အယောင်ဆောင်လှည့်စားမှု
Vol. 13 Ch. 123
လီနန်ခယ့်စကားကြောင့် နျဲ့ယင်း ဆွံ့အသွားရသည်။ သူမအနေဖြင့်တော့ ဤကောက်ချက်ကို လုံးဝမဖြစ်နိုင်ဟုသာ ခံစားရသည်ပင်။
"ကျွန်မတို့မြင်ခဲ့တဲ့ အဲ့ဒီလှံတော်ရှင်က အယောင်ဆောင်ထားတဲ့ဟယ့်ပန်ကျွင်းပါလို့ ရှင်ဘာကြောင့် တပ်အပ်ပြောနိုင်သလဲ။"
"ဘာကြောင့်လဲဆိုတော့ လှံတော်ရှင်က သူ့လက်နက်သူ ပြန်လာမယူခဲ့လို့လေ"
လီနန်ခယ့်၏မျက်လုံးများက ကောင်းကင်ယံမှ ကြယ်ပွင့်များကဲ့သို့ တောက်ပလင်းလက်နေခဲ့သည်။
နျဲ့ယင်းသည် ပြန်လည်ချေပဖို့ စကားပြင်လိုက်သော်ငြား တစ္ဆေနတ်ဘုရားလှံတော်ရှင်ဟူသည် လက်စွဲတော်လက်နက်ကို အသက်ရှိနေသရွေ့ စွန့်ပစ်မည့်သူမဟုတ်သူ သူမကိုယ်တိုင် တပ်အပ်ကြေညာထားခဲ့ဖူးသည်ကို သတိရမိသောအခါ အတွေးများရှုပ်ထွေးသွားရ၏။ သူမြင်ခဲ့တဲ့ လှံတော်ရှင်က အတုအယောင်ဖြစ်နေတာလား။ တကယ်ပဲ ဟယ့်ပန်ကျွင်းက သူ့ကို လှည့်စားနိုင်ခဲ့တာလား။
"ဒါပေမဲ့ ဒီလက်နက်ကတော့ တစ္ဆေနတ်ဘုရားလှံတော်ရှင်ရဲ့ လက်နက်အစစ်ပဲ"
ယုန်မလေးမုန့်က အသံချိုချိုဖြင့် ဘေးမှဝင်ပြောလာသည်။
လီနန်ခယ့်သည် နျဲ့ယင်း၏ ရှုပ်ထွေးနေသောမျက်ဝန်းများထဲသို့ တည့်တည့်စိုက်ကြည့်လိုက်ပြီး မေးမိ၏။
"ကျွန်တော်မေးပါဦးမယ်။ အဲ့ဒီလှံတော်ရှင် နောက်ဆုံးအကြိမ် လူသိရှင်ကြားပေါ်လာဖူးတာ ဘယ်အချိန်ကလဲ"
"လွန်ခဲ့တဲ့နှစ်လက"
"ဘယ်နေရာမှာလဲ"
"ထျန်ရှန်းတောင်"
"ထျန်ရှန်းတောင်တဲ့လား"
လီနန်ခယ့်၏ နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးထင်ဟပ်သွားခဲ့သည်။
"ဟယ့်ပန်ကျွင်းဆိုတဲ့အမျိုးသမီးလည်း ထျန်ရှန်းတောင်မှာ ကျင့်ကြံရေးလုပ်ဖူးတယ်လို့ အစ်မလိန်ပြောပြဖူးတယ်။ ဟုတ်ရဲ့လား"
နျဲ့ယင်းက ခေါင်းဆတ်သည်။
"ဟုတ်တယ်"
လီနန်ခယ့်က စကားဆက်သည်။
"တစ္ဆေနတ်ဘုရားလှံတော်ရှင်က လွန်ခဲ့တဲ့နှစ်လ ထျန်ရှန်းတောင်မှာပေါ်လာခဲ့ပြီး ဟယ့်ပန်ကျွင်းကလည်း ထျန်ရှန်းမှာပဲ ကျင့်ကြံအားထုတ်ခဲ့တယ်။ အဲ့ဒီလက်နက်ကို ဘာနည်းသုံးပြီး အရယဓလိုက်လဲတော့မသိပေမဲ့ အရင်ကကြုံခဲ့ဖူးသမျှ အဖြစ်အပျက်တွေအရ ခင်ဗျားရှေ့မှာပေါ်လာတဲ့သူက အယောင်ဆောင်ထားတဲ့ဟယ့်ပန်ကျွင်းပဲဖြစ်လိမ့်မယ်ဆိုတာ ဖြစ်နိုင်ချောတော်တော်များတယ်။ နောက်ပြီး ခင်ဗျားပြောသလိုဆို လှံတော်ရှင်က မာနကြီးလွန်းလို့ သူတကာနဲ့ပူးပေါင်းမဲ့သူမျိုး မဟုတ်ဘူးဆို"
