အခန်း ၁၈၅၃
Vol. 124 Ch. 1853
အခန်း (၁၈၅၃)
နတ်ဘုရားနယ်မြေ မဟာမိတ်တပ်၏ အစီအစဉ်
မြောက်ပိုင်းနယ်။
စစ်မြေပြင်၏ ဗဟိုချက်ဟင်းလင်းပြင်ကြီးတွင် အာကာသအစအနများဖြင့် ပြည့်နှက်နေကာ ကီလိုမီတာ သိန်းချီ အကျယ်အဝန်းရှိသည့် ကစဉ့်ကလျား ဝဲကရက်ကြီးတစ်ခုကို ဖြစ်ပေါ်လျက်ရှိ၏။ ရွှမ်ချင်းယွမ်နှင့် နဂါးအထွတ်အထိပ် နတ်သခင်တို့၏ ဖျက်ဆီးမှုအရှိန်ကို ကောင်းကင်ဘုံ စွမ်းအား၏ ပြန်လည်ကုစားနိုင်စွမ်း အရှိန်က မမှီနိုင်တော့ပေ။
နတ်ဘုရားနယ်မြေ မဟာမိတ်တပ်မှ နတ်များကို အဝေးတစ်နေရာသို့ ဆုတ်ခွာကာ စောင့်ကြည့်ရစေရန် ကစဉ့်ကလျား ပင်လယ်မှ တရွေ့ရွေ့ပျံ့နှံ့လာသော ကစဉ့်ကလျား စွမ်းအားများက ဖိအားပေးလိုက်သကဲ့သို့ ရှိသည်။ ဤကဲ့သို့သော ထိပ်သီးတိုက်ပွဲမျိုးကို သာမန်နတ်များ ဝင်ရောက်စွက်ဖက်နိုင်စွမ်း လုံးဝမရှိတော့ပေ။
စစ်မြေပြင်၏ အပြင်ဘက်ရှိ လျှို့ဝှက်လဝန်းနန်းတော် အလံလွှင့်ထူထားသော စစ်နတ်လှေ၏ ကုန်းပတ်အထက်တွင် နတ်သခင် ကောင်းကင် ရပ်နေ၏။ သူမသည် အဝေးမှ ပျက်စီးနေသော ဟင်းလင်းပြင်ကို ကြည့်ရင်း အတွေးကမ္ဘာထဲ စုန်းစုန်းမြုပ် နစ်မြောနေတော့သည်။
ထိုစဉ် နတ်သခင် ကောင်းကင် ရှိရာ စစ်နတ်လှေဆီသို့ နတ်ဘုရားနယ်မြေ မဟာမိတ်အဖွဲ့အစည်း အသီးသီးမှ အခြားသော နတ်သခင်များ အသီးသီး ဆိုက်ရောက်လာကြ၏။
ထိုခဏတွင် နတ်သခင်တစ်ပါးက နတ်သခင် ကောင်းကင်ကို
“နတ်သခင် ကောင်းကင်... ခင်ဗျားတို့ လျှို့ဝှက်လဝန်း ကျောင်းတော်မှာ ဘယ်လို အစီအစဉ် ရှိပါသလဲ။”
ပျက်စီးနေသည့် ဟင်းလင်းပြင်ကို ကြည့်လျက် နတ်သခင် ကောင်းကင်က
“နတ်ဘုရားနယ်မြေ မဟာမိတ်အဖွဲ့မှာကော ဘယ်လို အစီအစဉ် ရှိလို့လဲ။”
အရှေ့ပိုင်းနယ်မှ နတ်သခင်တစ်ပါးက
“နဂါးအထွတ်အထိပ် နတ်သခင်လည်း နောက်ထပ် နှစ်အနည်းငယ်ပဲ တောင့်ခံနိုင်တော့မယ် ထင်တယ်။ ကျုပ်တို့ လက်ဦးမှုယူပြီး လှုပ်ရှားမှဖြစ်မယ်။ မဟုတ်ရင် နဂါးအထွတ်အထိပ် နတ်သခင်သာ ကျရှုံးသွားရင် ကျုပ်တို့တွေ နတ်ဆိုးဧကရာဇ်ကို ပိုပြီး ယှဉ်နိုင်မှာ မဟုတ်တော့ဘူး။”
