← Chapters

ပထမဆုံးအနမ်း

Vol. 13 Ch. 124

ပထမဆုံးအနမ်း

Vol. 13 Ch. 124

လီနန်ခယ့်၏ ခွဲခြမ်းစိတ်ဖြာမှုကို အဆုံးထိနားထောင်ပြီးနောက် နျဲ့ယင်းသည် အတွေးများတည်ငြိမ်သွားပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ ဆို၏။

“ရှင်တို့တွေများ ဒီလို ပရိယာယ်အကွက်တွေဆင်ရတာကို တကယ်ကျွမ်းကျင်ကြတာပဲ။ ဟယ့်ပန်ကျွင်းက တကယ်ဖြေရှင်းရခက်တဲ့လူ။ ကျွန်မတို့ အရိပ်နက်တပ်ဖွဲ့မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တာ ဒီလောက်လှည့်ကွက်များတဲ့ ရန်သူမျိုး တစ်ခါမှမကြုံဖူးဘူး။ နောက်ဆုံး ဘယ်သူကအနိုင်ရမလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့”

မည်သို့ပင်ဆိုစေ အရိပ်နက်တပ်ဖွဲ့ထဲတွင် ကိုယ့်ဒူးကိုယ်ချွန်ပြီး ဤနေရာထိ ကုပ်ကပ်တက်လှမ်းခဲ့သူဖြစ်သောကြောင့် နျဲ့ယင်းက လွယ်လွယ်နှင့်လက်လျှော့ပေးမည်မဟုတ်။

"ဒါဆို ရေခဲခေါင်းတလားကို သူဘယ်နေရာမှဝှက်ထားလိမ့်မယ် ထင်သလဲ"

နျဲ့ယင်းက ခါးသွယ်သွယ်ကို အညောင်းဆန့်လိုက်ရာ ပြည့်ဖြိုးသောရင်အုံက ထင်းထွက်လာသည်။ လက်ထဲတွင်လည်း အဲမေ့အသွားကို အကျင့်ပါနေသည့်အတိုင်း လှည့်ပတ်ကစားနေရင်း။

ဒီအတောအတွင်း စိတ်အနှောင့်အယှက်ဖြစ်စရာ များစွာရှိခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ဤအမျိုးသားဆီမှ အကူအညီရခဲ့သဖြင့် အရာရာ ပိုမိုလွယ်ကူသွားခဲ့ရသည်။ မာနကြီးပြီး လူအများကို မိုင်ပေါင်းထောင်ချီဝေးကွာသည်အထိ အားမနာပါးမနာ တွန်းပို့တတ်သည့် သူမသည်ပင် ဤလူ၏ အရည်အချင်းကို စိတ်ထဲမှ အသိအမှတ်ပြုမိသွားပြီး လီနန်ခယ့်ကို အရိပ်နက်တပ်ဖွဲ့ဝင်အဖြစ် ခေါ်သွင်းချင်စိတ်ပင်ပေါက်လာရ၏။

သို့သော် ဤအချိန်တွင် လီနန်ခယ့်၏မျက်နှာထက် ရှားရှားပါးပါး တွေဝေခက်ခဲနေဟန် အမူအရာ ဖြစ်ပေါ်လာခဲ့၏။ သူကိုယ်တိုင်လည်း တိကျသောအဖြေတစ်ခုကို ထုတ်ပေးဖို့ အခက်တွေ့နေဟန်ရှိသည်ပင်။

နျဲ့ယင်းသည် နည်းနည်းတော့အားလျော့သွားပေသည့် လှံတော်ရှင်မှာ အယောင်ဆောင်ထားသော ဟယ့်ပန်ကျွင်းဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ရုံဖြင့်ပင် အတော်လေးစွမ်းဆောင်ရည်ရှိသည်ဟု သတ်မှတ်နိုင်ခဲ့ပြီဖြစ်၏။ သာမန်လူတစ်ယောက်အနေဖြင့် နတ်ဘုရားတစ်ပါးလို အရာရာကို ဘယ်လိုသိနေနိုင်ပါ့မည်နည်း။

