အခန်း ၁၈၅၀
Vol. 124 Ch. 1850
အခန်း (၁၈၅၀)
လရောင်နတ်ကိုယ်ထည်
ဝူယာနတ်သခင်သည် မိုက်မဲသူတစ်ဦး မဟုတ်ပေ။ လုချန်းတို့အပေါ် အာကာသ ကန့်သတ်ချက်များ သက်ရောက်မှုမရှိကြောင်း နားလည်သွားပြီးနောက် ထိုကဲ့သို့သော နည်းလမ်းမျိုးကို သူ ဆက်လက်အသုံးပြုလိမ့်မည် မဟုတ်မှာ သေချာ၏။
ကြယ်လမ်းကြောင်း ကောင်းကင်တည်ငြိမ်ခြင်းပညာမှာ ရိုးရှင်းသော အာကာသ ကန့်သတ်ချက်မျှသာ မဟုတ်ပေ။ ပတ်ဝန်းကျင်ရှိ အာကာသနှင့် အချိန်ကို ပင့်ကူအိမ်ကဲ့သို့ စောင့်ကြည့် စစ်ဆေးခြင်းကသာ ၎င်း၏ အရေးပါဆုံး လုပ်ဆောင်ချက် ဖြစ်၏။ ထို့ကြောင့် လုချန်းနှင့် ယွမ်ယုတိတို့ကို သူ ချက်ချင်း ခြေရာခံနိုင်မည် ဖြစ်၏။
ထိုအခိုက်အတန့်တွင် ဝူယာနတ်သခင်၏ လက်ထဲ၌ လှံရှည်တစ်စင်း ပေါ်လာပြီး သူ၏ နတ်စွမ်းအားအားလုံးကို စုစည်းကာ
“အာကာသနှင့် အချိန်ပိုင်းဖြတ်ခြင်း”
ဟုကြွေးကြော်လိုက်၏။
လှံရှည်တစ်ချက် ဝေ့ယမ်းလိုက်ရုံဖြင့် အာကာသနှင့် အချိန်တို့သည် ချက်ချင်း ကွဲအက်သွားပြီး အာကာသနှင့် အချိန်စွမ်းအားများ ရစ်ပတ်နေသော နက်မှောင်သည့် နတ်အငွေ့အသက်များက ယွမ်ယုတိထံသို့ တိုက်ရိုက် ဦးတည်ပိုင်းဖြတ်သွားတော့၏။
ထိုအခိုက်အတန့်တွင် သူ၏ စွမ်းအားကို ယွမ်ယုတိ ထပ်မံ ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ နောက်တစ်စက္ကန့်တွင် သူမ၏ ကိုယ်ထည်မှ နူးညံ့သော အလင်းဖြူများ ဖြာထွက်လာခဲ့သည်။
ထို့နောက် ချက်ချင်းပင် လပြည့်ဝန်းကြီးတစ်ခု သူမ၏ နောက်ကျော၌ ပေါ်ထွက်လာပြန်သည်။ ရေခဲစွမ်းအားနှင့် သတ်ဖြတ်ခြင်းစွမ်းအားတို့ကို ယွမ်ယုတိ ထုတ်ဖော်လိုက်ခြင်းဖြစ်၏။
မတည်ငြိမ်သော ထိုစွမ်းအားနှစ်ရပ် ပေါင်းစည်းသွားသောအခါ သူတို့ရှိနေသည့် အာကာသတစ်ခုလုံး တုန်ခါလာတော့သည်။
နောက်တစ်ခဏတွင် ယွမ်ယုတိက အေးစက်စွာဖြင့် အော်ဟစ်လိုက်သည်။
“ကမ္ဘာဦးရေခဲချိပ်ပိတ်ခြင်း”
ချက်ချင်းပင် ရေခဲစွမ်းအားနှင့် သတ်ဖြတ်ခြင်းစွမ်းအားတို့ ပေါင်းစပ်ထားသည့် စွမ်းအားများက ယွမ်ယုတိ၏ ကိုယ်ထည်မှ လျှံထွက်လာခဲ့၏။ ခဏခန့်အတွင်းမှာပင် အာကာသတစ်ခုလုံး ခဲသွားခဲ့ပြီး ဝူယာနတ်သခင်၏ လှံရှည်ဖြင့် တိုက်ခိုက်မှုကိုပင် ရပ်တန့် အေးခဲသွားစေ၏။
လောကကြီးတစ်ခုလုံး ရပ်တန့်သွားသကဲ့သို့ ပင်ရှိတော့၏။
လှုပ်ရှားမှုမရှိပဲ တန့်နေသည့် ပတ်ဝန်းကျင်ကို လုချန်း ကြည့်ရင်း ယွမ်ယုတိ ထုတ်ဖော်လိုက်သော စွမ်းအားသည် ခပ်သိမ်းသော အရာဝတ္ထုများကိုတင်မကပဲ အာကာသနှင့် အချိန်ကိုပါ ခဲသွားစေခြင်း ဖြစ်သည်ကို ချက်ချင်း သဘောပေါက်သွားကာ မှင်တက်သွားရ၏။