“ဒါတင်မကသေးဘူး နတ်ဆိုးဧကရာဇ်ရဲ့ စွမ်းအားက နေ့စဉ်နဲ့အမျှ တိုးပွားနေတာ။ သူသာ သူရဲ့ နဂို ကျင့်စဉ်အဆင့်ကို ပြန်ရသွားရင် ထျန်းရန် နတ်ဘုရား နယ်မြေဟာ နတ်ဆိုးဧကရာဇ်ရဲ့ မှောင်မိုက်တဲ့ အုပ်ချုပ်မှုအောက်ကို တစ်ကျော့ပြန် ရောက်သွားရလိမ့်မယ်။”
ထိုစကားများကို ကြားလျှင် နတ်သခင် ကောင်းကင် ခဏခန့် အတွေးများသွား၏။ ကောင်းကင်နတ်ဆိုး စွမ်းအားကို နှိမ်နင်းနိုင်မည့် နတ်နိယာမကို ချန်းလု သူမအား သင်ကြားပေးရန် ကတိပေးထားသေးကြောင်းကို သူမ ရုတ်တရက် သတိရမိသွား၏။
မကြာမီ နတ်ဆိုးဧကရာဇ်နှင့် ရင်ဆိုင်ရတော့မည် ဖြစ်ရာ ထိုနတ်နိယာမကို ချန်းလု သူမအား သင်ကြားပေးရမည့် အချိန်ကျရောက်လာပြီ ဖြစ်သည်။ သို့သော် ထိုနတ်နိယာမက ကောင်းကင်နတ်ဆိုး စွမ်းအားကို တကယ် ချုပ်ထိန်းနိုင်ပါ့မလား ဆိုသည်ကိုတော့ သူမ ဧကန်မုချ မသိသေးပေ။
သတိပြန်ဝင်လာလျက် နတ်သခင် ကောင်းကင်က ထိုနတ်သခင်ကို
“ရှင်တို့ ဘယ်တော့လောက် လှုပ်ရှားဖို့ စိတ်ကူးထားလဲ။”
အရှေ့ပိုင်းနယ်မှ နတ်သခင်က
“နောက်တစ်နှစ်အတွင်းပေါ့။ ဒီတစ်နှစ်အတွင်းမှာ ကျုပ်တို့ အစွမ်းကုန် စွမ်းအားတိုးအောင် လုပ်ပြီး စေ့စေ့စပ်စပ် ပြင်ဆင်မှုတွေ ပြုလုပ်သွားရမယ်။”
နတ်သခင် ကောင်းကင်က ခပ်အေးအေးဖြင့် ထိုနတ်သခင်ကို
“ကောင်းပါပြီ”
နတ်သခင် ကောင်းကင်လည်း သဘောတူသည်ကို မြင်သောအခါ အခြားသော နတ်သခင်များ စိတ်ထဲတွင် ယုံကြည်မှု အနည်းငယ် ပိုခိုင်မာသွားကြ၏။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ အလင်းတန်း အချို့ ရုတ်ချည်း ပေါ်ပေါက်လာကာ နောက်တစ်ခဏတွင် ဆက်သွယ်ရေး ကျောက်စိမ်းစာလိပ် အချို့ကို နတ်သခင်များ၏ ရှေ့မှောက်၌ တွေ့လိုက်ရ၏။
ထိုဆက်သွယ်ရေး ကျောက်စိမ်းစာလိပ်များကို မြင်သောအခါ နတ်သခင်များ ခဏခန့် မှင်တက်သွားကြ၏။
အဘယ်အရာ ဖြစ်ပျက်ခဲ့သနည်း။
အဘယ်ကြောင့် သူတို့အားလုံး တစ်ချိန်တည်းတွင် ဆက်သွယ်ရေး ကျောက်စိမ်းစာလိပ်များ လက်ခံရရှိလာကြသနည်း။
နည်းနည်းမှ တွန့်ဆုတ်မနေပဲ သူတို့ရှေ့မှောက်ရှိ ကျောက်စိမ်းစာလိပ်များကို လူတိုင်း ဖမ်းကိုင်လိုက်ကြကာ နတ်စွမ်းအားဖြင့် ထိုကျောက်စိမ်းစာလိပ်များကို အသက်သွင်းလျက် အတွင်းရှိ အကြောင်းအရာများကို ဖတ်ရှုကြ၏။
