အခန်း ၅၀
Vol. 5 Ch. 50
Chapter 50
ကုတင်ပေါ်ရှိ အလောင်းကောင်သည် ဦးခေါင်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီး ဝိုင်းစက်နေသော မျက်လုံးအိမ်နှစ်ခုဖြင့် လော့ယွီမင်ကို စိုက်ကြည့်နေသည်။ သူသည် နာမ်ခန္ဓာ ရှိနေသလို အသိစိတ်လည်း ရှိနေချေသည်။ သူ လူကို မတိုက်ခိုက်ရခြင်းမှာ ကိုယ့်ကိုကိုယ် ဤလူ့လောကတွင် ရက်အနည်းငယ်ခန့် ပိုမို၍ အသက်ရှင် နေထိုင်နိုင်ရန်အတွက်သာ ဖြစ်ပေသည်။
သေဆုံးသွားခြင်းကို နည်းလမ်းမျိုးစုံဖြင့် မလိုလားကြသူများ အမြဲတစေ ရှိနေတတ်ကြရာ ကောင်းကင်မိစ္ဆာဂိုဏ်းသည် လူသားတို့၏ ဤကဲ့သို့သော စိတ်နေသဘောထားကို ဖမ်းဆွဲ၍ လူအရှင်လတ်လတ်ကို ကူပိုးကောင်ထည့်ခဲ့ခြင်း ဖြစ်သည်။
ကူပိုးကောင်တစ်ကောင်သည် နာမ်ခန္ဓာတစ်ခုကို ဝါးမြိုရန် သုံးလမှ ခြောက်လအထိ ကြာမြင့်တတ်သည်။ ဤအချိန်ကာလအတွင်း အလောင်းကောင်ကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သရွေ့ ဤကမ္ဘာမြေတွင် သုံးလမှ ခြောက်လအထိ ပုံစံပြောင်းလဲ၍ နေထိုင်သွားနိုင်ပေသည်။
ချန်ကျိုးသည် ခရင်များ ပေကျံနေသော လက်ကို ဆန့်ထုတ်ကာ အလောင်းကောင်၏ နဖူးပြင်ပေါ်ရှိ အဝါရောင် အဆောင်လက်ဖွဲ့ကို အသာအယာ ဖိနှိပ်လိုက်သည်။
စနစ်အဆောင်လက်ဖွဲ့ ပြောင်းလဲခြင်း၊ ဝိညာဉ်အေးချမ်းရေးအဆောင်လက်ဖွဲ့မှ ဝိညာဉ်ချုပ်အဆောင်လက်ဖွဲ့သို့ ပြောင်းလဲသည်။
အဆောင်လက်ဖွဲ့ပေါ်ရှိ ဝိညာဉ်အေးချမ်းရေး စာသားများသည် လျင်မြန်စွာ ပြန်လည်ဖွဲ့စည်းသွားပြီး ဝိညာဉ်ချုပ်အဆောင်လက်ဖွဲ့တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေသည်။
အလောင်းကောင်သည် မျက်လုံးနှစ်လုံးကို ပိတ်ကာ ကုတင်ပေါ်သို့ ပြန်လည်လဲကျသွားခဲ့ပြီး အလွန်ငြိမ်သက်သွားခဲ့၏။
ဆေးရုံအုပ် ဆွန်ထုန်သည် မည်သည့်အရာကိုမျှ မြင်တွေ့နိုင်ခြင်းမရှိသော်လည်း လော့ယွီမင်နှင့် နန်ရန်ဇီတို့မှာမူ မျက်လုံးကြီးများ ဝိုင်းစက်သွားကြရတော့သည်။
၎င်းတို့နှစ်ဦးထဲမှ တစ်ယောက်က ချန်ကျိုးနှင့် တိုက်ခိုက်ဖူးပြီး တစ်ယောက်ကမူ ချန်ကျိုး၏ စွမ်းရည်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူဖြစ်သည်။ ၎င်းတို့သည် ချန်ကျိုး၏ ခွန်အားမှာ အလွန်ထူးဆန်းပြီး ရန်သူထက် အမြဲတမ်း အနည်းငယ်မျှသာ ပိုမိုမြင့်မားနေတတ်သည်ဟု တညီတညွတ်တည်း တွေးတောမိကြသည်။