"တကယ်တော့ ပတ်ဝန်းကျင်အနေအထားတွေအရ လီချန်းဘုရားကျောင်းက ခေါင်းတလားကိုဝှက်ဖို့နဲ့ သယ်ယူဖို့ အကောင်းဆုံးနေရာပဲ”

လီနန်ခယ့်က နှေးနှေးကွေးကွေး ဆို၏။

“ဒါပေမဲ့ ပြဿနာက ဒီအဖြေက အရမ်းသိသာလွန်းလို့ လူတိုင်းအလွယ်တကူရိပ်မိနိုင်နေတာပဲ"

နျဲ့ယင်းက မျက်မှောင်ကြုတ်သည်။

"ကျွန်မတို့ ကိုယ်တိုင်သွားစစ်ဆေးကြည့်ပြီးပြီလေ၊ ဘာမှမရှိတာကို"

"အဲ့လို ဘာမှမရှိနေတာကိုက ပုံမှန်မဟုတ်နေတာ"

လီနန်ခယ့်က တစ်ခဏမျှတွေးနေပြီးမှ သူမကိုမေးလာသည်။

"ရေခဲခေါင်းတလားထဲက မင်းသမီးရှန်းယွမ်ရဲ့ရုပ်ကလာပ်ကို အပြင်ထုတ်လို့ရသလား။ ဒါမှမဟုတ် အဲ့ဒီ ရေခဲခေါင်းတလားကို အရည်ဖျော်ပစ်လို့ရနိုင်လား”

နျဲ့ယင်းက ခေါင်းညိတ်သည်။

"ခေါင်းတလားပေါ်မှာ အဆောင်လက်ဖွဲ့တွေကပ်ထားတာ၊ ဇွတ်အတင်းခွာရင် ခွာတဲ့သူကို ဥပါဒ်ရောက်စေလိမ့်မယ်။ ဒါပေမဲ့ အဆောင်လက်ဖွဲ့ပညာ ကျွမ်းကျင်တဲ့သူဆိုရင်တော့ ရုပ်ကလာပ်ကို အပြင်ထုတ်လို့ရနိုင်သလို ခေါင်းတလားကိုလည်း အရည်ဖျော်လို့ရတယ်။ ဒါ့အပြင် မင်းသမီးရဲ့ ရုပ်ကလာပ်ကို အထူးရေခဲတွေနဲ့ ဖုံးအုပ်ထားတာမို့လို့ ခေါင်းတလားမရှိရင်တောင် ရုပ်ကလာပ်က အချိန်အကြာကြီး ပုပ်သိုးဦးမှာမဟုတ်ဘူး”

"ဒါဆိုရင် ရုပ်ကလာပ်ကို အပြင်ထုတ်လို့ရတယ်လို့ ဆိုနိုင်တာပေါ့"

လီနန်ခယ့်၏ မျက်လုံးများထဲ အလင်းတစ်ချက် ဖြတ်ပြေးသွားဟန်ရှိ၏။

"စိတ်ဝင်စားဖို့ကောင်းသားပဲ။ အ‌လောင်းကို အပြင်ထုတ်နိုင်တယ်ဆိုတော့ မြှုပ်ပစ်လိုက်လို့လည်း ရတဲ့သဘောပဲ"

ထိုအကြောင်းကိုတွေးရင်း လီနန်ခယ့်က ချက်ချင်း စကားလမ်းကြောင်းလွှဲလာသည်။

"ဒါနဲ့ တပ်မှူးနျဲ့၊ ကျွန်တော်မေးစရာတစ်ခုရှိလို့၊ အဲ့ဒီတပ်မှူးတုန်းဆိုတဲ့ တုန်းဝမ်ခွင်းက အနာဂတ်မှာ ကျွန်တော့်ကိုလာရှာပြီး လက်စားပြန်ချေနိုင်‌ချေရှိလား"

နျဲ့ယင်းက ခဏမျှတိတ်ဆိတ်သွားပြီး ပြောသည်။

"လိန်ရှင်းနန်လုပ်လိုက်တာ သူဒဏ်ရာရသွားတယ်"

