ဈာပနပွဲ ပျက်လေပြီ
Vol. 13 Ch. 126
"ကျွန်တော်ကဘာလို့ လာလို့မရတာလဲ"
လီနန်ခယ့်လည်း ထိုသူကိုမြင်လိုက်ရသောကြောင့် ထပ်တူအံ့သြသွားရပြီး နှုတ်ခမ်းထောင့်တစ်ဖက်က နည်းနည်းကွေးတက်သွားခဲ့သည်။
"လီချန်ဘုရားကျောင်းကို ဒီလောက်မြန်မြန်ရှာတွေ့သွားတာဆိုတော့ တပ်မှူးလည်း ဉာဏ်တော့ကောင်းသားပဲ"
"ငါမင်းကိုမေးနေတာ ဖြေ"
တုန်းဝမ်ခွင်းက အနားတိုးကပ်လာပြီး သတ်တော့ဖြတ်တော့မလို ခြိမ်းခြောက်မှုကို ထုတ်လွှတ်လာသည်။
"ငါသူ့ကိုလာခိုင်းလိုက်တာ"
ရင်းနှီးနေသော အေးစက်စက်အသံက ရုတ်ချည်းဖြတ်ဝင်လာခဲ့သည်။
နျဲ့ယင်းသည် လီနန်ခယ့်နံဘေးသို့လျှောက်လာပြီး မေးကို မသိမသာပင့်မော့ကာ တည်ငြိမ်သောလေသံဖြင့် မေးခွန်းပြန်ထုတ်သည်။
"တပ်မှူးတုန်းမှာ ကန့်ကွက်စရာများ ရှိလို့ပါလား"
"မင်းကပေါ့လေ"
တုန်းဝမ်ခွင်း ခြေလှမ်းတန့်သွားပြီး နျဲ့ယင်းကို နက်နက်နဲနဲ တစ်ချက်စိုက်ကြည့်ကာ သူ့လူများကို ဦးဆောင်ပြီး ဘုရားကျောင်းထဲသို့ ဝင်သွားတော့သည်။
"တုန်းဝမ်ခွင်းကလည်း အတော်တော့ လုပ်ရည်ကိုင်ရည်ရှိတာပဲ၊ လီချန်ဘုရားကျောင်းထိတောင် သူ့ခြေနဲ့သူရောက်လာတယ်ဆိုတော့"
လီနန်ခယ့်က ထွက်ခွာသွားသော ထိုသူ၏ကျောပြင်ကိုကြည့်ရင်း မျက်မှောင်ကြုတ်မိသည်။
တစ်ဖက်လူက သူထင်သလို မတုံးမအနေဘူးဆိုလျှင် ကိစ္စက ရှင်းရခက်ချေရော့မည်။
"မနေ့ညက သဲလွန်စအသစ်တစ်ခုတွေ့ထားတယ်"
နျဲ့ယင်းက လီနန်ခယ့်ကို မှတ်စုလေးတစ်ရွက်ကမ်းပေးလာသည်။
အမျိုးသားက မှတ်စုကိုကြည့်ပြီး မျက်နှာထားကထူးဆန်းသွားသည်။
"ဟယ့်ပန်ကျွင်းက ဘယ်လိုကစားပွဲတွေဖန်တီးချင်နေတာလဲ၊ သဲလွန်စတွေကို တမင်တကာ ချန်ချန်ထားပေးနေတာလား"
"မပြောတတ်ဘူး"
နျဲ့ယင်းက ခေါင်းခါပြလိုက်ပြီး ဆက်တွေးဖို့ပင်စိတ်ကူးမရှိတော့။ ဉာဏ်ကြီးရှင်တစ်ယောက် ဘေးတွင်အပါခေါ်လာခဲ့ပြီးဖြစ်သဖြင့် ထိုဦးနှောက်က အဖြေတစ်ခုရအောင်ထုတ်ပေးလိမ့်မည်။
"အထဲ တစ်ချက်ဝင်ကြည့်ကြတာပေါ့"
လီနန်ခယ့်လည်း ထိုအမျိုးသမီး ဘာလှည့်ကွက်တွေလုပ်လို့လုပ်နေမှန်း မသေချာလှသဖြင့် အရင်ဝင်ကြည့်ဖို့သာ ဆုံးဖြတ်လိုက်သည်။
သည်းထန်စွာရွာသွန်းခဲ့သည့် မိုးနှင့် မြေပြိုမှုဒဏ်ကြောင့် လီချန်ဘုရားကျောင်းမှာ ယခင်ကဲ့သို့ စည်ကားသိုက်မြိုက်ခြင်း မရှိတော့ချေ။ ပြိုကျပျက်စီးနေသည့် အဆောက်အအုံများ၊ ကျိုးပဲ့ယိုင်လဲနေသော သစ်ပင်များနှင့် ပျက်စီးသွားသည့် ပင်မခန်းဆောင်ကြီးကြောင့် ဘုန်းကြီးများမှာလည်း စိတ်ဓာတ်ကျဆင်းနေကြပုံရသည်။
အခြေခံစားဝတ်နေရေးပင် ပြဿနာဖြစ်နေရသည့် အခြေအနေတွင် တည်ငြိမ်အေးချမ်းစွာ တရားအားထုတ်ရန်လည်း မလွယ်ကူတော့ချေ။
