← Chapters

နေရောင်အောက်သို့တစ်ဖန်

Vol. 13 Ch. 130

နေရောင်အောက်သို့တစ်ဖန်

Vol. 13 Ch. 130

သို့သော် သူမဘာမှမမေးရသေးခင်မှာပင် လီနန်ခယ့်ကခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး လက်မထောင်ပြလျက် ကျယ်လောင်စွာဆို၏။

“ချီးကျူးပါတယ်၊ တကယ်ကို ချီးကျူးထိုက်ပါပေတယ် ဟယ့်ပန်ကျွင်း၊ ခင်ဗျားက ကျွန်တော်တွေ့ဖူးသမျှထဲမှာ ဉာဏ်အအကောင်းဆုံးမိန်းမပဲ။ ပါးနပ်လှပေ့ဆိုတဲ့ လင်ကျောက်ယွီတောင်မှ ခင်ဗျားကိုမမှီနိုင်ဘူး။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက ကျွန်တော့်ကိုဒီအမှုထဲ ဝင်ပါခိုင်းမိလိုက်တာပဲကိုး။ ခင်ဗျားအဲ့လိုမလုပ်သင့်ခဲ့ဘူးလေ။ အခုလည်း ကျွန်‌တော်တို့ကို မှောင်ရိပ်ထဲကနေ ချောင်းကြည့်နေဦးမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ‌ကောင်းကင်အထက်မှာလည်း ကောင်းကင်နောက်တစ်ထပ်ရှိနေသေးတာကို ခင်ဗျားသိအောင် ပြရဦးမှာပေါ့"

“ဟယ့်ပန်ကျွင်းက ဒီနေရာမှာရှိနေတာလား"

လီနန်ခယ့်၏စကားကို ကြားသောအခါ နျဲ့ယင်းထိတ်လန့်သွားပြီး ပတ်ဝန်းကျင်ကို အမြန်ဆုံး လိုက်လံ စစ်ဆေးတော့သည်။

“လိုက်ရှာမနေနဲ့တော့၊ ဒီမိန်းမရဲ့ ရုပ်ဖျက်ပညာက အရမ်းအစွမ်းထက်တယ်”

လီနန်ခယ့်က ဂရုမစိုက်သလိုမျိုး ဆို၏။

"သူဘယ်လိုလှည့်ကွက်တွေသုံးလိုက်လဲ၊ ဘာလို့သုံးရသလဲ ခင်ဗျားသိလား"

ဒီတစ်ကြိမ်တွင်တော့ နျဲ့ယင်းက တတ်ယောင်ကားထောက်ပြခြင်းမပြုတော့ဘဲ နှုတ်ဆိတ်လျက်သာ နားထောင်နေလိုက်သည်။

“ဟယ့်ပန်ကျွင်းက လူတွေကို စိတ်ပညာသုံးပြီးကစားရတာ သဘောကျတဲ့ အလွန်ဉာဏ်ကောင်းတဲ့ မိန်းမတစ်ယောက်ပဲ၊ ဒါပေမဲ့ ဒီလိုလူမျိုးတွေရဲ့ အကြီးမားဆုံးအားသာချက်နဲ့ အားနည်းချက်ကတော့ ကိစ္စတစ်ခုကို သေချာအောင်စီစဥ်မဲ့အစား လက်တစ်လုံးခြား လောင်းကစားလုပ်ရတာမျိုးကို အလွန်သဘောကျတတ်တာပဲ"

လီနန်ခယ့်က ဆက်ပြောသည်။

“ပထမ တစ္ဆေနတ်ဘုရားလှံတော်ရှင်အဖြစ် ဟန်ဆောင်ပြီး ခင်ဗျားကိုလှည့်စားတယ်၊ တပ်မှူးတုန်းကို လှည့်စားတယ်၊ ချန်းမင်ကို ခြောက်လှန့်တယ်။ ပြီးတော့မှ စစ်တုရင်ရုပ်တွေကိုချပြပြီး ကျွန်တော့်ကို သူနဲ့ မျက်နှာချင်းဆိုင်ကစားဖို့ ဖိတ်ခေါ်ခဲ့တာပဲ။"