ထိုစကားကိုကြားလိုက်သည်နှင့် လီနန်ခယ့် သဘောပေါက်သွားသည်။ ဆိုလိုသည်မှာ သူနှင့် တုန်းဝမ်ခွင်းတို့အကြား ရန်ငြိုးမှာ အကြီးအကျယ်ဖြစ်သွားခဲ့ပြီဖြစ်ရာ ဒီအတိုင်း ပြေလည်နိုင်စရာ အကြောင်းမရှိတော့ပေ။ ထို့အပြင် တုန်းဝမ်ခွင်း၏ ဦးနှောက်မသုံးတတ်သည့်၊ တဇွတ်ထိုးဆန်ကာ အငြိုးကြီးသည့် စရိုက်အရ နောက်ပိုင်းတွင် သူ့ကို တကူးတကလာရှာကာ ဒုက္ခပေးလိမ့်မည် သေချာသည်ပင်။

အသက်အန္တရာယ်ကို ခြိမ်းခြောက်ထိပါးလာနိုင်သလို မိသားစုကိုပါ ဆွဲထည့်လာနိုင်ချေလည်း ရှိသည်။

"တပ်မှူးနျဲ့၊ အကယ်၍... ကျွန်တော်ပြောချင်တာက အကယ်၍..."

လီနန်ခယ့်က အတော်လေးတွန့်ဆုတ်နေပြီးမှ အဓိပ္ပာယ်ဖော်မရသော အပြုံးတစ်ခုဖြင့် ခပ်လေးလေးမေးလာသည်။

"အဲ့ဒီ တပ်မှူးတုန်း ရာထူးကျသွားပြီ၊ အကွက်ဆင်ဆွဲချခံလိုက်ရပြီဆိုရင် ခင်ဗျားအတွက်ရော အကျိုးရှိနိုင်မလား"

နျဲ့ယင်း တောင့်တင်းသွားသည်။

အပြစ်ကင်းစင်ရိုးသားသော အပြုံးလေးတစ်ခုဖြင့် ချောမောသန့်ပြန့်လှသည့် ထိုအမျိုးသားကို ပြန်စိုက်ကြည့်ရင်း ကျောရိုးတစ်လျှောက် စိမ့်တက်လာသော ကြက်သီးမွေးညင်းကို သူမ ခံစားလိုက်ရ၏။

ဤသူသည်လည်း အရေးကြုံလာလျှင် အညှာအတာကင်းမဲ့မည့်သူမျိုးပင်။

နျဲ့ယင်းနှင့် ယုန်မလေးမုန့်တို့ကိုနှုတ်ဆက်ပြီး လီနန်ခယ့် အိမ်သို့တန်းပြန်လာခဲ့သည်။

ဇနီးသည် လော့ချန်းချိုးကား ခြံဝင်းထဲတွင် ဆေးပင်များကို ဆေးကြောသန့်စင်နေလေသည်။

ပုံမှန်အားဖြင့် အဖြူပြောင်ဝတ်စုံကိုသာ ဝတ်ဆင်တတ်သော်လည်း ယနေ့တွင်မူ ရှားရှားပါးပါး အပြာနုရောင် ဝတ်စုံကြမ်းကို လဲလှယ်ဝတ်ဆင်ထားသည်။ သို့သော် ထိုချည်ကြမ်းအထည်သည်ပင် သူမ၏ လှပကျော့ရှင်းသော ခန္ဓာကိုယ်အချိုးအစားကို မဖုံးကွယ်နိုင်ပေ။

သူမ၏ စကတ်အနားသတ်စလေးမှာ လေထဲတွင် ဝဲပြန်နေခဲ့ပြီး သွယ်လျဖြူစင်သော ခြေသလုံးသားလေးများက ဝင်းလက်စွာ ပေါ်လွင်လာတတ်၏။