ထိုအမျိုးသမီး သံသယများကျန်ရှိနေဆဲဟန်ကို မြင်သော် လီနန်ခယ့်ဆက်ပြောလိုက်သည်။
"ဒီလိုဆိုရင်ရော၊ ခင်ဗျားတို့ အရိပ်နက်တပ်ဖွဲ့ဝင်တွေ သတင်းကွန်ရက် အားကောင်းလှတယ်ဆို။ လွန်ခဲ့တဲ့ နှစ်လက ထျန်းရှန်းတောင်မှာ ဘာတွေဖြစ်ခဲ့လဲဆိုတာကို အရင်ဆုံး စုံစမ်းခိုင်းလိုက်ပါလား”
နျဲ့ယင်းက လက်နှစ်ဖက်ကို ရင်ဘတဆီတင်းတင်းပိုက်လိုက်သော် သူမ၏ ပြည့်ဖြိုးလှသော ရင်အုံမှာ ပိုမိုထင်ရှားသွားပြီး ညာဘက်လက်ညှိုးဖြင့် ဘယ်ဘက်လက်မောင်းကို စည်းချက်ကျကျ တောက်ကာ စဉ်းစားနေမိသည်။ အရိပ်နက်တပ်ဖွဲ့က ပေးပို့ထားသည့်သတင်းများနှင့် ဆက်စပ်ကြည့်လျှင် ဤလူ၏ သုံးသပ်ချက်မှာ ယုတ္တိရှိလှပေသည်။
သို့သော် သူမနားမလည်သောအချက်တစ်ချက် ရှိနေသေးသောကြောင့် ထပ်မေးမိသည်။
"ဟယ့်ပန်ကျွင်းက ဒါကို ဘာရည်ရွယ်ချက်နဲ့လုပ်တာဖြစ်မလဲ"
"အသိသာကြီးပဲမဟုတ်ပါဘူး။ တပ်မှူးပဲ ခန့်မှန်းကြည့်ပါဦး"
လီနန်ခယ့်က တမင်တကာအကွက်ချန်ကာ ဆိုလေသည်။
နျဲ့ယင်းက ငွေဖြူရောင်မျက်နှာဖုံးကို လက်ဖြင့်ပင့်တင်လိုက်သော် သူမ၏ အေးစက်တင်းမာသောအရှိန်အဝါမှာ ပိုလို့ပြင်းပြသွားသည်။
"ပထမအချက်ကတော့ ဒုဂိုဏ်းချုပ်နှစ်ယောက်ဖြစ်တဲ့ ဝမ်ဝူယာနဲ့ နန်ကုန်းကော်တို့ကို အချင်းချင်း သံသယဝင်ပြီး စိတ်ဝမ်းကွဲအောင် လုပ်ချင်တာပဲ။ ကျွန်မတို့ရထားတဲ့ သတင်းတွေအရ တစ္ဆေနတ်ဘုရားလှံတော်ရှင်က နန်ကုန်းကော်ရဲ့လူတွေနဲ့ အဆက်အသွယ် ရှိခဲ့ဖူးတယ်။ အခု ရေခဲခေါင်းတလားကို ကြားဖြတ်လုယူတဲ့အချိန်မှာ လှံတော်ရှင်က ကွက်တိပေါ်လာတော့ ယန့်ဓားနှစ်လက်တို့အဖွဲ့က နန်ကုန်းကော်ကပဲ နောက်ကွယ်ကနေနှိုက်သွားပြီလို့ ထင်ကုန်ကြမှာပဲ။ ဒါဆိုရင်တော့ နှစ်ဖက်စလုံး အကြီးအကျယ်ချကြတော့မှာ”
လီနန်ခယ့်က လက်ဖျောက်တစ်ချက်တီးသည်။
"ဟုတ်ပြီ၊ နောက်ထပ်ရော"
