← Chapters

နွေဦးပင်လယ်ထဲ ကူးခတ်ရုန်းကန်ရခြင်း

Vol. 13 Ch. 122

နွေဦးပင်လယ်ထဲ ကူးခတ်ရုန်းကန်ရခြင်း

Vol. 13 Ch. 122

လီနန်ခယ့်၏ ဦးနှောက်မှာ ဗလာဖြစ်နေခဲ့သည်။

အရင်တစ်ခါ ခံစားခဲ့ရဖူးသော ဝေဝေဝါးဝါး ထင်‌ယောင်ထင်မှားပုံရိပ်များက သူ့စိတ်ထဲ ရောထွေးနှောက်ယှက်လာကာ မျက်စိရှေ့တွင် အမှောင်ထုကြီးတစ်ခု ပိတ်ဆည်းနေသကဲ့သို့ ခံစားရသည်။

လေးလံဖိစီးသော ဖိအားများက သူ့ကို အသက်ရှူဖို့ပင် ခက်ခဲစေသည်။

အားနှင့်မာန်နှင့်တက်လာသော ဒီရေလှိုင်းကြီးကို ရင်ဆိုင်တွန်းကန်နေရသည့်အလား။

နီရဲသော မိုးစက်များ၊ အိပ်မက်ကမ္ဘာများ၊ ထင်ယောင်ထင်မှားမြင်ကွင်းများ၊ ထို့နောက် လက်တွေ့ဘဝသို့ တစ်ဖန်ပြန်ရောက်ရှိလာပြီး ရောထွေးပြင်းပြသော စိတ်ခံစားချက်များက မရေမတွက်နိုင်သော ပင့်ကူကြိုးမျှင်များအလား ချည်ပတ်တုပ်နှောင်နေခဲ့ကြသည်။ ထို့နောက် လက်တွေ့ဘဝသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာကာ အမြင်အာရုံမှာလည်း တဖြည်းဖြည်း ပြန်လည်ကြည်လင်လာခဲ့၏။

ကုတင်ပေါ်တွင်...

စွဲမက်ဖွယ်ကောင်းသော ထိုအမျိုးသမီးသည် အသက်မဲ့သေဆုံးသွားသည့်အလား မလှုပ်မယှက် ရှိနေခဲ့၏။

လီနန်ခယ့် ခေါင်းမော့လိုက်သည့်အချိန်၌ပင် ထိုအမျိုးသမီးသည်လည်း ရုတ်တရက် လှည့်ကြည့်လာခဲ့သည်။ ရီဝေမူးယစ်ဖွယ် နွေဦးအလှတရားများ စွဲထင်ကျန်ရှိနေသေးသော ထိုမျက်လုံးလှလှများထဲ လူသတ်ချင်စိတ်က ရုတ်ချည်း‌ နေရာယူကိန်းအောင်းလာခဲ့၏။

ထိုသတ်ဖြတ်လိုစိတ်မှာ အေးစက်စက်ဓားသွားတစ်ချောင်းအလား ထက်ရှစွာဖြင့် လီနန်ခယ့်၏အသိစိတ်ကို မိန်းမောနေရာမှ နိုးထလာစေခဲ့သည်။

“သူကငါ့ကို သတ်ချင်နေတာပဲ”

ထိုအချိန်မှာပင် အခန်းပြင်ပမှ ခြေသံများ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထိုအမျိုးသမီးက အော်ဟစ်အကူအညီတောင်းရန် ပါးစပ်ဟလိုက်သည်ကို မြင်သောအခါ လီနန်ခယ့်သည် စိုးရိမ်တကြီးဖြင့် လက်စွဲတော်အုတ်ခဲကိုဆွဲထုတ်ကာ ထိုမိန်းမလှ၏နဖူးတည့်တည့်သို့ ရိုက်ချလိုက်တော့သည်။

ကြိုတင်ကာကွယ်ထားခြင်း လုံးဝမရှိသော အမျိုးသမီးမှာ ချက်ချင်းပင် သတိလစ်လဲကျသွားရ၏။

“ဆောရီးပဲဗျာ”

“နောက်တစ်ကြိမ် ရှန်ဟွားမျှော်စင်ကိုလာရင် ခင်ဗျားကိုပဲ သေချာပေါက်အားပေးပါ့မယ်"

