အခန်း ၁၈၄၇
Vol. 124 Ch. 1847
အခန်း (၁၈၄၇ )
အာကာသနှင့် အချိန်စွမ်းအား
ဝူယာနတ်သခင် ဖန်တီးလိုက်သော နယ်ပယ်ပင်လယ်နှင့် သတ်ဖြတ်ခြင်းနယ်ပယ်၏ အစွန်းပိုင်းတို့ ရိုက်ခတ်မိကြလျှင် အာကာသစွမ်းအားနှင့် သတ်ဖြတ်ခြင်းစွမ်းအားတို့သည် တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားပြီး အဆက်မပြတ် ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေခဲ့၏။
ယွမ်ယုတိအနေနှင့် သတ်ဖြတ်ခြင်းနယ်ပယ်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သောကြောင့် လားမသိ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနယ်ပယ်သည် ဖန်ခွက်တစ်ခုကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ အပြည့်အဝ ကြေမွပျက်စီးသွားခဲ့တော့သည်။
ထိုအခိုက်အတန့်တွင် ဝူယာနတ်သခင် ဖန်တီးထားသည့် နယ်ပယ်ပင်လယ်ကတော့ ဆက်လက်၍ ချဲ့ထွင်နေဆဲပင်။
နယ်ပယ်ပင်လယ်အတွင်းရှိ အာကာသအပိုင်းအစများထဲ၌ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုအားတစ်ခု ကိန်းဝပ်နေပြီး ၎င်းတို့သည် ဖျော်စက်တစ်ခုထဲမှ ဓားသွားများနှင့် တူလှ၏။
ထိုနယ်ပယ်ပင်လယ်အတွင်းသို့ ဝင်ရောက်လာသည့် မည်သည့်အရာကိုမဆို ထိုအာကာသအပိုင်းအစများက ပြာမှုန့်အဖြစ် ကြိတ်ခြေပစ်လိုက်မည် ဖြစ်သည်။
ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ် တွန့်သွား၏။
သူ ပထမဆုံးအကြိမ် အသုံးပြုသော သတ်ဖြတ်ခြင်းနယ်ပယ်ကို အခြားသူတစ်ယောက်က ဤမျှလွယ်ကူစွာ ဖျက်ဆီးနိုင်လိမ့်မည်ဟု ယွမ်ယုတိ မထင်မှတ်ထားခဲ့ပေ။ သို့သော်လည်း တစ်ဖက်က ပြန်စဉ်းစားကြည့်လျှင် ဤအရာက သူမ၏ အစစ်အမှန် စွမ်းအားမဟုတ်သည့်အပြင် တိုက်ပွဲတွင် ဤစွမ်းအားကို ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ရာ ဤကဲ့သို့သော ရလဒ်ထွက်ပေါ်လာခြင်းက အံ့သြစရာတော့ မဟုတ်ပေ။
ဤကိစ္စကို ယွမ်ယုတိ အလွန်အကျွံ စိတ်ထဲမထားတော့ပေ။
သတ်ဖြတ်ခြင်းစွမ်းအားက ထိရောက်မှုမရှိသဖြင့် သူမ၏ ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုရန် ပြင်လိုက်၏။
နောက်တစ်ခဏ၌ ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်တစ်ခု ယွမ်ယုတိ၏ ခန္ဓာကိုယ်ထဲမှ လျှံထွက်လာပြီး ချဲ့ထွင်နေသော နယ်ပယ်ပင်လယ်ကို အပြည့်အဝ ခဲသွားစေ၏။
ယွမ်ယုတိထံမှ ထွက်ပေါ်လာသော အငွေ့အသက်ကို ခံစားလိုက်ရလျှင် ဝူယာနတ်သခင် မျက်ခုံး အနည်းငယ် တွန့်သွား၏။
