← Chapters

အခန်း ၁၈၄၆

Vol. 124 Ch. 1846

အခန်း ၁၈၄၆

Vol. 124 Ch. 1846

အခန်း (၁၈၄၆ )

သတ်ဖြတ်ခြင်းနယ်ပယ်နှင့် နယ်ပယ်ပင်လယ်

ဝူယာနတ်သခင်သည် တုံ့ဆိုင်းခြင်း အလျဉ်းမရှိပေ။ သူ၏ လက်ကို မြှောက်လိုက်ပြီး နောက်တစ်ခဏ၌ အနီးနားတွင် ပျံသန်းနေကြသည့် ရွှေနတ်များကို ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုအားတစ်ရပ်က ဝူယာနတ်သခင် ရှေ့မှောက်သို့ ဆွဲခေါ်လာခဲ့၏။

ဝူယာနတ်သခင်ထံမှ လာသော ဖိအားကို ခံစားလိုက်ရသည့် ထိုရွှေနတ်များ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများ ချက်ချင်း ထင်ဟပ်သွားကြ၏။ သို့သော် သူတို့အား သနားရန် မတောင်းပန်နိုင်သေးမီမှာပင် ခန္ဓာကိုယ်များ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ထက်၌ နတ်ဝိညာဉ်များ ဝဲပျံနေခဲ့၏။

ထိုရွှေနတ်များ၏ နတ်ဝိညာဉ်များ ထိတ်လန့်တုန်လှုပ်စွာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း နောက်တစ်ခဏ၌ ဝူယာနတ်သခင်က သူတို့အားလုံးအပါ် တစ်ပြိုင်နက်တည်း ဝိညာဉ်ရှာဖွေခြင်းအတတ် အသုံးပြုလိုက်သဖြင့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု သူတို့၏ နတ်ဝိညာဉ်များထဲသို့ ကျူးကျော်ဝင်ရောက်သွား၏။

ထိုသို့ဖြင့် လျှို့ဝှက်လဝန်းနန်းတော်၏ အပြင်စည်းတပည့်များအား ဝိညာဉ်ရှာဖွေခြင်းမှတစ်ဆင့် အရိုင်းနယ်မြေသို့ ရောက်ရှိပြီးနောက် လျှို့ဝှက်လဝန်းနန်းတော် လုပ်ဆောင်နေခဲ့သည့် အရာများကို ဝူယာနတ်သခင် သိသွားတော့သည်။

ဝူယာနတ်သခင် အေးစက်စွာ ရယ်မောလိုက်၏။ နောက်တစ်ခဏ၌ ထိုရွှေနတ်များ၏ နတ်ဝိညာဉ်များ ပြာမှုန့်အဖြစ်သို့ ပြောင်းလဲကာ လေထုထဲ၌ လွင့်စင်ပျောက်ကွယ်သွားကြတော့သည်။

လျှို့ဝှက်လဝန်းနန်းတော်သည် အရိုင်းနယ်မြေတွင် ဤမျှမြန်ဆန်စွာ ခြေကုပ်ယူနိုင်လိမ့်မည်ဟု ဝူယာနတ်သခင် မျှော်လင့်မထားခဲ့မိပေ။ နဂါးနယ်မြေ၌ အနည်းဆုံး နတ်သခင် နှစ်ပါး၏ အငွေ့အသက်ကို သူ ရှင်းလင်းစွာ ခံစားသိနိုင်သော်လည်း လျှို့ဝှက်လဝန်းနန်းတော်သည် ထိုနေရာတွင် သူတို့၏ သြဇာအာဏာကို ချဲ့ထွင်ရန် ဝံ့ရဲနေခြင်းကို ထိုနတ်သခင်များက ခပ်အေးအေးပင် သဘောထားနေကြသည်။

သူခံစားမိသည့် နတ်သခင်နှစ်ပါးအနက်၏ တစ်ပါးအငွေ့အသက်မှာ အမှန်စင်စစ် ယွမ်ယုတိ ထံမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း ဝူယာနတ်သခင် မသိခဲ့ပေ။ သူခံစားမိသည့် နတ်သခင်နှစ်ပါးမှာ အရိုင်းနယ်မြေ၏ ဒေသခံ နတ်သခင်များသာ ဖြစ်လိမ့်မည်ဟုသာ ထင်မှတ်နေခဲ့ခြင်းဖြစ်၏။