လီနန်ခယ့်မှာ အတွေးများနေဖို့လည်း အချိန်မရှိသဖြင့် နောက်ဆုံးကျန်ရှိသော နေရာရွှေ့ပြောင်းခြင်း အဆောင်စာရွက်ကို ပါးစပ်ထဲသို့ အလျင်အမြန်သွတ်ထည့်လိုက်တော့၏။

လီနန်ခယ့် မျက်လုံးများပြန်ဖွင့်လိုက်ချိန်တွင် မြင်ကွင်းမှာ လုံးဝပြောင်းလဲသွားလေပြီ။

စိမ်းလန်းသောမြက်ခင်းများသည် ပတ်ဝန်းကျင်အနှံ့ ပေါက်ရောက်နေပြီး တောပန်းလေးများ လေအတိုက်တွင် ယိမ်းနွဲ့လှုပ်ခါကာ နေရာတစ်ခုလုံး သစ်ပင်များနှင့် မြေဆီလွှာ၏ လတ်ဆတ်သောရနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။

မှောင်မိုက်သော ညဉ့်နက်သန်းခေါင်တွင် နှစ်ဖက်စလုံးရှိ ကမ်းပါးကြီးများမှာ တိမ်တိုက်များထဲ ခေါင်းထိုးဝင်နေသလားထင်ရအောင် မြင့်မားလှသည်။

မြစ်ငယ်လေးတစ်ခုက တသွင်သွင် စီးဆင်းနေသည်။

ကံကောင်းစွာဖြင့် ဤတစ်ကြိမ် နေရာရွှေ့ပြောင်းပေးလိုက်သည့် တည်နေရာမှာတော့ အတော်လေး ပုံမှန်ရှိလှသည်ပင်။

လီနန်ခယ့် ထရပ်လိုက်ကာ ဟိုခါဒီခါလုပ်ပြီး ပတ်ဝန်းကျင်ကိုလေ့လာလိုက်သည်။ သူနိုးထလာသည့် နေရာတဝိုက်နှင့် ဘေးရှိကမ်းပါးကိုကြည့်ကာ တိုးတိုးရေရွတ်မိ၏။

"ဟင် မူလနေရာကို ပြန်ရောက်လာတာပဲမဟုတ်လား"

"ကိုဉာဏ်ကြီးရှင်"

ထိုစဥ် အံ့သြတုန်လှုပ်ပြီး မယုံကြည်နိုင်မိဟန်ရှိသော မိန်းကလေးအသံတစ်ခု ရုတ်တရတ်ထွက်ပေါ်လာလေသည်။

လီနန်ခယ့် အသံလာရာဘက်သို့ လှည့်လိုက်သည်နှင့်တစ်ပြိုင်နက် သေးငယ်သော ဝတ်စုံနက်ဝတ် အရိပ်တစ်ခုသည် သူ့ထံသို့ ပြေးဝင်လာပြီး သူ့အပေါ်သို့ တစ်ခါတည်းခုန်တက်လိုက်လေတော့သည်။

လေးလိုက်တာ...

သူ့စိတ်ထဲ ညည်းတွားလိုက်မိ၏။

ရင်ခွင်ထဲရှိ ထိုမိန်းကလေးသည် တင့်ကားတစ်စီးလို သန်မာထွားကျိုင်းမနေပါသော်ငြား အခြားမိန်းကလေးများကဲ့သို့ ပေါ့ပေါ့ပါးပါးမရှိလှပေ။

"ကျွန်မမှာတော့ ရှင်သေသွားပြီထင်နေတာ၊ ရှင်တော်တော်ဆိုးတာပဲ။ ကျွန်မကို သေအောင်ခြောက်လှန့်နေတာလား"

ထိုမိန်းကလေးသည် တစ်ချိန်တည်းမှာပင် ငိုလည်းငို ရယ်လည်းရယ်ရင်း မျက်ရည်များမှာ စမ်းရေတွင်းငယ်နှစ်ခုအလား ဆက်တိုက်စီးကျနေခဲ့သည်။ သူမ၏ မျက်ရည်စွန်းနေသော မျက်နှာနုနုလေးမှာ သနားစဖွယ် ချစ်စဖွယ် ကောင်းလှပေသည်။