"ဒီမိန်းမက လောင်းကစားလုပ်ရတာကို အဲ့လောက်တောင်ဝါသနာပါတာ။ ကျွန်တော် ခင်ဗျားကိုတစ်ခုမေးမယ်။ ရေခဲခေါင်းတလားကို လုံလုံခြုံခြုံ ဝှက်ထားနိုင်ပြီး ဘေးကင်းစွာသယ်ယူနိုင်မယ့် တစ်ခုတည်းသောနေရာက လီချန်ဘုရားကျောင်းပဲမဟုတ်လား။ ဘယ်လိုပဲတွေးတွေး ဒီနေရာတဝိုက်မှာ လီချန်ဘုရားကျောင်းက ရေခဲခေါင်းတလားကိုဝှက်ထားဖို့ တစ်ခုတည်းသော အကောင်းဆုံးနေရာပဲ။ လူတိုင်းက ဒါကို လီချန်ဘုရားကျောင်းမှန်း ခန့်မှန်းမိပြီး လာရောက်စုံစမ်းစစ်ဆေးကြမှာဆိုတော့ သူ့အနေနဲ့ လူတွေရဲ့သံသယကိုရှင်းလင်းပြီး အာရုံတွေကိုလွှဲပစ်ဖို့ ဘာနည်းလမ်းက အကောင်းဆုံးဖြစ်မလဲ။

နျဲ့ယင်းမှာ သူ့စကားကို မီအောင်လိုက်စဥ်းစားရင်း ခေါင်းပင် ပေါက်ကွဲလုမတတ်ဖြစ်လာရသည်။

ကံကောင်းထောက်မစွာဖြင့် လီနန်ခယ့်က သူမခေါင်းမပေါက်ကွဲခင် စကားလုံးတစ်လုံးချင်းစီကို သေသေချာချာ ဆို၏။

"သူ့နည်းလမ်းက ကျွန်တော်တို့ကို ဒီမှာ စိတ်ဝင်တစားနဲ့ လာရောက်စုံစမ်းဖို့ တမင်သက်သက်ဆွဲဆောင်ခဲ့တာပဲ"

“ကျွန်မတို့ကို သူက စုံစမ်းစစ်ဆေးဖို့ဆွဲဆောင်ခဲ့တာ ဟုတ်လား။”

နျဲ့ယင်း ကြောင်အမ်းသွားရသည်။

လူတစ်ယောက်က ဒီလိုလောင်းကစားမျိုး လုပ်ရဲဖို့ ဘယ်လောက်တောင်ရူးသွပ်ပြီး စိတ်ဓာတ်ခိုင်မာနေရမလဲ။

“ဒီနေရာကို ကျွန်တော်တို့ကိုယ်တိုင် လာရောက်ရှာဖွေပြီး မရှိဘူးလို့ အတည်ပြုပြီးတဲ့အခါမှသာ လီချန်ဘုရားကျောင်းက အားလုံးရဲ့ဆန်ကာတင်မှုခင်းနေရာကနေ လွတ်သွားမှာမဟုတ်လား။ ဘာလို့လဲဆိုတော့ လူတွေက ကိုယ့်မျက်စိနဲ့ မြင်လိုက်ရတဲ့အရာကိုပဲ နောက်ဆုံးရလဒ်လို့ အမြဲ ဆုံးဖြတ်ယုံကြည်တတ်ကြလို့ပဲ။ ပြီးတော့ တပ်မှူးတုန်းကလည်း သူရေးဆွဲထားတဲ့ ဇာတ်ညွှန်းအတိုင်း ဘုရားကျောင်းတစ်ခုလုံးကို မြေလှန်ပြီးရှာဖွေခဲ့တယ်။ ဘာမှမတွေ့လို့တောင် လက်မြှောက်အရှုံး‌ပေးပြီး တစ်ဖွဲ့လုံးပြန်ထွက်သွားရပြီမဟုတ်လား။ မင်းစဥ်းစားကြည့်၊ တပ်မှူးတုန်း ဒီကိုနောက်တစ်ခေါက်လာရှာဖို့ သတ္တိရှိပါဦးမလား။"

