့သည်။
အဘိုးအိုကျန်းသည် လမ်းတစ်လျှောက်လုံး အော်ဟစ်ငိုကြွေးရင်း ရင်ခွဲရုံပြင်ပသို့ ထွက်ပြေးသွားခဲ့လေသည်။
အမျိုးသားအလောင်းသည် အလောင်းအံဆွဲထဲမှ တွားထွက်လာပြီး ရင်ခွဲရုံပြင်ပသို့ လှမ်းထွက်လာခဲ့သည်။ မျက်လုံးများကို ဖွင့်ထားသော်လည်း သူငယ်အိမ်မှာမူ လှုပ်ရှားမှုမရှိဘဲ မျက်ကြည်လွှာအတွင်း၌ သေဆုံးခြင်း အငွေ့အသက်များ ပြည့်နှက်နေ၏။
ရင်ခွဲရုံအဆောက်အအုံမှ ထွက်ခွာလာပြီးနောက် အမျိုးသားအလောင်းသည် တောင့်တင်းစွာဖြင့် ကောင်းကင်ယံရှိ လမင်းကြီးကို မော့ကြည့်လိုက်ပြီးနောက် လူနာဆောင်အဆောက်အအုံဘက်သို့ ဦးတည်သွားခဲ့ချေသည်။
ဓာတ်လှေကားကို စီးနင်းကာ စတုတ္ထထပ်ကို နှိပ်လိုက်သည်။
ဓာတ်လှေကားတံခါး ပိတ်ခါနီးတွင် ပထမထပ်ခန်းမမှ သူနာပြုနှစ်ဦးသည် အပြေးအလွှား ရောက်ရှိလာကြ၏။
"အယ်၊ ဓာတ်လှေကား၊ ကျွန်မတို့ကို ခဏလောက် စောင့်ပါဦး"
ဓာတ်လှေကားအတွင်းရှိ အမျိုးသားအလောင်းသည် လက်ကိုဆန့်ထုတ်ကာ ပိတ်လုဆဲဆဲ ဖြစ်နေသော ဓာတ်လှေကားကို တားဆီးပေးလိုက်သည်။
သူနာပြုနှစ်ဦးသည် ဆေးဝါးဗန်းကို ကိုင်ဆောင်ကာ အမောတကောဖြင့် ဓာတ်လှေကားအတွင်းသို့ ဝင်ရောက်လာကြ၏။
သူနာပြုတစ်ဦးက ယဉ်ကျေးစွာဖြင့် "ကျေးဇူးတင်ပါတယ်" ဟု ပြောလိုက်သည်။
သူမသည် ခေါင်းမော့လိုက်ရာ အမျိုးသားအလောင်း၏ သူငယ်အိမ်၊ ဟာလာဟင်းလင်း ဖြစ်နေသော အကြည့်များနှင့် ဖြူဖျော့လှသော အရေပြားတို့နှင့် ထိပ်တိုက်တွေ့ဆုံသွားရတော့သည်။
နောက်ထပ် သူနာပြုတစ်ဦးက သတ္တမထပ်ခလုတ်ကို နှိပ်လိုက်ရင်း တစ်ကိုယ်လုံး တုန်ရင်သွားကာ "ထူးဆန်းတယ်၊ ဓာတ်လှေကားထဲမှာ ဘာလို့ ဒီလောက်တောင် အေးနေရတာလဲ" ဟု ပြောလိုက်မိချေသည်။