← Chapters

အခန်း ၁၈၄၈

Vol. 124 Ch. 1848

အခန်း ၁၈၄၈

Vol. 124 Ch. 1848

အခန်း (၁၈၄၈ )

အာကာသလမ်းစဉ်နှင့် အချိန်လမ်းစဉ်ကို ပေါင်းစပ်ခြင်း

ထွက်ခွာသွားပြီး မကြာမီပင် သူမနောက်သို့ ဝူယာနတ်သခင် လိုက်ပါမလာကြောင်းကို ယွမ်ယုတိ သတိပြုမိသွား၏။ သူက လိုက်မလာသည့်အပြင် နယ်ပယ်ပင်လယ်ကို ဆက်လက်ချဲ့ထွင်ရန်ပါ မောင်းနှင်နေခဲ့ရာ ယွမ်ယုတိ၏ မျက်နှာအမူအရာ ချက်ချင်း အနည်းငယ် ပျက်ယွင်းသွား၏။

အကယ်၍ ဝူယာနတ်သခင် ထွက်ခွာမသွားပါက သူမ၏ နောက်ထပ်လှုပ်ရှားမှုက လျှို့ဝှက်လဝန်းနန်းတော်ကို ဧကန်မုချ သက်ရောက်မှု ရှိစေမည် ဖြစ်၏။ လျှို့ဝှက်လဝန်းနန်းတော်၏ လက်ရှိ နတ်တံခါး နည်းဗျူဟာ ပုံစံသည် အလွန်ဆုံးမှ နတ်ဘုရင်အဆင့် တိုက်ခိုက်မှုများကိုသာ ခုခံနိုင်စွမ်း ရှိပေမည်။

နတ်သခင်အဆင့် တိုက်ခိုက်မှုတစ်ခုက လျှို့ဝှက်လဝန်းနန်းတော်၏ နည်းဗျူဟာ အတားအဆီးကို လွယ်ကူစွာ ဖျက်ဆီးပစ်နိုင်သည်။

ယွမ်ယုတိ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ် ထိုအခိုက်အတန့်၌ လျှို့ဝှက်လဝန်းနန်းတော်၏ အထက်ကောင်းကင်ယံတွင် နတ်ဘုရင်တစ်ပါး၏ အငွေ့အသက် ရုတ်တရက် ပေါ်ထွက်လာ၏။ ထို့နောက်ချက်ချင်းပင် အထက်ကောင်းကင်ယံ၌ လုချန်း၏ ပုံရိပ် ပေါ်လာပြန်၏။

လုချန်း ပေါ်လာသည်ကို မြင်လျှင် ဝူယာနတ်သခင် ခဏခန့် တုံ့ဆိုင်းသွားပြီး လွန်ခဲ့သော နှစ်ပေါင်းကုဋေချီက လုချန်းနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲပုံရိပ်များ သူ၏ စိတ်အာရုံထဲ၌ အလိုအလျောက် ပြန်လည်ပေါ်ပေါက်လာ၏။

ထိုစဉ်က လုချန်းသည် ယခုကဲ့သို့ပင် နတ်လောကသို့ စတင်ခြေချခါစ နတ်ဘုရင်အဆင့်မှသာ ရှိသေး၏။ သို့သော်လည်း နတ်ဘုရင်အဆင့် အင်အားမျှဖြင့် နတ်သခင်တစ်ပါးဖြစ်သော သူ့ကို လုချန်းက အကြိတ်အနယ် ပြန်လည်တိုက်ခိုက်နိုင်ခဲ့၏။

လုချန်းထံမှ နတ်ဘုရင် အငွေ့အသက်ကို ခံစားလိုက်ရလျှင် ဝူယာနတ်သခင်၏ မျက်နှာအမူအရာ အနည်းငယ် လေးနက်တည်ကြည်သွား၏။

