အခန်း ၁၈၅၄
Vol. 124 Ch. 1854
အခန်း (၁၈၅၄)
မမျှော်လင့်သော ဧည့်သည်
နတ်သခင် ကောင်းကင်၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း လုချန်းက
“ဆရာက နတ်ဆိုးစွမ်းအားကို ချုပ်ထိန်းနိုင်တဲ့ အဲဒီနတ်ကျင့်စဉ်ကို ကျုပ်ကို သင်ပြပေးစေချင်တာလား။”
လုချန်းက ထိုသို့ စိုက်ကြည့်နေသဖြင့် နတ်သခင် ကောင်းကင်၏ စိတ်ထဲ တစ်မျိုး ဖြစ်သွားသော်လည်း ခပ်အေးအေးဖြင့်ပင်
“ရှင့်ရဲ့နတ်ကျင့်စဉ်က နတ်ဆိုးစွမ်းအားကို တကယ်ပဲ ချုပ်ထိန်းနိုင်တယ်ဆိုရင် ဒီစစ်ပွဲပြီးတာနဲ့ ရှင်က အကြီးကျယ်ဆုံး အကျိုး ဆောင်သူ ဖြစ်လာလိမ့်မယ်။ ကျောင်းတော်သခင်ကလည်း ရှင့်ကို ဧကန်မုချ ဆုလာဘ်တွေ ပေးမှာပါ။”
လုချန်းက
“ဆုလာဘ်ကိုတော့ ထားလိုက်ပါ။ ဒါက တပည့်တစ်ယောက် အနေနှင့် လုပ်သင့်လုပ်ထိုက်တဲ့ အရာပဲလေ။”
ထိုသို့ပြောပြီးနောက် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ အကြောင်းအရာ အချို့ကို မှတ်ဉာဏ်ပုလဲတစ်ခုအဖြစ် လုချန်း စုစည်းလိုက်၏။ ထို့နောက် ထိုမှတ်ဉာဏ်ပုလဲကို နတ်သခင် ကောင်းကင်ထံသို့ သူ ကမ်းပေးလိုက်ပြန်သည်။
ထိုအခါ ထိုမှတ်ဉာဏ်ပုလဲကို သူမ၏ နတ်စွမ်းအားဖြင့် နဖူးပြင်ဆီသို့ နတ်သခင် ကောင်းကင် အလျင်အမြန် ဆွဲယူလိုက်၏။ ၎င်းအတွင်းရှိ နတ်ကျင့်စဉ် အကြောင်းအရာများကို ဖတ်ရှုပြီးနောက် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို သူမ ချက်ချင်းပင် လည်ပတ်လှုံ့ဆော်ကြည့်လိုက်သည်။
ကျင့်စဉ်ကို လည်ပတ်လိုက်သည်နှင့် နန်းဆောင်အတွင်းရှိ နတ်ဆိုးစွမ်းအားများကို သူမထံမှ ထွက်ပေါ်လာသော နတ်စွမ်းအားများက ချက်ချင်းပင် ဖယ်ရှားရှင်းလင်းပစ်လိုက်၏။
သူတို့ရှိနေသည့် မြောက်ပိုင်းနယ်မြေတစ်ခုလုံးတွင် နတ်ဆိုးစွမ်းအားများဖြင့် ပြည့်နှက်နေသဖြင့် နတ်သခင် ကောင်းကင်၏ နန်းဆောင်ပင်လျှင် ချွင်းချက်မဟုတ်ပေ။ ထို့ကြောင့် မြောက်ပိုင်းနယ်သို့ ရောက်ရှိလာကတည်းက သူမကိုယ်ပေါ်တွင် တောင်ကြီးတစ်လုံး ဖိနှိပ်ထားသကဲ့သို့ နတ်သခင် ကောင်းကင် အမြဲတမ်း ခံစားရသဖြင့် စိတ်မသက်မသာ ဖြစ်နေခဲ့ရ၏။
သို့သော် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို လည်ပတ်လိုက်သောအခါ သူမ၏ခန္ဓာကိုယ် ချက်ချင်းပင် ပေါ့ပါးသွားကြောင်း ခံစားလိုက်ရ၏။ စွမ်းအားကို လှုံ့ဆော်ရုံဖြင့် လေထုထဲရှိ နတ်ဆိုးစွမ်းအားများကို ဖယ်ရှားနိုင်သည်ကို မြင်လျှင် နတ်သခင် ကောင်းကင် မှင်တက်သွား၏။
