အခန်း ၁၈၆၀
Vol. 124 Ch. 1860
အခန်း (၁၈၆၀ )
စုပေါင်းတိုက်ခိုက်ခြင်း
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသည် လျှို့ဝှက်လဝန်း ကျောင်းတော်မှ မြစ်ဖျားခံလာခြင်း မဟုတ်ပဲ လုချန်းထံမှသာ လာခြင်းဖြစ်နိုင်ကြောင်း ရောက်ရှိနေကြသော နတ်သခင်များကလည်း သဘာဝကျစွာ တွက်ချက်မိကြပြန်၏။
နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာသာ လုချန်းထံမှ လာခဲ့လျှင် လုချန်းကို လျှို့ဝှက်လဝန်း ကျောင်းတော်က ဖမ်းဆီးရမိထားပြီးဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်လိမ့်မည်။ ထို့ပြင် လုချန်းမှတစ်ဆင့် ကစဉ့်ကလျား ပင်လယ်အတွင်းရှိ အခွင့်အလမ်းအမြောက်အမြားကိုလည်း လျှို့ဝှက်လဝန်း ကျောင်းတော်က ရရှိထားနိုင်ခြေ ရှိနေပြန်၏။
သို့ဖြစ်ရာ လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ခြင်းက မည်သို့မှ အရှုံးမရှိနိုင်ပေ။
အကြောင်းရင်း မည်သို့ပင်ဖြစ်စေ နတ်ဆိုးဧကရာဇ်ကို နှိမ်နင်းပြီးနောက်တွင် သူတို့၏ အင်အားစုများအနေနှင့် လျှို့ဝှက်လဝန်း ကျောင်းတော်နှင့် ကောင်းသော ဆက်ဆံရေးကို ထိန်းသိမ်းထားရန် ဧကန်မုချ လိုအပ်ပေလိမ့်မည်။
လျှို့ဝှက်လဝန်း ကျောင်းတော်ကို အဓမ္မနည်းဖြင့် ခြိမ်းခြောက်အကျပ်ကိုင်ရန်ကတော့ ယခုအခိုက်အတန့်တွင် လုံးဝ မဖြစ်နိုင်သောအရာပင် ဖြစ်၏။
မဟာလမ်းစဉ် ကပ်ဘေး ဆိုက်ရောက်နေသည့်အပြင် ကောင်းကင်ဘုံ လမ်းစဉ် ပုံမှန်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးပါက နတ်ဂိုဏ်းအချင်းချင်း စစ်မီးမွှေးရန် မသင့်တော်လှချေ။
ရောက်ရှိနေကြသော နတ်သခင်များ၏ မြှောက်ပင့်စကားများကို ကြားသော်လည်း သူတို့၏ ရည်ရွယ်ချက်ကို ကွင်းကွင်းကွက်ကွက် မြင်နေရသဖြင့် နတ်သခင် ကောင်းကင် ဂရုမစိုက်ပဲ ထားလိုက်၏။
ထို့နောက် နတ်သခင် ကောင်းကင်က လူတိုင်းကို
“အားလုံးပဲ ဒီနတ်ကျင့်စဉ်ကို မြန်မြန် ကျွမ်းကျင်အောင် လုပ်ထားကြပါ။ နဂါးအထွတ်အထိပ် နတ်သခင်က အကြာကြီး တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး။”
နတ်သခင် ကောင်းကင်၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ပြင်းထန်လှသော ပေါက်ကွဲသံကြီးတစ်ခု ဝေးလံသော အရပ်ဆီမှ ထွက်ပေါ်လာ၏။
