← Chapters

အခန်း ၁၈၅၆

Vol. 124 Ch. 1856

အခန်း ၁၈၅၆

Vol. 124 Ch. 1856

အခန်း (၁၈၅၆)

နတ်ဧကရာဇ် ဖြစ်ဖို့ မလွယ်

ယွမ်ယုတိ၏ စကားကို ကြားလျှင် နတ်ဘုရင် မုန်ယန် တကယ်ပင် စိတ်သက်သာရာရသွား၏။ သူကို သတင်းပြန်ပို့ရန် ယွမ်ယုတိ လွှတ်ပေးဖို့ ကြံရွယ်နေပုံရသဖြင့် သူ၏ အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့ပြီ ဖြစ်သည်။

နတ်ဘုရင် မုန်ယန်က

“ကျုပ် ပြန်သွားပြီး ဒီစကားတွေကို ကျုပ်တို့ ခန်းမသခင်ကို ပြောပါ့မယ်။”

ထိုသို့ ပြောပြီးသည်နှင့် ဤဒုက္ခများလှသော နေရာမှ အမြန်ဆုံး ထွက်ခွာသွားရန် နတ်ဘုရင် မုန်ယန် တွေးတောလိုက်၏။ သို့သော်လည်း သူ ထွက်ခွာတော့မည့် ဆဲဆဲတွင် ယွမ်ယုတိ အနားရှိ လုချန်း က ချက်ချင်းပင်

“နေဦး”

ထိုစကားနှစ်ခွန်းကို ကြားလျှင် နတ်ဘုရင် မုန်ယန်၏ နှလုံးခုန်သံများ ပြင်းထန်သွား၏။ သူကို ပြန်လွှတ်ပေးလိုက်ခြင်းအပေါ် ယွမ်ယုတိ နောင်တရသွားခြင်းများ ဖြစ်လိမ့်မလား။

သို့သော်လည်း စကားပြောလိုက်သူက ယွမ်ယုတိ မဟုတ်ပေ။

တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားရင်း နတ်ဘုရင် မုန်ယန်က လုချန်းကို လှည့်ကြည့်ကာ

“ဒီမိတ်ဆွေငယ်လေးမှာ ဘာများ အကြောင်းကိစ္စ ရှိသေးလို့လဲ မသိဘူး။”

လုချန်းကို နတ်ဘုရင် မုန်ယန် မမှတ်မိပေ။ ထို့ပြင် ယခုအခါ၌ လုချန်း၏ ခန္ဓာကိုယ်သည် ကောင်းကင်နတ် အဆင့်၌သာ ရှိသေးသဖြင့် ဤသူသည် ယွမ်ယုတိ၏ အခြားသော တပည့်တစ်ဦးသာ ဖြစ်လိမ့်မည်ဟုသာ သူ ထင်မှတ်လိုက်၏။

လုချန်းသည် တပည့်သာမန်တစ်ဦးသာ ဖြစ်သော်လည်း သူ၏ အသက်က ယွမ်ယုတိ၏ လက်ထဲတွင် ရှိနေဆဲဖြစ်ရာ နတ်ဘုရင် မုန်ယန် အနေနှင့် လုချန်းကို လုံးဝ မပြစ်မှားရဲပေ။

လုချန်းက နတ်ဘုရင် မုန်ယန်ကို

“ဝူယာနတ်သခင် ထျန်းဟွာ ခန်းမကို ပြန်ရောက်သွားပြီလား”

နတ်ဘုရင် မုန်ယန်က

“ ရောက်သွားပါပြီ”

လုချန်းက ဆက်လက်၍

“ဝူယာနတ်သခင်က ထျန်းဟွာ ခန်းမကို ပြန်ရောက်ရုံပဲ ရှိသေးတယ်။ ခင်ဗျားတို့ကတော့ အရိုင်းနယ်မြေကို ရောက်လာခဲ့ပြီ။ ခင်ဗျားတို့ရဲ့ သွားနှုန်းက နည်းနည်း မြန်လွန်းမနေဘူးလား။”