သို့သော်လည်း ယခုကဲ့သို့ အဆောင်လက်ဖွဲ့တစ်ခုကို အခြားအဆောင်လက်ဖွဲ့တစ်ခုအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည့် နည်းလမ်းမျိုးမှာမူ ၎င်းတို့၏ စိတ်ကူးစိတ်သန်းများကိုပင် ကျော်လွန်နေချေပြီ။
ချန်ကျိုးသည် စတော်ဘယ်ရီကိတ်မုန့်၏ နောက်ဆုံးတစ်လုပ်ကို စားသောက်ပြီးနောက် ပါးစပ်ပတ်ဝန်းကျင်ရှိ ခရင်များကို လက်ညှိုးဖြင့် ကုတ်ခြစ်၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူသည် ပါးစပ်ကို စုပ်ရင်း "ဒီကိစ္စကတော့၊ နည်းနည်း ပြဿနာရှိတယ်" ဟု ပြောလိုက်၏။
[စနစ်သတိပေးချက် : Host အနေဖြင့် အလောတကြီး ကတိမပေးပါနဲ့]
အခန်းတွင်းရှိ မျက်လုံးအစုံစုံတို့သည် တိုက်ဆိုင်စွာဖြင့် ချန်ကျိုးထံသို့ လှမ်းကြည့်လိုက်ကြသည်။
‘နည်းနည်း ပြဿနာရှိတယ်’
နည်းနည်း ပြဿနာရှိတယ်ဟူသော အဓိပ္ပာယ်မှာ ဖြေရှင်းလို့ ရနိုင်သည် မဟုတ်ပါလား။
"ဆရာကြီးချန်၊ ခင်ဗျားမှာ ဘာနည်းလမ်းကောင်း ရှိပါသလဲ" လော့ယွီမင်က လွှတ်ခနဲ မေးမြန်းလိုက်သည်။
စက္ကူပန်းကန်ပြားကို လျက်နေသော ချန်ကျိုးသည် လူအများရှေ့မှောက်သို့ လက်ချောင်းများကို ပွတ်သပ်ပြလိုက်၏။
အားလုံးက ကြုံဖူးနေကြသူများဖြစ်ရာ ချန်ကျိုး၏ ဤလက်ဟန်အမူအရာက ဘာကိုဆိုလိုမှန်း မည်သူက မသိဘဲ နေပါ့မည်နည်း။
ပိုက်ဆံတောင်းနေခြင်း ဖြစ်ပေသည်။
‘မင်းက စိတ်ရောဂါသည်တစ်ယောက် ဖြစ်နေပြီးတော့ ပိုက်ဆံတွေ ဒီလောက်အများကြီးကို ဘာလုပ်ဖို့လဲ’ ဟု တွေးမိကြသည်။
ဆွန်ထုန်က သတိကြီးစွာဖြင့် "တစ်ရာလား" ဟု မေးလိုက်သည်။
ချန်ကျိုးက ခေါင်းယမ်းလိုက်ပြီး လောဘတကြီးဖြင့် ပါးစပ်ကို ဖြဲကာ "ဂဏန်းလေးလုံး" ဟု ဆိုလိုက်၏။
"တစ်ထောင်လား"
ချန်ကျိုးက ခေါင်းညိတ်ပြလိုက်သည်။
ဆွန်ထုန်၏ နှလုံးသားလေးမှာ အနည်းငယ် စိတ်အေးသွားခဲ့ရသည်။ တစ်ထောင်ဟူသော ပမာဏမှာ မများလှချေ။ ဈေးကွက်ထဲရှိ ဝိညာဉ်ချုပ်ထိန်းပြီး မိစ္ဆာနှိမ်နင်းပေးတတ်သော လေလွင့်ကျင့်ကြံသူများနှင့် ယှဉ်ကြည့်ပါက ၎င်းတို့က အချိန်မရွေး သောင်းဂဏန်း တောင်းဆိုတတ်ကြသဖြင့် ချန်ကျိုး၏ တစ်ထောင်မှာ အလွန်ပင် လူသားဆန်လှပေသည်။
စိုးရိမ်ရသည်မှာ ချန်ကျိုး၏ ဈေးနှုန်းတက်သည့်နှုန်းက အလွန်မြန်ဆန်လွန်းလှသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကတင် တစ်ရာသာ လိုအပ်ခဲ့ခြင်းဖြစ်ရာ ကယ်လို့ ဤနှုန်းအတိုင်း ဆက်လက်တက်နေပါက နောင်တွင် မည်သူက ဖိတ်ခေါ်နိုင်တော့ပါ့မည်နည်း။