ကျောက်စိမ်းစာလိပ်များအတွင်းမှ စာသားများကို ဖတ်ရှုပြီးနောက် ရောက်ရှိနေသော နတ်သခင်များ၏ မျက်နှာထက်တွင် အလွန်တရာ တည်ကြည်လေးနက်သည့် အမူအရာများ ချက်ချင်း ဖုံးလွှမ်းသွားကာ ပတ်ဝန်းကျင်ရှိ လေထုကြီးမှာလည်း တစ်ခဏချင်း အေးခဲရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။
အချိန်မည်မျှ ကြာသွားသည်မသိ နောက်ဆုံးတွင် နတ်သခင်တစ်ပါးက
“နတ်ဆိုးဧကရာဇ် ကိစ္စတောင် မဖြေရှင်းရသေးဘူး... ထျန်းရန် နတ်ဘုရား နယ်မြေမှာ မဟာလမ်းစဉ် ကပ်ဘေးတစ်ခု မထင်မှတ်ပဲ ပေါ်ပေါက်လာခဲ့ပြီပဲ။ မကြာသေးခင်က ကျုပ်ရဲ့ စွမ်းအားတွေ ဆုတ်ယုတ်လာသလို ခံစားရတာ မဆန်းတော့ဘူးပေါ့။ ကောင်းကင်နတ်ဆိုး စွမ်းအားရဲ့ လွှမ်းမိုးမှုကြောင့်လို့ပဲ ကျုပ် ထင်နေခဲ့တာ။”
အစပိုင်းတွင် မဟာလမ်းစဉ်၌ ပြဿနာတစ်ရပ် ရှိနေကြောင်းကို မြောက်ပိုင်းနယ်သို့ ရောက်ရှိနေသော နတ်သခင်များ မသိခဲ့ကြပေ။ စွမ်းအားများ ယုတ်လျော့လာခြင်းကို သူတို့ကိုယ်တိုင်လည်း ခံစားသိရှိရသော်လည်း မြောက်ပိုင်းနယ်၌ ရှိနေကြသဖြင့် ထိုဆုတ်ယုတ်မှုကို ကောင်းကင်နတ်ဆိုး စွမ်းအား၏ လွှမ်းမိုးမှုကြောင့်ဟုသာ မှတ်ယူထားခဲ့ကြ၏။
လက်တွေ့တွင်လည်း ယခုလက်ရှိ မြောက်ပိုင်းနယ်အတွင်း၌ ကောင်းကင်နတ်ဆိုး စွမ်းအားများဖြင့် ပြည့်နှက်နေပြီး သူတို့၏ နတ်စွမ်းအားကို အမြဲတစေ ဖိနှိပ်ထားသဖြင့် စွမ်းအားဆုတ်ယုတ်လာမှာက မလွဲဧကန်ပင် ဖြစ်၏။
သို့သော် မဟာလမ်းစဉ်၌ ပြဿနာတစ်ရပ် ရှိနေကြောင်းကို ကြယ်မြစ် နတ်သခင်က သူတို့ထံ သတင်းစကား ပေးပို့အကြောင်းကြားလာခဲ့သည်။
မဟာလမ်းစဉ်၌ တကယ် ပြဿနာတစ်ရပ် ရှိနေပါက နတ်ဆိုးဧကရာဇ်ကို သူတို့ အမြန်ဆုံး ရှင်းလင်းရပေလိမ့်မည်။ ထိုနတ်ဆိုးဧကရာဇ် အသုံးပြုသော စွမ်းအားသည် ဤ လောက၏ စွမ်းအား မဟုတ်သကဲ့သို့ သူမ ကျင့်ကြံဆည်းပူးထားသည့် လမ်းစဉ်မှာလည်း ဤလောကနှင့် စပ်ဆက်မှု မရှိသလို ထင်ရ၏။