လီနန်ခယ့်ကို အရှင်လတ်လတ်မြင်လိုက်ရချိန်တွင် ယုန်မလေးမုန့်မှာ သူမကိုယ်သူမ အိပ်မက်မြင်မက်နေသည်လားဟုပင် ထင်ခဲ့မိသေး၏။

ယခုမှသာ ထိုအမျိုးသား၏ ခန္ဓာကိုယ်ကို အကောင်အထည်လိုက် တင်းတင်းကျပ်ကျပ် ဖက်ထားနိုင်လိုက်မှ သူတကယ်ပင် သေဆုံးမသွားကြောင်း စိတ်ချလက်ချ အတည်ပြုနိုင်ခဲ့ပြီး တင်းကျပ်ဆို့နင့်နေသော စိတ်နှလုံးကို စိတ်လွတ်လက်လွတ် လွှတ်ချကာ အားရပါးရရန်လုပ်မိတော့လေသည်။

ထိုမိန်းကလေး၏ စိတ်ရင်းနှင့် ဂရုစိုက်မှုကို ခံစားလိုက်ရသဖြင့် လီနန်ခယ့်၏ နှလုံးသားထဲတွင် နွေးထွေးမှုလေးတစ်ခု စမ်းရေအလား စီးဆင်းသွားခဲ့ရ၏။

"ငါဒီလောက်ကံကောင်းတာ၊ ဘယ်မှာ လွယ်လွယ်နဲ့သေနိုင်ပါ့မလဲ"

မိန်းကလေးကို နှစ်သိမ့်သည့်အနေဖြင့် ကျောပြင်လေးအားပုတ်ပေးကာ သူနောက်ပြောင်မိသည်။

"ငါ့အတွက် ခေါင်းတလားတော့မဝယ်ရသေးဘူးမဟုတ်လား"

“အခုပဲ သွားဝယ်မလို့ပြင်နေတာ”

မိန်းကလေးက သူမ၏ နှုတ်ခမ်းနီရဲရဲလေးကို မဲ့ပြလိုက်ပြီးမှ ရုတ်တရတ် သူမတို့၏လက်ရှိအနေအထားမှာ အလွန်ပင် အမြင်မသင့်တော်ကြောင်း သတိရသွားကာ ထိုအမျိုးသားပေါ်မှ အလျင်အမြန် ခုန်ချလိုက်တော့သည်။ နီရဲနေသောမျက်နှာလေးမှာ ခါတိုင်းထက်ပင် ပိုမိုတောက်ပကာ ဆွဲဆောင်မှုရှိလှ၏။

ထို့နောက် ချက်ချင်းပင် တည်တင်းလှသောမျက်နှာထားဖြင့် သူ့ကို ဆူပူကြိမ်းမောင်းတော့လေသည်။

"ရှင်ရူးနေလား၊ ဒီ‌လောက်မြင့်တဲ့ကမ်းပါးပေါ်ကနေ ဘာစိတ်နဲ့ခုန်ချလိုက်တာလဲ"

ငါကလည်း ခုန်ချင်လွန်းနေတဲ့ပုံများ ပေါက်နေလား။

လီနန်ခယ့် မတတ်သာစွာပြုံးလိုက်ပြီး အမှန်အတိုင်းဆိုသည်။

"အဲ့ဒီမိစ္ဆာက အရမ်းအင်အားကြီးတယ်။ ကြာရင် မင်းတို့နှစ်ယောက်ပါထိခိုက်မှာစိုးတာနဲ့ များများစားစားမစဥ်းစားဘဲ လုပ်မိလုပ်ရာလုပ်လိုက်တာ။ ငါလုပ်နိုင်တာလည်း မျှားခေါ်တာတစ်ခုပဲရှိတယ်လေ"

ထိုစကားကိုကြားတော့ မျက်နှာဝိုင်းဝိုင်းနှင့်မိန်းကလေးက ရှက်သွေးဖြာကာ လွှတ်ခနဲတုံ့ပြန်သည်။

"အပို‌တွေ၊ ရှင့်စကားတွေကိုယုံမယ်ထင်လား။ တပ်မှူးနျဲ့ကိုကာကွယ်ဖို့အတွက် တဇွတ်ထိုးလျှောက်လုပ်နေတာလားမှ မသိတာ"