မည်မျှထိတ်လန့်ဖွယ် ကောင်းလိုက်သနည်း။
ယွမ်ယုတိ၏ နောက်ကွယ်မှ ထိုလဝန်းကြီးက အဘယ်အရာနည်း။
စနစ်ကို လုချန်း မမေးမြန်းနိုင်သေးမီမှာပင် ယွမ်ယုတိက ထပ်မံ လှုပ်ရှားလျက်
“ရေခဲဝိညာဉ် ဝိညာဉ်ချေမှုန်းခြင်းပညာ”
ချက်ချင်းပင် ရေခဲစူးချွန် အမြောက်အမြားက ခဲနေသော ဝူယာနတ်သခင်ကို ထိမှန်သွားပြီး သူ တုံ့ပြန်ရန် အချိန်မရမီမှာပင် ထိုရေခဲစူးချွန်များက သူ့ကို အဆက်မပြတ် တိုက်ခိုက်တော့၏။ ထိုရေခဲစူးချွန် တစ်ခုချင်းစီတွင် သတ်ဖြတ်ခြင်းစွမ်းအားများ ကိန်းအောင်းနေပြီး ၎င်းစွမ်းအားများက ဝူယာနတ်သခင်၏ ခန္ဓာကိုယ်နှင့် နိယာမ ပုံရိပ်တို့ထံ ထိတွေ့မိသောအခါ သူ၏ ကိုယ်ထည်နှင့် နိယာမ ပုံရိပ်ကို အဆက်မပြတ် ပျက်စီးစေခဲ့၏။
ကမ္ဘာဦးရေခဲချိပ်ပိတ်ခြင်း၏ သက်ရောက်မှု အချိန်ကုန်ဆုံးသွား၍ ဝူယာနတ်သခင် သတိပြန်ဝင်လာလျှင် သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ဒဏ်ရာရရှိနေပြီ ဖြစ်သည်။
သူက သွေးတစ်ပွက် အန်ထုတ်ရင်း မနီးမဝေးရှိ ယွမ်ယုတိကို မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။
ဝူယာနတ်သခင်၏ မျက်နှာထက်တွင် လေးနက်မှုများ လွှမ်းမိုးသွားပြီး လက်သီးကို တင်းတင်းဆုပ်ကာ
“ဒါက လရောင်နတ်ကိုယ်ထည်ပဲ..... ခင်ဗျားမှာ နတ်ကိုယ်ထည် ရှိနေလိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး။”
နတ်တစ်ပါး၏ စွမ်းအားကို အဆုံးအဖြတ်ပေးသည့် အကြောင်းရင်းများစွာ ရှိပြီး ၎င်းတွင် ထူးခြားသော အရည်အချင်းများလည်း ပါဝင်၏။ ထူးခြားသော ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံ ရှိသည့် နတ်များသည် ထိုသို့ဖွဲ့စည်းပုံ မရှိသူများထက် မွေးရာပါ စွမ်း အား ပိုကောင်းကြ၏။
ထူးခြားသော ကိုယ်ထည်ဖွဲ့စည်းတည်ဆောက်ပုံများကို ရတနာကိုယ်ထည်، စိတ်ဝိညာဉ်ကိုယ်ထည်၊ စစ်ကိုယ်ထည်နှင့် နတ်ကိုယ်ထည် ဟူ၍ အမျိုးမျိုး ခွဲခြားထားသည်။ နတ်ကိုယ်ထည်သည် ထိုကိုယ်ထည်များထဲတွင် အစွမ်းထက်ဆုံး ဖြစ်၏။
ထျန်းရန်နတ်ဘုရား နယ်မြေ၌ နတ်ကိုယ်ထည် ပိုင်ဆိုင်ထားသူများသည် မဟာအင်အားကြီးအုပ်စု တစ်ခု၏ ခေါင်းဆောင်များ ဧကန်မုချ ဖြစ်တတ်ကြ၏။ ခမ်းနားသော ကောင်းကင်ခန်းမ၏ ခန်းမသခင် ဖြစ်သူ ကြယ်မြစ် နတ်သခင်ကလည်း နတ်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသူဖြစ်သည်။
