အခန်း ၁၈၅၉
Vol. 124 Ch. 1859
အခန်း (၁၈၅၉ )
ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်သော နတ်နိယာမ
ကြယ်မြစ် နတ်သခင်သည် ဝူယာနတ်သခင်ကို ရင်ဆိုင်ရရာတွင် ရမ်းကားစွာ မလှုပ်ရှားရဲပေ။ နတ်ခန္ဓာကိုယ်ကို သူ ပိုင်ဆိုင်ထားသော်လည်း လျို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကိုတော့ သူအလွန် ကြောက်ရွံ့မိ၏။
သူ၏ ကြယ်တာရာနတ်ခန္ဓာ၌ အနာဂတ်ကို ကြိုတင်မြော်မြင်နိုင်သည့် ထူးခြားသောစွမ်းရည် အတိုင်းအတာတစ်ခုအထိ ရှိနေ၏။ ဘေးအန္တရာယ်ကို သူ ခံစားသိနိုင်ခြင်းကပင် ထိုဖြစ်တည်မှု၏ စွမ်းအားသည် သူ့ထက် ဧကန်မုချ သာလွန်ကြောင်း သက်သေပြနေပြန်၏။
မည်မျှအထိ သာလွန်သနည်းဆိုသည်ကိုတော့ တိုက်ခိုက်ကြည့်မှသာ သူ သိနိုင်လိမ့်မည်။
သို့သော် လှုပ်ရှားရန် သူ မဝံ့ရဲတာတော့ ထင်ရှားလှ၏။
ဝူယာနတ်သခင်က လုချန်းအပေါ် ဤမျှအလေးထားနေသဖြင့် လုချန်းထံမှတစ်ဆင့် လမ်းစရှာလျှင်တော့ ဖြစ်နိုင်ခြေရှိ၏။
လျှို့ဝှက်လဝန်းနန်းတော်ထံ လူပြန်လွှတ်ရန် ကြယ်မြစ် နတ်သခင် တွေးတောနေစဉ်မှာပင် သူ၏ စိတ်အာရုံများ တုန့်ခနဲ ဖြစ်သွား၏။
နေပါဦး...
ဝူယာနတ်သခင်ကို လျှို့ဝှက်ဆန်းကြယ်သောအရာတစ်ခုက ပူးကပ်ထားသည်ဖြစ်စေ၊ သို့မဟုတ် သူကိုယ်တိုင်ကပင် ထိုလျှို့ဝှက်ဆန်းကြယ်သောအရာအဖြစ် ဟန်ဆောင်နေသည်ဖြစ်စေ ထိုသတ္တဝါ၏ စွမ်းအားက သူ့ထက် များစွာ သာလွန်နေတာ အမှန်ပင်ဖြစ်၏။
ဤမျှ စွမ်းအားကြီးမားသော ဖြစ်တည်မှုမျိုးက ဧကရာဇ်အဆင့်သို့ တက်ရောက်မည့် အခွင့်အလမ်းကို လုချန်းထံမှ လုယူလိုလျှင်သော်လည်းကောင်း၊ လုချန်းကို သတ်ဖြတ်လိုလျှင်သော်လည်းကောင်း ကိုယ်တိုင် အဘယ်ကြောင့် မလှုပ်ရှားသနည်း။
ထို့ပြင် သူကိုယ်တိုင်လည်း အာကာသလမ်းစဉ်ကို ကျကျနနကျင့်ကြံထားသူဖြစ်ရာ လျှို့ဝှက်လဝန်းနန်းတော်သို့ သွားရောက်ရန် အချိန်အမြောက်အမြား ပေးရမည်လည်း မဟုတ်ပေ။
ဝူယာနတ်သခင်က ကိုယ်တိုင်မလှုပ်ရှားပဲ ခမ်းနားသော ကောင်းကင်ခန်းမကို လျှို့ဝှက်လဝန်းနန်းတော်အား တိုက်ခိုက်ခိုင်းရန် အဘယ်ကြောင့် ဤနေရာသို့ လာရောက်ဆွဲဆောင်နေရသနည်း။
လျှို့ဝှက်လဝန်းနန်းတော်အတွင်း ဝူယာနတ်သခင် သတိထားနေရသည့် အရာတစ်ခုခု ရှိနေ၍လား သို့မဟုတ် လုချန်းကိုယ်တိုင်ကိုပဲသူ ကြောက်ရွံ့နေတာလား။
လုချန်းသည် ယခုအချိန်တွင် နတ်ဘုရင် အဆင့်၌သာ ရှိသေး၏။ သူ အချိန်နှင့်အာကာသလမ်းစဉ်အပေါ် နားလည်မှုက ဝူယာနတ်သခင်ထက် သာလွန်ရုံမျှဖြင့် အဘယ်ကြောင့် ကြောက်ရွံ့ရမည်နည်း။
သူက တကယ်ပဲ နတ်ဘုရင်အဆင့် လုချန်းကို ကြောက်ရွံ့နေတာလား ...
