← Chapters

ရှန်ဟွားမျှော်စင်မှ မမလှလှ

Vol. 13 Ch. 121

ရှန်ဟွားမျှော်စင်မှ မမလှလှ

Vol. 13 Ch. 121

လီနန်ခယ့်တစ်ယောက် ဦးနှောက်သေသွားသလို တဇွတ်ထိုးထလုပ်လိုက်သောအပြုအမူအကြောင့် အမျိုးသမီးနှစ်ယောက်လုံး အကြောင်သားဖြစ်သွားရသည်။

သွေးမိစ္ဆာသည် လီနန်ခယ့်ထံသို့ တိုက်ရိုက်ဦးတည်သွားသည်ကို မြင်သောအခါ နျဲ့ယင်းစိတ်ထဲမှ အရူးဟု ကျိန်ဆဲလိုက်မိ၏။ ထို့နောက် သူမ၏ခြေတံရှည်ကြီးများကို ဆန့်တန်းလျှောက်လှမ်းကာ လေးညှို့မှ ရုန်းထွက်သွားသော မြားတစ်စင်းအလား လေထဲသို့ မြင့်မားစွာခုန်တက်လိုက်တော့သည်။

သူမလက်ထဲရှိ အဲမေ့အသွားသည်လည်း ဥက္ကာခဲတစ်ခုကဲ့သို့ လွင့်ထွက်သွားခဲ့၏။

ထက်မြက်သော ဓားမြှောင်တိုသည် သွေးမိစ္ဆာ၏ခန္ဓာကိုယ်ကို ဖောက်ထွက်သွားပြီး သွေးစက်များကို နေရာအနှံ့ ပန်းထွက်စေခဲ့သည်။

နျဲ့ယင်းသည် သားရေဖိနပ်‌အောက်ခြေနှင့် မြေပြင် ထိမိသည်နှင့်တစ်ပြိုင်နက် သွေးမိစ္ဆာအ‌ပေါ်မှ ခုန်ကျော်ကာ လေပေါ်သို့ ပြန်လည်ခုန်တက်လိုက်ပြီး ခြေလှမ်းအနည်းငယ်အတွင်းမှာပင် ထိုအမျိုးသား၏နောက်သို့ လိုက်မှီသွားခဲ့တော့သည်။

လီနန်ခယ့်သည် သွေးမိစ္ဆာကို မည်သို့မျှားခေါ်ရမည်ကို တွေးတောနေစဉ်မှာပင် ရုတ်တရက် သူ၏ဘေးမှ မွှေးပျံ့သောလေပြင်းတစ်ခု ဖြတ်သန်းသွားကြောင်း ခံစားလိုက်ရသည်။ သွယ်လျပြီး ကျော့ရှင်းလှသော ဝတ်စုံနက်ဝတ် အရိပ်တစ်ခု သူ့‌ဘေးတွင် လှစ်ခနဲထွက်ပေါ်လာခဲ့၏။

“ခင်ဗျားဘာလို့ နောက်ကလိုက်လာတာလဲ”

လီနန်ခယ့် နားမလည်နိုင်စွာ‌ မေးလိုက်မိသည်။

နျဲ့ယင်းက အေးစက်စကဆို၏။

“ရှင်အဲ့လောက်သေချင်နေရင်တောင် ကျွန်မရှေ့မှာတော့ အရူးလိုလာမလုပ်နဲ့"

နျဲ့ယင်းသည် လီနန်ခယ့်ကို ပြန်ရှင်းပြခွင့်မပေးဘဲ လူကို သူမကျောနောက်သို့ တွန်းပို့လိုက်ပြီး လက်ကောက်ဝတ်ကို လှုပ်ခါကာ အဲမေ့ကို ဆက်သွယ်ထားသောကြိုးလေးမှတစ်ဆင့် ပြန်လည်ရုပ်သိမ်းလိုက်သည်။

ထိုစဥ် ယုန်မလေးမုန့်သည်လည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာခဲ့၏။

စောစောက ယန့်ဓားနှစ်လက်ထံမှ သင်ခန်းစာရထားသဖြင့် အမျိုးသမီးနှစ်ဦးလုံးသည် သွေးမိစ္ဆာ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းမပြတ်အောင် အတတ်နိုင်ဆုံးထိန်းသိမ်းကာ တိုက်ခိုက်နေကြပြီး အချိန်ဆွဲထားဖို့ ကြိုးပမ်းနေကြသည်။