ယနေ့တွင် ကြီးမားသော အခက်အခဲနှင့် သူ ရင်ဆိုင်နေရပြီဖြစ်ကြောင်း ဝူယာနတ်သခင် သဘောပေါက်သွား၏။ အာကာသနှင့် အချိန်ကိုပါ ခဲသွားစေသည့် ယွမ်ယုတိ ခုနက ထုတ်ဖော်လိုက်သော စွမ်းအားအရ သူမ၏ လက်ရှိစွမ်းအားသည် သူ့ထက် များစွာ သာလွန်နေကြောင်း ထင်ရှားစွာ သက်သေပြနေ၏။
ယနေ့တွင် ဤမျှနှင့်ပင် တကယ်ပဲ ပြီးဆုံးသွားတော့မှာလား။
ဤအတိုင်းပဲ လှည့်ပြန်ရတော့မှာလား။
မဖြစ်နိုင်ပေ။
ဤနေရာအထိ လာခဲ့ပြီးမှတော့ အလဟဿ အဖြစ်မခံနိုင်ပေ။
ထိုအတွေးနှင့်အတူ လုချန်းထံသို့ ဝူယာနတ်သခင်၏ အကြည့်များ ရောက်ရှိသွား၏။ နောက်တစ်ခဏတွင် သူ၏ ခန္ဓာကိုယ် ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်လည် ပေါ်လာချိန်၌ လုချန်း၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုအရာကို မြင်လျှင် ယွမ်ယုတိ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွား၏။ သို့သော်လည်း လုချန်း၏ ခန္ဓာကိုယ်သည် ကိုယ်ပွားတစ်ခုသာ ဖြစ်သည်ကို သတိရသွားသဖြင့် သူမလည်း မည်သည့်လှုပ်ရှားမှုမှ မလုပ်ပဲ အဝေးမှသာ ဆက်လက် စောင့်ကြည့်နေခဲ့၏။
လုချန်း၏ ရှေ့တွင် ပေါ်လာပြီးနောက် ဝူယာနတ်သခင်က လှောင်ပြုံးပြုံးလျက်
“နတ်ကိုယ်ထည်ရဲ့ ပြိုင်ဘက် မဟုတ်နိုင်ပေမဲ့ ... ခင်ဗျားကတော့ နတ်ကိုယ်ထည် မဟုတ်ဘူး။”
ထိုသို့ ပြောဆိုရင်း လုချန်းထံသို့ ဝူယာနတ်သခင်က သူ၏ လှံရှည်ကြီးကို တိုက်ရိုက် ဝေ့ယမ်း ပိုင်းဖြတ်လိုက်၏။ သို့သော် ထူးဆန်းသည်မှာ လုချန်း၏ မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင် နည်းနည်းမှ မရှိခြင်းဖြစ်သည်။
ထိုအချက်က ဝူယာနတ်သခင်အား မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားရစေ၏။
လုချန်းက
“အချိန်တန်ပြီ။”
နတ်ဘုရင်၏ ကျိန်စာ စွမ်းအား အမြောက်အမြား ကျန်ရှိနေသေး၏။ ယခုအချိန်တွင် ကိုယ့်ကိုယ်ကို ဖောက်ခွဲမှု ပြုလုပ်ခြင်းသည် နတ်သခင် တစ်ပါးကိုပင် ပြင်းထန်စွာ ဒဏ်ရာရစေနိုင်သည်။ ယခုဆိုလျှင် ဝူယာနတ်သခင်သည် ယွမ်ယုတိကြောင့် ဒဏ်ရာရရှိထားပြီးသားလည်း ဖြစ်၏။
ထိုအရာကို ကြားလျှင် ဝူယာနတ်သခင် ခဏခန့် ကြောင်အမ်းသွားပြီး လုချန်း၏ ရုတ်တရက် ပြောလိုက်သော စကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်နိုင် ဖြစ်သွား၏။
သို့သော် မကြာမီမှာပင် ဝူယာနတ်သခင် သဘောပေါက်သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ပြင်းထန်လှသော စွမ်းအားတစ်ခုက လုချန်း၏ ခန္ဓာကိုယ်မှ ရုတ်ချည်း ထွက်ပေါ်လာ၏။ ဝူယာနတ်သခင် တုံ့ပြန်ရန် အချိန်မရမီမှာပင် လုချန်း၏ ခန္ဓာကိုယ် တိုက်ရိုက် ပေါက်ကွဲသွားတော့၏။