ထိုအခိုက်အတန့်တွင် တွေးတောစရာ အချက်တစ်ခုကို ကြယ်မြစ် နတ်သခင် ရုတ်တရက် သတိပြုမိသွား၏။
အရင်က မိစ္ဆာနတ်ဘုရင် သုံးပါးကို လုချန်း တစ်ဦးတည်းနှင့် ချေမှုန်းနိုင်ခဲ့ခြင်းကြောင့် မိစ္ဆာစွမ်းအားကို တားဆီးနိုင်သည့် နည်းလမ်း သူ၌ ရှိလိမ့်မည်ဟု ယုံကြည်ကာ လုချန်းကို သူတို့ ရှာဖွေခဲ့ကြခြင်း ဖြစ်၏။
ထိုနည်းလမ်းများက ကောင်းကင်နတ်ဆိုးစွမ်းအားကို နှိမ်နင်းရာတွင် အသုံးဝင်၊မဝင်ကိုလည်း သူတို့ သိလိုကြ၏။
မိစ္ဆာအင်အားစုများကို တားဆီးနိုင်သည့် စွမ်းအားကို လုချန်း တကယ် ပိုင်ဆိုင်ထားလျှင် လုချန်း တတ်မြောက်ထားသည့် ထိုလျှို့ဝှက်ဆန်းကြယ်သော စွမ်းအားက ဝူယာနတ်သခင်အတွင်းရှိ ထူးဆန်းသော စွမ်းအားကိုလည်း ဖိနှိပ်ပေးနိုင်မှာလား။
နှစ်ပေါင်း ကုဋေချီ၍ ရှင်သန်ခဲ့သူပီပီ ဖြစ်နိုင် ခြေရှိများအားလုံးကို ကြယ်မြစ် နတ်သခင် စိတ်ကူးထဲ၌ လျင်မြန်စွာ တွက်ချက်ကြည့်မိ၏။
ထို့နောက်တွင်တော့ ဝူယာနတ်သခင်အတွင်းရှိ ထူးဆန်းသော စွမ်းအားကို လုချန်း၏ စွမ်းအားက တားဆီးနိုင်ခြင်း ရှိမရှိ ဆိုသည့် အချက်မှစ၍ တစ်ခုချင်းစီ အတည်ပြုရန်သာ လိုတော့၏။
ယခု ကြယ်မြစ် နတ်သခင်၏ အမြင်၌ မဟာလမ်းစဉ် ကပ်ဘေးနှင့် ဝူယာနတ်သခင်တို့နှင့် နှိုင်းယှဉ်လျှင် နတ်ဆိုးဧကရာဇ်၏ ခြိမ်းခြောက်မှုက အသေးဆုံး ဖြစ်နေပေပြီ။ အန္တရာယ်အစစ်အမှန်မှာ ဝူယာနတ်သခင်အတွင်း ကိန်းအောင်းနေသည့် အမည်မသိ ထူးဆန်းသော စွမ်းအားသာ ဖြစ်သည်။
အချိန်အတော်ကြာ အသံတိတ် တွေးတောပြီးနောက်တွင်တော့ ဆုံးဖြတ်ချက်တစ်ခုကို ကြယ်မြစ် နတ်သခင် ချမှတ်လိုက်၏။ မိစ္ဆာစွမ်းအားကို တုံ့ပြန်နိုင်သည့် နည်းလမ်း တကယ် ရှိမရှိ လုချန်းကို မေးမြန်းရန် အရိုင်းနယ်မြေထံ သူ ကိုယ်တိုင် သွားရောက်ရမည် ဖြစ်၏။
ထင်ထင်ပေါ်ပေါ် လုပ်ဆောင်၍မရသည်ကတော့ အမှန်ပင် ဖြစ်၏။ ဝူယာနတ်သခင် တစ်စုံတစ်ခုကို ရိပ်မိသွားပါက သူ့ကို ကြိုတင်၍ ရန်ရှာလာပေလိမ့်မည်။
…….