လီနန်ခယ့်က ခေါင်းတလားထဲက မံမီရုပ်အလောင်းကို စိုက်ကြည့်နေရင်း ဆိုသည်။

“ဒါကြောင့် နောက်ဆုံးအဖြေက မင်းသမီးရှန်းယွမ်ရဲ့ရုပ်ကလာပ်ဟာ လီချန်ဘုရားကျောင်းထဲမှာပဲ ရှိနေတုန်းပဲ”

နျဲ့ယင်းမှာတော့ လူနားမလည်နိုင်သော စကားများကို နားထောင်နေရသကဲ့သို့ ခံစားနေရသည်။

“ဒါပေမဲ့ တပ်မှူးတုန်းက ဘုရားကျောင်းတစ်ခုလုံးကို မြေလှန်ရှာပြီးပြီပဲဟာ၊ အခြားဘယ်နေရာမှာ ဝှက်ထားနိုင်ဦးမှာလဲ။ မြေကြီးထဲမှာ မြှုပ်ထားတာလား။ ဒီလောက် ပွက်လောရိုက်နေတဲ့အခြေအနေမှာ ဘုရားကျောင်းထဲ လူတွေအများကြီး အပြည့်ရှိနေခဲ့တာ၊ တစ်ခုခုဖြစ်တယ်ဆို သေချာပေါက်သတိထားမိမှာပေါ့။”

နျဲ့ယင်း မအောင့်နိုင်တော့ဘဲ သူမရင်ထဲရှိ သံသယအားလုံးကို ထုတ်ပြောလိုက်တော့သည်။ တစ်ဖက်လူက သူမကို လူအတစ်ယောက်လိုဆက်ဆံပြောဆိုနေသည်အား ဆက်မခံစားနိုင်တော့။

“ခင်ဗျားပြောတာမှန်ပါတယ်၊ ဒါပေမဲ့ တပ်မှူးတုန်း လုံးဝမရှာဖွေခဲ့တဲ့ နေရာတစ်ခုရှိသေးတယ်”

လီနန်ခယ့်က ခေါင်းတလားကို ခပ်ပြင်းပြင်းပုတ်ပြလိုက်ပြီး ဆိုသည်။

“သူက ဒီနေရာကိုတော့ တစ်ချက်ပဲဝေ့ကြည့်ခဲ့တာ။ အဲ့ဒီတစ်ချက်တည်းနဲ့တင် တကယ်တမ်းရှာဖွေသင့်တဲ့ အဓိကနေရာကို လျစ်လျူရှုသွားခဲ့တာပဲ။ မင်းသမီးရှန်းယွမ်က ဒီခေါင်းတလားထဲမှာပဲ ရှိနေတာ”

နျဲ့ယင်း စက္ကန့်အနည်းငယ်မျှ ကြောင်အမ်းသွားပြီးနောက် ခေါင်းတလားအတွင်းပိုင်းကို အမြန်ဆုံး ငုံ့ကိုင်းရှာဖွေတော့သည်။

သို့သော်လည်း မံမီအလောင်းနှင့် အလှူပစ္စည်းများမှလွဲ၍ အခြားအလောင်းတစ်လောင်းရှိဖို့နေနေသာသာ၊ ဝှက်ထားနိုင်မည့်နေရာပင် မကျန်ရှိပါချေ။

“လီနန်ခယ်၊ မင်းစိတ်ရူးပေါက်နေတာလား၊ အလောင်းရှိတယ်ဆိုရင်ဘယ်မှာလဲ။”

နျဲ့ယင်းက နီမြန်းနေသောမျက်နှာဖြင့် သူ့ကို ဒေါသတကြီးအော်ဟစ်လာသည်။

လီနန်ခယ့် ဘာမှပြန်မပြောဘဲ ရွှံ့စေးများကို ထပ်မံဆုပ်ယူလိုက်ကာ သစ်သားငါးပေါ်သို့ ရေစက်များကျအောင် ညှစ်ချလိုက်ပြီးနောက် သူမကို အရိပ်အမြွက်ပေးလိုက်သည်။