အတွေးများကို ပြန်လည်သုံးသပ်ကြည့်ပြီးနောက် ထိုနတ်သခင်များသည် သက်တမ်းကုန်ဆုံးခါနီးဖြစ်သဖြင့် ဒုက္ခမရှာလိုကြတော့ပဲ လျှို့ဝှက်လဝန်းနန်းတော် လုပ်ဆောင်နေသည့် အရာများကို စိတ်မဝင်စားကြခြင်း ဖြစ်နိုင်သည်ဟု ဝူယာနတ်သခင် တွေးတောမိ၏။ အကယ်၍ ထိုသို့သာဆိုလျှင် သူ အလွန်အကျွံ သတိထားနေစရာ မလိုတော့ပဲ လျှို့ဝှက်လဝန်းနန်းတော်သို့ တိုက်ရိုက်သွားရောက်ကာ လုချန်း ရှိမည့်နေရာကို ဖိအားပေးပြီး မေးမြန်းရုံသာ ရှိတော့၏။

ထိုသို့တွေးတောပြီးနောက် ဝူယာနတ်သခင်သည် တုံ့ဆိုင်းခြင်းမရှိပဲ လျှို့ဝှက်လဝန်းနန်းတော်သို့ တိုက်ရိုက် ဦးတည်သွားသည်။

ခဏခန့်အတွင်းမှာပင် ဝူယာနတ်သခင် လျှို့ဝှက်လဝန်းနန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာ၏။

နဂါးနယ်မြေ၌ ဝူယာနတ်သခင် ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အငွေ့အသက်ကို ယွမ်ယုတိ ခံစားမိသော်လည်း မည်သူမှန်းတော့ မသိခဲ့ပေ။ သို့သော် ထိုနတ်သခင်၏ အငွေ့သက်က လျှို့ဝှက်လဝန်းနန်းတော်သို့ တိုက်ရိုက် ဦးတည်လာနေခြင်းဖြစ်ကြောင်း ယွမ်ယုတိ လျင်မြန်စွာ သတိပြုမိသွားပြီး ရောက်ရှိလာသူသည် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာခြင်းဖြစ်သည်ကို ချက်ချင်း သဘောပေါက်သွား၏။

ရောက်ရှိလာသူမှာ ရန်သူဖြစ်နိုင်ကြောင်း သိလိုက်ရလျှင် ယွမ်ယုတိလည်း လုချန်းနှင့် စုံတွဲကျင့်စဉ်ကို ချက်ချင်း အဆုံးသတ်လိုက်ပြီးနောက် အိပ်ရာမှ ကိုယ်တိုင်ထကာ အဝတ်အစားများကို လျင်မြန်စွာ ဝတ်ဆင်လိုက်၏။

ထိုအခိုက်အတန့်တွင် လုချန်း မတုံ့ပြန်နိုင်သေးပေ။ သူသည် နတ်သခင်အဆင့်သို့ မရောက်သေးသဖြင့် ယွမ်ယုတိ ကဲ့သို့ ထက်မြက်သော အာရုံခံစားမှု မရှိပေ။

ထို့ကြောင့် လျှို့ဝှက်လဝန်းနန်းတော် အပြင်ဘက်သို့ နတ်သခင်တစ်ပါး ရောက်ရှိနေပြီဖြစ်ကြောင်းလည်း မသိသေးပေ။

ယွမ်ယုတိ ရုတ်တရက် ထကာ အဝတ်အစားဝတ်နေသည်ကို မြင်လျှင် လုချန်းက ဇဝေဇဝါဖြစ်စွာဖြင့် ယွမ်ယုတိကို

“ခင်ဗျား ဘာဖြစ်လို့လဲ”

ယွမ်ယုတိက မျက်နှာအမူအရာမပျက်ပဲ

“နတ်သခင်တစ်ပါး လျှို့ဝှက်လဝန်းနန်းတော်ကို ရောက်နေတယ်။”

ထိုအရာကို ကြားလျှင် လုချန်း အနည်းငယ် မှင်တက်သွား၏။

နတ်သခင်တစ်ပါးလား။

လကွယ်ဂိုဏ်းမှ နတ်သခင်တစ်ပါး ဖြစ်နေလေမလား။

လုချန်း အတွေးထဲ နစ်မြောနေစဉ် ကောင်းကင်ထက်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်တရက် ကျရောက်လာရာ လျှို့ဝှက်လဝန်းနန်းတော်ရှိ လူတိုင်း ထိုနတ်သခင်အဆင့် ဖိအားကို ခံစားလိုက်ရ၏။

