← Chapters

အခန်း ၁၈၅၁

Vol. 124 Ch. 1851

အခန်း ၁၈၅၁

Vol. 124 Ch. 1851

အခန်း (၁၈၅၁ )

လမ်းစဉ် ပြဿနာ

သဲကန္တာရပင်လယ်အတွင်း၌ လုချန်း၏ ခန္ဓာကိုယ် ပေါက်ကွဲမှုကြောင့် သူမ ရှေ့တွင် ဖြစ်ပေါ်လာသော ချိုင့်ခွက်ကြီးကို ယွမ်ယုတိ ကြည့်လိုက်ပြီးနောက် အဝေးသို့ ဆက်လက် မျှော်ကြည့်လိုက်၏။ ဝူယာနတ်သခင်၏ အငွေ့အသက်ကို သူမ မခံစားရတော့သဖြင့် ထိုသူ လွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။

ဝူယာနတ်သခင်ကို လိုက်လံဖမ်းဆီးရန် သူမ မရည်ရွယ်ချေ။

အကြောင်းမှာ ဝူယာနတ်သခင်သည် အာကာသနှင့်အချိန် လမ်းစဉ်ကို တတ်မြောက်ထားပြီး အာကာသစွမ်းအားကိုလည်း စီမံအသုံးချ နိုင်သောကြောင့် ဖြစ်၏။ ထိုသူ ထွက်ပြေးလိုပါက အာကာသစွမ်းအားကို လှုံ့ဆော်ကာ ဟင်းလင်းပြင်ကို ဖြတ်သန်းသွားရုံမျှသာ ဖြစ်သဖြင့် သူမအနေဖြင့် လိုက်မီရန် ခဲယဉ်းပေလိမ့်မည်။

ထို့နောက် လျှို့ဝှက်လဝန်းနန်းတော်သို့ ယွမ်ယုတိ ချက်ချင်းပင် ပြန်လာခဲ့၏။

သူမ၏ အိပ်ဆောင်သို့ ပြန်ရောက်ခါစတွင်ပင် ခန်းမအတွင်း၌ လုချန်း၏ ကောင်းကင်နတ်ကိုယ်ပွားတစ်ခု ပေါ်လာခဲ့သည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ကာ ရယ်မောလျက် လုချန်းက

“ဆရာ့မှာ နတ်ခန္ဓာအဖြစ် ရှိနေလိမ့်မယ်လို့ ကျုပ်မထင်ထားမိဘူး။”

လုချန်း၏ စကားကို ဂရုမစိုက်ပဲ ယွမ်ယုတိက

“သူ လွတ်သွားပြီ။ ခမ်းနားသော ကောင်းကင်ခန်းမဆီ ပြန်ရောက်ရင် တခြားနတ်သခင်တွေကို သူ ထပ်ခေါ်လာနိုင်တယ်။ ရှင့်အနေနဲ့ ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ သေချာစဉ်းစားထားသင့်တယ်။”

လုချန်းက

“ဘာကြောက်စရာ ရှိလို့လဲ... သူက...”

လုချန်း စကားမဆုံးမီပင် သူ၏ ရင်ထဲ၌ မွန်းကြပ်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရ၏။ ထို့ပြင် မဟာရန်သူတော်ကြီးတစ်ဦးက သူ့ကို ချောင်းမြောင်းနေသည့်အလား ရှင်းပြ၍မရသော ထိတ်လန့်မှုတစ်ခုက နှလုံးသားထဲ၌ လှိုင်းထလာသဖြင့် အလွန် နေရထိုင်ရ ခက်ခဲသွားသည်။

နေဝင်တောင်တန်းရှိရာ အရပ်ဆီသို့ လုချန်း ရုတ်တရက် လှည့်ကြည့်လိုက်မိ၏။ ထိုခံစားချက်က နေဝင်တောင်တန်းဆီမှ လာခြင်းဖြစ်ပေသည်။

ခမ်းနားသော ကောင်းကင်ခန်းမက အစွမ်းပိုကြီးသည့် နတ်သခင်များကို ဤနေရာသို့ စေလွှတ်လိုက်ခြင်း ဖြစ်လေမလား။