“အခုလောက်ဆို ခင်ဗျားနားလည်ပြီလား၊ ချန်းမင်ကြားခဲ့ရတဲ့ သစ်သားငါးရုပ်ခေါက်သံက ဒါပဲ။ အရင်က ကျွန်တော်မေးခဲ့ဖူးတဲ့ မေးခွန်းတစ်ခုကိုရော မှတ်မိလား၊ မင်းသမီးရှန်းယွမ်ရဲ့ ရုပ်ကလာပ်ကို ရေခဲခေါင်းတလားထဲကနေ ထုတ်လို့ရနိုင်မလားဆိုတာလေ။ ခင်ဗျားပြန်ဖြေခဲ့တာ မင်းသမီးရဲ့ခန္ဓာကိုယ်က အထူးရေခဲလွှာတွေနဲ့ ဖုံးအုပ်ထားတာမို့လို့ ရေခဲခေါင်းတလားထဲကထွက်ရင်တောင် ရေရှည်မှာ ပျက်စီးနိုင်မှာမဟုတ်ဘူးလို့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ‌ရေခဲဆိုတော့လည်း အရည်ကတော့ပျော်ဦးမှာပဲမဟုတ်လား"

“ရေစက်ကျတဲ့ အသံ”

နောက်ဆုံးတော့ နျဲ့ယင်း နားလည်သွားခဲ့သည်။

ထို့နောက် သူမ၏အကြည့်သည် အလွန်တရာလေးလံပြီး ထူထဲကျယ်ပြန့်ကာ ထူးခြားသောတည်ဆောက်ပုံရှိသည့် ခေါင်းတလားအဖုံးဆီသို့ တဖြည်းဖြည်း ရွှေ့လျားသွားခဲ့၏။

ဒါဆိုရင် အဲ့ဒီနေရာမှာပေါ့။

“လာပါ မင်းသမီးရှန်းယွမ်။ ကျွန်တော်မျိုးလီနန်ခယ့်က မင်းသမီးကို နေရောင်အောက်သို့ ပြန်လည်ခေါ်ဆောင်ပေးပါ့မယ်”

လီနန်ခယ့်က ခေါင်းတလားအဖုံးဘောင်ကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အားသုံး၍မြှောက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း အဖုံးမှာ တုတ်တုတ်မျှမလှုပ်ချေ။

“ခွန်အားမလုံလောက်ဘူး...”

လီနန်ခယ့်က အားကုန်ကြိုးစားလို့မရသည့်အဆုံး အရှက်ပြေပြုံးလိုက်ပြီး သူမကိုလာကူဖို့ခေါ်လိုက်သည်။

နျဲ့ယင်းသည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ စွမ်းအင်အားလုံးကိုစုစည်းပြီး အဖုံးဘောင်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်လိုက်သည်။ သူမ၏ ကျယ်လောင်သော မာန်သွင်းအော်ဟစ်သံနှင့်အတူ လေးလံလှသော ခေါင်းတလားအဖုံးကြီးမှာ ကန့်လန့်ကာလှပ်လိုက်သကဲ့သို့ ပက်လက်လန်သွားတော့၏။

ပါးလွှာစေးကပ်သော ပင့်ကူအိမ်ကဲ့သို့သော အဖြူရောင်ကြိုးမျှင်လေးများဖြင့် ခေါင်းတလားအဖုံးတွင် မြဲမြံစွာကပ်နေသည့် အမျိုးသမီးအလောင်းတစ်ခုသည် သူတို့နှစ်ဦး၏ရှေ့မှောက်တွင် ချက်ချင်းပေါ်ပေါက်လာခဲ့တော့သည်။ ထိုအမျိုးသမီးအလောင်းကို ပါးလွှာသော ရေခဲတစ်လွှာဖြင့် ဖုံးအုပ်ထိန်းကွပ်ထားပြီး ရေစက်လေးများကလည်း တွဲလွဲခိုတည်ရှိနေခဲ့၏။

“လှလိုက်တာ..."

လီနန်ခယ့်က ထိုအမျိုးသမီးအလောင်း၏ မျက်နှာကို ကြောင်အမ်းအမ်းဖြင့်စိုက်ကြည့်ရင်း ခပ်တိုးတိုးရေရွတ်မိသည်။

ဒီကမ္ဘာကို ရောက်စကတည်းက လီနန်ခယ့်အနေနှင့် လှပေ့ဆိုသည့် အမျိုးသမီးပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးပါသည်။

ရဲရင့်တည်ကြည်တဲ့အလှနဲ့ လိန်ရှင်းနန်၊ ချစ်စရာကောင်းတဲ့ ယုန်မလေးမုန့်၊ မျက်နှာနုနု ဖြူဖြူစင်စင်အလှလေးနဲ့ ငန်းခိုးတဲ့မိန်းကလေး၊ ရေခဲလိုအေးစက်တဲ့ အစ်မကြီးတစ်ယောက်လို သြဇာပေးတတ်တဲ့တိုင်အောင် ဆွဲဆောင်မှုရှိနေသေးတဲ့ နျဲ့ယင်း၊ ပြီးတော့ ရှန်ဟွားမျှော်စင်က ညို့ဓာတ်ပြင်းတဲ့ အမျိုးသမီး...