နတ်ဘုရင်၏ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော စွမ်းအားက အာကာသထဲတွင် မဲမှောင်သော တွင်းနက်ကြီးတစ်ခုကို ချက်ချင်း ဖြစ်ပေါ်စေခဲ့ပြီး လုချန်း၏ ရှေ့တွင် ရပ်နေသော ဝူယာနတ်သခင်ကို အဖျက်စွမ်းအားများဖြင့် လွင့်စင်သွားစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဝူယာနတ်သခင်သည် နတ်သခင်တစ်ပါး ဖြစ်သည့်အပြင် သူ၏ ကိုယ်ပေါ်တွင်လည်း အသက်ကယ်ရတနာများ ရှိနေသေး၏။ နတ်အာရုံ မပါဝင်သော ကိုယ်ထည် ဖောက်ခွဲမှုမျိုးဖြင့် ဝူယာနတ်သခင်ကို သေသည်အထိ ထိခိုက်စေရန်က မဖြစ်နိုင်သလောက်ပင်။
ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသော နေရာသို့ လွင့်စင်သွားပြီးနောက်မှသာ ဝူယာနတ်သခင် တဖြည်းဖြည်း ပြန်လည် သတိဝင်လာခဲ့သော်လည်း သူ၏ စိတ်အာရုံကတော့ ဝေဝါးနေဆဲဖြစ်ပြီး အံ့အားသင့်နေတုန်းပင်။
တိုက်ရိုက် ကိုယ်ကိုယ်ကို ဖောက်ကွဲပစ်တာလား။
လုချန်းက ကစဉ့်ကလျား ပင်လယ်ထဲမှ ထွက်လာပြီးနောက် ဤမျှအထိ ကြမ်းတမ်း ခက်ထန်သွားရသလား။
ခုနက လုချန်း ကိုယ်တိုင် ပေါက်ကွဲသွားသည့် မြင်ကွင်းကို ပြန်လည် တွေးတောမိလျှင် ဝူယာနတ်သခင်၏ တစ်ကိုယ်လုံး နာကျင်မှုများ ရုတ်တရက် ခံစားလိုက်ရ၏။ ထို့နောက် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး သူ၏ အငွေ့အသက်များလည်း သိသိသာသာ အားနည်းသွားခဲ့၏။
ဝူယာနတ်သခင်သည် သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ကုစားရန်အတွက် ဆေးလုံးတစ်လုံးကို အလျင်အမြန် သောက်သုံးလိုက်ရသည်။ လုချန်း တကယ်ပဲ ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခဲ့သည်ကို သူ မယုံကြည်နိုင် ဖြစ်နေ၏။
လုချန်းသည် ယခင်ကလည်း တောင်ပိုင်းနယ်၌ ကိုယ့်ကိုယ်ကို ဖေါက်ခွဲခဲ့ဖူးသော်လည်း ယခုတိုင် အကောင်းပကတိ ရှိနေဆဲ မဟုတ်ပါလား။
ဒါက သူ၏ ကိုယ်ပွား ဧကန်မုချ ဖြစ်ရမည်။
သို့သော် ထိုခန္ဓာ ကိုယ်ပွားဖြစ်ကြောင်း ယခု သိသွားလျှင်ပင် သူ ဘာတတ်နိုင်ဦးမည်နည်း။
လက်ရှိတွင် သူသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး ယွမ်ယုတိကလည်း နတ်ကိုယ်ထည် ရှိသူ ဖြစ်နေသဖြင့် သူတို့ကို သူ ဘာမှမလုပ်နိုင်ပေ။
အဆုံးတွင်တော့ ယာယီ ဆုတ်ခွာရန်သာ ဝူယာနတ်သခင် ဆုံးဖြတ်လိုက်တော့၏။ ကံကောင်းသည်က သူသည် ယခု အဝေးသို့ လွင့်စင်လာခဲ့ပြီးဖြစ်၍ ယခု ထွက်ခွာသွားပါက ယွမ်ယုတိအနေနှင့် လိုက်မှီနိုင်မည် မဟုတ်ပေ။
တွန့်ဆုတ်မနေပဲ အာကာသကို ချက်ချင်း ဆုတ်ဖြဲကာ နဂါးနယ်မြေမှ ဝူယာနတ်သခင် ထွက်ခွာသွားလိုက်တော့သည်။
…..