"ငါသူနဲ့သိတာမှ ဘယ်နှရက်မှမရှိသေးဘူးလေ"

လီနန်ခယ့်က ရယ်သွမ်းသွေးလျက်ဆိုသည်။

မိန်းကလေးက ဘာစကားမှပြန်မပြောတော့ဘဲ တဒိတ်ဒိတ်ကျယ်လောင်လာသော ရင်ခုန်သံဖြင့် နားရွက်ဖျားလေးများနှင့် မျက်နှာတစ်ပြင်လုံးပါ နီမြန်းလို့လာသည်။

အေးစိမ့်သော ညဉ့်လေညင်းက သူမ၏ခန္ဓာကိုယ်ကို မဖော်ပြတတ်အောင် ပူပြင်းလာစေခဲ့၏။

လီနန်ခယ့်က သူမကိုဆက်စနောက်မနေတော့ဘဲ မျက်မှောင်ကြုတ်ကာမေးလိုက်သည်။

"မိစ္ဆာရောဘယ်ရောက်သွားလဲ၊ မင်းမြင်မိသေးလား"

"မမြင်မိဘူး" မိန်းကလေးက ခေါင်းခါပြသည်။

"ဒီအောက်ထိကျရင် အဲ့ကောင်သေသွားမယ်ထင်နေတာ။ ငါထင်သလောက် မရိုးရှင်းဘူးပဲ"

လီနန်ခယ့်က စိတ်ပျက်လက်ပျက်ညည်းညူရင်း မေးသည်။

"နျဲ့ယင်းရော ဘယ်မှာလဲ"

"အယ် ဟုတ်သားပဲ"

မိန်းကလေးက ထိုအခါမှ သတိရသွားဟန်ဖြင့် အလောတကြီးဆိုလာသည်။

"အခုလေးတွင် ထျန်ချုံးဂိုဏ်းကလူတွေထပ်ပေါ်လာတာ၊ တပ်မှူးနျဲ့က ကျွန်မကို ရှင့်ကိုအရင်သွားရှာခိုင်းပြီး သူကတော့ နောက်မှာ တိုက်နေခဲ့တယ်"

"ထပ်ပြီး ထျန်ချုံးဂိုဏ်းပဲလား"

လီနန်ခယ့် မျက်မှောင်ကြုတ်သွားပြီး ဆိုသည်။

"သွားကြစို့ သွားကြည့်ရအောင်"

"အွန်း"

ယုန်မလေးမုန့်က ခေါင်းညိတ်လိုက်ပြီး တစ်ခုခုကိုသတိထားမိသွားဟန်ဖြင့် သူ့အင်္ကျီရင်ဘတ်တစ်နေရာကို တအံ့တသြထိကာ သံသယမကင်းစွာမေးလာသည်။

"ရှင့်အင်္ကျီတွေကဘာလို့ ဒီလောက်စိုရွှဲနေရတာလဲ။ မြစ်ထဲများပြုတ်ကျခဲ့တာလား"

"အာ အဲ့ကိစ္စက ရှင်းပြရခက်တယ်"

"အယ် နှုတ်ခမ်းပေါ်မှလည်း ဆံပင်စတွေ"

မိန်းကလေးက လက်ကိုမြှောက်ကာ ဆံမျှင်တစ်စကိုဖယ်ပေးလာပြီး အကြည့်ကလည်း ပိုမိုသံသယများလာသည်။

လီနန်ခယ့် ဟူးခနဲသက်ပြင်းချလိုက်သည်။

"နွေဦးပင်လယ်ထဲ လက်ပစ်ကူးလာရလို့ပါ"

ယုန်မလေးမုန့်သည် သူမမှတ်သားထားသော လမ်းကြောင်းအတိုင်း သူ့ကိုပြန်ခေါ်လာခဲ့ပြီး သိပ်မကြာခင်မှာပင် လှိုင်းထန်နေသော မြစ်ကြီးတစ်ခု၏ ဘေးသို့ ရောက်ရှိလာခဲ့ကြသည်။

မြစ်ကမ်းပါးပေါ်တွင် အလောင်းဒါဇင်ကျော် ပြန့်ကျဲနေပြီး သွေးများဖြင့် စိုရွှဲနေခဲ့၏။