ဝူယာနတ်သခင်က လုချန်းကို

“ကစဉ့်ကလျား ပင်လယ်ထဲကို ဝင်သွားပြီးတာတောင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်တဲ့အထိ ခင်ဗျားရဲ့ ကံတရားက ကောင်းနေလိမ့်မယ်လို့ တကယ်ပဲ မျှော်လင့်မထားခဲ့ဘူး။ ခင်ဗျား ကစဉ့်ကလျား ပင်လယ်ထဲမှာ ဘယ်လိုအခွင့်အရေးမျိုး ရခဲ့လဲဆိုတာ ကျုပ် တကယ်ကို စိတ်ဝင်စားမိတယ်။”

သူသည် လုချန်းထံမှ အခွင့်အရေးများအတွက်သာ လုချန်းကို လာရောက်ရှာဖွေခြင်း ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်ကိုလည်း နည်းနည်းမှ ဖုံးကွယ်ထားခြင်း မရှိပေ။

ဝူယာနတ်သခင်၏ မေးခွန်းကို လုချန်း ပြန်လည်ဖြေကြားခြင်း မပြုခဲ့ပေ။ ထိုအခိုက်အတန့်တွင် ယွမ်ယုတိ၏ ခန္ဓာကိုယ် လေထုထဲ၌ နောက်တစ်ကြိမ် ပြန်လည်ပေါ်လာ၏။

လုချန်းက အသံလွှင့်ခြင်းဖြင့် ယွမ်ယုတိကို

“ခင်ဗျားရဲ့ နတ်စွမ်းအားတွေကို ကျုပ်ဆီ လွှဲပေးလိုက်။”

လုချန်း ဘာလုပ်လိုသည်ကို ယွမ်ယုတိ ချက်ချင်း သဘောပေါက်သွားသည်။

သူ၏ မေးခွန်းကို လုချန်း တုံ့မပြန်သည်ကို မြင်လျှင် ဝူယာနတ်သခင်၏ မျက်နှာ ညိုမှောင်သွား၏။ စကားတစ်ခွန်းပင် မဆိုခြင်းက သူ့ကို လုံးဝ ဂရုမစိုက်ကြောင်း ထင်ရှားစွာ ပြသနေခြင်း ဖြစ်သည်။

ထို့ကြောင့် တိုက်ရိုက်လှုပ်ရှားရမည့်အချိန် ရောက်ပြီဖြစ်၏။ လုချန်းကို ဖမ်းဆီးရမိသည်နှင့် သူ စကားပြောလာစေမည့် နည်းလမ်းမြောက်မြားစွာ သူ့၌ ရှိနေသည်။

လုချန်း စကားမပြောလျှင်ပင် ဝိညာဉ်ရှာဖွေခြင်းကို အသုံးပြု၍ သူ၏ အခွင့်အရေးများကို သူ သိနိုင်သည်။

ထိုအခိုက်အတန့်တွင် လုချန်း၏ ခြေဖဝါးအောက်၌ ကြီးမားလှသော နည်းဗျူဟာ ပုံစံ အင်းကွက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုနည်းဗျူဟာ ပုံစံက ချဲ့ထွင်လာပြီး ဝူယာနတ်သခင်ကို တိုက်ရိုက် လွှမ်းခြုံပိတ်လှောင်လိုက်၏။

ဝူယာနတ်သခင်သည် ဤနည်းဗျူဟာ ပုံစံကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိသကဲ့သို့ ၎င်း၏ ရည်ရွယ်ချက်ကိုလည်း မသိသဖြင့် သူ၏ မျက်နှာအမူအရာလည်း အလွန်တရာ လေးနက်တည်ကြည်သွားသည်။

