← Chapters

ထူးဆန်းသောဧည့်သည်

Vol. 13 Ch. 125

ထူးဆန်းသောဧည့်သည်

Vol. 13 Ch. 125

ငန်းမမကြီးလည်း ထိုအခါမှ လေကောင်းလေသန့်ရှူရန် ခေါင်းကို အပြင်ပြန်ထုတ်ရဲတော့သည်ပင်။

ဝုန်း

ထိုစဥ် ရေတစ်ဇလုံက ကြိုတင်အသိပေးခြင်းမရှိ ဝုန်းခနဲဖြန်းပက်လာသည်။

ခြောက်သွေ့မွှေးပျံ့နေသော ငန်းမမကြီးလည်း ချက်ချင်းပင် ရေစိုငန်းကြီး ဖြစ်သွားရရှာတော့၏။

လရောင်အောက်တွင် လော့ချန်ချိုး၏ နူးညံ့သိမ်မွေ့လှသောအပြုံးမှာ အစောကတင် ရေဇလုံဖြင့် အငြှိုးတကြီးပက်လိုက်သူဟု မထင်ချင်လောက်စရာ။ ထို့နောက် သူမကဆိုသည်။

“နင်လည်း အရွယ်ရောက်နေတဲ့ ငန်းမကြီးဖြစ်နေပြီ၊ နောက်ကျရင် ကိုယ့်ဘာသာ ထမင်းလေးဘာလေးချက်စားတတ်အောင် သင်ထားဦးပေါ့"

ပြောပြီးသည်နှင့် ထိုအမျိုးသမီး အိမ်ထဲသို့ ပြန်ဝင်သွားခဲ့လေသည်။

ငန်းမမကြီးမှာတော့ အတောင်ပံများပေါ်မှ ရေအေးများ မြေပြင်ပေါ်သို့ တစက်စက်ကျနေသည်ကို ဗလာသက်သက်ငေးကြည့်ရင်း ဘာတွေဖြစ်လို့ဖြစ်သွားမှန်းမသိရှာဘဲ ကြောင်အမ်းအမ်းကြီး ကျန်ရစ်ခဲ့ရ၏။

ပိုပြီး နားမလည်နိုင်စရာက သူ့ထမင်းခွက်ပါ အလိုလိုပျောက်ဆုံးသွားတာပါပဲ။

...

အခန်းတွင်း၌ အခြေအနေက ရေခဲပြင်ကဲ့သို့ အေးစိမ့်ကာ တိတ်ဆိတ်နေခဲ့သည်။

ပိုင်ရူယွဲ့တစ်ယောက် စိတ်အခြေအနေဆိုးဝါးနေခဲ့၏။ အလွန်အမင်းဆိုးဝါးနေခြင်း ဖြစ်သည်။

သူမသည် အသက်ပင်ပြင်းပြင်းမရှူရဲစွာ မြေပြင်တွင် ဒူးထောက်ခစားနေသည့် အမျိုးသမီးအစောင့်ကို အေးစက်စက်စိုက်ကြည့်ပြီး ခပ်ဆတ်ဆတ်မေးလိုက်သည်။

“ဒီခြံထဲကို ဘယ်သူမှဝင်မလာဘူးဆိုတာ သေချာလား”

“ကျွန်တော်မျိုးမ သေချာပါတယ်"

ထိုအစောင့်မလေးမှာ မင်းသမီးကြီး ဘာကြောင့် သူမကိုဆင့်ခေါ်ကာ ရုတ်တရတ်ထ၍ စစ်ဆေးမေးမြန်းနေမှန်း နားမလည်နိုင်ရှာပေ။ ဤခြံငယ်လေးကို အစောင့်အကြပ် အထပ်ထပ် ၏ချထားတာ ဖြစ်သည်။ လူနေနေသာသာ ယင်ကောင်တစ်ကောင်တောင် ပျံဝင်ဖို့ မလွယ်ချေ။

“ဒါဆို ငါ့အခန်းထဲကိုရော ဘယ်သူမှ မဝင်လာဘူးပေါ့”

“...”

အစောင့်မလေးမှာ ပို၍ပင် နားမလည်နိုင်တော့ချေ။ အရှင်မကိုယ်တိုင် အခန်းထဲမှာ ရှိနေတာကို၊ လူဝင်မဝင် မသိဘူးလားဟု တွေးမိသော်လည်း လေသံကိုမြှင့်ကာ အတိအကျ ပြန်လည်လျှောက်တင်ရ၏။

“မင်းသမီးကြီး၊ ကျွန်မတို့အားလုံး ခြံဝင်းကို သေသေချာချာ စောင့်ကြပ်နေတာမလို့ ခြံဝင်းထဲကိုဝင်လာတဲ့သူ တစ်ယောက်ကိုမှ မမြင်မိသလို အခန်းထဲကိုဝင်သွားတဲ့သူလည်း မမြင်မိကြောင်းပါ"