ထျန်းရန် နတ်ဘုရား နယ်မြေ၏ ကျင့်စဉ်လမ်းစဉ်၌ ပြဿနာများ ကြုံတွေ့ရပြီးနောက် အခြားသော နတ်သခင်များ၏ စွမ်းအားများ ထိခိုက်ပြီး ယုတ်လျော့သွားမည် ဖြစ်သော်လည်း နတ်ဆိုးဧကရာဇ်ကိုမူ မည်သို့မျှ ထိခိုက်နိုင်မည် မဟုတ်ပေ။ ထိုလမ်းစဉ်သာ ထပ်မံညစ်ညမ်းပျက်စီးသွားပါက ဤနတ်သခင်များ၏ စွမ်းအား ပို၍ပင် ကျဆင်းသွားရလိမ့်မည်။
ထိုအချိန်ကျရောက်လာပါက နတ်ဆိုးဧကရာဇ် နတ်ဧကရာဇ် ကျင့်စဉ်အဆင့်သို့ ပြန်လည်မရောက်ရှိနိုင်သေးလျှင်ပင် ထျန်းရန် နတ်ဘုရား နယ်မြေကို သူမ တစ်ကျော့ပြန် စိုးမိုးခြယ်လှယ်သွားနိုင်ခြေရှိသည်။
ဤဖြစ်နိုင်ခြေကို တွေးတောမိကြသောအခါ နတ်သခင်များ ဆက်လက်၍ မစောင့်ဆိုင်းနိုင်ကြတော့ပေ။
နတ်သခင်တစ်ပါးက ချက်ချင်းပင် အခြားသူများကို
“မဟာလမ်းစဉ် ကပ်ဘေးက ဘယ်တော့မှ ပြီးဆုံးမလဲ... ကျုပ်တို့ကို ဘယ်လောက်အထိ စွမ်းအားချည့်နဲ့အောင် လုပ်မလဲဆိုတာ မသိနိုင်ဘူး။ ကြည့်ရတာ ကျုပ်တို့ အချိန်ဆွဲနေလို့ မဖြစ်တော့ဘူး ထင်တယ်။ အားလုံးပဲ ပြန်ပြီး ပြင်ဆင်ကြရအောင်။ နောက်လကျရင် ကျုပ်တို့ စွမ်းအားချင်းပူးပေါင်းပြီး နတ်ဆိုးဧကရာဇ်ကို တုံ့ပြန်ကြစို့။”
ထိုစကားကို ကြားရသော် နတ်ဆိုးဧကရာဇ်နှင့် တိုက်ရိုက်ရင်ဆိုင်ရန် စိတ်မပါလက်မပါ ရှိကြသော်လည်း အခြားသော နတ်သခင်များအားလုံး သဘောတူ လက်ခံလိုက်ကြ၏။ အဘယ့်ကြောင့်ဆိုသော် မဟာလမ်းစဉ် ကပ်ဘေး၏ သက်ရောက်မှုများ ပို၍ကြီးမားလာပြီး သူတို့၏ စွမ်းအားများ အလွန် ကျဆင်းသွားပါက နတ်ဆိုးဧကရာဇ်ကို သုတ်သင်ရှင်းလင်းနိုင်မည့် အခွင့်အရေး သူတို့၌ လုံးဝနီးပါး ရှိတော့မည် မဟုတ်ပေ။
သူတို့၏ စွမ်းအားများ ဆိုးဆိုးရွားရွား ဆုတ်ယုတ်ကျဆင်းမသွားမီ အချိန်အတွင်း နတ်ဆိုးဧကရာဇ်ဟူသော ဘေးရန်ဆိုးကြီးကို သူတို့ မလွဲမသွေ သုတ်သင်ရပေလိမ့်မည်။
ထို့နောက် ပြင်ဆင်မှုများ ပြုလုပ်ကြရန် နတ်သခင်များ အသီးသီး လူစုခွဲ ထွက်ခွာသွားကြတော့သည်။ သူတို့ ထွက်ခွာသွားကြပြီးနောက် နတ်သခင် ကောင်းကင်သည် လုချန်းထံသို့ တိုက်ရိုက် ဆက်သွယ်ကာ သူမ၏ နန်းဆောင်ဆီသို့ လာရောက်ရန် ဆင့်ခေါ်လိုက်၏။
…..