ဤအမျိုးသမီး၏ စွမ်းအားက သူ၏စွမ်းအားထက်ပင် ဘယ်လိုလုပ် သာလွန်နေသကဲ့သို့ ဖြစ်နေရသနည်း။
သူမ၏ ရေခဲစွမ်းအားက သူ၏ အာကာသစွမ်းအားကို တကယ် အေးခဲစေနိုင်တာလား။
ထိုအခိုက်အတန့်တွင် ယွမ်ယုတိက လက်ကိုဝှေ့ယမ်း လိုက်ရာ ကောင်းကင်ထက်၌ ရေခဲလိပ်ပြာ အမြောက်အမြား ချက်ချင်း ပေါ်ပေါက်လာပြီး တစ်နေရာတည်းတွင် စုစည်းကာ ခဏခန့် ကြောင်အသွားသော ဝူယာနတ်သခင် ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
ချဉ်းကပ်လာသော အန္တရာယ်ကို သိလိုက်ရသဖြင့် ဝူယာနတ်သခင် သတိပြန်ဝင်၏။
ဝူယာနတ်သခင်က နှာခေါင်းရှုံ့လျက် ယွမ်ယုတိကို
“မဆိုးဘူး... ခင်ဗျား ကျုပ်ကို စိန်ခေါ်ရဲတာ မဆန်းပါဘူး။ ဒါပေမဲ့ ခင်ဗျား ကျုပ်ကို အထင်သေးလွန်းနေပြီ။”
ထိုစကား ဆုံးသည်နှင့် ဝူယာနတ်သခင်က
“နယ်ပယ်ပင်လယ် အရိပ်အယောင်။”
နောက်တစ်ခဏ၌ သူက နယ်ပယ်ပင်လယ်ကို မောင်းနှင်ရန် သူ၏ အင်အားအားလုံးကို ထုတ်သုံးလိုက်ရာ ထိုနယ်ပယ်ပင်လယ်အတွင်း၌ ယွမ်ယုတိနှင့် တစ်ပုံစံတည်း တူညီပြီး သူမနှင့် တူညီသော အငွေ့အသက်များကို ထုတ်လွှတ်နေသည့် လူတစ်ယောက် ပေါ်ထွက်လာ၏။
ဤတစ်ကြိမ်တွင်တော့ မျက်ခုံးတွန့်သွားရသူက ယွမ်ယုတိဖြစ်၏။
သူမ မတုံ့ပြန်နိုင်သေးမီမှာပင် နယ်ပယ်ပင်လယ်က ဖန်တီးလိုက်သော “ယွမ်ယုတိ” ကလည်း သူမ၏ ရေခဲစွမ်းအားကို အသုံးပြုလိုက်ပြန်၏။
ထိုအချိန်တွင် လုချန်းသည် လျှို့ဝှက်လဝန်းနန်းတော်ရှိ နန်းဆောင်တစ်ခု၏ ခေါင်မိုးပေါ်၌ ရပ်နေရင်း အဝေးမှ တိုက်ပွဲကို လှမ်းကြည့်ကာ ဤအရာက မည်ကဲ့သို့သော အတတ်ပညာဖြစ်သနည်းဟု တွေးတောနေမိ၏။
တစ်ပုံစံတည်း တူညီသော လူတစ်ယောက်ကို ဖန်တီးခြင်းလား။
ဤနတ်အတတ်က ကောင်းကင်ဘုံ နိယာမကို ဆန့်ကျင်လွန်းရာ မကျပေဘူးလား။
တစ်ဖက်လူက သူမနှင့် တစ်ပုံစံတည်းတူသော လူတစ်ယောက်ပုံကို ဖန်တီးလိုက်သောလည်း ယွမ်ယုတိ ထိတ်လန့်မသွားပေ။
ယွမ်ယုတိက ရှေ့သို့တစ်လှမ်းတိုးကာ အေးစက်စွာဖြင့်
“အတုကတော့ အတုပါပဲ။”
ထို့နောက်ချက်ချင်းပင် သူမက ရေခဲလမ်းစဉ်ကို လှုံ့ဆော်လိုက်ရာ နောက်တစ်ခဏ၌ ကောင်းကင်ယံထက်တွင် ရေခဲတောင်များ၏ ရိပ်ယောင်များ ပေါ်ပေါက်လာ၏။
ထို့နောက် ယွမ်ယုတိက သူမ၏ လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ဖြူစင်သော လက်ညှိုးဖြင့် ဝူယာနတ်သခင် ထံသို့ တိုက်ရိုက် ညွှန်ပြလျက်
“ရေခဲဝိညာဉ် ဝိညာဉ်ချေမှုန်းခြင်း အတတ်။”
နောက်တစ်ခဏ၌ မရေမတွက်နိုင်သော ရေခဲချွန်များ ဟင်းလင်းပြင်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာပြီး ဝူယာနတ်သခင် ထံသို့ အကုန်အစင် ပြေးဝင်သွားကြ၏။