ဒုန်း

ထိုအမျိုးသမီးက စားပွဲကို ခပ်ပြင်းပြင်းရိုက်ချလိုက်သဖြင့် အစောင့်မလေးမှာ အလန့်တကြား ခေါင်းကိုငုံ့ချလိုက်ရသည်။

ပိုင်ရူယွဲ့က ဆဲဆိုကြိမ်းမောင်းရန် ဟန်ပြင်လိုက်သော်လည်း တင်းတင်းစေ့ပိတ်ထားသည့် ပြတင်းပေါက်များနှင့် ခြေရာလက်ရာမပြတ် သော့ခတ်ထားခဲ့သည့် တံခါးကိုကြည့်ကာ တွေဝေသွားရပြန်သည်။

ငါ အိပ်မက်မက်နေခဲ့တာများလား။

သူမ ကိုယ့်နဖူးကိုယ် ပြန်စမ်းကြည့်မိသည်။

ထင်ရှားသည့်ဒဏ်ရာ မရှိသော်လည်း စူးစူးရှရှ နာကျင်မှုက ရှိနေဆဲဖြစ်ရာ ဖြစ်ခဲ့သမျှကို ထင်ယောင်ထင်မှားသာဟု လက်ခံလိုက်ဖို့ကလည်း ခဲယဥ်းပြန်သည်။

ဒါမှမဟုတ် နဖူးကဒဏ်ရာက ငါ့ဘာသာ မတော်တဆ ဝင်တိုက်မိတာများလား။ အရင်ကလည်း ဒီလို မဖြစ်ဖူးတာမှမဟုတ်ဘဲ။

မည်သို့ပင်ဆိုစေ ထိုရောဂါထဖောက်လာလျှင် သူမ၏ ဦးနှောက်က ခဏတာ အသိစိတ်လွတ်သွားမြဲဖြစ်ရာ မိမိကိုယ်ကို မထိန်းချုပ်နိုင်စွာ အနာတရဖြစ်ဖူးသည့်အကြိမ်ပေါင်း မနည်းလှတော့သည်ပင်။

ပိုင်ရူယွဲ့ အလွန်ပင် စိတ်ရှုပ်ထွေးနေမိသည်။ ဤအကြိမ် နန်းတော်ကထွက်လာစဉ်က ရောဂါထဖောက်မည်ကို မေ့လျော့ကာ သုံးနေကျဆေးကို အိမ်တော်၌ ချန်ထားခဲ့မိသည်။ အစောင့်များကို အမြန်ဆုံး သွားယူခိုင်းထားသော်လည်း အသွားအပြန်ဆိုလျှင် ရက်အနည်းငယ်ကြာဦးမည် ဖြစ်သည်။

ဒါမှမဟုတ်...

ပိုင်ရူယွဲ့သည် တုန်းချီခရိုင်ထဲတွင်ရှိနေသည့် ညကင်းလှည့်တပ်ဖွဲ့ဝင်များကို ရုတ်တရက် သတိရသွားပြီး စိတ်ထဲမှ ကြံစည်မိလိုက်သည်။ သူတို့ဆီက မိုးနီရေသန့်သန့်ကို နည်းနည်းလောက်တောင်းသောက်ပြီး ရောဂါကို ခဏနှိမ်ထားမယ်ဆိုရင်ရော။

သို့သော် ယခုအချိန်တွင် သူမ၏ခန္ဓာကိုယ်က မိုးနီရေသန့်၏ လွှမ်းမိုးတိုက်စားမှုကို ခံနိုင်ပါဦးမည်လော မသေချာလှ။ အတိတ်က မိုးနီရေကြောင့် အသိစိတ်လွတ်လုနီးပါးဖြစ်ခဲ့ရသည့် မြင်ကွင်းကို ပြန်တွေးမိတိုင်း အခုထိ ထိတ်လန့်နေရဆဲဖြစ်သည်။

“မင်းသမီးကြီး၊ တပ်မှူးတုန်းဝမ်ခွင်းက အဖူးမြော်ဝင်ခွင့်တောင်းပါတယ်"

ပိုင်ရူယွဲ့စိတ်ထဲတွင် အတွေးများစွာ လွန်ဆွဲနေစဉ်မှာပင် အခန်းပြင်ပမှ အစောင့်မလေးက တိုးညှင်းစွာ သတင်းပို့လာသည်။

စိတ်တိုနေသည့် ပိုင်ရူယွဲ့က လက်ခါပြကာ ငြင်းပယ်ရန်ပြင်လိုက်သော်လည်း မယ်မယ်ကြီးကိစ္စ သဲလွန်စတစ်ခုခုရလေသလားဟု အတွေးဝင်သွားသဖြင့် အဝတ်အစားအမြန်လဲလှယ်ကာ အေးစက်စက် အမိန့်ပေးလိုက်သည်။