မြောက်ပိုင်းနယ်။
လျှို့ဝှက်လဝန်း ကျောင်းတော်၏ စစ်နတ်လှေပေါ်တွင် ဖြစ်၏။
နတ်ဆိုးဧကရာဇ်ကို တိုက်ခိုက်ရန် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်သခင်များ စုရုံးပြင်ဆင်နေကြစဉ် ရှေ့သို့ လှမ်းထွက်လာသည့် နတ်သခင် ကောင်းကင်က အခြားနတ်သခင်များကို
“နတ်ဆိုးဧကရာဇ်ကို မတိုက်ခိုက်ခင် အားလုံးကို ကျွန်မ သင်ကြားပေးစရာ နတ်ကျင့်စဉ်တစ်ခု ရှိပါတယ်။”
နတ်ကျင့်စဉ် ဟုတ်စ။
မည်သည့် နတ်ကျင့်စဉ်ကို သင်ကြားပေးမည်နည်းဟု နတ်သခင်တစ်စုက နတ်သခင် ကောင်းကင်ကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လာကြ၏။
ဤအချိန်မျိုးတွင် နတ်ကျင့်စဉ်တစ်ခုကို သင်ယူခြင်းက ဘယ်လိုလုပ် အကျိုးရှိနိုင်မည်နည်း။
နတ်သခင်တစ်ပါးက နတ်သခင် ကောင်းကင်ကို
“နတ်သခင် ကောင်းကင် သင်ပေးမယ့် နတ်ကျင့်စဉ်က ဘာအတွက် အသုံးဝင်မှာလဲ သိပါရစေ။”
ထိမ်ချန်ထားခြင်းမရှိပဲ နတ်သခင် ကောင်းကင်က
“ဒီနတ်ကျင့်စဉ်က ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်ပါတယ်”
ထိုအရာကို ကြားလျှင် ရောက်ရှိနေကြသော နတ်သခင်အားလုံး မှင်တက်သွားကြပြီး နတ်သခင် ကောင်းကင်ကို မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်မိကြ၏။
ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်သည် ဟုတ်စ။
မယုံနိုင်စရာပင်။
ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်သည့် နည်းလမ်းများ လုချန်းဆီ၌ ရှိနေကြောင်း ခမ်းနားသော ကောင်းကင်ခန်းမထံမှ သတင်းများ သူတို့ ကြားဖူးခဲ့ကြဖူး၏။ သို့သော် လုချန်းကို သူတို့ မတွေ့ခဲ့သဖြင့် တဖြည်းဖြည်းနှင့် မျှော်လင့်ချက် ပျက်ပြယ်ခဲ့ကြရခြင်း ဖြစ်၏။
ထိုသို့ဆိုလျှင် လျှို့ဝှက်လဝန်း ကျောင်းတော်၌ ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်သည့် နတ်ကျင့်စဉ် အဘယ်ကြောင့် ရှိနေရသနည်း။
လျှို့ဝှက်လဝန်း ကျောင်းတော်က လုချန်းကို ရှာတွေ့သွားခဲ့ခြင်းလား။
ခမ်းနားသော ကောင်းကင်ခန်းမမှ နတ်သခင်ထိုက်ဟွာက နတ်သခင် ကောင်းကင်ကို
“နတ်သခင် ကောင်းကင်... လျှို့ဝှက်လဝန်း ကျောင်းတော်က လုချန်းကို ရှာတွေ့ထားတာလား။ ကျုပ်သိသလောက်ဆိုရင် လုချန်းတစ်ယောက် ဆီမှာပဲ ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်တဲ့ နည်းလမ်း ရှိတာမဟုတ်ဘူးလား။”
အေးစက်စက် အမူအရာဖြင့် နတ်သခင် ကောင်းကင်က
“မဟုတ်ပါဘူး... ဒီနတ်ကျင့်စဉ်က ကျွန်မတို့ လျှို့ဝှက်လဝန်းနန်းတော်ရဲ့ အကြီးအကဲဆီက လာတာပါ။”
ထိုစဉ် နတ်သခင် ကောင်းကင်၏ စိတ်ထဲ ထိတ်ခနဲ ဖြစ်သွား၏။ လွန်ခဲ့သည့် ဆယ်စုနှစ်များစွာကပင် လုချန်း၌ ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်သည့် နည်းလမ်း ရှိနိုင်သည်ဟုဆိုကာ ခမ်းနားသော ကောင်းကင်ခန်းမက ရှာဖွေရန် လူလွှတ်ခဲ့ဖူး၏။
ထို့ပြင် နယ်မြေအသီးသီးမှ မဟာအင်အားကြီးအုပ်စုများကလည်း လုချန်းကို ကူညီရှာဖွေပေးခဲ့ကြသော်လည်း အဆုံး၌ ရှာမတွေ့ခဲ့ကြပေ။ ယခုမူ ချန်းလုက ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်သည့် နတ်ကျင့်စဉ်ကို ယူဆောင်လာခဲ့၏။
ချန်းလု... လုချန်း ...