ထိုခံစားချက်ကို လုချန်းတစ်ယောက်တည်း ခံစားလိုက်ရခြင်းတော့ မဟုတ်ပေ။ ထိုအရာကို ယွမ်ယုတိလည်း ခံစားမိသွားပြီး နေဝင်တောင်တန်းရှိရာ ဘက်သို့ မျှော်ကြည့်လိုက်ကာ ထိုနေရာတွင် ဖြစ်ပျက်နေသည်များကို စုံစမ်းရန်အတွက် သူမ၏ နတ်အာရုံကို ချက်ချင်း စေလွှတ်လိုက်၏။

သို့သော် နတ်အာရုံကို စေလွှတ်ကြည့်ပြီးနောက် ဘာမှ သူမ ရှာမတွေ့ခဲ့ပေ။ နေဝင်တောင်တန်းအတွင်းရှိ အရာအားလုံးက အေးချမ်းငြိမ်သက်လျက်ပင် ရှိနေသည်။

ယွမ်ယုတိဘက်သို့ လှည့်ကြည့်ရင်း လုချန်းက သူမကို

“ဆရာလည်း ခံစားမိတယ်မလား”

သူမ၏ နတ်အာရုံကို ပြန်လည်ရုပ်သိမ်းလိုက်ရင်း ယွမ်ယုတိက

“ဟုတ်တယ်”

ဟု တိုတိုပြတ်ပြတ် အဖြေပေးလိုက်၏။

လုချန်းက

“နည်းနည်းတော့ ထူးဆန်းတယ်။ ဘာအငွေ့အသက်မှ မရှိပဲနဲ့ ကြောက်စိတ်ကို လှုံ့ဆော်ပေးနေတယ်။ နေဝင်တောင်တန်းထဲမှာ အတိအကျ ဘာရှိနေတာလဲ။”

အကယ်၍ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်ဦး နေဝင်တောင်တန်းတွင် ပေါ်လာပြီး အငွေ့အသက်တစ်ခုကို ထုတ်လွှတ်လိုက်ခြင်းကြောင့် လူတို့အား ထိတ်လန့်မှု ဖြစ်စေသည်ဆိုပါက ပုံမှန်ပင် ဖြစ်ပေလိမ့်မည်။ သို့သော် ကပ်ဘေးကြီးတစ်ခု ဆိုက်ရောက်တော့မည့်အလား ရုတ်တရက် ပေါ်ပေါက်လာသော ထိတ်လန့်ခြောက်ခြားဖွယ် ခံစားချက်မျိုးကို လုချန်း ခံစားလိုက်ရခြင်းဖြစ်၏။

ထိုခံစားချက်က သူ၏ စိတ်နှလုံးကို လွှမ်းခြုံသွားခဲ့၏။ အရေးကြီးဆုံးမှာ မည်သည့် စွမ်းအားကြီး ပုဂ္ဂိုလ်၏ အငွေ့အသက်ကိုမှ ရှာမတွေ့ခြင်း ဖြစ်သည်။ ဤအခြေအနေက အနည်းငယ် ခြောက်ခြားဖွယ် ကောင်းနေသည်။

ယွမ်ယုတိကို ကြည့်ရင်း လုချန်းက

“ဆရာ တစ်ခုခု သတိပြုမိလား”

လေးနက်သော အမူအရာဖြင့် ယွမ်ယုတိက လုချန်းကို

“မမိဘူး”

နေဝင်တောင်တန်းအတွင်း၌ အန္တရာယ်တစ်ခုခု ရှိနေသည်ဟု ဗီဇစိတ်အရ သူမကိုယ်တိုင်လည်း ခံစားနေရသော်လည်း မည်သည့် ပုံမှန်မဟုတ်မှုကိုမှ သူမ၏နတ်အာရုံက ရှာမတွေ့ခဲ့ချေ။

ထိုထူးခြားသော ဖြစ်စဉ်က နေဝင်တောင်တန်း၏ ပိုမိုနက်ရှိုင်းသော အစိတ်အပိုင်းတွင် ရှိနေနိုင်တာတော့ ဧကန်မုချပင်။ အကြောင်းမှာ နေဝင်တောင်တန်းသည် အလွန်တရာ ကျယ်ပြောလှသဖြင့် သူမ၏နတ်အာရုံသည်လည်း တောင်တန်းတစ်ခုလုံးကို အပြည့်အဝ မလွှမ်းခြုံနိုင်သောကြောင့် ဖြစ်၏။