ဘေးမှ စောင့်ကြည့်နေသော လီနန်ခယ့်က မကျေမနပ်ခြေဆောင့်ကာ အလောတကြီးဆိုသည်။

“ကျွန်တော့်မှာ ဒါကိုမောင်းထုတ်ဖို့ တကယ် နည်းလမ်းရှိပါတယ်ဆို”

“ပါးစပ်ပိတ်ထား”

နျဲ့ယင်းသည် လေထဲသို့ခုန်တက်လိုက်ပြီး ယုန်မလေးမုန့်ကို တိုက်ပွဲအတွင်းမှ တွန်းထုတ်ကာ ပြတ်သားစွာ အော်ဟစ်လိုက်သည်။

"သူ့ကိုခေါ်ပြီး အမြန်ထွက်ပြေးတော့"

ယုန်မလေးမုန့်သည် အံကိုတင်းတင်းကြိတ်ကာ အမိန့်အတိုင်းလှုပ်ရှားရန် အသင့်ပြင်လိုက်စဉ်မှာပင် သွေးမိစ္ဆာသည် ရုတ်တရက် ကောင်းကင်ယံသို့ဦးတည်၍ စူးရှစွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထိုစဥ် ရှည်လျားလှသော သွေးစိုစို လျှာကြီးတစ်ချောင်းသည် သူ၏ပါးစပ်မှ အဆုံးမရှိ ထွက်ကျလာခဲ့တော့၏။

သေးသွယ်ဖျတ်လတ်သော သွေးလျှာကြီးသည် လေထဲတွင် ကွဲထွက်သွားပြီး ကောင်းကင်တစ်ခုလုံးကို လွှမ်းမိုးသွားခဲ့ကာ ‌သွေးဆူးခက်များ ဖြစ်တည်စေလျက် အမျိုးသမီးနှစ်ဦး၏ ခြေကျင်းဝတ်များကို တိုက်ရိုက်ရစ်ပတ်လိုက်တော့သည်။

"လာ ငါ့နောက်လိုက်ခဲ့"

ထိုလှုပ်ရှားမှုကို မြင်သောအခါ လီနန်ခယ့်သည် မိစ္ဆာထံသို့ သေနတ်တစ်ချက်ပစ်ခတ်ကာ သူ့ဆီခေါ်လိုက်သည်။ ချုပ်နှောင်ခံထားရသော အမျိုးသမီးနှစ်ဦးကို ကူပေးဖို့စိတ်ကူးမရှိဘဲ တောအုပ်ထဲသို့သာ တဇွတ်ထိုး တိုးဝင်သွားလိုက်တော့၏။

အဘယ်ကြောင့်ဆိုသော် ထိုမိစ္ဆာ၏ အဓိကပစ်မှတ်မှာ သူကိုယ်တိုင်သာဖြစ်ကြောင်း ကောင်းစွာသိရှိထားသောကြောင့်။

သေချာပေါက်ပင် လီနန်ခယ့် ထွက်ပြေးသည်နှင့်တစ်ပြိုင်နက် မိစ္ဆာသည် အမျိုးသမီးနှစ်ဦးကို အာရုံမရှိတော့ဘဲ လျှာအရှည်ကြီးကိုလွှဲကာ သူတို့အား ဆယ်ကိုက်ခန့်အကွာဆီသို့လွှင့်ပစ်လိုက်ပြီး လီနန်ခယ့်ဆီကိုသာ ကမူးရှူးထိုး တိုးဝင်သွားလေတော့သည်။

“ဒီကောင်က တကယ်ပဲ သူရဲကောင်းလုပ်ရတာကို ဒီလောက်တောင် ကြိုက်တာလား"

နျဲ့ယင်းမှာ စိတ်တိုတိုဖြင့် ရှေ့တိုးကာတားချင်သော်လည်း ခြေထောက်ကိုပတ်ထားသော သွေးဆူးခက်များမှာ မြေပြင်ပေါ်သို့ စိုက်ဝင်နေသောကြောင့် လှုပ်ရှားမရသည်ကို တွေ့လိုက်ရသည်။

နျဲ့ယင်းသည် သွေးဆူးခက်များကို အဲမေ့နှင့်ဖြတ်ထုတ်ကာ သွေးမိစ္ဆာနောက် ထပ်ကြပ်မကွာ ပြေးလိုက်တော့သည်။