"ဝင်လာခဲ့"

“မင်းသမီးကြီးကို ဂါရဝပြုပါတယ်”

အခန်းထဲဝင်လာသည်နှင့် တုန်းဝမ်ခွင်းက ကြမ်းပြင်တွင် ရိုသေစွာ ဒူးထောက်ဂါရဝပြုသည်။

ပိုင်ရူယွဲ့က မင်းသမီးကြီးဟန်ပန်အပြည့်ဖြင့် ထိုင်နေသော်လည်း မျက်လုံးရွဲကြီးများထဲက မျှော်လင့်ချက်ရောင်ခြည်ကို မဖုံးဖိနိုင်ခဲ့ပေ။

“မယ်မယ်ကြီးကိစ္စ ဘာသတင်းရသေးလဲ"

“အဲ့ဒါက...”

တုန်းဝမ်ခွင်းက အခက်တွေ့နေဟန်အမူအရာကို ပြသလာသည်။

ထိုအမူအရာကိုမြင်လိုက်သည်နှင့် ပိုင်ရူယွဲ့၏ မျှော်လင့်ချက်များ ချက်ချင်းအေးခဲသွားရတော့သည်။ သူမ၏ လေသံမှာလည်း မနူးညံ့တော့ဘဲ ခပ်ဆတ်ဆတ်ဖြစ်လာသည်။

“ဒါဆိုရင် ဘာကိစ္စနဲ့ ငါ့ကိုလာတွေ့တာလဲ”

တုန်းဝမ်ခွင်းက ပျာပျာသလဲဖြင့် လိုရင်းကိုလျှောက်သည်။

“သတင်းပို့ပါတယ် မင်းသမီးကြီး၊ ကျွန်တော်မျိုး အခုလေးတင် သတင်းတစ်ခုရထားပါတယ်။ မင်းသမီးရှန်းယွမ်ရဲ့ ရုပ်ကလာပ်ကိုလုသွားတဲ့ တရားခံ ယန့်ဓားနှစ်လက်တို့အဖွဲ့က ခေါင်းတလားကို အောင်အောင်မြင်မြင်မရသွားပါဘူး၊ တခြားလူတစ်ယောက်က ကြားဖြတ်လုသွားတာပါ”

“တစ္ဆေနတ်ဘုရားလှံတော်ရှင် မဟုတ်လား” ပိုင်ရူယွဲ့က အေးအေးလူလူ ဆို၏။

တုန်းဝမ်ခွင်း ကြောင်အမ်းသွားပြီး မျက်ဝန်းထဲတွင် ကြည်ညိုလေးစားမှုများ ပြည့်နှက်သွားလေသည်။

“မင်းသမီးကြီးက တကယ့်ကို ဉာဏ်အမြော်အမြင်ကြီးမားလှပါတယ်။ ဟုတ်ပါတယ်၊ အဲ့ဒါ တစ္ဆေနတ်ဘုရားလှံတော်ရှင် လုယူသွားတာပါ။ ဒါ့အပြင် လှံတော်ရှင်က အရင်တုန်းက ဒုတိယဂိုဏ်းချုပ်နန်ကုန်းကော်ရဲ့ လူတွေနဲ့ အဆက်အသွယ်ရှိခဲ့ဖူးတာကို စုံစမ်းသိရှိရပါတယ်။ ဒီအချက်ကိုကြည့်ရင် သူတို့နှစ်ယောက်ပူးပေါင်းပြီး နန်ကုန်းကော်က ကွယ်ရာကနေ ခေါင်းတလားကိုကြားဝင်လုသွားတာ သိသာထင်ရှားလှပါတယ်"

ပိုင်ရူယွဲ့က ကိုယ့်ကိုယ်ကိုယ်ဟုတ်လှပြီ ထင်နေသော တုန်းဝမ်ခွင်းကို အထင်သေးမှု၊ လက်ဖျားခါမှု၊ ဆွံ့အမှုများပြည့်နှက်နေသော ထူးထူးဆန်းဆန်းအကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

ဤတပ်မှူးတုန်းသည် အဆက်အသွယ်ဖြင့် ရာထူးတက်လာပြီး ဦးနှောက်မရှိလှဟု ကြားဖူးခဲ့သော်လည်း ဒီလောက်တုံးအထူပိန်းနေလောက်မည်ဟုတော့ မထင်ခဲ့သည်အမှန်ပင်။