ခဏ စဉ်းစားပြီးနောက် လုချန်းက ယွမ်ယုတိကို

“ကျုပ်တို့ သွားကြည့်ကြမလား”

ထိုသို့ပြောပြီးနောက် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို အသုံးပြုရန် လုချန်း ပြင်ဆင်လိုက်၏။ ၎င်းကို မြင်လျှင် လုချန်း စကားပြောမည်ကို မစောင့်တော့ပဲ ယွမ်ယုတိက သူ့ထံသို့ နတ်စွမ်းအားများ စတင်ပို့လွှတ်လိုက်တော့သည်။

နောက်အခိုက်အတန့်တွင် ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာပုံစံ အသက်ဝင်သွားပြီး ခန်းမအတွင်းမှ သူတို့၏ ခန္ဓာကိုယ်များ ပျောက်ကွယ်သွားခဲ့၏။ သူတို့ ပြန်ပေါ်လာချိန်တွင် နေဝင်တောင်တန်း၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိနေပြီ ဖြစ်သည်။

နေဝင်တောင်တန်းသည် အလွန်တရာ ကျယ်ဝန်းလှပြီး အတွင်း၌ ကြောက်မက်ဖွယ်ရာ အန္တရာယ်ရှိသော နေရာများစွာ ရှိနေသဖြင့် နတ်သခင်တစ်ဦး၏ နတ်အာရုံဖြင့်ပင် အပြည့်အဝ စုံစမ်းစစ်ဆေးနိုင်ခြင်း မရှိပေ။ နေဝင်တောင်တန်း၏ အစွန်အဖျားဒေသဆီသို့သာ သူတို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး အတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ခြင်း မရှိခဲ့ပေ။

နေဝင်တောင်တန်း၏ အထက်ကောင်းကင်ယံသို့ ရောက်ရှိသည်နှင့် တပြိုင်နက် ၎င်း၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ သူတို့ မျှော်ကြည့်လိုက်ကြ၏။ ထိုအခိုက်အတန့်တွင် နေဝင်တောင်တန်းသည် ငှက်သံ၊ တေးဆိုသံ၊ ပန်းမန်များ ဖူးပွင့်ကာ သက်ရှိဇီဝများဖြင့် ပြည့်နှက်နေပြီး မည်သည့် ပုံမှန်မဟုတ်သော အရိပ်အယောင်မှ ရှိမနေပေ။

သို့သော် သူတို့၏ အာရုံခံစားမှုကို လုချန်းနှင့် ယွမ်ယုတိ ယုံကြည်ကြ၏။ လူတစ်ယောက်တည်းက ထင်ယောင်ထင်မှားဖြစ်ခြင်းဆိုပါက နားလည်ပေးနိုင်သော်လည်း သူတို့နှစ်ဦးစလုံး တစ်ချိန်တည်းတွင် တူညီသော ထင်ယောင်ထင်မှားဖြစ်မှုကို ကြုံတွေ့ရရန်မှာ မဖြစ်နိုင်ပေ။

နေဝင်တောင်တန်းအတွင်း၌ တစ်စုံတစ်ရာသော ထူးဆန်းမှု ရှိနေရမည်။ သူတို့ ထိုအရာကို အာရုံမခံနိုင်ကြခြင်းသာ ဖြစ်သည်။

ခဏခန့် တွေးတောပြီးနောက် လုချန်းက ယွမ်ယုတိကို

“ပြန်ကြရအောင်... ဒီနေရာက တကယ်ကို ထူးဆန်းတယ်။”

ထိုသို့ပြောရင်း ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာကို လုချန်း ထပ်မံခင်းကျင်းလိုက်ရာ လျှို့ဝှက်လဝန်းနန်းတော်သို့ သူတို့ ချက်ချင်း ပြန်ရောက်သွားခဲ့ကြ၏။

လျှို့ဝှက်လဝန်းနန်းတော်သို့ ပြန်ရောက်သောအခါ လုချန်းက

“အဲဒါ ဘာဖြစ်မယ်လို့ ခင်ဗျားထင်လဲ”