ဒီလောက်တောင် ထိရောက်တာလား။
ဒီနတ်ကျင့်စဉ်က နတ်ဆိုးစွမ်းအားကို ဒီလောက်အထိ ချုပ်ထိန်းနိုင်တာလား။
ဒီနတ်ကျင့်စဉ်ကို ချန်းလု ဘယ်ကနေ ရလာတာလဲ။
သူ့ရဲ့နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ မဟာအင်အားကြီးအုပ်စု တစ်ခုခု ရှိနေတာများလား။
နတ်သခင် ကောင်းကင် ငေးမှိုင်နေခိုက် လုချန်းက ပြုံးလျက်
“ဆရာ... ဒီနတ်ကျင့်စဉ်ကို ဘယ်လိုထင်လဲ”
နတ်သခင် ကောင်းကင် အမြောက်အမြား မမေးတော့ပေ။ ချန်းလုကို သူမ မေးမြန်းလျှင်ပင် ဤနတ်ကျင့်စဉ်၏ မူလအစကို သူ ပြောပြမည်မဟုတ်ကြောင်း သူမ သိနေ၏။
ချန်းလု၏ နောက်ကြောင်းကို နတ်သခင် ယွမ်မုန့် သိကောင်းသိနိုင်လိမ့်မည်ဟု သူမ ယုံကြည်၏။
ထိုသို့တွေးတောရင်း နတ်သခင် ကောင်းကင်က
“ဒီနတ်ကျင့်စဉ်သာ ရှိရင် နတ်ဆိုးဧကရာဇ်ကို အနိုင်ယူနိုင်မယ့် အခွင့်အရေး ပိုများလာပြီ။”
လုချန်းက ပြုံးပြီး
“ဒါကတော့ အဲ့ဒီလိုလည်း ဖြစ်ချင်မှ ဖြစ်မှာပါ။”
ကစဉ့်ကလျား ပင်လယ်အတွင်းရှိတုန်းက လုချန်းနှင့် ရွှမ်းချင်းယွမ်တို့ ထိပ်တိုက်တွေ့ဆုံခဲ့ဖူး၏။
သို့သော် စနစ် နိုးထပြီးနောက်ပိုင်း ရွှမ်းချင်းယွမ်နှင့် မျက်နှာချင်းဆိုင် တိုက်ပွဲမဆင်နွှဲခဲ့ရသော်လည်း ရွှမ်းချင်းယွမ်ကိုယ်ပေါ်ရှိ နတ်ဆိုးစွမ်းအားသည် သာမန်နတ်ဆိုးစွမ်းအားများနှင့် လုံးဝကွဲပြားနေသည်ကိုတော့ သူ အာရုံခံမိခဲ့၏။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာက နတ်ဆိုးစွမ်းအားကို ချုပ်ထိန်းနိုင်တာ အမှန်ပင်ဖြစ်သော်လည်း ရွှမ်းချင်းယွမ်၏ နတ်ဆိုးစွမ်းအားအပေါ်တွင်တော့ ထိရောက်စွာ ချုပ်ထိန်းနိုင်စွမ်း ရှိချင်မှ ရှိလိမ့်မည်။
ရေက မီးကို ငြှိမ်းသတ်နိုင်သော်လည်း မီးက အလွန်တရာ ကြီးမားနေပါက ရေတစ်ခွက်တည်းဖြင့် ငြှိမ်းသတ်၍ မရနိုင်သကဲ့သို့ပင် ဖြစ်၏။
လုချန်း၏ စကားကို ကြားသောလျှင် နတ်သခင် ကောင်းကင်က
“ရှင် ဘာကို သိထားလို့လဲ”
လုချန်းက
“ရေက မီးကို ငြှိမ်းသတ်နိုင်ပေမဲ့ ရေပမာဏက နည်းလွန်းနေရင်တော့ အငွေ့ပျံသွားရုံပဲ ရှိမှာပါ။”
လုချန်း၏ ဆိုလိုရင်းကို နတ်သခင် ကောင်းကင် ချက်ချင်းပင် နားလည်သွားပြီး
“ဒီနတ်ကျင့်စဉ်ကို တခြားနတ်သခင်တွေဆီ ကျွန်မ လက်ဆင့်ကမ်းပေးလို့ ရတာပဲ။”