ပြန်တွေးကြည့်ပြန်လျှင်လည်း ဤပိုက်ဆံကို မပေးဘဲ နေလို့ရပါ့မည်လော။
သရဲမိစ္ဆာများကို အထူးနှိမ်နင်းတတ်သော ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ ဂုဏ်သိက္ခာရှိသော ဌာနမှူးကြီးပင်လျှင် ဤနေရာတွင် အူကြောင်ကြောင်ဖြင့် ရပ်နေရသည် မဟုတ်ပါလော။
ဆွန်ထုန်သည် ပိုက်ဆံတစ်ထောင်ကို အမြန်သွားရောက်ယူဆောင်လာခဲ့ပြီး လက်နှစ်ဖက်ဖြင့် ချန်ကျိုး၏ လက်ထဲသို့ လှမ်းပေးလိုက်သည်။
ချန်ကျိုးသည် မည်သူ့ကိုမျှ မယုံကြည်သည့် အမူအရာဖြင့် လူအများရှေ့မှောက်တွင် ပိုက်ဆံကို ရေတွက်လိုက်ပြီး ပြဿနာမရှိကြောင်း သေချာမှသာ မိမိ၏ အိတ်ကပ်အတွင်းသို့ ထည့်လိုက်ချေသည်။
တကယ့် စွမ်းရည်အစစ်အမှန်ကို ပြသရမည့် အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ချန်ကျိုးသည် အလောင်းကောင်၏ ကိုယ်ပေါ်ရှိ အဆောင်လက်ဖွဲ့ အားလုံးကို ဆွဲခွာပစ်လိုက်၏။
အလောင်းကောင်သည် အသိစိတ်အရ ဆတ်ခနဲ ထထိုင်လိုက်ပြီး ဝိုင်းစက်နေသော မျက်လုံးနှစ်လုံးကို ဖွင့်လိုက်သည်။
ချန်ကျိုးသည် ညာလက်၏ လက်ညှိုးနှင့် လက်ခလယ်ကို ပူးကပ်လိုက်ပြီး အလောင်းကောင်၏ နဖူးပြင်နေရာသို့ စိတ်အလိုကျ တို့ထိလိုက်၏။
[စနစ်နည်းပညာမြှင့်တင်မှု : ဝိညာဉ်ချုပ်ခြင်း]
အလောင်းကောင်၏ ပွင့်လာသော မျက်လုံးများသည် တရွေ့ရွေ့ဖြင့် ပြန်လည်ပိတ်သွားခဲ့ချေသည်။
ချန်ကျိုးသည် လက်ထဲတွင် ဆေးဝါးများ ထည့်ထားဖူးသော ဖန်ပုလင်းအလွတ်တစ်လုံးကို ကိုင်ဆောင်ထားရင်း မိမိ၏ လက်ညှိုးကို ကြည့်လိုက်ပြီးနောက် တွေဝေစွာဖြင့် လော့ယွီမင်း၏ လက်ညှိုးကို လှမ်းကြည့်လိုက်သည်။
တွေဝေနေစဉ်မှာပင် စနစ်သည် ချန်ကျိုး၏ လက်ညှိုးပေါ်တွင် ဒဏ်ရာတစ်ခုကို ဖြတ်တောက်လိုက်ရာ လက်ညှိုးပေါ်မှ သွေးစက်ကလေးတစ်စက် ထွက်ပေါ်လာခဲ့သည်။
ချန်ကျိုးသည် အသိစိတ်အရ လက်ကို ဝှေ့ယမ်းလိုက်ရာ စနစ်၏ ကူညီမှုကြောင့် ထိုသွေးစက်သည် အလောင်းကောင်၏ နဖူးတည့်တည့်သို့ ကွက်တိ ကျဆင်းသွားခဲ့ချေသည်။
လက်ညှိုးကိုသာ အာရုံစိုက်နေသော ချန်ကျိုးသည် မိမိ၏ လက်ညှိုးမှာ ကောင်းမွန်နေဆဲဖြစ်ပြီး ဒဏ်ရာရရှိထားခြင်း မရှိသည်ကို တွေ့ရှိသွားခဲ့သည်။