လီနန်ခယ့်သည် ထူထပ်သောတောအုပ်ထဲတွင် အတတ်နိုင်ဆုံး အရှိန်မြှင့်ကာ ပြေးလွှားနေပြီး မြေပြင်အနေအထားကို အသုံးပြု၍ မိစ္ဆာကို တတ်နိုင်သလောက် မျက်ချည်ဖြတ်ဖို့ကြးိစားသည်။

သို့သော် နောက်ဘက်မှ အေးစက်စက်ခံစားချက်က ပြတ်တောက်သွားသည်မရှိ။ လီနန်ခယ့်မှာ နောက်သို့ လှည့်မကြည့်ဝံ့ဘဲ ရှေ့သို့သာ ဆက်တိုက်ပြေးလွှားနေပြီး ရံဖန်ရံခါ သေနတ်ဖြင့်လှည့်ပစ်ကာ ခြောက်ထုတ်ရသည်။

သူ၏ အာရုံစူးစိုက်မှု အထွတ်အထိပ်သို့ ရောက်ရှိလာသောအခါ လက်မောင်းပေါ်ရှိတက်တူးမှာ မသိမသာ ပူပြင်းလာပြီး အနည်းငယ်စူးရှသော ခံစားမှုတစ်ခုကို ပေးစွမ်းလာခဲ့သည်။

လီနန်ခယ့်သည် သူ၏ခြေလှမ်းများ ပိုမိုလျင်မြန်လာကြောင်း ခံစားလိုက်ရ၏။

ခန္ဓာကိုယ်မှာ အဆမတန် ပေါ့ပါးလာခဲ့သည်။

နေရာတွင်ပင် အတောင်ပေါက်ကာ ပျံသန်းသွားတော့မည့် ခံစားချက်မျိုးပင်။

ထို့ကြောင့် သူသည် မြေပြင်ကို အရှိန်ပြင်းပြင်းဖြင့် ကန်ထုတ်လိုက်ရာ မထင်မှတ်ဘဲ လေးမီတာနီးပါးအထိ မြင့်မားစွာ ခုန်တက်သွားနိုင်ခဲ့တော့သည်။

“အမလေး”

လီနန်ခယ့်ပင် သူ့ကိုယ်သူ မယုံနိုင်လောက်အောင် အံ့အားသင့်သွားရသည်ပင်။

နိမ့်ပါးသော သစ်ပင်အချို့မှာ သူ၏ ခြေဖဝါးအောက်မှ ဖြတ်သန်းသွားခဲ့ကြ၏။ ပင်လယ်ထဲတွင် မျောလွင့်ကာ ရေမှော်ပင်များကို နင်းမိနေသည့်အလား၊ ကောင်းကင်ယံတွင် ပျံသန်းနေသော ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည့်အလား ထင်ယောင်ထင်မှားပင် ခံစားလိုက်ရသည်။

သို့သော်လည်း နောက်တစ်စက္ကန့်တွင် သူ အကြီးအကျယ် မျက်နှာပျက်သွားရ၏။

ထူထဲသိပ်သည်းသော သစ်ကိုင်းသစ်ရွက်များကို ကျော်ဖြတ်လိုက်သောအခါ ရှေ့တွင် ချောက်ကမ်းပါးကြီးတစ်ခုက စောင့်ကြိုနေခဲ့သည်ပင်။

“မကောင်းတော့ဘူး”

လီနန်ခယ့် ရပ်တန့်လိုက်ချင်သော်လည်း သူ၏ခန္ဓာကိုယ်မှာ လုံးဝ ထိန်းချုပ်မှုကင်းမဲ့နေခဲ့ပြီ ဖြစ်သည်။ သူသည် မီးပုံထဲသို့တိုးဝင်သွားသော ပိုးဖလံတစ်ကောင်ကဲ့သို့ တောအုပ်ထဲမှ အရှိန်ဖြင့်ပျံထွက်ကာ ကမ်းပါးအောက်သို့ ပြုတ်ကျသွားခဲ့တော့လေသည်။

သူ့နောက်သို့ တရှိန်ထိုး လိုက်လံဖမ်းဆီးနေသော သွေးမိစ္ဆာသည်လည်း ကမ်းပါးအောက်သို့ အတူတူ ပြုတ်ကျသွားခဲ့ကြ၏။

“မင်းလည်း ခုန်ချရဲတယ်ပေါ့”

လီနန်ခယ့်သည် မြင်လိုက်ရသောမြင်ကွင်းကြောင့် ဒေါသထွက်ထွက်ဖြင့် ရယ်မောမိလိုက်သည်။ ထိုစဥ် နားထဲတွင် လေပြင်းများတိုးဝှေ့နေသည်ကို ရုတ်တရက်ခံစားလိုက်ရပြီး ဟန်ချက်ပျက်ကာ အောက်သို့ တိုက်ရိုက် ထိုးဆင်းကျသွားခဲ့တော့၏။