ထိုအမျိုးသမီး အတွေးနက်နေဟန်ကိုမြင်တော့ လီနန်ခယ့် အချိန်ထပ်မဖြုန်းတော့ဘဲ စတင်ရှင်းလင်းပြလာသည်။
"ဒုတိယအချက်၊ ခင်ဗျားတို့ကို ခြောက်လှန့်ဖို့အတွက် လှံတော်ရှင်ရဲ့အရှိန်အဝါကို ငှားသုံးချင်တာပဲ။ ဒါမှ ခေါင်းတလားကို လွယ်လွယ်ကူကူလုသွားနိုင်မှာမဟုတ်လား။ မြေပြိုတဲ့နေ့က ခင်ဗျားနဲ့ အရိပ်နက်တပ်ဖွဲ့ဝင်တွေ ခေါင်းတလားကို ကာကွယ်နိုင်ခဲ့ပါလျက်နဲ့ လှံတော်ရှင်က ကြားဖြတ်လုသွားတာကို ဒီအတိုင်း ရပ်ကြည့်နေခဲ့ရတယ်။"
"ခင်ဗျားတို့ နောက်ကနေ ဆက်မလိုက်ရဲခဲ့တဲ့ အကြောင်းရင်းက တစ်ဖက်လူက တစ္ဆေနတ်ဘုရားလှံတော်ရှင်ဖြစ်နေပြီး သူ့ခွန်အားကို ယှဥ်နိုင်တဲ့သူမရှိကြောင်း သိနေလို့ပဲ။ တကယ်လို့ အဲ့ဒါ ဟယ့်ပန်ကျွင်းမှန်းသာသိခဲ့ရင် ခင်ဗျားလက်ပိုက်ကြည့်နေပါ့မလား”
နျဲ့ယင်းက သေချာလှသောအသံဖြင့် ဆိုသည်။
"သေချာပေါက် သူ့ကို မရရအောင်လိုက်တိုက်ခဲ့မှာပေါ့။ ဟယ့်ပန်ကျွင်းက ကျွန်မထက်ပိုသာနေတာမှမဟုတ်တာ"
"ဒါဆို ဟုတ်နေတာပဲလေ" လီနန်ခယ့်က လက်ခုပ်တစ်ချက်တီးလိုက်ပြီး နိဂုံးချုပ်သည်။
နျဲ့ယင်းက ထိုနေ့တွင်ဖြစ်ပွားခဲ့သော အခြေအနေကို ပြန်လည်စဥ်းစားတူးဖော်ရင်း သတ်ချင်ဖြတ်ချင်စိတ်က တစ်ဖန်ဆူပွက်လာလေတော့သည်။ တစ်ဖက်လူက လက်နက်ကြီးကို သူမဆီတည့်တည့် ဟန်ပါပါပစ်ပေးပြီး နောက်နှစ်ရက်နေရင်ပြန်လာယူမည်ဟု မာနကြီးတစ်ခွဲသားဖြင့် ပြောသွားရသည့်အကြောင်းရင်းကိုလည်း ခုမှသဘောပေါက်တော့သည်။ ဟယ့်ပန်ကျွင်း၏ စိတ်ပညာထောင်ချောက်များကြား ကျရောက်သွားခဲ့ရခြင်း မဟုတ်ပေလော။
ထိုမိန်းမသာ လက်နက်ကိုလှမ်းမပေးခဲ့လျှင် နျဲ့ယင်းက လှံတော်ရှင်ဟုသိထားစေကာမူ သေသေရှင်ရှင် မရမကလိုက်တိုက်မည်ဖြစ်ပြီး ဟယ့်ပန်ကျွင်းလည်း သူမလက်ဆကို ကြာကြာခံနိုင်လိမ့်မည်မဟုတ်ပေ။
"ဉာဏ်များတဲ့ မိန်းမ"
နျဲ့ယင်းက မြေပြင်ထက်သို့ ခပ်ပြင်းပြင်းတစ်ချက် ရိုက်ချလိုက်သည်။
လီနန်ခယ့်က တတိယအချက်ကို ဆက်ပြောသည်။
"တတိယအချက်ကတော့ အပြင်လူတွေကို အမြင်မှားအောင်လုပ်တာပဲ။ အခုချိန်မှာ ရေခဲခေါင်းတလားက တစ္ဆေနတ်ဘုရားလှံတော်ရှင်ရဲ့လက်ထဲကို ရောက်သွားပြီလို့ အားလုံးက ထင်မှတ်သွားကြလိမ့်မယ်။"