ချွေးစက်ကလေးများကြောင့်ပေလား၊ သူမ၏ မွေးရာပါ အသားအရည်သန့်စင်မှုကြောင့်ပေလား မသိ၊ နှင်းပွင့်ကဲ့သို့ ဖြူစင်ချောမွေ့သော လက်မောင်းလေးများမှာ ကျောက်ဆစ်ဖြူဖြင့် အသေးစိတ် ပုံဖော်ထုဆစ်ထားသည့်အလား လှပလွန်းလေရာ ခန္ဓာကိုယ်တစ်ခုလုံးဆိုလျှင် မည်မျှအထိ လှပနေမည်နည်းဟု အလိုလို အတွေးလမ်းကြောင်း ချွတ်ချော်စေမိသည်။

"ယောက်ျား၊ ညစာကို စားပွဲပေါ်မှာပြင်ပေးထားတယ်နော်"

လော့ချန်းချိုးသည် သူပြန်ရောက်လာချိန်တိုင်း ညဘက် ဘယ်လောက်ထိနောက်ကျနေပါစေ၊ အပြင်မှာဘာများလုပ်ခဲ့လို့၊ ဘယ်တွေသဝေထိုးနေလို့ ဒီလောက်နောက်ကျရသလဲ ဟု သံသယဖြင့် တစ်ခွန်းမမေးစဖူး။ မပြောင်းလဲသော အပြုံးချိုချိုဖြင့်သာ ကြည်ကြည်လင်လင် နှုတ်ဆက်စကားဆိုတတ်သည်။

လီနန်ခယ့်က အသံတစ်ချက်ပြုကာ တုံ့ပြန်လိုက်ပြီး လေးလံသောငွေလှံကြီးကို တံခါးဝတွင် ချထားခဲ့ကာ လိပ်ကြီးကို စောင့်ကြည့်ခိုင်းထားလိုက်၏။

သူ အခန်းထဲသို့ဝင်တော့မည်ပြုပြီးမှ ခြေလှမ်းများကိုရပ်တန့်လိုက်ကာ တစ်ခဏမျှ တွန့်ဆုတ်တွေဝေနေပြီး ဇနီးဖြစ်သူကို မျက်နှာငယ်လေးဖြင့် လှမ်းပြောလိုက်သည်။

"တောင်းပန်ပါတယ် မိန်းမရယ်၊ ကိုယ့်ရဲ့ပထမဆုံးအနမ်းလေး ပါသွားပြီ"

?

လော့ချန်းချိုးက တစ်ခဏမျှ တအံ့တသြဖြစ်နေပြီးမှ ဖြူစင်စွာပြုံးကာ မေးလိုက်သည်။

"အစ်မလိန်ဆီကိုလား"

"ကိုယ် ဘယ်လိုပြောပြရမှန်းတောင် မသိတော့ပါဘူး"

"ဒီနေ့တင်ကိုနှစ်ခုရှိခဲ့တာ၊ နှစ်ခုလုံး ပါးစပ်နဲ့ပဲ၊ ဒါပေမဲ့ ပုံစံချင်းတော့မတူဘူး"

လော့ချန်းချိုးက နားမလည်ဟန်ဖြင့် မျက်တောင်လေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြသည်။

"ဘာပဲဖြစ်ဖြစ် ပါသွားပြီပဲမှတ်ထားလိုက်ပါတော့ကွာ"

လီနန်ခယ့်အနေဖြင့် အဓိပ္ပာယ်မရှိသော အခြေအနေကြီးတွင် အတင်းအဓမ္မ အနမ်းခံလိုက်ရသည်ဟု မပြောရဲသဖြင့် စိတ်ပျက်လက်ပျက်ဖြင့်သာ ထမင်းစားရန် အခန်းထဲသို့ ဝင်သွားတော့သည်။

ခင်ပွန်းဖြစ်သူ အခန်းထဲဝင်သွားချိန်တွင် လော့ချန်းချိုးမျက်နှာထက်မှ အပြုံးမှာ တဖြည်းဖြည်းပျောက်ကွယ်သွား‌တော့သည်။