သူ၏ ခန္ဓာကိုယ် ပြန်ပေါ်လာချိန်တွင် နေဝင်တောင်တန်းထဲသို့ သူ ရောက်ရှိနေပြီ ဖြစ်၏။
ထိုအခိုက်အတန့်တွင် ဝင်ခါနီး နေမင်းက သွေးကဲ့သို့ နီရဲစွာ ကောင်းကင်ယံ၌ တွဲလဲခိုနေ၏။ နေဝင်တောင်တန်းတစ်ခုလုံးသည် သုဿန်တစပြင်အလား တိတ်ဆိတ်ခြင်းထဲသို့ ကျရောက်နေ၏။
ပတ်ဝန်းကျင်၌ မည်သည့်အသံမှ မရှိသဖြင့် ဝူယာနတ်သခင်လည်း သူ၏ သတိကို ချက်ချင်း မြှင့်တင်လိုက်သည်။
ဝူယာနတ်သခင်သည် ပတ်ဝန်းကျင် အခြေအနေကို စူးစမ်းရန်
သူ၏ နတ်အာရုံကို ထုတ်လွှတ်လိုက်သော်လည်း ထူးခြားမှု တစ်စုံတစ်ရာ မတွေ့ရှိရပေ။
သို့သော် ထူးခြားမှု နည်းနည်းမှ မရှိခြင်းကပင် အကြီးမားဆုံးသော ထူးခြားမှု ဖြစ်သည်။
တိရစ္ဆာန်များ၏ အော်မြည်သံပင် မရှိလောက်အောင် တိတ်ဆိတ်လွန်းလှသော ပတ်ဝန်းကျင်မျိုးက မည်သို့ ပုံမှန်အတိုင်း ဖြစ်နေနိုင်ပါမည်နည်း။
ဤကျိန်စာသင့်နေသော နေရာမှ အမြန်ဆုံး ထွက်ခွာပြီး ဤနေရာ၌ ဖြစ်ပျက်ခဲ့သမျှကို ခန်းမသခင်ထံ အစီရင်ခံရန် ခမ်းနားသော ကောင်းကင်ခန်းမသို့ ပြန်ခြင်းက ပို၍ ကောင်းလိမ့်မည်ဟု ဝူယာနတ်သခင် စိတ်ထဲ တွေးလိုက်မိ၏။
လုချန်းကို သူတစ်ယောက်တည်း ဖမ်းဆီး ခေါ်ဆောင်လာ၍ မရနိုင်သဖြင့် သူတို့ ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင် အမြောက်အမြားနှင့် မှော်ရတနာများကို ခေါ်ဆောင်လာရမည်ဖြစ်သည်။ ထိုအခါ နတ်ကိုယ်ထည်ပိုင်ရှင် ယွမ်ယုတိပင် လုချန်းကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။
လုချန်းဆီတွင် ရှိနေနိုင်သော လျှို့ဝှက်ချက်များ လွန်စွာ များပြားလှသဖြင့် ဤကိစ္စအတွက် နတ်သခင် အမြောက်အမြားကို စေလွှတ်ရန် ထိုက်တန်၏။
ခရီးဆက်ရန် အာကာသကို ထပ်မံ ဆုတ်ဖြဲတော့မည့် ဆဲဆဲမှာပင် သူ၏ အတွင်းစွမ်းအားများ တန့်ခဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ဝူယာနတ်သခင် လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
နောက်တစ်ခဏ၌ ထူးဆန်းသော အေးစက်သည့် အငွေ့အသက်တစ်ခုက သူ၏ ခြေဖဝါးမှ ဦးခေါင်းထိပ်အထိ တိုးဝင်သွားရာ ဝူယာနတ်သခင်အား ချွေးစေးများ ပြန်လာစေ၏။
ဝူယာနတ်သခင်လည်း
“ဘာ... ဖြစ်... နေတာလဲ...”
ဟု အလန့်တကြား ရေရွတ်လိုက်မိသည်။
ဝူယာနတ်သခင်၏ နှုတ်မှ ထိုစကားလုံးများ ထွက်လာသည်နှင့် တပြိုင်နက် သူ၏ မျက်စိရှေ့မှောက်ရှိ အရာအားလုံး မှောင်အတိ ကျသွားပြီး လုံးဝသတိလစ်သွားခဲ့သည်။ ထိုစဉ် နေဝင် တောင်တန်း၏ တောအုပ်တစ်ခုထဲမှ ထွက်ပေါ်လာသော အနက်ရောင် မြူခိုးများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့၏။
--
………….