ထို့နောက် ခေါင်းလောင်းကြီးကဲ့သို့ ဟိန်းထွက်လာသော အသံကြီးက

“လုချန်းကို အပ်စမ်း”

ဟုအော်ဟစ်လိုက်သည်။

ထိုအရာကို ကြားလျှင် လုချန်း၏ မျက်ခုံးများ အပြင်းအထန် တွန့်ကွေးသွား၏။ အစပိုင်းတွင် အရိုင်းနယ်မြေမှ နတ်သခင်တစ်ပါး ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့သော်လည်း ယခုမူ ထိုသူက သူ၏အမည်ကို တိုက်ရိုက်ခေါ်ဆိုနိုင်သည် ဖြစ်ရာ တောင်ပိုင်းနယ်ရှိ ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်တစ်ပါး ဖြစ်နိုင်ခြေ များလှသည်။

ထို့ပြင် ဤအငွေ့အသက်နှင့် အသံအား အလွန်ရင်းနှီးနေသကဲ့သို့ လုချန်း ခံစားရသည်။ ထိုအသံမျိုး အငွေ့အသက်မျိုးကို တစ်နေရာရာတွင် ခံစားဖူး၊ ကြားဖူးခဲ့သလို ရှိသော်လည်း လောလောဆယ်တွင် သူ ကောင်းစွာ မမှတ်မိနိုင်သေးပေ။

လုချန်း တစ်စုံတစ်ခု မပြောနိုင်သေးမီမှာပင် ယွမ်ယုတိ၏ ခန္ဓာကိုယ်သည် ရေခဲလိပ်ပြာပေါင်း မြောက်မြားစွာအဖြစ်သို့ ပြောင်းလဲသွားကာ လျှို့ဝှက်လဝန်းနန်းတော်၏ အပြင်ဘက်သို့ တိုက်ရိုက် ပျံသန်းသွားသည်။

လျှို့ဝှက်လဝန်းနန်းတော်၏ ကောင်းကင်ယံထက်တွင် ပေါ်လာသည်နှင့် ယွမ်ယုတိက သူမ၏ နတ်သခင် အငွေ့အသက်ကို ချက်ချင်း ထုတ်ဖော်လိုက်၏။ နောက်တစ်ခဏတွင် သူမထုတ်လွှတ်လိုက်သော ဖိအားက ဝူယာနတ်သခင်ထံမှ ဖိအားကို ခုခံခြေဖျက်ပေးလိုက်သဖြင့် လျှို့ဝှက်လဝန်းနန်းတော်မှ နတ်များလည်း သူတို့၏ ခန္ဓာကိုယ်များ ချက်ချင်း အဆမတန် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

နတ်သခင်တစ်ပါး ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် ဝူယာနတ်သခင်၏ မျက်နှာ ချက်ချင်း ညိုမှောင်သွားကာ

“ကျုပ်ရဲ့ ကိစ္စကို ဝင်စွက်ဖက်ရအောင် မိတ်ဆွေက ဘယ်သူလဲ”

သူရှေ့မှောက်ရှိ လူမှာ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင် ဖြစ်ကြောင်း ဝူယာနတ်သခင် မသိခဲ့ပေ။ အဆုံးတွင်တော့ ခမ်းနားသော ကောင်းကင်ခန်းမရှိ သူ၏ မြင့်မားလှသော ရာထူးအဆင့်အတန်းအရ တောင်ပိုင်းနယ်မှ နတ်ဘုရင်တိုင်းကို သူ သိနေရန် မဖြစ်နိုင်ပေ။

ဤနတ်သခင်သည် အရိုင်းနယ်မြေ၏ ဒေသခံ နတ်သခင်တစ်ပါး ဖြစ်လိမ့်မည်ဟုသာ သူ ထင်မှတ်ခဲ့၏။

ယွမ်ယုတိက ခပ်အေးအေးပင်

“ကျွန်မရဲ့ လျှို့ဝှက်လဝန်းနန်းတော်မှာ ပြဿနာလာရှာနေပြီး ကျွန်မ ဘယ်သူလဲဆိုတာတောင် မသိဘူးပေါ့။”

ယွမ်ယုတိ၏ တုံ့ပြန်မှုကို ကြားလျှင် ဝူယာနတ်သခင် ခဏခန့် မှင်တက်သွား၏။ လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သည် နတ်ဘုရင်ဆင့်သာ ရှိသည်ဟု သူ မှတ်မိထား၏။