တစ်ခဏချင်းမှာပင် စောနကမှ ပြန်လည်ပြင်ဆင်ထားသော ကုန်းမြေကြီးသည် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ပျက်စီးသွားရပြီး အာကာသ ဟင်းလင်းပြင်အပိုင်းအစများ လွင့်စင်လာကာ ကစဉ့်ကလျား ပင်လယ်မှ ကစဉ့်ကလျား စွမ်းအားများကလည်း အလုံးအရင်းနှင့် တိုးဝင်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် နဂါးအထွတ်အထိပ် နတ်သခင်၏ ခန္ဓာကိုယ်၌ အက်ကြောင်းများ ဗရပွ ထင်ကျန်နေပြီး သူ၏ အနောက်ရှိ နိယာမ ပုံရိပ်မှာလည်း အချိန်မရွေး ပြိုကွဲပျက်စီးတော့မည့်အလား ပေါ်လိုက်ပျောက်လိုက် ဖြစ်နေ၏။
ကောင်းကင်ယံအထက်တွင် တရွေ့ရွေ့မျောလွင့်နေသည့် နဂါးအထွတ်အထိပ် နတ်သခင်သည် အဝေးရှိ ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာ ပုံစံကို တစ်ချက် လှမ်းကြည့်လိုက်၏။
ရွှမ်ချင်းယွမ်၏ စွမ်းအားသည် ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာ ပုံစံအတွင်း ပိတ်မိနေသည့် နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်များထံမှ လာနေခြင်းဖြစ်ကြောင်း သူ ကောင်းစွာ သိထား၏။
ထိုနည်းဗျူဟာ ပုံစံကိုသာ မဖျက်ဆီးနိုင်လျှင် ရွှမ်ချင်းယွမ်၏ စွမ်းအားက ပို၍သာ ကြီးမားလာမည်ဖြစ်ရာ သူအနေနှင့် အကြာကြီး တောင့်ခံနိုင်တော့မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထိုနည်းဗျူဟာ ပုံစံကို ဖျက်ဆီးပစ်ရန် နည်းလမ်းတစ်ခု သူ ရှာရလိမ့်မည်။
ထို့နောက် နဂါးအထွတ်အထိပ် နတ်သခင်က
“နဂါးမီးလျှံ ကမ္ဘာဖျက်ကျင့်စဉ်”
ဟုအော်ဟစ်လိုက်၏။
စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဟုန်းဟုန်းတောက်နေသော မီးတောက်မီးလျှံများ ဝါးမြိုသွားပြီး နောက်ကွယ်ရှိ နဂါးခန္ဓာ နိယာမ ကိုယ်ထည်ကလည်း ခရမ်းရောင် မီးလျှံများဖြင့် တောက်လောင်လာ၏။
သို့ရာတွင် ထိုမီးလျှံများ တောက်လောင်လာသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်နှင့် နိယာမ ပုံရိပ်တို့ အဆက်မပြတ် တုန်ခါဝေဝါးလာရာ နဂါးအထွတ်အထိပ် နတ်သခင်တစ်ယောက် သူ၏ နတ်ဝိညာဉ်ကို အသက်နှင့်လဲ၍ အပြင်းအထန် တောက်လောင်စေနေကြောင်း ထင်ရှားလှ၏။
နဂါးအထွတ်အထိပ် နတ်သခင်ထံမှ ပေါက်ကွဲထွက်လုလု စွမ်းအားကို ခံစားမိလိုက်လျှင် အံ့ဩဟန်အနည်းငယ်နှင့်အတူ
ရွှမ်ချင်းယွမ်က
“ဧကရာဇ်အဆင့် နတ်ကျင့်စဉ်ပါလား...