နတ်သခင်တစ်ပါးတည်း၏ စွမ်းအားသည် ကန့်သတ်ချက်ရှိသည်မှာ အမှန်ပင် ဖြစ်သော်လည်း အကယ်၍ အခြားသော နတ်သခင်များပါ နတ်ဆိုးစွမ်းအားကို ချုပ်ထိန်းနိုင်သည့် စွမ်းအားမျိုး ပိုင်ဆိုင်ထားကြမည်ဆိုပါက နတ်ဆိုးဧကရာဇ်ကို ကောင်းကောင်း အခက်တွေ့စေမည်ဖြစ်သည်။
သို့သော် လုချန်းက
“ဖြစ်နိုင်ရင်တော့ ဒီနတ်ကျင့်စဉ်ကို တခြားသူတွေဆီ ဆရာ လက်မဆင့်ကမ်းဖို့ ကျုပ် မျှော်လင့်ပါတယ်။”
“ဆရာလည်း သိမှာပါ။ ဒါက ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခုလေ”
နတ်သခင် ကောင်းကင် မျက်ခုံးတွန့်သွား၏။ မဟာလမ်းစဉ် ကပ်ဘေးကြီး နီးကပ်လာပြီး နတ်ဆိုးဧကရာဇ်က ပိုမိုစွမ်းအားကြီးမားလာသည့် ဤကဲ့သို့ အရေးကြီးသော အခိုက်အတန့်တွင် ချန်းလုက ဤကျင့်စဉ်ကို ဖုံးကွယ်ထားရန် စဉ်းစားနေဆဲပဲလား။
နတ်သခင် ကောင်းကင်က ချက်ချင်းပင်
“နတ်ဆိုးဧကရာဇ်သာ အသက်ရှင်ကျန်ရစ်မယ်ဆိုရင် ဒါက ထျန်းရန်နတ်ဘုရားနယ်မြေ တစ်ခုလုံးအတွက် ကပ်ဘေးတစ်ခုပဲ။ သူက လူတွေကို ဒုက္ခပေးနေတာကို ရှင်က ကြည့်ချင်နေတာလား။”
လုချန်းက ပြုံးလျက်
“ကျုပ်ကတော့ နတ်ဆိုးဧကရာဇ်ကို ခြိမ်းခြောက်မှုတစ်ခုလို့ မယူဆပါဘူး”
ဒါက...
နတ်သခင် ကောင်းကင် ထပ်မံ၍ မှင်တက်သွားရပြန်၏။ လုချန်းထံမှ မည်သည့် နတ်ဆိုးစွမ်းအားမှ သူ အာရုံမခံမိသဖြင့်သာ တော်တော့သည်။
မဟုတ်ပါက သူမ၏တပည့်ဖြစ်သူသည်လည်း မိစ္ဆာကျင့်ကြံသူတစ်ဦးဟု သူမ သံသယဝင်မိလိမ့်မည်။
နတ်သခင် ကောင်းကင်က
“ရှင်က မိစ္ဆာကျင့်ကြံသူလား”
လုချန်းက
“လုံးဝ မဟုတ်ပါဘူး”
နတ်သခင် ကောင်းကင်က အေးစက်စွာဖြင့်
“ဒါဆိုရင် ဘာလို့ ဒီလို အဓိပ္ပာယ်မရှိတဲ့ စကားတွေကို ပြောနေရတာလဲ။”
လုချန်းက
“နတ်ဆိုးဧကရာဇ်က တစ်ချိန်တုန်းက ထျန်းရန်နတ်ဘုရားနယ်မြေရဲ့ နတ်ဧကရာဇ်တစ်ပါး ဖြစ်ခဲ့ဖူးတယ်လို့ပဲ ကျုပ် ခံစားရလို့ပါ။ လူတွေက သူ့ကို နတ်ဆိုးဧကရာဇ်လို့ ခေါ်နေကြတာက သူ့ရဲ့ ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိပြီး ထျန်းရန်နတ်ဘုရားနယ်မြေကို တစ်ကျော့ပြန် အုပ်ချုပ်မှာကို မမြင်ချင်ကြလို့ သက်သက်ပဲလေ။”
နတ်သခင် ကောင်းကင် တိတ်ဆိတ်သွားရ၏။
လုချန်း ပြောသည်မှာ မမှားပေ။
နတ်ဆိုးဧကရာဇ် အသုံးပြုသည့် စွမ်းအားသည် ဤလောကမှ မဟုတ်နိုင်သော်လည်း နတ်ဆိုးဧကရာဇ်သည် ထျန်းရန်နတ်ဘုရားနယ်မြေကို နှစ်ထောင်ပေါင်းများစွာတိုင်အောင် တကယ် အုပ်ချုပ်ခဲ့ဖူးသည်။ အတိအကျပြောရလျှင် သူမကို ထျန်းရန်နတ်ဘုရားနယ်မြေ၏ သခင်ဟူ၍ပင် သတ်မှတ်နိုင်၏။