သွေးမိစ္ဆာက ပြုတ်ကျနေရင်းပင် သူ့ခြေထောက်ကိုရစ်ပတ်ရန် သွေးကြိုးများကို ပစ်လွှတ်လိုက်သည့် အချိန်၌ လီနန်ခယ့်သည် နေရာရွှေ့ပြောင်းခြင်း အဆောင်စာရွက်ကို ပါးစပ်ထဲပစ်ထည့်လိုက်တော့သည်။

တာ့တာပဲ

ဝုန်း

လီနန်ခယ့်သည် ကြမ်းပြင်တစ်ခုပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

မြင့်မားသောနေရာမှ ပြုတ်ကျလာခြင်းကြောင့် ဖြစ်ပေါ်လာသော မူးဝေမှုက သူ့ကို အော့အန်ချင်စိတ် ဖြစ်ပေါ်စေပြီး ဗိုက်ထဲရှိ အူကလီစာအကုန် ပြောင်းပြန်လန်ကုန်သလို ခံစားရလေသည်။

လီနန်ခယ့်သည် ဘေးရှိကုတင်ကို အမှီပြု၍ ထထိုင်လိုက်ရင်း သူ့နဖူးသူပွတ်သပ်လိုက်သည်။

ဒီတစ်ကြိမ်တွင် ဘယ်နေရာသို့ ရောက်ရှိခဲ့လေသနည်း။

ဘယ်သူ့အခန်းများလဲ။

လီနန်ခယ့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်စဥ် မြင်ကွင်းတစ်ခုကြောင့် ထိုနေရာမှာပင် ကျောက်ရုပ်တစ်ခုအလား ဆွံ့အသွားရပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ကုတင်ပေါ်တွင် အလွန်ပင် စွဲမက်ဖွယ်ကောင်းပြီး ရင်သပ်ရှုမောဖွယ်လှပသော အမျိုးသမီးတစ်ဦးသည် ပြေလျော့နေသော အင်္ကျီအဝတ်အစားများ ဟစိစိဖြင့် သူ့ကို ရီဝေမှုန်မိုင်းစွာငေးကြည့်ကာ ခန္ဓာကိုယ်ကို ဖုံးအုပ်ဖို့လည်း သတိမရဟန်ပင်။

ဤအခြေအနေကို မည်သို့ဖော်ပြရပါမည်နည်း။

သူငယ်အိမ်မရှိသော မျက်လုံးကြီးတစ်ခုကို စိုက်ကြည့်နေရသည့်အလား ဟာလာဟင်းလင်း။

လီနန်ခယ့် စကားပြောရန်ပြင်လိုက်သော်လည်း သူ၏လည်ချောင်းမှာ ပြင်းထန်စွာ ပူလောင်နေခဲ့သည်။

သူမျှော်လင့်ထားသမျှ ဘာတစ်ခုမှဖြစ်မလာပေ။

ဤတစ်ကြိမ်တွင် နေရာရွှေ့ပြောင်းမှု မအောင်မြင်ခဲ့ဟု ဆိုရပေမည်လား။

နောက်ဆုံးတစ်ခေါက်ကတော့ ဘာပဲဖြစ်ဖြစ် မျက်စိရှေ့ကလူသည် သူ့အသိမိတ်ဆွေဖြစ်ခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ ရှန်ဟွားမျှော်စင်က တွေ့ကရာအခန်းတစ်ခုထဲ တွန်းပို့ခံလိုက်ရသကဲ့သို့။

သူ တုံ့ပြန်ဖို့ အဆင်သင့်မဖြစ်သေးခင်မှာပင် ထိုအမျိုးသမီး၏ နူးညံ့သောလက်ကလေးက သူ့လည်ပင်းစကို တင်းတင်းဆုပ်ကိုင်လိုက်ပြီးနောက် ရှည်လျားသော ခြေတံကြီးတစ်ဖက်က မြွေတစ်ကောင်ကဲ့သို့ သူ့လည်ပင်းနောက်ကို ရစ်ပတ်ချုပ်နှောင်လိုက်လေ၏။

လီနန်ခယ့်မှာ ရှေ့သို့ ကိုင်းညွတ်သွားရလျက်၊

တကယ်ပဲ ရှန်ဟွားမျှော်စင်က ကျွမ်းကျင်အမျိုးသမီးတစ်ယောက်ဖြစ်ရမယ်။

အေးစိမ့်ပြီး လေပြင်းများတိုက်ခတ်နေသော ကမ်းပါး၏အစွန်းတွင်...