ချက်ချင်းဆိုသလို အရာအားလုံးကို ဆက်စပ်မိသွားပြီး နတ်သခင် ကောင်းကင် မှင်တက်သွားရ၏။ နတ်သခင်ထိုက်ဟွာ သတိမပေးခဲ့လျှင် ဤလမ်းကြောင်းအတိုင်း သူမ စဉ်းစားမိလိမ့်မည် မဟုတ်ပေ။
ရုတ်တရက်ဆိုသလို နတ်သခင် ကောင်းကင်၏ ရင်ထဲ၌ ဒေါသတရားများ ပေါက်ကွဲထွက်လာ၏။ ထိုစဉ်က လုချန်းသာ မရှိခဲ့လျှင် ယွမ်ချင်းရှုလည်း အရှက်တရား ဆုံးရှုံးရမည်မဟုတ်သလို လျှို့ဝှက်လဝန်းနန်းတော်မှလည်း နှင်ထုတ်ခံရမည် မဟုတ်ပေ။
ယခုမူ လုချန်းက လျှို့ဝှက်လဝန်း ကျောင်းတော်သို့ လာရဲရုံတင်မကပဲ သူမ၏ တပည့်ရင်းပင် ဖြစ်နေခဲ့ပြန်၏။
နတ်သခင် ကောင်းကင်၏ စကားကို ကြားရလျှင် နတ်သခင်ထိုက်ဟွာ၏ စိတ်ထဲ သံသယအနည်းငယ် ဝင်သွားမိ၏။
လျှို့ဝှက်လဝန်းနန်းတော်က လုချန်းကို တကယ်ပဲ ဖမ်းဆီးနိုင်ခဲ့တာလား။
သူ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ရန် နတ်သခင် ကောင်းကင် ကြိုးစားလိုက်၏။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်သည် လုချန်းကို မည်သို့ကိုင်တွယ်ရမည်ဟု တွေးရမည့်အချိန် မဟုတ်သည့်ပြင် သူတို့၏ နန်းတော်သခင်ကိုယ်တိုင်လည်း လုချန်း၏ သရုပ်မှန်ကို အစောကတည်းက သိနေလောက်သောကြောင့် ဖြစ်၏။
ကျောင်းတော်သခင်ကိုယ်တိုင်ပင် လုချန်းကို အရေးမယူခဲ့ခြင်းက နန်းတော်သခင်၏ အမြင်တွင် လုချန်းသည် အသုံးဝင်နေသေးကြောင်း သက်သေပြနေသဖြင့် အနည်းဆုံးတော့ ယခုလောလောဆယ် လုချန်းကို ကိုင်တွယ်ရန် မလိုအပ်သေးပေ။ အရာအားလုံး ပြီးဆုံးသွားမှသာ နန်းတော်သခင်၏ သဘောထားကို သူမ ပြန်လည်မေးမြန်းပြီး နန်းတော်သခင် မည်သို့ပြောမည်ကို စောင့်ကြည့်ရမည် ဖြစ်၏။
ထိုအတွေးနှင့်အတူ သတိပြန်ဝင်လာသည့် နတ်သခင် ကောင်းကင်လည်း နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာ၏ နတ်ကျင့်စဉ်ကို အမွေဆက်ခံ ပုလဲလုံးများအဖြစ် တိုက်ရိုက် ပေါင်းစည်းလိုက်ပြီး ရှေ့တွင်ရှိသော နတ်သခင်တစ်ဦးချင်းစီထံသို့ ပေးအပ်လိုက်၏။
သံသယရှိနေကြသော နတ်သခင်အချို့လည်း နတ်စွမ်းအားကို အသုံးပြု၍ အမွေဆက်ခံ ပုလဲလုံးများကို လှုံ့ဆော်ကာ နတ်ကျင့်စဉ်၏ အကြောင်းအရာများကို ဖတ်ရှုကြ၏။ နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို သူတို့ စတင်လည်ပတ်လိုက်သည်နှင့် ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများ ကွာကျပျက်ပြယ်သွားသည်ကို အမှန်ပင် တွေ့ရှိလိုက်ကြရ၏။
ချက်ချင်းဆိုသလို ရောက်ရှိနေကြသော နတ်သခင်များအားလုံး စိတ်လှုပ်ရှားသွားကြ၏။
“အဆင်ပြေတယ်... တကယ်ကို အဆင်ပြေတာပဲ...”