သို့သော်လည်း နတ်ဆိုးဧကရာဇ် အသုံးပြုသော စွမ်းအား ဖြောင့်မတ်သည်ဖြစ်စေ၊ မိစ္ဆာဆန်သည်ဖြစ်စေ သူမ တည်ရှိနေခြင်းက အခြားသောအင်အားစုများ၊ အထူးသဖြင့် လျှို့ဝက်လဝန်း ကျောင်းတော်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်။
လျှို့ဝှက်လဝန်းကျောင်းတော်တွင် ကိုယ်ပိုင်နတ်ဧကရာဇ်တစ်ပါး ရှိပြီးသားဖြစ်၏။ သို့သော် ထျန်းရန်နတ်ဘုရားနယ်မြေတွင် နတ်ဧကရာဇ်နှစ်ပါး တချိန်တည်း မတည်ရှိနိုင်ပေ။ အကယ်၍ နတ်ဆိုးဧကရာဇ်သာ သူမ၏ စွမ်းအားကို ပြန်လည်ရရှိသွားပါက နတ်ဧကရာဇ် ယူလန် ဒုတိယအကြိမ်မြောက် ဝင်စားမည့် အခွင့်အရေး ခက်ခဲသွားလိမ့်မည်။
ဒါက ရပ်တည်ချက်ဆိုင်ရာ ပြဿနာဖြစ်သဖြင့် လျှို့ဝှက်လဝန်း ကျောင်းတော်အတွက်တော့ နတ်ဆိုးဧကရာဇ်သည် ဧကန်မုချ သေဆုံးရမည် ဖြစ်၏။
နတ်သခင် ကောင်းကင်က လုချန်းကို ခပ်အေးအေးဖြင့် ကြည့်လိုက်၏။ သူမ၏တပည့် နောက်ကွယ်တွင် မည်သည့် မဟာအင်အားကြီးအုပ်စု ရှိနေသည်ကို သူ မသိသော်လည်း မည်သည့်အုပ်စုပင် ဖြစ်ပါစေ လျှို့ဝှက်လဝန်း ကျောင်းတော်၏ အစီအစဉ်များကို နှောင့်ယှက်ခွင့် မရှိပေ။
ထိုသို့တွေးတောရင်း နတ်သခင် ကောင်းကင်က
“ရှင် သဘောမတူရင်တောင်မှ ဒီနတ်ကျင့်စဉ်ကို တခြားနတ်သခင်တွေဆီ ကျွန်မ လက်ဆင့်ကမ်းပေးမှာပဲ။”
ထိုအရာကို ကြားလျှင် လုချန်း လုံးဝအံ့ဩခြင်း မရှိပေ။ နတ်သခင် ကောင်းကင်သည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အခြားသော နတ်သခင်များထံ ဧကန်မုချ လက်ဆင့်ကမ်းပေးလိမ့်မည်ကို သူ ကြိုတင်သိထားသောကြောင့် အကြောင်းအရာအချို့ကို ဖျက်ပစ်ထားခဲ့ခြင်း ဖြစ်၏။
ဖြစ်ချင်ရာဖြစ်ပါစေတော့။
အကယ်၍ ရွှမ်းချင်းယွမ် တကယ်ပဲ ရှုံးနိမ့်သွားခဲ့လျှင် သူ၏ အခွင့်အရေး ရောက်လာလိမ့်မည်။
ဤစစ်ပွဲတွင် မည်သည့်အုပ်စုကပဲ နိုင်သည်ဖြစ်စေ သူကတော့ အကျိုးအမြတ် ရရှိနိုင်မည့် အခွင့်အရေး ရှိနေသည်။
အကယ်၍ ရွှမ်းချင်းယွမ် အနိုင်ရသွားပါက နတ်သခင် ကောင်းကင် ဒဏ်ရာအပြင်းအထန် ရရှိနိုင်ပြီး ထိုအချိန်တွင် သူမ နာလန်ပြန်ထူလာစေရန် ကူညီပေးသည့်အနေနှင့် သူမနှင့် စုံတွဲကျင့်စဉ်ကို အတူတကွ ကျင့်ကြံနိုင်သည်။