ထိုနေရာတွင် ရှိနေကြသော လူအားလုံးသည် ဆရာကြီး၏ အစီအမံများကို နှောင့်ယှက်မိမှာ စိုးရိမ်သဖြင့် အသံတစ်ချက်ပင် မပြုလုပ်ဝံ့ကြချေ။
ဤကဲ့သို့ တည်ငြိမ်လှသော အခြေအနေအောက်တွင် ဖြစ်သည်။
ချန်ကျိုးသည် ဘယ်ခြေထောက်ဖြင့် လူနာကုတင်ပေါ်သို့ နင်းလိုက်ပြီး ညာလက်ဖြင့် ဖန်ပုလင်းကို ကိုင်မြှောက်ကာ ဦးခေါင်းထက်တွင် ထားရှိလိုက်သည်။
"ငါ မင်းကို တစ်ချက်ခေါ်မယ်၊ မင်း ထူးရဲလား"
လော့ယွီမင် စကားမဲ့သွားရသည်။
နန်ရန်ဇီလည်း စကားမဲ့သွားရချေသည်။
ဆွန်ထုန်သည်လည်း စကားမဲ့သွားရတော့သည်။
ဒါက ဘယ်ကလာတဲ့ ဂါထာမန္တန်လဲ၊ ဆော့ကစားနေတာလား ဟု တွေးမိကြသည်။
လူအများ သံသယဝင်နေကြစဉ်မှာပင် အလောင်းကောင်၏ နဖူးပြင်ပေါ်ရှိ သွေးစက်ကလေးထံမှ သေးငယ်လှသော သွေးမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ချန်ကျိုး၏ လက်ထဲက ပုလင်းအလွတ်အတွင်းသို့အထိ သွယ်တန်းသွားသည်ကို မြင်တွေ့လိုက်ကြရသည်။
ထိုအလောင်းကောင်ကို ထပ်မံကြည့်ရှုလိုက်ရာ အရေပြားအောက်တွင် အရာတစ်ခု ရွေ့လျားနေသည်မှာ အလွန်သိသာလှပေသည်။ ရွေ့လျားနေသော ဦးတည်ရာမှာ နဖူးပြင်တည့်တည့်ပင် ဖြစ်၏။
လူနာဆောင်အတွင်းရှိ လူအားလုံးသည် အသက်ပင် ပြင်းပြင်းမရှူဝံ့ကြချေ။
ချန်ကျိုးတစ်ဦးတည်းသာ အသံကို တစ်ချက်ထက်တစ်ချက် ပိုမိုမြှင့်တင်၍ အော်ဟစ်နေသည်။
"ငါ မင်းကို တစ်ချက်ခေါ်မယ်၊ မင်း ထူးရဲလား"
"ငါ မင်းကို တစ်ချက်ခေါ်မယ်၊ မင်း ထူးရဲလား"
"ငါ မင်းကို တစ်ချက်ခေါ်မယ်၊ မင်း ထူးရဲလား"
မည်မျှကြာသွားသည်မသိ။ ထိုပိုးကောင်သည် အလောင်းကောင်၏ နဖူးပြင်နေရာသို့ ရွေ့လျား ရောက်ရှိလာခဲ့သည်။ လူအများ၏ အကြည့်အောက်တွင် နဖူးပြင်အရေပြားမှာ ပွင့်ဟသွားပြီး အတွင်းမှ သွေးမျှင်များ ကပ်ငြိနေသော အနက်ရောင် ပိုးကောင်တစ်ကောင် တွားထွက်လာခဲ့ချေသည်။ ပိုးကောင်ကိုယ်ထည်မှာ ကင်းမြီးကောက်နှင့်တူပြီး ကင်းခြေများကဲ့သို့ ခြေထောက်များစွာ ပါရှိနေသည်။ အစွယ်နှစ်ခုမှာ ထက်မြက်လှသဖြင့် လူ၏အရေပြားကို အလွယ်တကူ ညှပ်ဖြတ်နိုင်ပေသည်။
ကူပိုးကောင်၊ လူသားတို့၏ နာမ်ခန္ဓာဝိညာဉ်ကို ဝါးမြိုခြင်းဖြင့် အသက်ရှင်ပြီး နာမ်ခန္ဓာအတွင်းရှိ သရဲစွမ်းအင်များကို စုပ်ယူကာ မိခင်ကူပိုးကောင်ကို အာဟာရပြုသည်။