အရိုင်းနယ်မြေသို့ ရောက်ရှိလာပြီးနောက် အဘယ်ကြောင့် နတ်သခင်အဆင့်သို့ ရောက်ရှိသွားရသနည်း။

နတ်အငွေ့အသက် ကျဲပါးလှသော ဤနေရာသည် အဆင့်တက်ရန်အတွက် မသင့်တော်ဆုံးနေရာ ဖြစ်သော်လည်း သူမက ဤနေရာ၌ပင် အဆင့်တက်လှမ်းနိုင်ခဲ့၏။ အထူးသဖြင့် လျှို့ဝှက်လဝန်းနန်းတော်သည် မကြာသေးမီက တောင်ပိုင်းနယ်၌ ပြင်းထန်သော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသဖြင့် သူတို့၏ ကံစွမ်းအား အကြီးအကျယ် ကျဆင်းသွားခဲ့ရာ အဆင့်တက်လှမ်းနိုင်ရန်က လုံးဝ မဖြစ်နိုင်သလောက် ဖြစ်ခဲ့၏။

သို့သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် သူမ အဆင့်တက်လှမ်းနိုင်ခဲ့ပေပြီ။

ဒါက...

ဖြစ်နိုင်ခြေတစ်ခုက...

ဖြစ်နိုင်ခြေတစ်ခုကို ဝူယာနတ်သခင်ချက်ချင်း တွေးမိသွား၏။

ယင်းမှာ လုချန်း ကစဉ့်ကလျား ပင်လယ်မှ ရရှိခဲ့သော အခွင့်အရေးနှင့် ဆက်စပ်နေနိုင်သည်။

ဤဖြစ်နိုင်ခြေကို စဉ်းစားမိပြီးနောက် လုချန်းကို ရှာဖွေရန် ဝူယာနတ်သခင် ပို၍ပင် စိတ်ပိုင်းဖြတ်လိုက်မိ၏။

ဝူယာနတ်သခင်လည်း အချိန်ဆွဲမနေတော့ပဲ သူ၏ နိယာမ ပုံရိပ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်၏။

နောက်တစ်ခဏတွင် မီနာတစ်ထောင်ခန့်မြင့်သော အင်းကွက်များ ဖြာထွက်နေသည့် ရွှေရောင်ကိုယ်နိယာမထည်ကြီးတစ်ခု လျှို့ဝှက်လဝန်းနန်းတော် ရှေ့မှောက်၌ ပေါ်လာပြီး လေးလံလှသော ဖိအားများ ထွက်ပေါ်လာ၏။

လျှို့ဝှက်လဝန်းနန်းတော်မှ နတ်များလည်း တောင်တန်းကြီးများ သူတို့အပေါ်သို့ ပိကျလာသကဲ့သို့ ထပ်မံခံစားလိုက်ရတော့သည်။ ကျင့်စဉ်အဆင့် နိမ့်ပါးသူများကတော့ ထိုဖိအားအောက်၌ ဒူးထောက်ကျသွားကြရ၏။

နိယာမ ပုံရိပ်ကို ထုတ်ဖော်ပြီးနောက် ဝူယာနတ်သခင်က

“ခင်ဗျားက နတ်သခင်အဆင့်ကို အခုလေးတင် တက်လှမ်းထားပြီး ကျုပ်ကို စိန်ခေါ်ချင်နေတာလား။ လျှို့ဝှက်လဝန်းနန်းတော်သခင်က ကျုပ်ကို အထင်သေးလွန်းရာ မကျလွန်းဘူးလား။”

ထိုသို့ပြောဆိုရင်း ဝူယာနတ်သခင်၏ နိယာမ ပုံရိပ်က ကောင်းကင်ထက်ရှိ ယွမ်ယုတိထံသို့ တိုက်ရိုက် လက်သီးဖြင့် ထိုးနှက်လိုက်၏။

ယွမ်ယုတိက နှာခေါင်းရှုံ့လိုက်ပြီး တုံ့ဆိုင်းခြင်း အလျဉ်းမရှိပဲ သတ်ဖြတ်ခြင်းစွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်၏။

နောက်တစ်ခဏတွင် သူတို့ရှိနေသည့် ကောင်းကင်ယံတစ်ခုလုံးအား သွေးနီရောင် အတားအဆီး နယ်ပယ်တစ်ခုဖြင့် ချက်ချင်း ဖုံးလွှမ်းသွားပြီးနောက် ထိုနယ်ပယ်အတွင်း၌ အလောင်းတောင် သွေးပင်လယ်ကြီး ပေါ်ပေါက်လာရာ ဝူယာနတ်သခင် ရင်ထဲ၌ ရှင်းမပြနိုင်သော စိုးရိမ်ပူပန်မှုများ ဝင်ရောက်လာ၏။