နျဲ့ယင်းနှင့် ယုန်မလေးမုန့်တို့သည် အောက်ခြေရှိ အဆုံးမရှိမှောင်မိုက်နေသော ချောက်နက်ကြီးကို ကြည့်ကာ အချင်းချင်း ပြန်ကြည့်မိလိုက်ကြသည်။

လီနန်ခယ့်၏ သွေးမိစ္ဆာကိုမျှားခေါ်မည့် နည်းလမ်းဆိုသည်မှာ အသေခံနည်းလမ်းဖြစ်မည်ဟု သူတို့လည်း မျှော်လင့်မထားခဲ့ပါချေ။

“ဒီလူ ရူးနေတာလား”

နျဲ့ယင်းမှာ ဝေဝါးနေသောအတွေးများကြား စကားတစ်ခွန်းပြောလိုက်မိသည်။

“ရှင်ကမှ ရူးနေတာ”

အမြဲတမ်း ရွှင်လန်းတက်ကြွနေတတ်သော ထိုမိန်းကလေး၏ မျက်လုံးများမှာ နီရဲနေခဲ့ပြီး သူမကို ဒေါသတကြီးစိုက်ကြည့်လာ၏။

“ကိုဉာဏ်ကြီးရှင်က ကျွန်မတို့ကို ကယ်တင်ဖို့အတွက် မိစ္ဆာနဲ့အတူ သေဆုံးသွားခဲ့တာ။ ဒီစကားပြောထွက်ရအောင် ရှင့်မှာ အသိစိတ်ရောရှိသေးရဲ့လား”

ထိုသို့ စကားပြောနေစဉ်မှာပင် ယုန်မလေးမုန့်၏ မျက်ရည်များမှာ ရေဘူးပေါက်ကျသည့်အလား တစ်စက်ပြီးတစ်စက် ကျဆင်းလာခဲ့ပြီး သူမ၏ ပြည့်ဖြိုးလှသော ရင်ဘတ်ပေါ်သို့ စီးကျသွားတော့သည်။

ပုံမှန်နေ့များတွင် တစ်စုံတစ်ယောက်က သူမကို ဤကဲ့သို့ အော်ဟစ်ဆဲဆိုလာလျှင် နျဲ့ယင်း သေချာပေါက် ဒေါသထွက်မိမည် ဖြစ်သော်လည်း ဤအချိန်တွင်မူ...

အသက်ရှင်ရန် လုံးဝမဖြစ်နိုင်လောက်သော ကမ်းပါးကြီးကိုကြည့်ကာ သူမ၏ မျက်နှာအမူအရာမှာ အလွန်ပင် ရှုပ်ထွေးသွားခဲ့ရသည်။ မဖော်ပြတတ်သော ‌ဒေါသနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုက သူမနှလုံးသားထဲ ဆူပွက်လာခဲ့တော့၏။

“ဒီအကြောင်းကို သမားတော်လော့ကို ငါဘယ်လိုရှင်းပြရမလဲ”

“ဒီအကြောင်းကို အစ်မလိန်ကို ငါဘယ်လိုရှင်းပြရမလဲ”

“ဝူးဝူး...”

ယုန်မလေးမုန့်သည် ကြံရာမရစွာဖြင့် ရှိုက်ကြီးတငင် ငိုကြွေးနေခဲ့သည်။

သူမ၏ နှလုံးသားထဲတွင် နောင်တရမှု၊ အပြစ်ရှိသောခံစားချက်နှင့် သံယောဇဥ်နှောင်ကြိုးလေး တစ်မျှင်တို့မှာ ကြီးထွားဆူပွက်လာခဲ့ပြီး မည်သည့်နည်းနှင့်မျှ ထိန်းချုပ်လို့မရတော့သလို ခံစားရသည်။

“သွားကြစို့ အောက်ကိုဆင်းပြီး လိုက်ရှာရအောင်”

နျဲ့ယင်းသည် အံကိုတင်းတင်းကြိတ်ကာ ငိုကြွေးနေသောမိန်းကလေးငယ်ကို ဆွဲ၍ လမ်းကြောင်းအတိုင်း အောက်သို့ ခုန်ဆင်းသွားတော့သည်။

All Chapters