ထိုအကြောင်းကြောင့်ပင် ဝူယာနတ်သခင် ရင်ထဲ၌ အန္တရာယ်ရှိသော ခံစားမှုတစ်ခု ပေါ်ပေါက်သွားပြီး ချက်ချင်း အလွန် သတိကြီးစွာ ထားလိုက်မိ၏။ လုချန်းသည် ကစဉ့်ကလျား ပင်လယ်ထဲမှ ထွက်ခွာလာသူ ဖြစ်သဖြင့် လုချန်းထံ၌ မရေမတွက်နိုင်သော အခွင့်အရေးများ ရှိနေလိမ့်မည်ဟု သူ အမြဲ ခံစားနေရ၏။

လျှို့ဝှက်လဝန်းနန်းတော်တစ်ခုလုံးကို ရွှေ့ပြောင်းနိုင်သည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို လုချန်း ထုတ်ဖော်နိုင်ခဲ့လျှင် သူ့ကို အန္တရာယ်ပြုနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း နည်းဗျူဟာ ပုံစံတစ်ခုကိုလည်း သူ ဧကန်မုချ ထုတ်ဖော်နိုင်လိမ့်မည် ဖြစ်သည်။

ကစဉ့်ကလျား ပင်လယ်သည် ဖြစ်နိုင်ခြေအနန္တတို့နှင့် ပြည့်နှက်နေသော နေရာဖြစ်သဖြင့် လုချန်း ယခု ဖြန့်ကျက်နေသည့် အရာက ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း နည်းဗျူဟာ ပုံစံတစ်ခု ဖြစ်နေမည်ကို ဝူယာနတ်သခင် ထိတ်လန့်တုန်လှုပ်မိ၏။

ယာယီဆုတ်ခွာရန် ဝူယာနတ်သခင် တွေးတောလိုက်စဉ်မှာပင် ယွမ်ယုတိ လုချန်း၏ အနားသို့ တိုက်ရိုက် ရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စွမ်းအားများ ချက်ချင်း ထည့်သွင်းပေးလိုက်၏။

နတ်သခင်တစ်ပါးဖြစ်သော ယွမ်ယုတိ၏ စွမ်းအားကို ရရှိလိုက်လျှင် ခဏခန့်အတွင်းမှာပင် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို လုချန်း လှုံ့ဆော်လိုက်ရာ နောက်တစ်ခဏ၌ ဝူယာနတ်သခင်၊ လုချန်းနှင့် ယွမ်ယုတိတို့ မူလနေရာမှ ပျောက်ကွယ်သွားကြတော့၏။

ဝူယာနတ်သခင် ပျောက်ကွယ်သွားပြီးနောက် စွမ်းအားထောက်ပံ့မှု မရှိတော့ခြင်းကြောင့် သူ၏ နယ်ပယ်ပင်လယ်သည်လည်း မျက်စိတစ်မှိတ်အတွင်း ပြိုလဲသွားခဲ့ပြီး ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကောင်းကင်ဘုံ စွမ်းအားက ပျက်စီးသွားသော အာကာသကို လျင်မြန်စွာ ပြန်လည်ပြုပြင်ပေးလိုက်၏။

…..

ထိုစဉ်။

အရိုင်းနယ်မြေအတွင်းရှိ အဆုံးအစမဲ့သော သဲကန္တာရတစ်ခု၌။

သဲကန္တာရ ပင်လယ်၏ အထက်ကောင်းကင်ယံတွင် လုချန်း၊ ယွမ်ယုတိနှင့် ဝူယာနတ်သခင်တို့ ရုတ်တရက် ပေါ်လာကြ၏။

ဝူယာနတ်သခင်၏ မျက်နှာ အလွန်တရာ ညိုမှောင်နေခဲ့၏။ လုချန်းက သတ်ဖြတ်ခြင်း နည်းဗျူဟာ ပုံစံကို အသုံးမပြုခဲ့သဖြင့် သူ စိတ်သက်သာရာ ရသွားသော်လည်း လုချန်း၏ တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံ၌ နတ်သခင်တစ်ပါးကိုပင် အတင်းအဓမ္မ ရွှေ့ပြောင်းနိုင်စွမ်းသော စွမ်းရည် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိပေ။