ထျန်းရန်နတ်ဘုရား နယ်မြေသည် အလွန်တရာ ကြီးမားလှပြီး နေဝင်တောင်တန်းကြီးကလည်း အလွန် ကျယ်ပြောလှ၏။ နတ်ဘုရင်တစ်ပါး ဖြစ်သည့်တိုင်အောင် တောင်ပိုင်းနယ်မြေမှ အရိုင်းနယ်မြေသို့ ဤမျှ တိုတောင်းလှသော အချိန်အတွင်း ရောက်ရှိလာရန် လုံးဝ မဖြစ်နိုင်ပေ။

ထို့ကြောင့် တောင်ပိုင်းနယ်မြေတွင် အရိုင်းနယ်မြေသို့ တိုက်ရိုက် ဦးတည်ထားသည့် တည်နေရာရွှေ့ပြောင်း နည်းဗျူဟာပုံစံ တစ်ခု ရှိနေလိမ့်မည်ဟု လုချန်း သံသယဝင်မိသွား၏။

လုချန်း၏ ဆိုလိုရင်းကို နတ်ဘုရင် မုန်ယန် ချက်ချင်းပင် နားလည်သွား၏။

သူက ပွင့်ပွင့်လင်းလင်းပင် လုချန်းကို

“ကျုပ်တို့ အရိုင်းနယ်မြေကို လာတုန်းက နေဝင်တောင်တန်းထဲက ဗလာနယ်မြေတစ်ခုကို ဖြတ်ခဲ့မိတယ်။ အဲ့ဒီ ဗလာနယ်မြေရဲ့ စုပ်ယူခြင်းကို ခံလိုက်ရပြီး သတိပြန်ရလာတဲ့ အခါမှာတော့ အရိုင်းနယ်မြေကို ရောက်နေခဲ့ပြီ။”

လုချန်းက

“ဪ... အဲဒီလိုလား”

နတ်ဘုရင် မုန်ယန်၏ အဖြေနှင့် ပတ်သက်၍ လုချန်း အလွန် သံသယ မဝင်မိပေ။ နေဝင်တောင်တန်းကြီးအတွင်း၌ ဗလာ နယ်မြေများစွာ အမှန်တကယ် တည်ရှိနေ၏။

ထျန်းရန်နတ်ဘုရား နယ်မြေတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသော အာကာသ တည်နေရာရွှေ့ပြောင်းသည့် အမှတ်များစွာ ရှိနေသည်။

အကယ်၍ အရိုင်းနယ်မြေသို့ တိုက်ရိုက် ဦးတည်နေသည့် တည်နေရာရွှေ့ပြောင်းသည့် အမှတ်တစ်ခုနှင့် သူတို့ တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့ခဲ့ရလျှင်တော့ တောင်ပိုင်းနယ်မြေမှ အရိုင်းနယ်မြေသို့ တိုတောင်းသော အချိန်အတွင်း တကယ်ပင် ရောက်ရှိလာနိုင်သည်။

သို့သော်လည်း ဆန့်ကျင်ဘက် အနေနှင့်တော့ ဤအရာက သူတို့အတွက် သတင်းကောင်းတစ်ခုတော့ ဧကန်မုချ မဟုတ်ပေ။ နောင်တစ်ချိန်တွင် တောင်ပိုင်းနယ်မြေမှ လူများ အရိုင်းနယ်မြေသို့ လာရောက်လိုပါက ထိုသဘာဝ တည်နေရာရွှေ့ပြောင်းသည့် အမှတ်များကို တိုက်ရိုက် ရှာဖွေနိုင်ကြမည်ဖြစ်ပြီး အလွန်တိုတောင်းသော အချိန်အတွင်း အရိုင်းနယ်မြေသို့ ချဉ်းကပ်လာနိုင်ကြလိမ့်မည်။