"အထူးသဖြင့် လှံတော်ရှင်က ငယ်စဉ်ကတည်းက မင်းသမီးရှန်းယွမ်ရဲ့ အနီးကပ်ကိုယ်ရံတော် ဖြစ်ခဲ့တာကြောင့် ခေါင်းတလားကို အသေခံလာလုတယ်ဆိုတာ ဘယ်လိုတွေးတွေး ယုတ္တိရှိပေတာကိုး။ တကယ်တော့ အစကကျွန်တော်လည်း လှံတော်ရှင်နဲ့ ဟယ့်ပန်ကျွင်းတို့ ပူးပေါင်းကြံစည်နေကြတာလို့ ထင်ခဲ့တာ။"
"ဒါပေမဲ့ ခင်ဗျားတို့က လှံတော်ရှင်က ဘယ်သူနဲ့မှမပူးပေါင်းတတ်ဘူးလို့ ပြောကြတော့ ကျွန်တော်စပြီး သံသယဝင်လာတာပဲ။ တစ်ယောက်တည်းကပြောရင် စိတ်အစွဲသက်သက်လို့ ဆိုနိုင်ပေမဲ့ အားလုံးက တစ်လေသံတည်းပြောနေကြပြီဆိုရင်တော့ လှံတော်ရှင်က အပေါင်းအသင်းနဲ့လုပ်တတ်သူမဟုတ်တာ သေချာသလောက်ရှိပြီ။ ဒါ့အပြင် အဲ့ဒီဟယ့်ပန်ကျွင်းက ကျွန်တော့်ကိုပါ ရအောင်ထောင်ချောက်ဆင်သွားသေးတယ်"
"ထောင်ချောက်ဆင်သွားတာလား"
နျဲ့ယင်းက သူ့ကို တအံ့တသြလှည့်ကြည့်သည်။ လီနန်ခယ့်လို စုံထောက်ဦးနှောက်ကိုတောင် ထောင်ချောက်ဆင်သွားနိုင်သည့် ထိုအမျိုးသမီးကား အစွမ်းအစရှိရုံမက လက်ရဲဇက်ရဲလည်း နိုင်လှသည်ပင်။
လီနန်ခယ့်က ခါးသက်သက်ပြုံးလိုက်ရင်း ပြောပြလာသည်။
“သူက ကျွန်တော့်မျက်စိရှေ့မှာ လှံတော်ရှင်အဖြစ် စပေါ်လာတာ။ ပြီးတော့မှ ကလေးမလေးချင်ချင်ရဲ့ မိုးနီအိပ်မက်ကမ္ဘာထဲမှာ ဟယ့်ပန်ကျွင်းအဖြစ်နဲ့ ထပ်ပေါ်လာပြန်တယ်။ ဒါက ကျွန်တော့်ရဲ့သုံးသပ်ချက်ကို အကြီးအကျယ် လွှဲချော်စေခဲ့တာပဲ။ ဘာလို့လဲဆိုတော့ တစ်ယောက်ချင်းစီကို မြင်လိုက်ပြီးပြီလို့ စိတ်စွဲသွားတော့ သူတို့နှစ်ယောက်ကတစ်ယောက်တည်းပဲလို့ တွေးမိဖို့ ခက်သွားတာကိုး။ ဒါပေမဲ့ ကံဆိုးချင်တော့ နပ်လှပါတယ်ဆိုတဲ့ အဲ့အမျိုးသမီး သေလောက်တဲ့အမှားတစ်ခုကို လုပ်မိသွားတယ်လေ”
"ဘယ်လိုအမှားမျိုးလဲ"
နျဲ့ယင်း၏စပ်စုလိုစိတ်က အပြည့်အဝနိုးကြွလာသည်။ ဤကစားပွဲ၏ အဓိကဉာဏ်ကြီးရှင်နှစ်ယောက် မည်သို့ အကွက်ချတိုက်ခိုက်ခဲ့ကြသည်ကို သိချင်လှပြီဖြစ်သည်။ ယုန်မလေးမုန့်ကလည်း ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ စိတ်ဝင်တစား နားထောင်နေရှာ၏။ ဒူးနှစ်ဖက်ဖြင့် ဖိမိထားသော ဖရဲသီးလေးနှစ်လုံးမှာတော့ ကောင်းကင်ယံက လမင်းထက်ပင် ပိုဆွဲငင်အားကောင်းနေသေးသကဲ့သို့။