ဝူယာနတ်သခင် ရင်ထိတ်သွားသည်။

ဤအရာက သတ်ဖြတ်ခြင်းစွမ်းအားလား။

ဒါက ဘယ်လိုဖြစ်တာလဲ။

သူ၏ မှတ်ဉာဏ် မမှားလျှင် ယွမ်ယုတိနှင့် ပတ်သက်၍ သူရရှိထားသော သတင်းအချက်အလက်များအရ သူမသည် ရေခဲလမ်းစဉ်ကို ကျင့်ကြံသည့် နတ်တစ်ပါး ဖြစ်၏။

သူမက မည်ကဲ့သို့ သတ်ဖြတ်ခြင်းစွမ်းအားကို အသုံးပြုနိုင်ရသနည်း။

ယွမ်ယုတိသည်လည်း သတ်ဖြတ်ခြင်းစွမ်းအားကို ပထမဆုံးအကြိမ် စမ်းသပ်ခြင်းဖြစ်သည်။ လုချန်းနှင့် စုံတွဲကျင့်စဉ်ကို အချိန်အတော်ကြာ ကျင့်ကြံခဲ့သဖြင့် သတ်ဖြတ်ခြင်းစွမ်းအားအပေါ် သူမ၏ ထိန်းချုပ်မှုမှာ အလွန်ကျွမ်းကျင်နေပြီဖြစ်သော်လည်း တိုက်ခိုက်ရေးအတွေ့အကြုံတော့ လိုအပ်နေသေး၏။

ယခုအကြိမ် ဝူယာနတ်သခင် ပေါ်လာခြင်းက သူမအတွက် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့သည်။

ဝူယာနတ်သခင် လျင်မြန်စွာ ပြန်လည်တည်ငြိမ်သွား၏။ နှစ်ပေါင်း ကုဋေ ဆယ်ချီ၍ ရှင်သန်ခဲ့သော နတ်သခင်တစ်ပါး ဖြစ်သဖြင့် ယွမ်ယုတိ၏ သတ်ဖြတ်ခြင်းစွမ်းအားအပေါ် ထိန်းချုပ်မှု အလွန်မကျွမ်းကျင်သေးကြောင်းနှင့် သူမထုတ်လွှတ်လိုက်သော သတ်ဖြတ်ခြင်းနယ်ပယ်သည် အချိန်မရွေး ပျောက်ကွယ်သွားနိုင်လောက်အောင် အလွန်ပင် အားနည်းလွန်းနေသည်ကို ဝူယာနတ်သခင် ချက်ချင်း သိမြင်နိုင်သည်။

ဤကဲ့သို့သော သတ်ဖြတ်ခြင်းနယ်ပယ်မျိုးဖြင့် သူကို ပိတ်လှောင်ရန် ကြံစည်နေခြင်းက ရယ်စရာကောင်းလွန်းလှပေ၏။

ဝူယာနတ်သခင်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်ပြီး

“စစ်မှန်တဲ့ နယ်ပယ် ဘာလဲဆိုတာ ခင်ဗျားကို ကျုပ် ပြရတော့မှာပေါ့”

“နယ်ပယ်ပင်လယ် အနန္တ”

သူ၏ စကားသံ ဆုံးသည်နှင့် ပတ်ဝန်းကျင်ရှိ အာကာသများ တဖြည်းဖြည်း အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွား၏။ ကြေမွသွားသော အာကာသ အပိုင်းအစများသည် အံ့သြဖွယ်ကောင်းလောက်အောင် ကျယ်ပြောလှသော သမုဒ္ဒရာကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုအစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသော အာကာသအပိုင်းအစများအတွင်းရှိ ပြင်းထန်သော စွမ်းအားတစ်ခုက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဝါးမြိုပစ်လိုက်၏။

ထိုနယ်ပယ်သည် လျင်မြန်စွာ ချဲ့ထွင်လာနေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဝူယာနတ်သခင် ဖန်တီးလိုက်သော “နယ်ပယ်ပင်လယ်” သည် ယွမ်ယုတိ၏ သတ်ဖြတ်ခြင်းနယ်ပယ် အစွန်းနှင့် ရိုက်ခတ်မိသွားတော့သည်။

--

………….

All Chapters