ထိုသို့ဆိုလျှင် တစ်နေ့နေ့တွင် ခမ်းနားသောကောင်းကင် ခန်းမက လျှို့ဝှက်လဝန်းနန်းတော်ကို တိုက်ခိုက်လာခဲ့လျှင် လျှို့ဝှက်လဝန်းနန်းတော် အနေနှင့် ပြင်ဆင်ရန် အချိန်ရလိမ့်မည် မဟုတ်ပေ။

လုချန်းက

“ခင်ဗျားတို့ ဘယ်နေရာကနေ ရွှေ့ပြောင်းလာခဲ့လဲဆိုတာ ကျုပ်ကို ပြောပြနိုင်မလား။”

နတ်ဘုရင် မုန်ယန်က

“ရတာပေါ့... ဒါပေမဲ့ ကျုပ်တို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ ရောက်နေတဲ့ နေရာမှာ ဘာအာကာသ အက်ကွဲကြောင်းမှ မရှိတော့ဘူး။”

ထိုသို့ ပြောရင်း အရိုင်းနယ်မြေသို့ တည်နေရာရွှေ့ပြောင်းခံခဲ့ရသည့် မှတ်ဉာဏ်များကို မှတ်ဉာဏ်ပုလဲတစ်ခုအဖြစ် နတ်ဘုရင် မုန်ယန် စုစည်းလိုက်၏။

နတ်ဘုရင် မုန်ယန် ၏ မှတ်ဉာဏ်ပုလဲကို သူ၏ နတ်စွမ်းအားဖြင့် လုချန်း တိုက်ရိုက် ဖမ်းယူလိုက်ပြီးနောက် ၎င်းအတွင်းရှိ မှတ်ဉာဏ်များကို ဆက်လက် ဖတ်ရှုလိုက်၏။

ဂရုတစိုက်ဖြင့် နတ်ဘုရင် မုန်ယန်က

“ဒီမိတ်ဆွေငယ်လေးမှာ တခြားမေးစရာ မေးခွန်းတွေ ရှိသေးလား မသိဘူး”

လုချန်းက

“မရှိတော့ဘူး... ခင်ဗျားတို့ အခု သွားလို့ရပြီ”

နတ်ဘုရင် မုန်ယန်လည်း စိတ်သက်သာရာရစွာ ထပ်မံ၍ သက်ပြင်းချလိုက်ပြီး ထျန်းဟွာ ခန်းမမှ လူစုကို အလျင်အမြန် ဦးဆောင်ကာ ခန်းမကြီးအတွင်းမှ လှည့်ထွက်သွားကြ၏။

သူတို့အားလုံး ထွက်ခွာသွားပြီးနောက် လုချန်း အနားသို့ ယွမ်ယုတိ ချဉ်းကပ်လာပြီး လုချန်း၏ လက်ထဲမှ မှတ်ဉာဏ်ပုလဲကို ယူကာ အတွင်းရှိ မှတ်ဉာဏ်များကို အလားတူပင် ဖတ်ရှုလိုက်၏။

တောင်ပိုင်းနယ်မြေရှိ နေဝင်တောင်တန်း၏ တစ်ဖက်ခြမ်းမှ အရိုင်းနယ်မြေသို့ နတ်ဘုရင် မုန်ယန် တို့လူစု ရုတ်တရက် တိုက်ရိုက် ရွှေ့ပြောင်းခံလိုက်ရသည်ကို မြင်လျှင် ယွမ်ယုတိက

“ဒါက ရှင့်ရဲ့ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာရဲ့ ရွှေ့ပြောင်းပုံစံနဲ့ နည်းနည်း ဆင်တူနေတာပဲ။”

နေဝင်တောင်တန်းအတွင်းရှိ ထိုဗလာ နယ်မြေမှ အရိုင်းနယ်မြေသို့ နတ်ဘုရင် မုန်ယန်နှင့် သူ၏ လူစု တိုက်ရိုက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်၏။

အဓိကအချက်မှာ အရိုင်းနယ်မြေဘက်တွင် မည်သည့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံမှ မရှိသကဲ့သို့ မည်သည့် အာကာသ အက်ကွဲကြောင်းမှလည်း မရှိခြင်းပင် ဖြစ်သည်။