နတ်ဘုရားနယ်မြေ မဟာမိတ်တပ် အနိုင်ရသွားပါက ရွှမ်းချင်းယွမ်ကို သူ သွားရောက်ရှာဖွေကာ ထို့အတူပင် သူမ၏ ကျင့်စဉ်အဆင့်ကို ပြန်လည်ရရှိအောင် ကူညီပေးမည်ဟူသော အကြောင်းပြချက်ဖြင့် သူမနှင့် စုံတွဲကျင့်စဉ်ကို လေ့ကျင့်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ရလဒ်က ဘယ်လိုပဲထွက်ပါစေ သူ့အတွက်ကတော့ ဘာမှ ဆုံးရှုံးစရာ မရှိပေ။ ရွှမ်းချင်းယွမ်နှင့် နတ်ဘုရားနယ်မြေ မဟာမိတ်တပ်နတ်ရုံတို့ ပိုမိုပြင်းထန်စွာ တိုက်ခိုက်လေလေ နောင်တစ်ချိန်တွင် သူ၏ ချင်နတ်ဘုရားနိုင်ငံ အနေနှင့် နတ်ဘုရားနယ်မြေတစ်ခုလုံးကို သိမ်းပိုက်စုစည်းရန် ပိုမိုလွယ်ကူလေလေ ဖြစ်လိမ့်မည်။
နတ်သခင် ကောင်းကင်က လုချန်းကို ထပ်မံစကားပြောခွင့် မပေးတော့ပဲ
“ကျွန်မ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်။ ရှင် အရင် ထွက်သွားလိုက်တော့”
ထိုစကားများနှင့်အတူ သူမ၏ နတ်စွမ်းအားကို အသုံးပြု၍ လုချန်းကို နန်းဆောင်ပြင်ပသို့ ပို့ဆောင်လိုက်၏။
စစ်နတ်လှေ၏ ကုန်းပတ်ပေါ်တွင် ရပ်ရင်း နတ်သခင် ကောင်းကင်၏ နန်းဆောင်ကို လုချန်း ကြည့်လိုက်၏။ ထိုစဉ် သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး ရွှမ်းချင်းယွမ်နှင့် မဟာမိတ်တပ်တို့အနက် မည်သူက ပိုမိုစွမ်းအားကြီးမည်နည်းဆိုသည်ကိုသာ သိချင်နေတော့၏။
…….
တစ်ချိန်တည်းမှာပင်။
လျှို့ဝှက်လဝန်းနန်းတော်အတွင်း၌။
ယွမ်ယုတိသည် သူမ၏သွယ်လျသော ခြေတံများကို ချိတ်ကာ ရေခဲကုတင်ထက်တွင် ထိုင်နေရင်း လှပသော မျက်ဝန်းအစုံကို အသာအယာမှိတ်၍ လမ်းစဉ်စွမ်းအားကို ဆင်ခြင်တွေးတောနေ၏။
ရေခဲလမ်းစဉ်ကို စဉ်ဆက်မပြတ် တိုက်စားနေသည့် လျှို့ဝှက်ဆန်းကြယ်သော တိုက်စားမှုစွမ်းအားတစ်ခု ရှိနေသကဲ့သို့ ဖြစ်ပြီး သူမ၏ စွမ်းအားများကို သိသိသာသာ ကျဆင်းသွားစေသည်ကို မကြာသေးမီက သူမ သတိပြုမိခဲ့၏။
ရေခဲလမ်းစဉ်တစ်ခုတည်းသာ ဤကဲ့သို့ ဖြစ်နေသည်ဟု တွေးမိသဖြင့် ယွမ်ယုတိ အလွန်တရာ စိုးရိမ်ပူပန်သွား၏။
အကယ်၍ ရေခဲလမ်းစဉ်သာ ဆက်လက်တိုက်စားခံနေရပါက သူမ၏ ကျင့်စဉ်အဆင့်နှင့် စွမ်းအားများ ဆက်တိုက်ဆိုသလိုပင် ဆက်လက်ကျဆင်းသွားမည် ဖြစ်ပြီး လျှို့ဝှက်လဝန်းနန်းတော် အနေနှင့်လည်း နတ်သခင်အဆင့် ရန်သူများကို ရင်ဆိုင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာ၏
“နန်းတော်သခင်..... ခမ်းနားသော ကောင်းကင်ခန်းမက သံတမန်တစ်ဦး ရောက်ရှိလာပါတယ်။”
ထိုအရာကို ကြားလျှင် ကျင့်ကြံနေသည့် ယွမ်ယုတိလည်း သူမ၏ မျက်လုံးများကို ချက်ချင်း ဖွင့်လိုက်၏။
ခမ်းနားသော ကောင်းကင်ခန်းမက သံတမန် စေလွှတ်လိုက်တာလား။
--
…………..