ဝူယာနတ်သခင် တစ်စုံတစ်ရာ မလှုပ်ရှားသေးမီမှာပင် နယ်ပယ်ပင်လယ်က ဖန်တီးထားသော “ယွမ်ယုတိ” က ဝူယာနတ်သခင်၏ ရှေ့မှောက်သို့ ပြေးဝင်လာပြီး လက်ကို မြှောက်ကာ ရေခဲဝိညာဉ် ဝိညာဉ်ချေမှုန်းခြင်း အတတ်ကို အသုံးပြုလိုက်ပြန်၏။
အတုဖြစ်သော ယွမ်ယုတိ အသုံးပြုသည့် စွမ်းအားက သူမ၏စွမ်းအားနှင့် တစ်ပုံစံတည်း တူညီနေပြီး စွမ်းအားချင်းလည်း ဆင်တူနေကြောင်း ခံစားလိုက်ရလျှင် ယွမ်ယုတိ၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြန်၏။
ထိုကိုယ်ပွားတွင် သူမစွမ်းအား၏ ငါးဆယ်ရာခိုင်နှုန်းခန့်သာ ရှိလိမ့်မည်ဟု သူမ အစောပိုင်းက ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။ တစ်ဖက်လူက ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ဤအခြေအနေက နည်းနည်းတော့ မကောင်းလှပေ။
ဤကိုယ်ပွားကြောင့် ဝူယာနတ်သခင် ဘက်၌ နတ်သခင်နှစ်ပါး ရှိနေသကဲ့သို့ ဖြစ်နေပြီဖြစ်၏။
ဤကိုယ်ပွားကို ဖျက်ဆီးပစ်ရန် နည်းလမ်းတစ်ခု သူမ ရှာဖွေရမည် ဖြစ်သည်။
ယခုအခါ အဆက်မပြတ် ချဲ့ထွင်နေသော နယ်ပယ်ပင်လယ်ထံသို့ ယွမ်ယုတိ၏ အာရုံစိုက်မှုအားလုံး အပြည့်အဝ ရောက်ရှိသွား၏။
ယခု နယ်ပယ်ပင်လယ်သည် ကောင်းကင်ဘုံနိယာမ စွမ်းအား၏ ကန့်သတ်ခြင်းကို ခံထားရသဖြင့် ၎င်း၏ ချဲ့ထွင်မှုအရှိန် နှေးကွေးသွားခဲ့သည်။
ဝူယာနတ်သခင် ဖန်တီးလိုက်သော နယ်ပယ်ပင်လယ်က အာကာသကို ပျက်စီးစေခဲ့သော်လည်း ထျန်းရန် နတ်ဘုရား နယ်မြေတွင် ၎င်း၏ ကိုယ်ပိုင် ပြုပြင်ရေး ယန္တရား ရှိ၏။
ထို့ကြောင့် ပျက်စီးသွားသော အာကာသက မကြာမီ ပြန်လည်ကောင်းမွန်လာမည် ဖြစ်ရာ ဝူယာနတ်သခင်အနေနှင့် ဤနယ်ပယ်ပင်လယ်ကို အသုံးပြုသည့်အခါ ကောင်းကင်ဘုံ လမ်းစဉ်၏ ပြုပြင်ရေးစွမ်းအားကို အမြဲတစေ ခုခံတွန်းလှန်နေရသည်။ ဤကဲ့သို့သော အခြေအနေမျိုးက သူ၏ စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေမည် ဖြစ်၏။
သို့သော်လည်း ယခုလက်ရှိ အခြေအနေအရ တစ်ဖက်လူတွင် နတ်သခင်နှစ်ပါး ရှိနေခြင်းကြောင့် ဤမျှစွမ်းအင် ကုန်ဆုံးမှုက ထိုက်တန်လှ၏။
ထိုစဉ် အသံတစ်ခု ယွမ်ယုတိ၏ နားထဲသို့ ဝင်ရောက်လာ၏။
လုချန်းက ယွမ်ယုတိကို
“ဝူယာနတ်သခင်က အာကာသလမ်းစဉ်ကို နားလည်သဘောပေါက်ထားရုံတင်မကဘူး။ သူ့ရဲ့ အာကာသစွမ်းအားထဲမှာ အချိန်စွမ်းအားလည်း ပါဝင်နေသေးတယ်။ သူဖန်တီးလိုက်တဲ့ ကိုယ်ပွားက အာကာသနဲ့ အချိန်စွမ်းအားကို သုံးပြီး ဖန်တီးထားတဲ့ ခင်ဗျားရဲ့ အနာဂတ် ပုံရိပ်ယောင်ပဲ ဖြစ်ရမယ်။ ဒါ့ကြောင့် ဒီပုံရိပ်ယောင်ကလည်း အာကာသနဲ့ အချိန်စွမ်းအားကို သုံးပြီး ခင်ဗျားလိုပဲ အတတ်ပညာတွေကို ထုတ်သုံးနိုင်စွမ်း ရှိနေတာ။”