သဲလွန်စအသစ်များ ရလိုရငြား မျှော်လင့်ခဲ့သည့် ပိုင်ရူယွဲ့တစ်ယောက် စိတ်ဓာတ်တော်တော်ကျသွားရပြီး လှံတော်ရှင်အဖြစ် ရုပ်ဖျက်ထားသူမှာ ဟယ့်ပန်ကျွင်းဖြစ်နိုင်ကြောင်းကိုပင် သူ့ကို ရှင်းပြမနေချင်တော့သဖြင့် “ကောင်းပြီ၊ ငါသိပြီ” ဟုသာ ခပ်အေးအေး စကားအဆုံးသတ်လိုက်တော့သည်။

“ဒါ့အပြင် ကျွန်တော်မျိုး နောက်ထပ်သတင်းတစ်ခုလည်း စုံစမ်းမိပါသေးတယ်”

မိမိ၏ပုံရိပ်မှာ မင်းသမီးကြီး၏စိတ်ထဲတွင် အတော်လေးထိုးဆင်းသွားသည်ကို မသိရှာသော တုန်းဝမ်ခွင်းက အားတက်သရော ဆက်လက်လျှောက်တင်ရှာသည်။

“လှံတော်ရှင်က လီချန်းဘုရားကျောင်းက ဘုန်းကြီးတစ်ပါးနဲ့ အဆက်အသွယ်ရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးခန့်မှန်းမိတာကတော့ ရေခဲခေါင်းတလားက လီချန်းဘုရားကျောင်းထဲမှာပဲ ရှိနေနိုင်ပါတယ်"

ထိုစကားကိုကြားလျှင် ပိုင်ရူယွဲ့၏မျက်ဝန်းများ ဝင်းခနဲဖြစ်သွားသည်။

သူမက ကိုယ်ကို ရှေ့သို့ အနည်းငယ်ကိုင်းလိုက်ပြီး မေးသည်။

“လှံတော်ရှင်က လီချန်းဘုရားကျောင်းကဘုန်းကြီးနဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ မင်းဘယ်လိုသိလဲ"

“ဘာလို့လဲဆိုတော့ လှံတော်ရှင် တုန်းချီခရိုင်ကို စရောက်လာတုန်းက ဝတ်စုံဖြူဝတ်ပြီး ဝါးခမောက်ဆောင်းထားတဲ့ မိန်းမတစ်ယောက်အဖြစ် ပေါ်လာခဲ့တာပါ။ ကျွန်တော်မျိုးက လူတွေကို တစ်ယောက်ချင်းစီ လိုက်မေးခိုင်းကြည့်တော့ အဲ့ဒီမိန်းမက လီချန်းဘုရားကျောင်းက ဘုန်းကြီးတစ်ပါးနဲ့ တွေ့ဆုံခဲ့တာကို မြင်တဲ့သူရှိပါတယ်။ ဒါပေမဲ့ ဘယ်ဘုန်းကြီးလဲ ဆိုတာကိုတော့ ခုထက်ထိမသိရသေးကြောင်းပါ"

တုန်းဝမ်ခွင်းက စကားဆက်သည်။

“ဒါပေမဲ့ မနက်ဖြန်ကျရင် ကျွန်တော်မျိုး လူအင်အားဖြည့်ပြီး လီချန်းဘုရားကျောင်းကို ကိုယ်တိုင်သွားရောက်စုံစမ်းပြီး အဲ့ဒီဘုန်းကြီးကို ဖော်ထုတ်ပေးပါ့မယ်"

ပိုင်ရူယွဲ့၏အကြည့်များ ဝေဝါးသွားပြီး စဉ်းစားခန်းဝင်သွားရပြန်သည်။

တစ်ခုခုတော့ မှားနေပြီ။

လှံတော်ရှင်နဲ့ ဟယ့်ပန်ကျွင်းတို့လို တစ်ဖက်ကမ်းခတ် ဉာဏ်ကြီးရှင်တွေက ဒီလို သိသာထင်ရှားလွန်းတဲ့ ဟာကွက်မျိုးကို ဘယ်လိုလုပ် ချန်ထားရစ်ပါ့မလဲ?

နောက်တစ်နေ့နံနက်တွင် တုန်းဝမ်ခွင်းသည် တပ်ဖွဲ့တစ်ခုကိုဦးဆောင်ကာ လီချန်းဘုရားကျောင်းသို့ ရောက်ရှိလာခဲ့သည်။

သို့သော်လည်း သူတို့ ဘုရားကျောင်းတံခါးဝသို့ရောက်သည်နှင့် တစ်ပြိုင်နက် လီနန်ခယ့်၏အရိပ်ကို လှမ်းမြင်လိုက်ရ၏။ တုန်းဝမ်ခွင်း၏မျက်နှာက ချက်ချင်းပုပ်သိုးသွားပြီး ထိုသူ့ကို စူးစိုက်ကြည့်ကာ ခပ်တင်းတင်းလှမ်းမေးလိုက်သည်။

“မင်းက ဘာကိစ္စနဲ့ ဒီကိုရောက်နေတာလဲ”

All Chapters