ရှင်းလင်းစွာ ပြောရလျှင် ၎င်းမှာ ကိရိယာတစ်ခုမျှသာ ဖြစ်ပေသည်။ ကိရိယာလူသား၊ ကိရိယာဝိညာဉ်နှင့် ကိရိယာကူပိုးကောင် ဖြစ်၏။
ထိုကူပိုးကောင်သည် တို့ဆေးမိနေသည့်နှယ် အလောင်းကောင်၏ နဖူးပြင်ပေါ်ရှိ သွေးလိုင်းအတိုင်း ချန်ကျိုး၏ လက်ထဲက ပုလင်းဘက်သို့ တွားသွားနေသည်။ လမ်းခုလတ်တွင် သွေးလိုင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ထိုကောင်လေး၏ ဟန်ချက်ထိန်းနိုင်စွမ်းက ကောင်းမွန်လှသဖြင့် ဘေးကင်းလုံခြုံစွာဖြင့် ပုလင်းအတွင်းသို့ တွားဝင်သွားခဲ့ချေသည်။
သို့သော်လည်း ကူပိုးကောင်၏ ကိုယ်ပေါ်တွင် ဖြူလွလွ အမျှင်တန်းတစ်ခု ချိတ်ဆွဲပါရှိနေသည်။
ချန်ကျိုးသည် ပို၍မစဉ်းစားတော့ဘဲ ထိုဖြူလွလွ အမျှင်တန်းကို တစ်ချက်တည်းဖြင့် ဆွဲဖြတ်ပစ်လိုက်ပြီး ပုလင်းအဖုံးကို ပိတ်ကာ စူးစမ်းလိုစိတ်ဖြင့် လှုပ်ခါနေတော့သည်။
ကုတင်ပေါ်ရှိ အလောင်းကောင်သည် ချက်ချင်းပင် အထောက်အပံ့ ဆုံးရှုးသွားကာ ဦးခေါင်းမှာ ကိုးဆယ်ဒီဂရီ နောက်သို့ လန်ကျသွားပြီး ပုခုံးများမှာလည်း ပြုတ်ကျသွားခဲ့ချေသည်။ အလောင်းကောင်သည် သက်မဲ့အရာတစ်ခုကဲ့သို့ ကုတင်အောက်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ရတော့သည်။
ကူပိုးကောင်၏ အထောက်အပံ့ မရှိတော့သဖြင့် အလောင်းကောင်အတွင်းရှိ နာမ်ခန္ဓာသည် စတင်တုန်လှုပ်လာခဲ့သည်။ ပုံရိပ်အမြောက်အမြားသည် တစ်ပြိုင်နက်တည်း ရုန်းကန်နေကြပြီး နာမ်ခန္ဓာတစ်ခုချင်းစီသည် ပြင်းထန်လှသော ဖျက်ဆီးခြင်းကို ခံနေရသည့်နှယ် ရှိတော့သည်။ မျက်နှာများမှာ လိမ်ကောက်နေပြီး အသည်းခိုက်မတတ် အော်ဟစ်ငိုကြွေးနေကြသော်လည်း ပြင်ပလူများအတွက်မူ အသံထွက်ပေါ်မလာခဲ့ချေ။
ယခုအချိန်တွင် အလောင်းကောင်သည် သံလှောင်အိမ်ကဲ့သို့ ဖြစ်နေပြီး ရုန်းမထွက်နိုင်။ ထွက်မပြေးနိုင်ဘဲ နာမ်ခန္ဓာ ဝိညာဉ်ပျက်စီးသွားသည်အထိ တောင့်ခံနေရုံသာ ရှိတော့သည်။
"နာမ်ခန္ဓာက အရမ်းပျံ့နှံ့နေပြီ၊ ဝိညာဉ်ကို တည်ငြိမ်အောင် လုပ်လို့မရတော့ဘူး၊ ဝိညာဉ်ပျက်စီးတော့မယ်" လော့ယွီမင်က အလောတကြီး ပြောလိုက်သည်။
[စနစ်အမိန့်ပေးချက် : လေလွင့်ဝိညာဉ်ကလေး၊ ရှေ့သို့ တက်စမ်း]
လေလွင့်ဝိညာဉ်ကလေးသည် ချန်ကျိုး၏ ခန္ဓာကိုယ်အတွင်းမှ မျောလွင့်ထွက်လာခဲ့သည်။ သူမသည် အနက်ရောင် ဂါဝန်ကို ဆင်မြန်းထားပြီး မျက်ဝန်းနှစ်စုံမှာ နီရဲလျက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် သရဲစွမ်းအင်များ ဝန်းရံနေချေသည်။ အခန်းတွင်းရှိ အပူချိန်မှာလည်း လျင်မြန်စွာ ကျဆင်းသွားခဲ့ရတော့သည်။