ယွမ်ယုတိက ချက်ချင်း ပြန်မဖြေ‌ပေ။ ထိုအစား သူမ၏ အေးစက်လှပသော မျက်နှာပေါ်တွင် အတွေးနက်နေသည့် အမူအရာတစ်ခု ပေါ်လာ၏။

ခဏအကြာတွင် ယွမ်ယုတိက

“နေဝင်တောင်တန်းရဲ့ အန္တရာယ်ရှိတဲ့ နေရာတွေထဲက စွမ်းအားကြီးဖြစ်တည်မှုတစ်ခု ထွက်ပေါ်လာတာလည်း ဖြစ်နိုင်တယ်။”

နတ်သခင်များပင် အလွယ်တကူ မသွားရဲကြသော ကြောက်မက်ဖွယ်ရာ အန္တရာယ်ရှိသော နေရာများစွာကို နေဝင်တောင်တန်းက ပိုင်ဆိုင်ထား၏။ ထိုနေရာများ၏ အတွင်းထဲ ဘာတွေရှိနေမှန်း မည်သူမှ မသိကြပေ။

ချိပ်ပိတ်ခံထားရသည့် ရှေးဦးနတ်မိစ္ဆာများ ရှိနေနိုင်သည်ဟုတော့ ပြောကြ၏။ သို့သော် ထိုအရာ အမှန်ဟုတ်မဟုတ်ကိုတော့ မည်သူမှ သွားရောက်အတည်မပြုဖူးသဖြင့် မည်သူမှ မသိကြပေ။

လုန်း ခဏခန့် တွေးတောသွားမိ၏။ အငွေ့အသက်ကို ထုတ်မလွှတ်ပဲနှင့်ပင် စိုးရိမ်စိတ်ကို ဖြစ်ပေါ်စေနိုင်သည့် အချက်က နေဝင်တောင်တန်းအတွင်းရှိ အရာမှာ နတ်ဖြစ်စေ၊ နတ်မဟုတ်သည့် သတ္တဝါဖြစ်စေ နောင်တစ်ချိန်တွင် သူ့အား အနှေးနှင့်အမြန် သက်ရောက်မှုရှိလာလိမ့်မည်ကို ညွှန်ပြနေသည်။ နေဝင်တောင်တန်းကို သူ အမြဲမပြတ် စောင့်ကြည့်နေရန် လိုအပ်သည်။

……

ခြောက်လခန့် ကြာပြီးနောက်...

ခမ်းနားသော ကောင်းကင်ခန်းမ။

ကြယ်မြစ်ခန်းမ။

ခန်းမ၏ အရှေ့ဆုံးရှိ နတ်ရွှေဖြင့် ပြုလုပ်ထားသော ပလ္လင်ထက်တွင် ကြယ်မြစ်နတ်သခင် ထိုင်နေသည်။ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို အခြားသော နတ်သခင်များနှင့်အတူ ဆွေးနွေးနေကြခြင်းဖြစ်၏။

ထိုအခိုက်အတန့်တွင် နတ်သခင်တစ်ဦးက ကျန်နတ်သခင်များကို

“တခြားနယ်တွေက နတ်တွေလည်း သတိထားမိလောက်ပြီလို့ ကျုပ် ထင်တယ်။”

အခြားသော နတ်သခင်တစ်ဦးကလည်း

“ဒါက အရင်တုန်းက မျိုးပွားခြင်း လမ်းစဉ် ဖြစ်ရပ်နဲ့ နည်းနည်းဆင်တယ်။ ဒါက ယာယီပဲ ဖြစ်နိုင်ပါတယ်။”

မကြာသေးမီက ထူးဆန်းသော စွမ်းအားတစ်ခုသည် သူတို့ လျှောက်လှမ်းနေသော လမ်းစဉ်များကို တိုက်စားလာနေသည်။ သူတို့ ထုတ်ယူအသုံးချနိုင်သည့် လမ်းစဉ်စွမ်းအားများ တဖြည်းဖြည်း လျော့နည်းလာသည်ကို နတ်သခင်များ သတိပြုမိလာကြခြင်းဖြစ်၏။