စစ်နတ်လှေထက်ရှိ နန်းဆောင်အတွင်း၌။
ကျောက်စိမ်းစားပွဲဝိုင်းတွင် နတ်သခင် ကောင်းကင် ထိုင်နေ၏။
တောင်ထိပ်ထက်မှ နှင်းပွင့်ပမာ ဖြူဝင်းသောအသားအရေကို သူမ ဝတ်ဆင်ထားသည့် မင်ရည်ရောင် တိမ်တိုက် ဝတ်ရုံကြီးက ပို ၍ပေါ်လွင်စေကာ ခပ်ငိုက်ငိုက် ကျဆင်းနေသော ဆံနွယ်နက်များကလည်း အေးစက်သန့်စင်သော အရောင်အဝါကို တဖိတ်ဖိတ် ထနေစေ၏။
ထိုအခိုက်အတန့်တွင် ခန်းမအတွင်း၌ လုချန်း ပေါ်ပေါက်လာကာ နတ်သခင် ကောင်းကင် ရှိရာ ကျောက်စိမ်းစားပွဲဆီသို့ လျှောက်လှမ်းရင်း သူမ၏ နဖူးထက်ရှိ ရွှေဝါရောင် ဖျော့ဖျော့ အဆင်တန်ဆာဆီသို့ သူ၏ အကြည့်များ အလိုအလျောက် ကျရောက်သွားမိ၏။
နတ်သခင် ကောင်းကင်၏ မျက်ဝန်းအစုံသည် အလွန်တရာ တောက်ပလှ၏။ အနည်းငယ် ရှည်လျားသော မျက်ဝန်းအိမ်အဆုံးသတ်များက လောကကြီးကို အုပ်မိုးကြည့်ရှုနေသကဲ့သို့ မြင့်မြတ်လှသော အရည်အသွေးကို ဆောင်ကျဉ်းထား၏။ ယင်းက သူမအား ထူးကဲသော ဂုဏ်သိက္ခာနှင့် အရှိန်အဝါကြီးမားမှုတို့၏ အငွေ့အသက်ကို ပေးစွမ်းနေ၏။
လုချန်းက ပြုံးလျက် နတ်သခင် ကောင်းကင်ကို
“ဆရာက ကျုပ်ကို ဘယ်လို အရေးကြီးကိစ္စမျိုးကြောင့် ဆင့်ခေါ်လိုက်တာလဲ မသိဘူး။”
မျက်လွှာကို ပင့်လျက် လုချန်းကို တစ်ချက် စိုက်ကြည့်ပြီးနောက် သူမလက်ထဲရှိ ကျောက်စိမ်းစာလိပ်ကို နတ်သခင် ကောင်းကင် သူ့ထံသို့ လှမ်းမြှောက်ပေးလိုက်၏။
ကျောက်စိမ်းစာလိပ်ကို နတ်စွမ်းအားဖြင့် လုချန်း ဖမ်းယူလိုက်ပြီးနောက် ထိုစာလိပ်ကို အသက်သွင်းလျက် အတွင်းရှိ အကြောင်းအရာများကို ကြည့်ရှုစစ်ဆေးလိုက်၏။ ကျောက်စိမ်းစာလိပ်အတွင်းမှ အချက်အလက်များကို မြင်ပြီးလျှင် လုချန်း ခဏခန့် တုန်လှုပ်အံ့ဩသွားမိ၏။
မဟာလမ်းစဉ် ကပ်ဘေး တဲ့လား။
ဤအခြေအနေက ဘာကြောင့် တစ်နည်းနည်းနဲ့ ရင်းနှီးနေသလို ခံစားရပါလိမ့်။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တိုက်စားမှုကို မျိုးပွားခြင်း လမ်းစဉ် ကြုံတွေ့ခဲ့ရသည့် မြင်ကွင်းများ လုချန်း၏ စိတ်အာရုံထဲသို့ ချက်ချင်း တိုးဝင်လာ၏။ ထိုစဉ်ကလည်း မျိုးဆက်ပျံ့ပွားခြင်း လမ်းစဉ် သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ တိုက်စားမှုကို ခံခဲ့ရ၏။ နောက်ပိုင်းတွင်တော့ သူ့ကြောင့်ပင် ထိုလမ်းစဉ်ထက်ရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ပုံရ၏။