ဤအရာမှာ ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာ ပုံစံ၏ ရွှေ့ပြောင်းခြင်းနည်းလမ်းနှင့် အလွန်တူလှသည်။

ဝိညာဉ်နယ်ပယ် ဖြတ်ကျော် နည်းဗျူဟာသည်လည်း တိုက်ရိုက် ရွှေ့ပြောင်းနိုင်ရန်အတွက် ရောက်ရှိမည့်နေရာတွင် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ ရှိနေရန် မလိုပေ။

လုချန်း

“နေဝင်တောင်တန်းရဲ့ ဗလာ နယ်မြေတွေက အစကတည်းက လျှို့ဝှက်ဆန်းကြယ်နေတာ။ အရိုင်းနယ်မြေဆီ တိုက်ရိုက် ဦးတည်နေတဲ့ တည်နေရာရွှေ့ပြောင်းတဲ့ အမှတ်တစ်ခု ရှိနေတာက အံ့ဩစရာတော့ မဟုတ်ပါဘူး။”

“နတ်ဘုရင် မုန်ယန်ရဲ့ မှတ်ဉာဏ်တွေအရ သူတို့က အဲဒီ ဗလာနယ်မြေထဲကို မတော်တဆ ဝင်သွားမိတာ။ အခုဆိုရင် သူတို့လည်း အဲဒီ ဗလာ နယ်မြေက ဘယ်နားမှာ ရှိမှန်း သိတော့မှာ မဟုတ်ဘူး။”

“တကယ်လို့ သူတို့က အဲဒီ ဗလာ နယ်မြေကို သုံးပြီး အရိုင်းနယ်မြေဆီ နောက်တစ်ကြိမ် တိုက်ရိုက် ရွှေ့ပြောင်းချင်တယ် ဆိုရင်တောင်မှ လွယ်မှာ မဟုတ်တော့ဘူး။”

ယွမ်ယုတိက

“ဒါတွေကို ထားလိုက်ပါဦး... ရှင် အခု အဓိက အာရုံစိုက်ရမှာက မဟာလမ်းစဉ် ကပ်ဘေးပဲ။”

ယခုအခါတွင် ယွမ်ယုတိသည် နတ်သခင်တစ်ပါး ဖြစ်နေသော်လည်း မဟာလမ်းစဉ် ကပ်ဘေးနှင့် ပတ်သက်၍ မည်သည့် သဲလွန်စမှ လုံးဝ မရှိသကဲ့သို့ ၎င်းကို မည်သို့ ဖြေရှင်းရမည်နည်းဆိုတာကိုလည်း လုံးဝ နားမလည်နိုင်ပေ။

လက်ရှိ အခြေအနေအရ ကောင်းကင်ဘုံ လမ်းစဉ် ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနိုင်ပုံရသည်။ သို့သော် ကောင်းကင်ဘုံ လမ်းစဉ် မည်သည့်အချိန်တွင် ပြန်လည် ပုံမှန်ဖြစ်လာမည်ကိုတော့ သူတို့ မသိကြပေ။

အရေးကြီးဆုံး အချက်မှာ ကောင်းကင်ဘုံ လမ်းစဉ်သာ ပြန်လည်ကောင်းမွန်လာနိုင်ပါက အားလုံး အဆင်ပြေသွားမည် ဖြစ်သော်လည်း စိုးရိမ်စရာ အကောင်းဆုံး အချက်က ကောင်းကင်ဘုံ လမ်းစဉ်ကိုယ်တိုင် ပြန်လည်ပြုပြင်နိုင်စွမ်း မရှိတော့ခြင်း ဖြစ်၏။