လေလွင့်ဝိညာဉ်ကလေးသည် လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော သရဲစွမ်းအင်များသည် အလောင်းကောင်ကို ဝန်းရံပိတ်ဆို့လိုက်ကြသည်။
‘ချန်ကျိုး၊ နင့်ရဲ့ ပိုက်ဆံတစ်ထောင်တော့ ထွက်ပြေးတော့မယ်’
"မရဘူး"
ချန်ကျိုးက အသိစိတ်အရ လက်ကိုဆန့်ထုတ်ကာ ငြင်းပယ်လိုက်သည်။
ချန်ကျိုး၏ လက်ဝါးအလယ်မှ မှိန်ဖျော့လှသော ရွှေမျှင်တန်းတစ်ခု ထွက်ပေါ်လာပြီး ထိုရွှေမျှင်တန်းသည် အလောင်းကောင်ထံသို့ ပျံ့နှံ့သွားကာ ငါးလိုင်းအဖြစ် ခွဲထွက်လျက် ခြေလက်လေးဖက်နှင့် ဦးခေါင်းတို့ကို အသီးသီး တင်းကျပ်စွာ ချည်နှောင်လိုက်ချေသည်။
နာမ်ခန္ဓာ ခန္ဓာကိုယ်မှ ခွဲထွက်ခြင်း။ အတင်းအဓမ္မ ပြုလုပ်သည်။
ရွှေမျှင်တန်းသည် လျင်မြန်စွာ ပြန်လည်ရုပ်သိမ်းသွားပြီး အလောင်းကောင်၏ နာမ်ခန္ဓာသည် ခန္ဓာကိုယ်မှ အရှင်လတ်လတ် ခွဲထွက်လာခဲ့ရတော့သည်။
နာမ်ခန္ဓာသည် ကူပိုးကောင်၏ ဝါးမြိုခြင်းကို အလွန်အမင်း ခံထားရပြီးဖြစ်ရာ လေလွင့်ဝိညာဉ်ကလေး၏ သရဲစွမ်းအင် ကာကွယ်မှုအောက်တွင် ရှိနေသည့်တိုင်အောင် နာမ်သုံးခုကို တစ်ခုတည်းအဖြစ် ပြန်လည်ဖွဲ့စည်းနိုင်ခြင်း မရှိတော့ချေ။
[စနစ်သတိပေးချက် : လိုအပ်သောအခြေအနေအောက်တွင် စနစ်သည် စွမ်းဆောင်ရည်မရှိသော Host အတွက် အမှန်ကန်ဆုံးသော ရွေးချယ်မှုကို ပြုလုပ်ပေးမည်ဖြစ်သည်]
စနစ်သည် ချန်ကျိုး၏ ခန္ဓာကိုယ်ကို လွှဲပြောင်းရယူသည်။
ချန်ကျိုးသည် ရုတ်တရက် မျက်ဝန်းများ တောင့်တင်းသွားပြီး ညာခြေထောက်ဖြင့် ဘယ်ခြေထောက်ကို ကျော်ဖြတ်ကာ တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ ညာလက်ဖြင့် နာမ်ခန္ဓာကို ဆွဲယူထားသည့် အမူအရာကို ထိန်းသိမ်းထားပြီး ဘယ်လက်ကိုမူ ရင်ဘတ်အရှေ့တွင် ချထားလျက် ပါးစပ်မှ တရားဂါထာများကို ရွတ်ဖတ်နေတော့သည်။
ထိုပုံစံမှာ တည်ငြိမ်လွန်းလှသဖြင့် ချန်ကျိုးနှင့် လုံးဝမတူချေ။
တကယ့် ချန်ကျိုးမှာမူ နာမ်ခန္ဓာသည် ခန္ဓာကိုယ်အတွင်း၌ ပိတ်ဆို့ခြင်း ခံလိုက်ရသဖြင့် စနစ်၏ လုပ်ဆောင်မှုများကို အံ့ဩစရာကောင်းစွာဖြင့် ကြည့်ရှုနေရတော့သည်။
"အယ်၊ ငါ ဘာလို့ ငါ့ခန္ဓာကိုယ်ကို စေခိုင်းလို့ မရတော့တာလဲ"