ပြင်းထန်လှသော မြစ်ရေများသည် ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ကျောက်ဆောင်များကို မပြတ်ရိုက်ခတ်နေပြီး လှိုင်းတံပိုးများက ဆူပွက်ထကြွနေကာ တဝေါဝေါဟိန်းဟောက်မြည်ဟီးနေခဲ့သည်။

"နျဲ့ယင်းရော ဘယ်မှာလဲ"

ထိုနေရာတွင် ထိုအမျိုးသမီးကို အရိပ်အယောင်မျှပင်မတွေ့။

ယုန်မလေးမုန့်က လက်နှစ်ဖက်ကို ပါးစပ်နားတွင် ကတော့ပုံစံတေ့လိုက်ပြီး အော်ဟစ်လိုက်၏။

“တပ်မှူးနျဲ့—”

စကားမဆုံးသေးမီမှာပင် သူမ၏ ပါးစပ်ကို ထိုအမျိုးသားက လှမ်းပိတ်လိုက်သည်။

"မင်းရူးနေလား၊ ဒီလိုနဲ့ မိစ္ဆာကိုခေါ်လိုက်မိရင် ဘယ်လိုလုပ်မလဲ"

လီနန်ခယ့်က ဆူပူသည်။

မိန်းကလေးလည်း ပါးစပ်ပိတ်သွားရသည်။

ထို့နောက် ချက်ချင်းပင် မျက်လုံးများတောက်ပလာကာ မြစ်ထဲမှပုံရိပ်တစ်ခုကိုလက်ညှိုးထိုးပြပြီး တိုးတိုးလေးပြောသည်။

"ဟိုမှာကြည့်၊ အဲ့ဒါ တပ်မှူးနျဲ့မဟုတ်လား"

လီနန်ခယ့်လည် သူမညွှန်ပြရာဘက်သို့ စူးစိုက်ကြည့်လိုက်သော် အမှန်ပင် နျဲ့ယင်းဖြစ်ပေ၏။

သို့သော်လည်း ယခုအချိန်တွင် ထိုအမျိုးသမီးသည် မြစ်ထဲရှိ ကျဉ်းမြောင်းပြီး လှိုင်းထန်လှသော ဝဲဂယက်တစ်ခုထဲတွင် ပိတ်မိနေခဲ့၏။ သူမ၏ခေါင်းမှာ ရံဖန်ရံခါ အေးစိမ့်သောမြစ်ရေအောက်သို့ နစ်မြုပ်သွားပြီး ရံဖန်ရံခါတွင်မူ အပေါ်သို့ ပြန်လည်ရုန်းကြွလာကာ လက်နှစ်ဖက်ကတော့ မှီရာတစ်ခုခုကို အရူးအမူး လှမ်းဆွဲနေဆဲပင်။

"မိစ္ဆာက တပ်မှူးနျဲ့ကို ရေထဲပစ်ချခဲ့တာများလား"

ယုန်မလေးမုန့်က အတည်ပေါက်ကြီးပြောလာသည်။

လီနန်ခယ့်လည်း ထိုနေရာကို အလျင်စလိုပြေးမကပ်ရဲပေ။ ကျောက်တုံးကြီးတစ်တုံးနောက်တွင် ပုန်းနေပြီး အခြေအနေကို ဂရုတစိုက်လေ့လာပြီးနောက် သူ့မျက်နှာထားက တဖြည်းဖြည်းထူးဆန်းလာသည်။

"ဘာမိစ္ဆာမှ တိုက်ခိုက်မနေဘူး၊ သူ့ဘာသာ‌ ရေမကူးတတ်ရုံသက်သက်ပဲ"

ထို့နောက် မဆိုင်းမတွပင် ရေထဲသို့ပြေးဆင်းသွားပြီး အတော်လေး ကြိုးစားပမ်းစားအားထုတ်ကာ ထိုအမျိုးသမီးကို ကမ်းပေါ်သို့ ကယ်ထုတ်လာနိုင်ခဲ့သည်။