စိတ်ဝင်စားဖို့ ကောင်းသားပဲ”
ယခုအခိုက်အတန့်တွင် ရွှန်ချင်းယွမ်တစ်ဦးတည်းသာမက အဝေးမှ စောင့်ကြည့်နေကြသည့် နတ်သခင် ကောင်းကင်နှင့် အခြားသူများပါ အံ့အားသင့်ကာ မှင်တက်သွားကြရ၏။
အချို့သော မဟာအင်အားကြီးအုပ်စုများ၌ သူတော်စင် အဆင့် နတ်ကျင့်စဉ်များပင် မရှိကြပေ။ ယခုမူ နဂါးအထွတ်အထိပ် နတ်သခင်က ဧကရာဇ်အဆင့် နတ်ကျင့်စဉ်တစ်ခုကို ထုတ်ဖော်အသုံးပြုနေပြီဖြစ်၏။
နဝမကောင်းကင်တက္ကသိုလ်၏ အုပ်ချုပ်မှုကို ပထမဆုံး ဆန့်ကျင်ခဲ့သည့် နဂါးပြာ ခန်းမ၏ နောက်ခံအရင်းအမြစ်များက အလွန်တရာ နက်နဲလှတာကတော့ မလွဲမသွေပင်။
သို့သော် နှမြောစရာကောင်းလှသည်က သူ၏ စွမ်းအားသည် ထိုဧကရာဇ်အဆင့် နတ်ကျင့်စဉ်၏ အစွမ်းသတ္တိကို အပြည့်အဝ ထုတ်ဖော်နိုင်လောက်အောင် မကောင်းခြင်း ဖြစ်၏။
ထိုအခိုက်အတန့်တွင် နတ်သခင်ထိုက်ဟွာက မျက်မှောင်ကြုတ်လျက်
“ဒါက နဂါးအထွတ်အထိပ် နတ်သခင်ရဲ့ နောက်ဆုံး လှုပ်ရှားမှု ဖြစ်နိုင်တယ်။ ကျုပ်တို့တွေ နောက်ထပ် စောင့်ဆိုင်းနေလို့ မဖြစ်တော့ဘူး။ အရင်ဆုံး အဲ့ဒီနည်းဗျူဟာ ပုံစံကို သွားဖျက်ဆီးကြစို့။”
ကစဉ့်ကလျား မိစ္ဆာအတွေး နည်းဗျူဟာ ပုံစံက ရွှမ်ချင်းယွမ်ထံ စွမ်းအားများ ပေးဝေနေသည်ကို နဂါးအထွတ်အထိပ် နတ်သခင် မြင်တွေ့နေရသကဲ့သို့ အခြားသော နတ်သခင်များလည်း အတိုင်းသား မြင်နေကြရ၏။
သူတို့အားလုံး၏ ရည်ရွယ်ချက်မှာ တစ်ထပ်တည်းပင် ဖြစ်၏။ ထိုနည်းဗျူဟာ ပုံစံကို ဦးစွာ ဖျက်ဆီးပစ်ပြီး အတွင်း၌ ပိတ်မိနေသော နတ်ဘုရား နယ်မြေ မဟာမိတ်တပ်မှ နတ်များကို လွှတ်ပေးရန် ဖြစ်သည်။
ရွှမ်ချင်းယွမ်ထံသို့ စွမ်းအားများ ဆက်တိုက် ပေးပို့နေမည့် အခြေအနေကို သူတို့ မည်သို့မှ ခွင့်ပြုထား၍ မဖြစ်ပေ။
နတ်သခင်ထိုက်ဟွာ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် နတ်သခင်များအားလုံး စစ် မြေပြင်၏ ဗဟိုချက်ဆီသို့ ချက်ချင်း ဆိုသလို ပျံသန်းဝင်ရောက်သွားကြ၏။
ထိုအခိုက်အတန့်တွင် ရွှမ်ချင်းယွမ်ထံသို့ နဂါးအထွတ်အထိပ် နတ်သခင်၏ နဂါးမီးလျှံ စွမ်းအားများ တဟုန်ထိုး ပြေးဝင်သွားရာ ထိုမီးလျှံများ ဖြတ်သန်းသွားသည့် နေရာတိုင်းရှိ အရာခပ်သိမ်းလည်း ပြာပုံအတိ ဖြစ်သွား၏။
ထိုစွမ်းအားကြောင့် ဘေးပတ်ဝန်းကျင်ရှိ အာကာသ ဟင်းလင်းပြင်ကြီးပင် အရည်ပျော်ကျနေသည့် ဖန်သားများကဲ့သို့ လိမ်တွန့်သွားသည်။