ယွမ်ယုတိ၏ စကားကို ကြားလျှင် လုချန်း က သူမဘက်သို့ လှည့်ကြည့်ကာ ပြုံးလျက်

“ဆရာ... ကျုပ်ရဲ့ ပင်မကိုယ် စွမ်းအားက အခု ရွှေနတ် အဆင့်ပဲ ရှိသေးတာ။ ပြီးတော့ ကျုပ်ရဲ့ မူလကျင့်စဉ်အဆင့် ကလည်း နတ်ဘုရင် အဆင့်ပဲ ရှိခဲ့တာလေ။ ကျုပ်ကို ဒါကို အာရုံစိုက်ခိုင်းနေတာက ဘာအကျိုးရှိနိုင်မှာလဲ။ ကောင်းကင်ဘုံ လမ်းစဉ်ကိစ္စက ကျုပ် ဖြေရှင်းပေးနိုင်တဲ့ အရာမှ မဟုတ်တာ။”

ထိုအရာကို ကြားမှ သူမသည် လုချန်းကို သူမနှင့် တန်းတူသဘောမျိုး အမြဲတမ်း ထားရှိခဲ့မိပြီး လုချန်း ရွှေနတ် အဆင့်သာ ရှိသေးသည်ကို လုံးဝ မေ့လျော့နေခဲ့ကြောင်း ယွမ်ယုတိ နောက်ဆုံးတွင် သဘောပေါက်သွား၏။

အမှန်စင်စစ် မဟာလမ်းစဉ် ကပ်ဘေးကို ဖြေရှင်းရန် လုချန်းကို စဉ်းစားခိုင်းခြင်းက တကယ်ကို သဘာဝမကျပေ။

နတ်သခင်တစ်ပါး ဖြစ်သည့် သူမကိုယ်တိုင်ပင် မည်သည့် သဲလွန်စမှ လုံးဝ မရှိလျှင် မူလကျင့်စဉ်အဆင့် နတ်ဘုရင်အဆင့်သာ ရှိခဲ့ဖူးသည့် ရွှေနတ်တစ်ဦးက မည်သို့ အဖြေရှာနိုင်ပါမည်နည်း။

ထိုအခိုက်အတန့်တွင် မြင့်မြတ်ပြီး အေးစက်လှသော အငွေ့အသက်များ ထွက်ပေါ်နေကာ ရေခဲပြာရောင် ပါးလျသောအဝတ်ကို ဆင်မြန်းထားသည့် ယွမ်ယုတိကို လုချန်း တစ်ချက် ကြည့်လိုက်၏။

သူမ၏ ခန္ဓာကိုယ်ကို လုချန်း စိုက်ကြည့်နေသည်ကို မြင်လျှင် ယွမ်ယုတိ မျက်မှောင်အနည်းငယ် ကြုတ်သွားပြီး လုချန်း ဘာလုပ်ချင်နေသည်ကို သူ၏ အကြည့်များမှတစ်ဆင့် သူမ ချက်ချင်းပင် သိလိုက်၏။

မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်ခဏတွင် လုချန်းက

“ဒါပေမဲ့ တစ်ဖက်က ကြည့်ရင်တော့ ကျုပ်က မဖြေရှင်းနိုင်ရင်တောင်မှ... ဆရာ နတ်ဧကရာဇ် ဖြစ်လာဖို့ ကျုပ် ကူညီပေးနိုင်မယ် ဆိုရင်တော့ ကောင်းကင်ဘုံ လမ်းစဉ်ရဲ့ ပြဿနာက အလိုလို ပြေလည်သွားမှာပဲ မဟုတ်ဘူးလား။”

ယွမ်ယုတိ က လုချန်း ကို အေးစက်စွာဖြင့်

“နတ်ဧကရာဇ် ဖြစ်လာဖို့က လွယ်ကူတဲ့ အရာတစ်ခုလို့ ရှင် ထင်နေတာလား။”

ထျန်းရန်နတ်ဘုရား နယ်မြေ စတင်ဖြစ်ပေါ်လာကတည်းက ထောင်ပေါင်းများစွာသော နတ်သခင်များစွာ ပေါ်ထွက်ခဲ့ဖူးသော်လည်း နောက်ဆုံးတွင် နတ်ဧကရာဇ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သူမျာအား လက်ချိုးရေတွက်၍ပင် ရနိုင်၏။