လီနန်ခယ့်က ပြုံးသည်။
"အဲ့နေ့က ယုန်မလေးမုန့်နဲ့ကျွန်တော် အတူစားသောက်ဆိုင်ထိုင်နေတုန်း ခင်ဗျားလည်း အဲ့ဒီကိုရောက်လာခဲ့တယ်။ နောက်ပြီး လုပ်ကြံသတ်ဖြတ်သူနဲ့တောင် တိုးခဲ့ကြသေးတယ်လေ။ အဲ့ဒီအချိန် မျက်နှာချင်းဆိုင်စားသောက်ဆိုင်မှာ အဖြူဝတ်စုံနဲ့ ဝါးခမောက်ဆောင်းထားတဲ့ အမျိုးသမီးတစ်ယောက်ရှိနေခဲ့တာကို ခင်ဗျားမှတ်မိလား"
"မှတ်မိတာပေါ့ ကျွန်မကသူ့ကို တစ္တေနတ်ဘုရားလှံတော်ရှင်လို့ပဲ ထင်ထားတာ"
နျဲ့ယင်းက အတွေးများရှုပ်ထွေးစွာဖြင့် ပြောလာသည်။
"အခုကြည့်ရတာ အဲ့ဒီတုန်းကလည်း ဟယ့်ပန်ကျွင်းက ကျွန်မတို့ကို အမြင်မှားအောင် တမင်တကာလုပ်ပြသွားတာပဲ။ လှံတော်ရှင် တုန်းချီခရိုင်ကိုရောက်နေပြီလို့ ထင်အောင်လို့ပေါ့”
လီနန်ခယ့်က ခေါင်းညိတ်သည်။
“ဟုတ်တယ်၊ ကျွန်တော်တို့အမြင်မှောက်မှားအောင် တမင်တကာလုပ်သွားတာ။ ဒါပေမဲ့ ခင်ဗျားထွက်သွားပြီးတဲ့နောက် သူကျွန်တော့်ဆီ လာစကားပြောပြီး 'မိုးသည်းသည်းထန်ထန် ရွာတဲ့အချိန်မှာ ပြဿနာကြီးတစ်ခုခုဖြစ်လိမ့်မယ်’ လို့ အရိပ်အမြွက်နဲ့ သတိပေးသွားသေးတယ်။"
"တစ်ဖက်က ကြည့်ရင် ကျွန်တော် မြေပြိုမှုကိုစုံစမ်းနိုင်မလားဆိုပြီး ကျွန်တော့်ရဲ့စွမ်းရည်ကို စမ်းသပ်တာဖြစ်သလို နောက်တစ်ဖက်ကလည်း ကျွန်တော့်ကိုဆက်ပြီး အတွေးလမ်းလွှဲချင်လို့ပဲ။ သူကိုယ်တိုင်ထုတ်မပြောဘဲ ယုန်မလေးရဲ့အမြင်ကိုသုံးပြီး သူ့ကိုယ်သူ လှံတော်ရှင်ဖြစ်သယောင်ယောင် လုပ်ပြသွားတာ။"
"ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူအဲ့ဒီလို ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းလှပြီထင်ပြီး လူကိုယ်တိုင်ပေါ်ပေါ်လာနေတာရယ်၊ ကျွန်တော်ကလည်း နဂိုကတည်းက လှံတော်ရှင်အစစ်ကို ဘယ်လိုခွဲခြားနိုင်သလဲဆိုတာ စိတ်ဝင်စားမိနေတာရယ်ပေါင်းတော့ ရိပ်မိသွားခဲ့တာ။ နောက်ဆုံးတော့လည်း တကယ်ကို ဟယ့်ပန်ကျွင်းက လှံတော်ရှင်အယောင်ဆောင်ဖြစ်နေခဲ့တာပဲ"