ထိုသို့ဖြစ်ရခြင်းမှာ သူကြောင့် ဟုတ်၊ မဟုတ် သူကိုယ်တိုင်လည်း သေချာရေရာစွာ အတပ်မပြောနိုင်ပေ။ မည်သူမှ မျိုးပွားခြင်း လမ်းစဉ်ကို ကျင့်ကြံအားထုတ်ခြင်း မရှိကြသဖြင့် ထိုလမ်းစဉ်၏ စွမ်းအား တဖြည်းဖြည်း လျော့ပါးသွားခြင်း ဖြစ်နိုင်ကြောင်း အစက ခန့်မှန်းခဲ့မိသည်။
အဆုံးစွန်၌မူ လူအမြောက်အမြား ဖြတ်သန်းလျှောက်လှမ်းမှသာလျှင် လမ်းတစ်ခုသည် ပို၍ကျယ်ပြန့်ကာ ခိုင်မာအားကောင်းလာမည် ဖြစ်သည်။
သို့သော် ယခုမူ သူ၏ ခန့်မှန်းချက် မှားယွင်းနေကြောင်း ထင်ရှားလှသည်။ လူသူ အကျင့်အကြံနည်းသော လမ်းစဉ်များသာမက ဓားလမ်းစဉ်ကဲ့သို့သော လူကြိုက်များသည့် လမ်းစဉ်များ၌ပင် ပြဿနာများ ပေါ်ပေါက်နေပေပြီ။
လုချန်းလည်း အလျင်အမြန် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး
“ကျင့်စဉ်လမ်းစဉ်မှာ ပြဿနာရှိနေတယ်ဆိုရင် ဒါဟာ ထျန်းရန် နတ်ဘုရား နယ်မြေရဲ့ ကောင်းကင်ဘုံ လမ်းစဉ်မှာ ပြဿနာရှိနေတာကို ဖော်ပြနေတာပဲ။ မဟာအင်အားကြီးအုပ်စုတွေမှာကော ဘယ်လို အစီအစဉ်မျိုး ရှိထားကြလဲ။”
နတ်သခင် ကောင်းကင်က
“သူတို့က နောက်တစ်လနေရင် အင်အားချင်းပူးပေါင်းပြီး နတ်ဆိုးဧကရာဇ်ကို တုံ့ပြန်ဖို့ အစီအစဉ် ရှိကြတယ်။ ကျင့်စဉ်လမ်းစဉ် တိုက်စားခံရတာနဲ့အမျှ ကျွန်မတို့ရဲ့ စွမ်းအားတွေ ဆိုးဆိုးရွားရွား ဆုတ်ယုတ်သွားမှာ ဖြစ်ပေမယ့် နတ်ဆိုးဧကရာဇ်ကတော့ ဒီလောကရဲ့ စွမ်းအားကို အသုံးပြုတာ မဟုတ်ဘူး။ ကျွန်မတို့သာ နတ်ဆိုးဧကရာဇ်ရဲ့ ဘေးရန်ဆိုးကို အမြန်ဆုံး မသုတ်သင်နိုင်ရင်... စွမ်းအားတွေ နတ်ဘုရင် အဆင့်အထိ ကျဆင်းသွားခဲ့ရင် ဘယ်သူမှ နတ်ဆိုးဧကရာဇ်ကို ယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူး။”
နတ်သခင် ကောင်းကင်၏ စကားများကို ကြားလျှင် ဤအချိန်တွင် သူမ သူအား အဘယ်ကြောင့် ဆင့်ခေါ်ရခြင်း ဖြစ်ကြောင်းကို လုချန်း ချက်ချင်းပင် ကောင်းကောင်းကြီး နားလည်သွားမိတော့၏။
--
…………….