အာကာသနှင့် အချိန်စွမ်းအား၏ အရှင်သခင်ဖြစ်သော သူပင်လျှင် ထိုတည်နေရာရွှေ့ပြောင်းခြင်း စွမ်းအားကို မခုခံနိုင်ခဲ့ခြင်းကြောင့် ဤနည်းဗျူဟာ ပုံစံ၏ အဆင့်အတန်း အလွန်တရာ မြင့်မားကြောင်း ထင်ရှားလှသည်။ ကစဉ့်ကလျား ပင်လယ်ထဲမှ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တည်နေရာရွှေ့ပြောင်း နည်းဗျူဟာ ပုံစံကို လုချန်း ရရှိနိုင်ခဲ့လျှင် အခြားသော အစွမ်းထက်သည့် အခွင့်အရေးများကိုလည်း ထိုနေရာမှ သူ စုဆောင်းထားနိုင်ခဲ့မှာ ဧကန်မုချ ဖြစ်၏။

ထိုအချက်ကို စဉ်းစားမိပြီးနောက် ဝူယာနတ်သခင်လည်း သူ၏ သတိကို လျှော့ချခြင်း မပြုခဲ့ပေ။

ဝူယာနတ်သခင်က လက်ကို မြှောက်လျက် နှာခေါင်းရှုံ့ကာ လုချန်းကို

“ခင်ဗျား လျှို့ဝှက်လဝန်းနန်းတော်ကနေ ထွက်ခွာလာရုံနဲ့ ခင်ဗျားရဲ့စွမ်းအားတွေကို စိတ်ကြိုက်ထုတ်သုံးနိုင်ပြီလို့ ထင်နေတာလား။”

“ကျုပ်ကို တိုက်ခိုက်ဖို့ ခင်ဗျားရဲ့စွမ်းအားတွေကို ထုတ်သုံးလိုက်ရုံနဲ့ ကျုပ်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား။”

စကားသံ ဆုံးသည်နှင့် ဝူယာနတ်သခင်၏ ပတ်ဝန်းကျင်ရှိ အာကာသနှင့် အချိန်စွမ်းအားများ ထပ်မံ လှိုင်းထန်လာပြီးနောက် သူက အသံကျယ်ကြီးဖြင့် ဟိန်းဟောက်လိုက်၏။

“နယ်ပယ်ပင်လယ်”

မျက်စိတစ်မှိတ်အတွင်းမှာပင် အာကာသကလည်း တစစီ ကြေမွသွားပြီး သူတို့ ရပ်နေသည့် အထက်ကောင်းကင်ယံ၌ အာကာသအပိုင်းအစများနှင့် ဖွဲ့စည်းထားသော နယ်ပယ်ပင်လယ်တစ်ခု ပေါ်ပေါက်လာ၏။ နယ်ပယ်ပင်လယ်အတွင်းရှိ အာကာသနှင့် အချိန်စွမ်းအားက ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ရူးသွပ်စွာ ဝါးမြိုပစ်ကာ အဆက်မပြတ် ချဲ့ထွင်လာခဲ့၏။

ဝူယာနတ်သခင်နှင့် အသေအကြေ တိုက်ခိုက်ရန်အတွက် သူမ၏ နိယာမ ကိုယ်ထည်ကို ယွမ်ယုတိ ချက်ချင်း ထုတ်ဖော်လိုက်ပြီး နတ်စွမ်းအားအားလုံးကို စုစည်းလိုက်၏။ ယခု လျှို့ဝှက်လဝန်းနန်းတော်နှင့် ဝေးကွာသောနေရာသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူမ စွမ်းအားအပြည့် ထုတ်သုံးလျှင်ပင် လျှို့ဝှက်လဝန်းနန်းတော်ကို သက်ရောက်မှု ရှိတော့မည် မဟုတ်ရာ သူမအနေနှင့် အစွမ်းကုန် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ဝူယာနတ်သခင်က လှည့်ကွက်ဟောင်းကို ပြန်လည်အသုံးပြုလျက် ယခင်နတ်အတတ်ကို ထပ်မံ ထုတ်ဖော်လိုက်ပြန်၏။