လုချန်း၏ ဖန်တီးခြင်း လမ်းစဉ်က လမ်းစဉ်အားလုံးသို့ ဆင့်ကဲပြောင်းလဲနိုင်သဖြင့် ဝူယာနတ်သခင်၏ အာကာသစွမ်းအားအတွင်းရှိ အချိန်စွမ်းအားကို သူ လျင်မြန်စွာ သတိပြုမိသွားခြင်း ဖြစ်၏။
အချိန်နှင့် အာကာသမှာ ပင်ကိုယ်ကတည်းက တစ်သားတည်း ဖြစ်ပြီး အာကာသစွမ်းအားကို နားလည်သဘောပေါက်ထားစဉ် အချိန်စွမ်းအားကိုပါ သိနားလည်သွားခြင်းက ထူးဆန်းသည်တော့ မဟုတ်သဖြင့် ဤအရာအပေါ် သူ အလွန် အံ့သြ၍ မနေပေ။
သို့သော်လည်း ယွမ်ယုတိ၏ အနာဂတ်တိုက်ခိုက်မှုများကို သူ၏ တိုက်ခိုက်မှုအဖြစ်သို့ ပြောင်းလဲရန် အာကာသနှင့် အချိန်စွမ်းအားကို အသုံးပြုခြင်းက အမှန်တကယ်ပင် အံ့မခန်း အစွမ်းထက်သော နတ်အတတ်တစ်ခု ဖြစ်၏။
ဤနတ်အတတ်က သူ၏ ထိုက်ချူး အနန္တကျမ်းစာထက်ပင် ပိုအစွမ်းထက်သည်ဟု လုချန်း တွေးတောမိလိုက်၏။
ထိုက်ချူး အနန္တကျမ်းစာသည် အခြားသူများ၏ ပညာများကို စုပ်ယူပြီးနောက် သူ၏ တိုက်ခိုက်မှုအဖြစ်သို့ ပြောင်းလဲပေးနိုင်သော်လည်း ကျင့်စဉ်အဆင့် မမြင့်မားသေးပါက စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကိုသာ စုပ်ယူပြောင်းလဲနိုင်ပြီး ပိုလျှံနေသော စွမ်းအား၏ ဒဏ်ကိုတော့ အသုံးပြုသူက ခံရမည် ဖြစ်သည်။
သို့သော်လည်း ဝူယာနတ်သခင် ဖန်တီးထားသော နယ်ပယ်ပင်လယ် အရိပ်အယောင်ကတော့ မူလကိုယ်ထည်အတိုင်း တူညီသောစွမ်းအားကို ပိုင်ဆိုင်ထားသည်။
သို့ဖြစ်ရာ ဝူယာနတ်သခင်ကို အနိုင်ယူလိုပါက တကယ့်ကို ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာနိုင်၏။ အရေးကြီးဆုံးအချက်မှာ သူတို့၏ တိုက်ပွဲ နေရာက လျှို့ဝှက်လဝန်းနန်းတော်၏ အထက်တွင် ဖြစ်နေခြင်းဖြစ်သည်။
အကယ်၍ နတ်သခင်နှစ်ပါးလုံးက စွမ်းအားအပြည့် ထုတ်သုံးကြမည်ဆိုပါက လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံး သက်ရောက်မှု ခံရမည်ဖြစ်ပြီး မကြာမီ ပျက်စီးသွားနိုင်သည်။
လျှို့ဝှက်လဝန်းနန်းတော်သာမက နဂါးနယ်မြေရှိ အမျိုးမျိုးသော အင်အားစုများလည်း ဒုက္ခရောက်ကြရပေလိမ့်မည်။
ဤတိုက်ပွဲကို နဂါးနယ်မြေ၌ မဖြစ်ပွားစေသင့်ပေ။
ထိုအခိုက်အတန့်တွင် လုချန်း၏ အသံလွှင့်ချက်ကို ကြားလိုက်ရပြီးနောက် ယွမ်ယုတိ၏ မျက်နှာထက်မှ စိုးရိမ်ပူပန်မှုများ ပြယ်လွင့်သွားသည်။