နျဲ့ယင်းကတော့ သတိလစ်လုနီးနီးဖြစ်နေလေပြီ။

အဝတ်အစားများက မြစ်ရေဖြင့် ရွှဲရွှဲစိုကပ်နေချိန်ဖြစ်သောကြောင့် သန်မာကျစ်လျစ်ကာ ကျော့ရှင်းလှပသော ကိုယ်လုံးအလှမှာ အထင်းသားပေါ်လွင်နေလျက်ရှိတော့၏။

"တပ်မှူးနျဲ့ တပ်မှူးနျဲ"

လီနန်ခယ့်က အမျိုးသမီး၏ပါးကို ခပ်ဆတ်ဆတ်ပုတ်ရင်း ခေါ်သော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာမရှိ။

လီနန်ခယ့် အသံတိတ်ကျိန်ဆဲလိုက်ပြီး သူမပါးစပ်ကိုဟကာ အထဲတွင် အမှိုက်သရိုက်တစ်ခုခုဝင်နေမနေ စစ်ဆေးသည်။ ထို့နောက် ခေါင်းကို မြေပေါ်တည့်တည့်ချကာ နဖူးကိုမော့ မေးကိုပင့်စေပြီး ကျစ်လျစ်တင်းကျပ်သော အင်္ကျီကော်လာစကို ဆွဲဖြေပြေ‌လျော့စေကာ သိပ္ပံနည်းကျကယ်ဆယ်ရေးနည်းလမ်းကို စတင်ဖို့ပြင်၏။

"ကျွန်မပဲလုပ်—"

"ဖယ်နေစမ်းပါ၊ မင်းဘာသိလို့လဲ"

ဝင်ကူချင်နေသော မိန်းကလေးကို သူတွန်းထုတ်လိုက်သည်။

ထို့နောက် ယုန်မလေးမုန့်၏ ထူးထူးဆန်းဆန်းအကြည့်အောက်တွင် အမျိုးသမီး၏ပါးစပ်ကိုဟစေကာ လေမှုတ်သွင်းလိုက်သည်။ ရင်ဘတ်ပေါ်လည်း လက်နှစ်ဖက်တင်ကာ နှလုံးနှိုးဆော်သည့် အသက်ကယ်နည်းလမ်းကို အသုံးပြုသည်။

ထိုနှစ်ခုကို တလှည့်စီ အထပ်ထပ်အခါခါပြုလုပ်နေစဥ် အမျိုးသမီး၏ မျက်နှာတစ်ဝက်ကာ မျက်နှာဖုံးက အနှောင့်အယှက်ပေးလွန်းလှသဖြင့် ဆွဲချွတ်ပစ်လိုက်သည်။

မျက်နှာဖုံးကိုချွတ်လိုက်သည်နှင့် သိပ်မနက်သော်လည်း အလွန်သိသာထင်ရှားသော အမာရွတ်တစ်ခု လှစ်ဟပေါ်ထွက်လာသည်။

ထိုအမာရွတ်သည် အမျိုးသမီး၏ မျက်ခုံးရိုးဘေးမှသည် နှုတ်ခမ်းထောင့်အထိ သွယ်တန်းနေခဲ့၏။ ၎င်းသည် ထိုအမျိုးသမီး၏ နုနယ်သော မျက်နှာသွင်ပြင်အလှတရားကို ဖျက်ဆီးနှောင့်ယှက်ထားသော်လည်း ထူးခြားဆန်းပြားသော အရှိန်အဝါတစ်ခုကို ထပ်တိုးဖြည့်ဆည်းထားသယောင် ခံစားရစေသည်။

ဘေးရှိမိန်းကလေးကတော့ ထိုအမျိုးသား လုပ်ကိုင်နေသမျှကို တစ်ခုမှနားမလည်သဖြင့် ကြောင်စီစီသာထိုင်ကြည့်နေနိုင်တော့သည်။

သူမ အူလည်လည်ဖြစ်နေစဥ်မှာပင် နျဲ့ယင်းက ရုတ်တရတ်ချောင်းထဆိုးကာ ရင်ဘတ်ထဲတွင် သိပ်သည်းစုဆောင်းနေဟန်ရှိသော ရေဟောင်းများကို တစ်သုတ်ပြီးတစ်သုတ် အန်ထုတ်လာသည်။

"နောက်ဆုံးတော့ အသက်ရှင်ပြီပဲ"

လီနန်ခယ့် သက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်သည်။

သူ စကားဆက်မပြောနိုင်ခင်မှာပင် နျဲ့ယင်းက သူ့ကိုဆတ်ခနဲတွန်းထုတ်ကာ လဲကျနေသောအလောင်းများထဲမှ တစ်ခုဆီသို့ ယိမ်းထိုးသွားကာ အဲမေ့အသွားဖြင့် ထိုသူ၏လည်ပင်းကို မိမိရရ ထိုးဖောက်လိုက်တော့၏။

ထို့နောက် ဒုတိယတစ်ခုဆီသို့သွားသည်၊ ထို့နောက် တတိယတစ်ခု...