ဝူယာနတ်သခင်က

“နယ်ပယ်ပင်လယ် အရိပ်အယောင်။”

အတိုင်းအဆမဲ့လှသော အာကာသနှင့် အချိန်စွမ်းအားများက ယွမ်ယုတိ၏ ပုံတူပွားကို နောက်တစ်ကြိမ် ထပ်မံ စုစည်းပေးလိုက်ပြန်၏။ ယွမ်ယုတိ လှုပ်ရှားလိုက်သည်နှင့် ထိုကိုယ်ပွားကလည်း တပြိုင်နက်တည်း တိုက်ခိုက်မည် ဖြစ်သည်။

ယွမ်ယုတိ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဤကိုယ်ပွားက တစ်ချိန်လုံး သူမအတွက် ကြီးမားသော ပြဿနာတစ်ခု ဖြစ်နေခဲ့၏။

အဆက်မပြတ် တိုက်ခိုက်ခြင်းဖြင့် ဝူယာနတ်သခင်၏ အာကာသနှင့် အချိန်စွမ်းအားကို သူမ ကုန်ဆုံးစေနိုင်သော်လည်း သူ၏ အာကာသနှင့် အချိန်စွမ်းအား ကုန်ဆုံးမသွား သေးသရွေ့ ဝူယာနတ်သခင်ကို နှိမ်နင်းရန် သူမ၌ နည်းလမ်းမရှိပေ။

အဆုံးစွန်၌ သူသည် နတ်သခင်တစ်ပါး ဖြစ်ပြီး နတ်သခင်တစ်ပါး ပိုင်ဆိုင်ထားသော စွမ်းအား ဆိုသည်က လွယ်ကူစွာ ကုန်ဆုံးသွားမည့်အရာ မဟုတ်ပေ။ မြောက်ပိုင်းနယ်မှ နတ်ဆိုးဧကရာဇ်နှင့် နဂါးအထွတ်အထိပ် နတ်သခင်တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ဆယ်စုနှစ်ချီ၍ ကြာသွားပြီဖြစ်ကြောင်း လူတိုင်း သိကြသည်။

ဝူယာနတ်သခင်နှင့် တိုက်ရမည့် ဆယ်စုနှစ်ချီ ကြာမြင့်နိုင်သော တိုက်ပွဲအတွက် ယွမ်ယုတိ သူမကိုယ်သူမ ပြင်ဆင်လိုက်စဉ်မှာပင် လုချန်းက ရုတ်တရက် ယွမ်ယုတိကို

“တိုက်ခိုက်လိုက်။ ကျုပ်မှာ နည်းလမ်းရှိတယ်”

လုချန်း၏ စကားကို ကြားလျှင် ယွမ်ယုတိလည်း ထပ်မံတုံ့ဆိုင်းခြင်း မရှိတော့ပဲ သူမ၏ ရေခဲစွမ်းအားကို စုစည်းလိုက်ပြီးနောက် အော်ဟစ်လိုက်၏။

“ရေခဲဝိညာဉ် ဝိညာဉ်ချေမှုန်းခြင်း အတတ်။”

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ရေခဲချွန်များ ကောင်းကင်ထက်၌ ပေါ်ပေါက်လာပြီး နယ်ပယ်တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။

ဤအရာကို မြင်သော်လည်း ဝူယာနတ်သခင်ကတော့ ဂရုမစိုက်ပဲ ခပ်အေးအေးပင် ရှိနေခဲ့၏။ အဆုံးစွန်၌ အာကာသနှင့် အချိန်စွမ်းအားကို သုံး၍ သူဖန်တီးထားသော ကိုယ်ပွားမှာ ယွမ်ယုတိ၏ ပုံရိပ်သာ ဖြစ်သည်။