ထိုကိုယ်ပွား အသုံးပြုသည့် ရေခဲစွမ်းအားက ဝူယာနတ်သခင်၏ အာကာသနှင့် အချိန်စွမ်းအားကို အသုံးပြု၍ ထုတ်လွှတ်ခြင်းဖြစ်ကြောင်း လုချန်းက ပြောခဲ့၏။ ယင်းက ဤကိုယ်ပွား အမျိုးမျိုးသော နတ်အတတ်များကို အသုံးပြုသည့်အခါတိုင်း ဝူယာနတ်သခင်၏ စွမ်းအားကိုလည်း ကုန်ဆုံးစေမည်ဟု အဓိပ္ပာယ်ရသည်။
အကယ်၍ ဝူယာနတ်သခင်၏ စွမ်းအင် အတိုင်းအတာတစ်ခုအထိ ကုန်ဆုံးသွားခဲ့လျှင် ဤကိုယ်ပွား တည်ရှိမှုကို သူ ဆက်လက်ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ပေ။
ထိုသို့တွေးတောရင်း ယွမ်ယုတိ နောက်ထပ်တစ်ကြိမ် လှုပ်ရှားရန် ပြင်လိုက်သော်လည်း ချက်ချင်းဆိုသလိုပင် ဝူယာနတ်သခင်၏ နယ်ပယ်ပင်လယ်က လျှို့ဝှက်လဝန်းနန်းတော်အထိ ချဲ့ထွင်လာတော့မည်ဖြစ်ကြောင်း သူမ ရုတ်တရက် သတိပြုမိသွား၏။
အကယ်၍ ဝူယာနတ်သခင်၏ နယ်ပယ်ပင်လယ်က ဆက်လက်ချဲ့ထွင်နေဦးမည်ဆိုပါက နယ်ပယ်ပင်လယ်အတွင်း၌ ကိန်းဝပ်နေသော အာကာသစွမ်းအားကြောင့် လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံး အစိပ်စိပ်အမြွှာမြွှာ ဆုတ်ဖြဲခံရနိုင်သည်။
တိုက်ပွဲ နေရာကို လျှို့ဝှက်လဝန်းနန်းတော်နှင့် ဝေးရာသို့ ရွှေ့ပြောင်းရမည်ဖြစ်သည်။
ထိုအတွေးနှင့်အတူ ယွမ်ယုတိ၏ ခန္ဓာကိုယ်သည် အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အရိုင်းနယ်မြေ၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းထဲသို့ တိုက်ရိုက် ပျံသန်းသွား၏။
ယွမ်ယုတိ ပျံသန်းထွက်ခွာသွားသည်ကို မြင်လျှင် ဝူယာနတ်သခင် အံ့သြခြင်း မရှိပေ။
ယွမ်ယုတိသည် ထွက်ပြေးရန် ကြိုးစားနေခြင်း မဟုတ်ပဲ ဤနေရာ၌ တိုက်ခိုက်ခြင်းက လျှို့ဝှက်လဝန်းနန်းတော်ကို ပျက်စီးသွားစေမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း သူ သိနေ၏။
ယွမ်ယုတိက လျှို့ဝှက်လဝန်းနန်းတော် ပျက်စီးသွားမည်ကို ကြောက်ရွံ့နေပါက သူကလည်း ဤနေရာ၌ပင် တိုက်ခိုက်ရန် အထူးတလည် ရွေးချယ်မည်ပင်။
သို့မှသာ လုချန်း ပုန်းအောင်းနေသည့်နေရာကို ထုတ်ပြောခိုင်းရန် ယွမ်ယုတိကို သူ ဖိအားပေးနိုင်မည် ဖြစ်သည်။
ထိုအတွေးနှင့်အတူ ဝူယာနတ်သခင်သည် လျှို့ဝှက်လဝန်းနန်းတော်မှ ဝေးရာသို့ ရွှေ့ပြောင်းခြင်း မပြုခဲ့ပေ။
ထို့ပြင် သူက နယ်ပယ်ပင်လယ် ချဲ့ထွင်မှုကို ဆက်လက်မောင်းနှင်နေခဲ့သဖြင့် မကြာမီမှာပင် လျှို့ဝှက်လဝန်းနန်းတော် ပတ်ဝန်းကျင်ရှိ အာကာသများ၌ အက်ကြောင်းများ စတင်ပေါ်ပေါက်လာခဲ့တော့၏။
--
……………