သို့သော် သူ့ရှေ့ကမင်းသမီးတွင် သူတို့အားလုံးနှင့် မတူခြားနားသော ဆွဲဆောင်မှုတစ်ခု ရှိနေခဲ့သည်။

သူမ၏မျက်ခုံးများမှာ တောင်တန်းများ၏အနားသတ်ကဲ့သို့ သပ်ရညီညာပြီး လည်ပင်းမှာ နှင်းနှင့်ကျောက်စိမ်းတို့ကို အချိုးညီရောစပ်ထားသည့်အလား ချောမွတ်ဖြူဖွေးနေခဲ့၏။ ဆွဲဆောင်မှုရှိခြင်းတွင် သန့်စင်မြင့်မြတ်ခြင်းက လွှမ်းမိုးနေခဲ့ပြီး ထိုသန့်စင်မြင့်မြတ်ခြင်းတွင် ညှို့ဓာတ်တစ်ခုက ပါဝင်နေခဲ့သည်။ အချိုးအစား အမို့အမောက်မှာ အမျိုးသမီးတို့ကြား ထိပ်တန်းအဆင့်ဟု သတ်မှတ်ရလောက်ပေမည်။

လူ့ပြည်လူ့ကမ္ဘာမှမဟုတ်သော ခံစားချက်မျိုးကို ရရှိစေသည်။ နှင်းမြူများကြားမှ ပန်းပွင့်စိုစိုကို ကြည့်နေရသကဲ့သို့ ရှိပြီး ထင်ယောင်ထင်မှား ဝေဝါးမှုန်ရီသော အိပ်မက်တစ်ခုလိုခံစားချက်ကို ပေးစွမ်းသည်။

“ဒီလို အလှနတ်သမီးလေးက ကွယ်လွန်သွားခဲ့ပြီဆိုတော့ နှမြောဖို့ကောင်းလိုက်တာ။”

လီနန်ခယ့်က စိတ်မကောင်းစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ချက်ချင်းခေါင်းလှည့်ကာ အော်ဟစ်လိုက်တော့သည်။

“ဟယ့်ပန်ကျွင်း၊ မင်းမှာ အခြားအစီအစဉ်တွေရှိဦးမှာ သေချာပါတယ်။ တကယ်လို့ မင်းအစီအစဉ်တွေကို ကျွန်တော့်ကြောင့်နဲ့ အပျက်စီးမခံချင်ဘူးဆိုရင်တော့ နောက်တစ်နာရီကြာရင် ပိုင်ယွင်စားသောက်ဆိုင်ကို လာခဲ့ပါ”

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး မည်သည့်အသံမှ ပြန်လည်တုံ့ပြန်ခြင်း မရှိချေ။

လီနန်ခယ့်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုပေါ်လာပြီး ဘာမှထပ်မပြောတော့ဘဲ နျဲ့ယင်းကိုပြောလိုက်သည်။

“မင်းသမီးရဲ့ ရုပ်ကလာပ်ကို ရှာတွေ့ပြီဆိုတော့ ခင်ဗျားလက်ထဲပဲအပ်လိုက်ပါ့မယ်။ ကျွန်တော်တို့ကြားက ကတိကဝတ်ကိုသာ မမေ့ပါနဲ့"

“ရှင်ဘယ်အချိန်မှာ စတင်လှုပ်ရှားဖို့ ပြင်ဆင်ထားလဲ။”

နျဲ့ယင်းက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ မေးလာသည်။

လီနန်ခယ့်က ခပ်အေးအေးပြုံးကာ ဂရုမစိုက်သလိုသာဆိုသည်။

"အဲ့ဒါကတော့ ဟယ့်ပန်ကျွင်းက ကျွန်တော်နဲ့ပူးပေါင်းဖို့ ဆန္ဒရှိမရှိအပေါ်မှာပဲ မူတည်ပါတယ်”