နတ်ဧကရာဇ်ဖြစ်လာရန် ထိုမျှလောက် လွယ်ကူနေပါက ထျန်းရန်နတ်ဘုရား နယ်မြေတစ်ခုလုံးတွင် နတ်ဧကရာဇ်များဖြင့် ပြည့်နှက်နေပေလိမ့်မည်။

လုချန်းနှင့် စုံတွဲကျင့်စဉ်ကို ကျင့်ကြံခြင်းက ပိုမိုနက်ရှိုင်းသော သိမြင်နားလည်မှုများကို ရရှိစေကာ အခြားသော လမ်းစဉ်စွမ်းအားများကို အသုံးပြုနိုင်သဖြင့် သူမ၏ စွမ်းအားကို တကယ်ပင် သွယ်ဝိုက်သောအားဖြင့် တိုးတက်စေနိုင်သော်လည်း ဤအရာသည် စွမ်းအားကိုသာ ဘေးတိုက် တိုးတက်စေခြင်းသာဖြစ်သည်။ ယင်းက သူမ၏ ကျင့်စဉ်အဆင့်ကို ဒေါင်လိုက် မြှင့်တင်ပေးနိုင်ခြင်း မရှိပေ။

လုချန်းက

“မစမ်းသပ်ကြည့်ပဲနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ။ တကယ်လို့ ဆရာသာ ကျုပ်ရဲ့ အကူအညီနဲ့ လောကရဲ့ လမ်းစဉ်အားလုံးကို သိမြင်နားလည်သွားပြီး လုံးဝအသစ်စက်စက် လမ်းစဉ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့မယ်၊ တခြားသူတွေ မသိတဲ့ ဧကရာဇ်လမ်းစဉ်တစ်ခုကို ဖော်ထုတ်သွားနိုင်မယ် ဆိုရင်ကော။”

ထိုအရာကို ကြားလျှင် လုချန်း၏ စကား အနည်းငယ် အကျိုးအကြောင်းဆီလျော်မှု ရှိနေသည်ဟု ယွမ်ယုတိ ရုတ်တရက် ခံစားလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် ထျန်းရန်နတ်ဘုရား နယ်မြေရှိ နတ်ဧကရာဇ်တိုင်း၏ အဆုံးစွန်သော ဧကရာဇ်လမ်းစဉ်များမှာ တစ်ဦးနှင့်တစ်ဦး မတူညီပဲ ကွဲပြားခြားနားခဲ့ကြသောကြောင့် ဖြစ်၏။

ဥပမာအားဖြင့် နတ်ဆိုးဧကရာဇ်၏ နတ်ဆိုးစွမ်းအားကို ကြည့်ပါက ဤစွမ်းအားသည် ထျန်းရန်နတ်ဘုရား နယ်မြေနှင့် သက်ဆိုင်ခြင်းမရှိသည်မှာ ထင်ရှားလှသည်။ နတ်ဆိုးစွမ်းအားဟူသည်မှာ မတူညီသော လမ်းစဉ်တစ်ခုကို ထုဆစ်ပြီးနောက် နတ်ဆိုးဧကရာဇ် ကိုယ်တိုင် ဖန်တီးခဲ့သည့် ထူးခြားဆန်းပြားသော စွမ်းအားတစ်ခု ဖြစ်နေရန် လုံးဝ ဖြစ်နိုင်ခြေ ရှိသည်။

အကယ်၍ သူမအနေနှင့် လောက၏ လမ်းစဉ်အားလုံးကို တကယ်ပင် သိမြင်နားလည်သွားခဲ့လျှင်တော့ အခြားသော ဧကရာဇ်လမ်းစဉ်တစ်ခုကို ဖန်တီးနိုင်မည့် အခွင့်အရေး တကယ်ပင် ရှိလာနိုင်ပေလိမ့်မည်။

--

…………..

All Chapters