သို့ရာတွင် ထိုစွမ်းအားနှင့် ထိပ်တိုက်တွေ့စဉ် ရွှမ်ချင်းယွမ်သည် ရှောင်တိမ်းရန် မကြိုးစားပဲ အေးစက်စက် လေသံဖြင့်
“ရှင် နတ်ဧကရာဇ် တစ်ပါး မဟုတ်နေတာ နှမြောစရာပဲ... ဧကရာဇ်အဆင့် နတ်ကျင့်စဉ်ရဲ့ စွမ်းအားအပြည့်ကို ရှင် ဘယ်လိုမှ မထုတ်ဖော်နိုင်ပါဘူး။”
ထိုသို့ ပြောဆိုလိုက်ပြီးသည်နှင့် ရွှမ်ချင်းယွမ်ထံမှ ကောင်းကင်နတ်ဆိုးစွမ်းအားများ တဟုန်ထိုး ပေါက်ကွဲထွက်လာပြီးနောက် သူမ၏ အေးစက်စက် အသံလှိုင်းက တစ်ဖန် ပဲ့တင်ထပ်လာပြန်၏။
“သွေးငရဲ နတ်ဆိုးကျမ်းစာ”
ထိုအခိုက်အတန့်တွင် ပတ်ဝန်းကျင် ဟင်းလင်းပြင်တစ်ခုလုံး ထူထပ်လှသော ကောင်းကင်နတ်ဆိုးစွမ်းအားများအောက် ကျရောက်သွားရပြီး ကွဲအက်သွားသည့် အာကာသ ဟင်းလင်းပြင်ထဲမှ နီနက်ရောင် သွေးစက်များ စီးကျလာကာ သွေးပင်လယ်ပြင်ကြီးတစ်ခုအဖြစ် လျင်မြန်စွာ ဖွဲ့စည်းသွား၏။
ထိုနက်မှောင်လှသော သွေးပင်လယ်ကြီးအတွင်း၌ ပြင်းထန်လှသော ဆွဲအားတစ်ခု ကိန်းအောင်းနေသည့်အလား အခြားသော နတ်သခင်များ၏ သွေးနှင့် နတ်စွမ်းအားများကို အငမ်းမရ ဝါးမြိုဆွဲယူနေတော့၏။
သူတို့၏ သွေးနှင့် နတ်စွမ်းအားများ ထိန်းချုပ်၍မရပဲ စုပ်ယူခံနေရသည်ကို ခံစားမိလိုက်လျှင် နတ်သခင် ကောင်းကင်က အလျင်အမြန်
“အားလုံးပဲ ကိုယ့်စွမ်းအားကို ချက်ချင်း လည်ပတ်ကြပါ”
နတ်သခင်များအားလုံး ချက်ချင်း သတိပြန်ဝင်လာကြပြီး နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အလောတကြီး လည်ပတ်လိုက်ကြ၏။
တစ်ခဏချင်းမှာပင် ထိုသွေးပင်လယ်ပြင်ကြီး၏ အထက်၌ ထောင်ပေါင်းများစွာသော နီနီရဲရဲ ဆီမီးအိမ်အမြောက်အမြား ပေါ်ပေါက်လာခဲ့သည်။
သို့ရာတွင် လုချန်းကိုယ်တိုင် ထိုနတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို အသုံးပြုပုံမျိုးနှင့်မတူပေ။
ဤဆီမီးအိမ်များက ကောင်းကင်နတ်ဆိုးစွမ်းအားကို စုပ်ယူခြင်း မရှိကြပေ။
ဤဆီမီးအိမ်များမှ ဖြာကျလာသော အလင်းတန်းများက ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားနှင့် သွေးအငွေ့အသက်များကို မောင်းထုတ်ဖျက်ဆီးပေးလိုက်သဖြင့် နတ်သခင်များ၏ ခန္ဓာကိုယ်များ သိသိသာသာ ပေါ့ပါးသက်သာသွားကြ၏။
ဤလှုပ်ရှားမှုကြီးက ရွှမ်ချင်းယွမ်၏ အာရုံကို ချက်ချင်း ဆွဲဆောင်လိုက်ရုံမက ကောင်းကင်ယံရှိ ဆီမီးအိမ်များက ကောင်းကင်နတ်ဆိုးစွမ်းအားကို ပိတ်ဆို့ထားသည်ကို မြင်လိုက်ရလျှင် ရွှမ်ချင်းယွမ် သံယယဝင်သွားမိ၏။
“ဟင်...”
စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသော ထိုနတ်စွမ်းအားကို ခံစားမိလိုက်သည်နှင့် ရွှမ်ချင်းယွမ်လည်း အခြေအနေအရပ်ရပ်ကို ချက်ချင်း ရိပ်မိသွားခဲ့သည်။
ကစဉ့်ကလျား သားရဲကို သတ်ဖြတ်စဉ်က လုချန်းနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ရခြင်း မရှိသော်လည်း ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း လုချန်း လုပ်ဆောင်ခဲ့သမျှနှင့် သူ၏ စွမ်းအားက ကောင်းကင်နတ်ဆိုးစွမ်းအားကို မည်သို့ တားဆီးနှိမ်နင်းနိုင်သည်ကို သူမ ကောင်းစွာ သိထား၏။
ထိုစဉ်က ကစဉ့်ကလျား သားရဲ၏ ဝမ်းဗိုက်အတွင်း သူမ ဖန်တီးခဲ့သမျှ ကောင်းကင်နတ်ဆိုးအမြောက်အမြားကို လုချန်း၏ စွမ်းအားက အကုန်အစင် ချေမှုန်းပစ်ခဲ့ဖူးသည် မဟုတ်ပါလား။
ယခု နတ်သခင်များထံမှ ထွက်ပေါ်လာသော စွမ်းအားကို ခံစားမိလိုက်သည်နှင့် သူမ စိတ်ထဲ လုချန်းကို ချက်ချင်း ပြေးမြင်သွားမိတော့၏။
ရွှမ်ချင်းယွမ်က အေးစက်စက် လေသံဖြင့်
“ရှင်က တစ်ခေါက်လောက် ထပ်ပြီး ထိပ်တိုက်တွေ့ချင်နေတဲ့ ပုံပဲ။”
နတ်သခင်ထိုက်ဟွာနှင့် အခြားသူများ ထုတ်ဖော်လိုက်သည့် နတ်ကျင့်စဉ်မှာ လုချန်း သင်ကြားပေးထားခြင်း ဖြစ်ကြောင်း သူမ ချက်ချင်း ကောက်ချက်ချလိုက်၏။
သူမသည် ထျန်းရန် နတ်ဘုရား နယ်မြေအတွင်း နှစ်သန်းပေါင်းများစွာ ကျင်လည်ခဲ့ဖူး၏။ ထိုအတောအတွင်း
ဤကဲ့သို့သော နတ်ကျင့်စဉ်မျိုးကို လုချန်းတစ်ဦးတည်းသာ ပိုင်ဆိုင်ထားသဖြင့် လုချန်းမှတစ်ပါး အခြားမည်သူက သင်ကြားပေးနိုင်အံ့နည်း။
သို့သော်လည်း သူမ ထိုအရာကို သိပ်ပြီး ဂရုစိုက်မနေပေ။
သူတို့ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများ ကွာကျပျက်ပြယ်သွားသည်ကို မြင်လိုက်ရသောအခါ နတ်သခင်ထိုက်ဟွာ၏ ယုံကြည်မှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပြီး အခြားသော နတ်သခင်များကို
“ကျွန်မတို့ နဂါးအထွတ်အထိပ် နတ်သခင်ကို ကာကွယ်ပေးကြစို့။”
ထိုသို့ ပြောဆိုရင်း နတ်သခင်ထိုက်ဟွာသည် နတ်အလင်း မီးအိမ်တစ်ထောင်ကျမ်းစာကို ထပ်မံ ထုတ်ဖော်လိုက်ရာ ဟင်းလင်းပြင်ထဲရှိ ဆီမီးအိမ် အရေအတွက် လျင်မြန်စွာ တိုးပွားလာပြီး နဂါးအထွတ်အထိပ် နတ်သခင်၏ ဘေးနားသို့ တိုက်ရိုက် ပြေးဝင်ကာ ပတ်ဝန်းကျင်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများကို ဖယ်ရှားပေးလိုက်၏။