ယွမ်ယုတိ၏ တိုက်ခိုက်မှုက မည်မျှပင် ပြင်းထန်စေကာမူ ထိုကိုယ်ပွားကလည်း တူညီသော စွမ်းအားကို ပိုင်ဆိုင်ထားမည် ဖြစ်၏။

သူ့ကို အနိုင်ယူရန်က ဤမျှလွယ်ကူသော အရာမဟုတ်ပေ။

သို့သော်လည်း ယွမ်ယုတိနှင့် လုချန်းတို့ သူကို နှိမ်နင်းရန် နည်းလမ်းမရှိတော့ဟု ဝူယာနတ်သခင် ထင်မှတ်လိုက်သည့် အခိုက်အတန့်တွင်ပင် လုချန်း၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အာကာသနှင့် အချိန်စွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာ၏။

ထို့နောက်ချက်ချင်းပင် လုချန်း၏ နောက်ကျော၌ ကြီးမားလှသော တွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာပြီး၊ တစ်ဆက်တည်းမှာပင် သဲကန္တာရ ပင်လယ်သည် အဆုံးအစမဲ့သော ကြယ်တာရာကောင်းကင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လုချန်းသည် ထိုတွင်းနက်ကြီး၏ ရှေ့မှောက်၌ ရပ်တန့်လျက် ဤလောကကြီးကို သူ့စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နေသကဲ့သို့ ရှိနေခဲ့၏။

ဝူယာနတ်သခင် ခဏခန့် မှင်တက်သွားရင်း

“ဒါက အာကာသလမ်းစဉ်နဲ့ အချိန်လမ်းစဉ် ပေါင်းစပ်ထားတာလား။”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

ဟုအံ့အားသင့်စွာ ရေရွတ်မိလိုက်၏။

အာကာသလမ်းစဉ်ကို နားလည်ခြင်းဖြင့် အချိန်လမ်းစဉ်ကိုပါ သိနားလည်နိုင်ပြီး အချိန်စွမ်းအားကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သူ ခံစားမိသော်လည်း ပေါင်းစပ်ထားသော အာကာသနှင့် အချိန်လမ်းစဉ်ကိုတော့ သူကိုယ်တိုင်ပင်လျှင် အပြည့်အဝ ဆုပ်ကိုင်နိုင်ခြင်း မရှိခဲ့ပေ။

နတ်ဘုရင်အဆင့်၌သာ ရှိသေးသော လုချန်းက အဘယ်ကြောင့် ပြီးပြည့်စုံသော အာကာသနှင့် အချိန်လမ်းစဉ်ကို ထိန်းချုပ်နိုင်ရသနည်း။ သူသည် နတ်သခင်တစ်ပါး ဖြစ်သော်လည်း အာကာသနှင့် အချိန်လမ်းစဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုမှာ လုချန်းလောက် မနက်ရှိုင်းသဖြင့် အာကာသနှင့် အချိန်စွမ်းအားကို လှုံ့ဆော်သည့်အခါ လုချန်း၏ လွှမ်းမိုးခြင်းကို သူ ခံလိုက်ရသည်။

အာကာသနှင့် အချိန်လမ်းစဉ်၏ ထူးခြားဆန်းကြယ်သော ဖြစ်စဉ်များကို လုချန်း ဆင့်ခေါ်လိုက်ပြီးနောက် ယွမ်ယုတိ ကိုယ်ပွား၏ အာကာသနှင့် အချိန်စွမ်းအားကို တိုက်ရိုက် ဖြတ်တောက်လိုက်ရာ ကိုယ်ပွားလည်း အာကာသနှင့် အချိန်စွမ်းအား ထောက်ပံ့မှု မရှိတော့သဖြင့် ရေခဲပွင့်များအဖြစ်သို့ လွင့်စင်ပျောက်ကွယ်သွားတော့၏။

--

…………….

All Chapters