ပိုင်ယွင်စားသောက်ဆိုင်၏ ဒုတိယထပ်ရှိ ရောက်နေကျသီးသန့်အခန်းအတွင်း၌ လီနန်ခယ့်သည် ခြေထောက်ချိတ်ထိုင်ကာ စားပွဲပေါ်မှ မြေပဲဆားလှော်များကို တထောက်ထောက်ဝါးစားရင်း ရံဖန်ရံခါ သီချင်းတိုးတိုးကိုပင် ညည်းနေခဲ့သေးသည်။

ယခုအချိန်တွင် ဤနေရာ၌ သူတစ်ယောက်တည်းသာရှိတော့၏။ နျဲ့ယင်းကတော့ မင်းသမီးရှန်းယွမ်၏ရုပ်ကလာပ်ကို သယ်ဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ယမန်နေ့က ယုန်မလေးမုန့်သည် မိစ္ဆာအသစ်တစ်ကောင် ခြေရာခံတွေ့ရှိခဲ့သဖြင့် လိန်ရှင်းနန်ထံသို့ သတင်းပို့ခဲ့ရာ သူတို့အားလုံး ထိုသတ္တဝါကိုလမ်းစလိုက်ရင်း အလုပ်ရှုပ်နေကြလေပြီ။

အခန်းတွင်းမှာ အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်နေခဲ့၏။ ပြတင်းပေါက်အပြင်ဘက်ရှိ နေဝင်ဆည်းဆာအလင်းတန်းများမှာ မီးတောက်ကဲ့သို့ နီမြန်းနေပြီး ကောင်းကင်ယံတစ်ခုလုံးကို အနီသွေးခြယ်ကာ တောက်ပနေစေခဲ့သည်။

အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ လီနန်ခယ့် သတိမထားလိုက်မိခင်မှာပင် မွှေးပျံ့သော လေညင်းတစ်ခု တိုက်ခတ်လာခဲ့သည်။ ထို့နောက် သွယ်လျလှပသော ခန္ဓာကိုယ်တစ်ခုသည် စားပွဲနံဘေးတွင် လှစ်ခနဲထွက်ပေါ်လာခဲ့လေ၏။

ထိုသူသည် ယခင်ကအတိုင်း အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားမြဲဖြစ်ပြီး မျက်နှာကိုဖုံးအုပ်ထားသည့် ဝါးခမောက်တစ်ခုကို ဆောင်းထားဆဲဖြစ်သည်။ ထိုအမျိုးသမီးက စားပွဲပေါ်သို့ သေရည်အိုးကို အသာချကာ သေရည်တစ်ခွက်ငှဲ့သောက်လိုက်သည်။ သေရည်ခွက်ကို မယူလိုက်ချိန်တွင် ဝတ်ရုံအင်္ကျီလက်မှာ အနည်းငယ်လျှောကျသွားခဲ့ရာ အသေးစိတ်ထွင်းထုထားသော ကျောက်စိမ်းရုပ်တုကဲ့သို့ ဖြူစင်ဝင်းပနေသည့် လက်ကောက်ဝတ်ပါးလှပ်လှပ်လေး ပေါ်ထွက်လာခဲ့ရာ အသားအရည်၏ အပြစ်အနာအဆာကင်းစင်မှုကို ပစားပေးဖော်ပြနေသကဲ့သို့ ရှိချေ၏။

“အစ်ကိုလီ၊ ကျွန်မတို့က ကောင်းကင်ကဖန်တီးပေးထားတဲ့ ကြမ္မာဖက်စုံတွဲတစ်တွဲလို့ မထင်ဘူးလား။”

ဟယ့်ပန်ကျွင်းက ဝါးခမောက်ကို ချွတ်လိုက်ပြီး ဝိုင်ခွက်ကိုကမ်းပေးလျက် အပြုံးဖြင့်ဆိုသည်။ သူမအသံမှာတော့ အရင်ကတွေ့ဖူးသမျှတိုင်းနှင့် မတူကွဲပြားစွာ ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

All Chapters