ကောင်းကင်နတ်ဆိုးစွမ်းအား၏ ပိတ်ဆို့နှောင့်ယှက်မှု မရှိတော့သည့်နောက် နဂါးအထွတ်အထိပ် နတ်သခင် ထုတ်လွှတ်လိုက်သော နဂါးမီးလျှံများလည်း ရွှမ်ချင်းယွမ် ဆီသို့ တစ်ခဏချင်းအတွင်း ရောက်ရှိသွားတော့သည်။
တစ်ပြိုင်နက်တည်းမှာပင် အခြားသော နတ်သခင်များကလည်း အစွမ်းကုန် ကြိုးပမ်းလာကြရာ ဟင်းလင်းပြင်အတွင်း ဆီမီးအိမ်များ တစ်စတစ်စ တိုးပွားလာခဲ့သည်။ ထိုမြင်ကွင်းကို မြင်သော်လည်း ရွှမ်ချင်းယွမ်ကတော့ ခပ်အေးအေးပင် နှာခေါင်းရှုံ့လိုက်၏။
သာမန် ကောင်းကင်နတ်ဆိုးများသာ ဆိုလျှင်တော့ ဤနတ်ကျင့်စဉ်နှင့် ထိပ်တိုက်တွေ့ပါက တကယ်ပင် ဖိနှိပ်ခြင်း ခံရနိုင်ခြေ ရှိလိမ့်မည်။
သို့သော်လည်း ကံဆိုးလှစွာပင် သူတို့ ယခု ရင်ဆိုင်နေရသူက သာမန်ကောင်းကင်နတ်ဆိုးမဟုတ်သော သူမ ဖြစ်နေခဲ့သည်။
အချိန်ကိုက်ပင် ရွှမ်ချင်းယွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်နတ်ဆိုးစွမ်းအားများ ရုတ်ချည်း ပြောင်းလဲသွားပြီး အစက နက်မှောင်လှသော ထိုစွမ်းအားများ အလိုအလျောက် တောက်လောင်လာကာ သန့်ရှင်းမွန်မြတ်သော အငွေ့အသက်များ ဖြာထွက်နေသည့် ဖြူစင်သော အလင်းတန်းများကို ထုတ်လွှတ်လာ၏။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင် နတ်သခင်များအားလုံး ဟင်းလင်းပြင်အထက်၌ ဆွံ့အကာ မှင်တက်သွားကြရပြန်၏။
ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...
သူမက နတ်ဆိုးဧကရာဇ် တစ်ပါး မဟုတ်ပါလား။
သူမက နတ်ဆိုးဧကရာဇ် ဖြစ်နေပါလျက်နှင့် အဘယ်ကြောင့် ဤကဲ့သို့ သန့်ရှင်းမွန်မြတ်သော စွမ်းအားမျိုးကို ထုတ်ဖော်နိုင်ရသနည်း။
နတ်သခင်တစ်စုကို ခပ်အေးအေး စိုက်ကြည့်ရင်း ရွှမ်ချင်းယွမ်က
“ကောင်းကင်နတ်ဆိုးစွမ်းအားတွေ တောက်လောင်သွားလို့ ဆုံးရှုံးမှုတချို့ ရှိတယ်ဆိုဦးတော့... ရှင်တို့ကို ကိုင်တွယ်ဖို့ကတော့ လုံလောက်တာထက်တောင် ပိုပါသေးတယ်။”
သူမ၏ စကားသံ ဆုံးသည်နှင့်တစ်ပြိုင်နက် ကောင်းကင်နတ်ဆိုးစွမ်းအား တောက်လောင်ရာမှ ထွက်ပေါ်လာသည့် စွမ်းအားများအားလုံး ရွှမ်ချင်းယွမ်၏ ရှေ့မှောက်၌ စုစည်းသွားပြီး သူမက အေးစက်စက် လေသံဖြင့် ရွတ်ဆိုလိုက်၏။
“အလိုဆန္ဒဝါးမြိုခြင်း ကျိန်စာ”
--