ထို့နောက်‌ ခေါင်းကိုငုံ့ကာ ဆေးပင်များကိုသာ တိတ်တိတ်လေး ဆက်လက်ဆေးကြောနေတော့၏။

မျက်နှာသွင်ပြင်သည် ပုံမှန်အတိုင်းပင် ကန်ရေပြင်ကဲ့သို့ တည်ငြိမ်ကြည်လင်ကာ ခံစားချက်တစ်စုံတစ်ရာ မရှိသကဲ့သို့။

သို့သော် ဆေးပင်အချို့မှာတော့ အကြောင်းမဲ့ ချေမွချိုးဖဲ့ခြင်း ခံလိုက်ရလေသည်။

လော့ချန်းချိုး အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ မြေပြင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းအနားယူနေသော ငန်းမမကြီးကို လှည့်ကြည့်လိုက်သည်။

"ငါ့ပုံစံက သဝန်တိုနေတဲ့ပုံမပေါက်သွားဘူး မဟုတ်လား"

အမျိုးသမီးက ရုတ်တရတ် ထမေးလာလေသည်။

ငန်းမမကြီးက ခေါင်းရှုပ်သွားဟန်ဖြင့် သူမကို နားမလည်နိုင်စွာမော့ကြည့်လာသည်။

လော့ချန်းချိုးက အလွန်လေးနက်သောလေသံဖြင့် ထပ်ပြောလာ၏။

"ငါသဝန်မတိုဘူးနော်။ ဝမ်းသာလွန်းလို့ သဝန်တိုဖို့တောင် သတိမရတဲ့ဥစ္စာ။ နင်ငါ့ကို အဲ့လိုတော့မထင်လိုက်နဲ့"

ငန်းမမကြီးက အူကြောင်ကြောင်သာ ပြန်ငေးကြည့်နေမြဲပင်။

ထိုအမျိုးသမီးက ကိုယ့်အတွေးနှင့်ကိုယ် ပြုံးမိလိုက်ကာ ဆေးပင်များကို ဆက်ဆေးကြောနေပြီး စက္ကန့်အနည်းငယ်အကြာတွင် ငန်းမမကြီးကို ထပ်လှည့်ကြည့်ကာ အလေးအနက် ထပ်ပြောပြန်သည်။

“ငါတကယ်သဝန်မတိုပါဘူးဆို”

ငန်းမမကြီး: "…"

လော့ချန်ချိုးက နှုတ်ခမ်းနီရဲရဲလေးကိုကိုက်ကာ အနည်းငယ်စိတ်တိုသွားသောလေသံဖြင့် ခပ်ဆတ်ဆတ်ပြောလာသည်။

“နင်ဘာလို့ ငါ့ကို အဲ့ဒီလိုအကြည့်နဲ့ ကြည့်နေရတာလဲ။ ငါ တကယ်သဝန်တိုနေတယ်လို့ ထင်လို့လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ငန်းမမကြီးသည် တိတ်ဆိတ်စွာဖြင့် ခေါင်းငုံ့ကာ အတောင်ပံအောက်သို့ ခေါင်းဝှက်ပုန်းလိုက်တော့သည်။

"နင်ငါ့ကို မယုံတဲ့သ‌ဘောပေါ့"

လော့ချန်းချိုး မျက်ခုံးတန်းများကို တင်းခနဲကျုံ့လိုက်သည်။

"တကယ်ကို ပြောရခက်တဲ့ငန်းပဲ။ ငါ့ဘက်က သဝန်မတိုပါဘူးလို့ ဒီလောက်ပြောနေတဲ့ကိစ္စကို နင်ကငါ့ကိုမယုံချင်ဘူး။"

ငန်းမမကြီး သူမကို လျစ်လျူရှုထားသည်အားမြင်သော် အမျိုးသမီးသည် ခေတ္တမျှငြိမ်ကျသွားပြီး ဒီညညဥ့်လေက အတော်အေးမြပါလားဟု ရုတ်တရတ် ခံစားမိလေသည်။

သူမ သက်ပြင်းတစ်ချက်ချမိသည်။ ထို့နောက် ဆေးပင်များကိုဆယ်ယူပြီး ရေစစ်ကာ ဇလုံကိုမ၍ အိမ်ထဲသို့ ဝင်သွားခဲ့တော့သည်။

All Chapters