နတ်သခင်များ ဖြစ်စေ၊ သာမန်နတ်များ ဖြစ်စေ နတ်အားလုံးနီးပါးသည် စွမ်းအားများ သိသိသာသာ ဆုတ်ယုတ်လာခြင်းကို ကြုံတွေ့ခဲ့ရသည်။ ထိုအရာက နိယာမများ ကွယ်ပျောက်သော ခေတ်ကြီးတစ်ခု ဆိုက်ရောက်တော့မည်ဟု တောင်ပိုင်းနယ်ရှိ နတ်အားလုံးကို ထိတ်လန့်ခြောက်ခြားစေခဲ့သည်။

ထိုကဲ့သို့သော ခေတ်မျိုးကို သူတို့တစ်ခါမှ မကြုံဖူးသော်လည်း ရှေးဟောင်းမှတ်တမ်းများတွင်မူ လမ်းစဉ်စွမ်းအား ဆုတ်ယုတ်သောခေတ်နှင့် ဆင်တူသည့် ဖြစ်ရပ်အချို့ကို အသေးစိတ် ဖော်ပြထားဖူးသည်။

ကြယ်မြစ်နတ်သခင်သည် ခန်းမအတွင်းရှိ နတ်သခင်များ၏ ဆွေးနွေးမှုများကို တိတ်ဆိတ်စွာ နားထောင်နေ၏။ သူသည် လမ်းစဉ်ကို ထိခိုက်စေသည့် ထူးဆန်းသော တိုက်စားမှုစွမ်းအားကို အားလုံးထက်

ပို၍ရှင်းလင်းစွာ ခံစားသိရှိနိုင်သူဖြစ်သည်။ သူ၏ ကျင့်စဉ်မှာ နတ်သခင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဖြစ်၏။

ထို့နောက် အခြားသော နတ်သခင်တစ်ဦးက ကျန်နတ်သခင်များကို

“ထျန်းဖုန်းနတ်သခင် ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ကျုပ် ထင်တယ်။ အရင်တုန်းကလည်း မျိုးပွားခြင်း လမ်းစဉ်မှာ ပြဿနာတွေ ကြုံခဲ့ရပေမဲ့ နောက်ဆုံးတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပဲ မဟုတ်လား။ ဒီတစ်ကြိမ်လည်း ယာယီပဲ ဖြစ်မှာပါ။”

မျိုးပွားခြင်း လမ်းစဉ်တွင် ပြဿနာများ ကြုံတွေ့ရစဉ်က ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း မျိုးဆက်ပြန့်ပွားရန် အလွန် ခက်ခဲသွားခဲ့ပြီး အင်အားစုအားလုံးကို ထိတ်လန့်မှုများဖြင့် လွှမ်းမိုးစေခဲ့ဖူး၏။ အမျိုးမျိုးသော နတ်ဂိုဏ်းများသည် မိမိတို့၏ အင်အားကို ဖြည့်တင်းရန်အတွက် လူသားများကို မွေးမြူခြင်းအပေါ်တွင် အရင်းအမြစ်များ စတင်ပုံအောခဲ့ကြရသည်။

သို့သော် လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်က ထျန်းရန် နတ်ဘုရား နယ်မြေ၏ မျိုးပွားခြင်း လမ်းစဉ် ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သဖြင့် ဤအခြေအနေသည်လည်း ယာယီမျှသာ ဖြစ်နိုင်ပြီး မကြာမီ ပုံမှန်ပြန်ဖြစ်လာလိမ့်မည်ဟု အချို့ နတ်သခင်များက ယူဆလာကြခြင်း ဖြစ်၏။

သို့သော်လည်း “မကြာမီ” ဟူသော စကားလုံးမှာ နှစ်ပေါင်း ရာနှင့်ချီ၍ သို့မဟုတ် နှစ်ပေါင်း သန်းထောင်ချီအထိပင် ကြာမြင့်နိုင်သည်။ အကြောင်းမှာ မျိုးပွားခြင်း လမ်းစဉ်၏ ပြဿနာသည် နှစ်ပေါင်း သန်း ထောင်ချီကြာအောင် ကြာညောင်းခဲ့သောကြောင့် ဖြစ်၏။

All Chapters