ထို အလောင်းဒါဇင်ကျော်၏ လည်ပင်းများကို တစ်ခုမကျန်ထိုးဖောက်ပြီးမှ အမျိုးသမီးသည် သစ်ပင်တစ်ပင်ကိုမှီချလိုက်ပြီး ပင်ပန်းကြီးစွာ အသက်ကောင်းကောင်းရှူနိုင်တော့၏။

"စစ်သည်တော်ကောင်းပဲ၊ သေမလိုအခြေအနေမှာတောင် ရန်သူကို အပြတ်ရှင်းဖို့သတိရနေသေးတာ။"

လီနန်ခယ့် လက်မထောင်ပြလိုက်သည်။

ထို့နောက် အမျိုးသမီးဆီသို့လျှောက်သွားကာ မျက်နှာဖုံးကိုကမ်းပေးလိုက်ပြီး ဆိုသည်။

"မဖြစ်သင့်တာ၊ အဲ့ဒီ ထျန်ချုံးဂိုဏ်းကလူတွေက ခင်ဗျားကို မြစ်ထဲကျတဲ့အထိ တိုက်နိုင်ခဲ့တယ်ပေါ့"

"ကျွန်မ မိစ္ဆာကိုရှောင်နေတာ၊ အဲ့ကောင်ကရေကြောက်တယ်"

"ဪ ဒါကြောင့်ကိုး"

အမျိုးသမီးက မျက်လုံးများကိုအသာမှေးမှိတ်ကာ အနားယူရင်း ဖျော့တော့စွာဆို၏။

"ရှင်က အသက်တော့တော်တော်ပြင်းသားပဲ"

"ခင်ဗျားလည်း အသက်တော်တော်ပြင်းတာပါပဲ"

လီနန်ခယ့်က ပြောရင်းပြုံးသည်။

"အခုတော့ ခင်ဗျားကျွန်တော့်ကို ကျေးဇူးကြွေးတစ်ခုထက် ပိုတင်သွားပြီနော်"

"ဘာဆုလာဘ်များ မျှော်လင့်ထားသလဲ"

"ခင်ဗျားကိုယ်ခင်ဗျား ဆုလာဘ်အဖြစ်ပေးမယ်ဆိုရင်ရော"

လီနန်ခယ့်က ခပ်နောက်နောက်ဆိုသည်။

"ရတာပေါ့"

နျဲ့ယင်းက မျက်နှာဖုံးကိုပြန်တပ်ရင်း မပြောင်းမလဲ အေးစက်စက်အသံဖြင့်ဆိုသည်။

"ရှင့်ကိုယ်ရှင် မိန်းမစိုးအဖြစ်ပြောင်းဖို့ဆန္ဒရှိရင် ကျွန်မလည်း ရှင့်မိန်းမဖြစ်လာဖို့ဆန္ဒရှိတယ်"

"တော်ပါပြီဗျာ ရပါတယ်"

ထို့နောက် ယုန်မလေးမုန့်သယ်ထားသော လှံတံကိုလှမ်းကြည့်ရင်း လီနန်ခယ့်က လေးနက်စွာဆိုလာသည်။

"အခု ကျွန်တော့်တွက်ချက်မှုကို အတည်ပြုလို့ရပြီ။ ဒီတစ္ဆေနတ်ဘုရားလှံတံက အတုပဲ"

"ဒါဆို ကျွန်မတို့တွေ့ခဲ့တဲ့အမျိုးသမီးက ဘယ်သူဖြစ်မလဲ"

လီနန်ခယ့်က စကားလုံးသုံးလုံးကိုထုတ်ပြောလိုက်သည်။

"ဟယ့်ပန်ကျွင်း"

All Chapters