“ကောင်းလိုက်တာ... ဒီနတ်ကျင့်စဉ်သာရှိရင် နတ်ဆိုးဧကရာဇ်ရဲ့ ကောင်းကင်နတ်ဆိုးစွမ်းအားကို ကျုပ်တို့ ကြောက်စရာမလိုတော့ဘူး...”
“လျှို့ဝှက်လဝန်း ကျောင်းတော်ရဲ့ အခြေခံအုတ်မြစ်က ဒီလောက်တောင် နက်နဲပြီး ဒီလို အံ့ဖွယ်နတ်ကျင့်စဉ်မျိုး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး...”
“နတ်ဆိုးဧကရာဇ်ကို ရင်ဆိုင်ဖို့အတွက် ဒီလို အဖိုးတန်တဲ့ ကောင်းကင်အဆင့် နတ်ကျင့်စဉ်ကို လျှို့ဝှက်လဝန်း ကျောင်းတော်က ကိုယ်ကျိုးမကြည့်ပဲ ပေးအပ်ခဲ့တာပဲ။ ကျုပ်တို့လည်း လျှို့ဝှက်လဝန်း ကျောင်းတော်ကို မနစ်နာစေရပါဘူး။ နတ်ဆိုးဧကရာဇ်ကို ကိုင်တွယ်ပြီးရင် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ လျှို့ဝှက်လဝန်း ကျောင်းတော်ကို ပေးဖို့ ရတနာတစ်ပါးကို ကျုပ် ကိုယ်တိုင် ရွေးချယ်ပေးပါ့မယ်။”
“နတ်ဆိုးဧကရာဇ်ကို ရှင်းလင်းပြီးရင် လျှို့ဝှက်လဝန်း ကျောင်းတော်ကို လက်ဆောင်ပေးဖို့ ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခုကို ကျုပ်လည်း ရွေးချယ်ပေးပါ့မယ်။”
ရောက်ရှိနေကြသော နတ်သခင်များသည် လူအများ မဟုတ်ကြပေ။ ထိုမျှ အရေးကြီးသော နတ်ကျင့်စဉ်ကို အစောပိုင်းက နတ်ဆိုးဧကရာဇ်အား တိုက်ခိုက်ရာတွင် လျှို့ဝှက်လဝန်း ကျောင်းတော်က အဘယ်ကြောင့် အသုံးမပြုတာလဲ ဆိုသည်ကို သူတို့ လိုက်လံမေးမြန်းမနေကြတော့ပေ။
အဘယ်ကြောင့်ဆိုသော် ဤအရာသည် ကောင်းကင်အဆင့် နတ်ကျင့်စဉ်တစ်ခု ဖြစ်သည့်ပြင် ကောင်းကင်နတ်ဆိုးစွမ်းအားကိုပင် တားဆီးနိုင်စွမ်းရှိရာ ထိုကဲ့သို့သော နတ်ကျင့်စဉ်၏ ရှားပါးမှုကို လူတိုင်း နားလည်ထားကြသောကြောင့် ဖြစ်၏။
ယခုအခိုက်အတန့်တွင် နတ်သခင်များ တွေးတောမိသည်မှာ ဤနတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် လျှို့ဝှက်လဝန်း ကျောင်းတော်၏ ပိုင်ဆိုင်မှု အစစ်အမှန်ဖြစ်ပါက ဤနတ်ကျင့်စဉ်တစ်ခုတည်းနှင့်တင် လျှို့ဝှက်လဝန်း ကျောင်းတော်၏ နက်နဲသော အခြေခံအုတ်မြစ်ကို သက်သေပြရန် လုံလောက်နေပြီဖြစ်သည်။
အခြားမည်သည့် နတ်ဂိုဏ်း သို့မဟုတ် အင်အားစုကမှ ကောင်းကင်နတ်ဆိုးစွမ်းအားကို တားဆီးနိုင်သည့် နတ်ကျင့်စဉ်မျိုး တစ်ကြိမ်တစ်ခါမှ ထုတ်ဖော်မပြသနိုင်ခဲ့ဖူးသည်ကို သတိပြုရမည် ဖြစ်၏။
--
……………