အမြဲတစေ မွှေးပျံ့နေခဲ့သော အမွှေးတိုင်အနံ့များပင် မရှိတော့သည်ဖြစ်ရာ ဘုရားကျောင်း၏ ဆုတ်ယုတ်ပျက်စီးမှုကို သိသာအောင်ပြနေသကဲ့သို့ ရှိတော့၏။
သို့သော်လည်း ယနေ့သည် ဘုရားကျောင်း၏ အကြီးအကဲတစ်ယောက်ဖြစ်ခဲ့သည့် ဆရာတော်ယုံမင်အား မြေမြှုပ်သဂြိုဟ်မည့်ရက် ဖြစ်ပေသည်။ ဘုန်းကြီးများမှာ စိတ်ပါလက်မရှိလှသော်လည်း ဝတ်ပြုဆောင်ဝင်းအတွင်းရှိ ဗောဓိပင်ရှေ့တွင် စနစ်တကျရပ်နေကြဆဲ ဖြစ်သည်။
ဗောဓိပင်ကြီးမှာ မြင့်မားဖြောင့်မတ်စွာ တည်ရှိနေပြီး ၎င်း၏ရှေ့တွင် မြေကျင်းကြီးတစ်ခု တူးထားပြီး ဖြစ်သည်။
နက်စွေးစွေး ခေါင်းတလားကြီးကို မြေကျင်းဘေးတစ်ဖက်တွင် နေရာချထား၏။
ခေါင်းတလားအဖုံးပေါ်တွင် ကျမ်းစာများနှင့် အဆောင်လက်ဖွဲ့များ ချည်နှောင်တွဲကပ်ထားသည်။
ဘုရားကျောင်းရှိ ဝါရင့်ဘုန်းကြီးများက မြေကျင်းပတ်လည်တွင် ဝိုင်းပတ်ထိုင်နေကြပြီး ပူဆွေးဝမ်းနည်းနေဟန်ရသည့် ကျောင်းထိုင်ဆရာတော်၏ ဦးဆောင်မှုဖြင့် ဆရာတော်ယုံမင်ကို နှုတ်ဆက်ဆုတောင်းပေးသည့် ဆုတောင်းစာများ ရွတ်ဖတ်သရဇ္ဇယ်ပြုနေကြသည်။
ကျောင်း၏ စီမံကွပ်ကဲရေးဆရာတော် ယုံမော့ကလည်း အမွှေးတိုင်ထွန်းခြင်း၊ ကန်တော့ပူဇော်ခြင်း စသည့် ရှုပ်ထွေးရှည်လျားလှသော ဓလေ့ထုံးတမ်းများကို တစ်ခုပြီးတစ်ခု ပြင်ဆင်ပြုလုပ်နေသည်။
ချန်းမင်နှင့် ချန်းယွီတို့က ခေါင်းတလားရှေ့ရှိ ဆွမ်း၊ ခဲဖွယ်နှင့် ရေနွေးကြမ်းများကို အသစ်လဲလှယ် ပြုပြင်ပေးနေကြသည်။
ထိုအချိန်တွင် ချန်းမင်၏အကြည့်က ခေါင်းတလားဆီသို့ ခဏခဏရောက်သွားတတ်ပြီး ကျမ်းစာရွတ်နေသည့် ဆရာတော်များကိုကြည့်ကာ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသည့်အလား ပျာတီးပျာယာဖြစ်လျက်ရှိသည်။ အချိန်ဆက်မဆွဲဘဲ ခေါင်းတလားကို အမြန်ဆုံး မြေမြှုပ်ပစ်ချင်နေသည့်အလား။
နောက်ဆုံးပိတ်အခမ်းအနား ပြီးစီးသွားချိန်တွင် ဆရာတော်ယုံမော့က ဘုန်းကြီးတချို့ကို ခေါင်းတလားအားမကာ ကျင်းထဲသို့ချဖို့ အချက်ပြလိုက်သည်။
ထိုအခါမှ ချန်းမင်က စိတ်အေးသွားသလို သက်ပြင်းငွေ့ငွေ့တစ်ချက်ချသည်။
ထိုအချိန်မှာပင် တုန်းဝမ်ခွင်းက အရိပ်နက်တပ်ဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ကာ ပေါ်ထွက်လာခဲ့ပြီး လေးနက်ငြိမ်သက်နေသော လေထုကို ထိုးဖောက်ဆူညံစေလေတော့သည်။
အကြောင်းရင်းမရှိစွာ ရုတ်တရတ်ပေါ်လာသော အရိပ်နက်တပ်ဖွဲ့များကိုမြင်တော့ ဘုန်းကြီးများလည်း ကြောင်တိကြောင်တက်ဖြစ်ကုန်တော့သည်။
ယုံမော့၏နှလုံးသားထဲ ရေထဲသို့ဆွဲနှစ်ခံလိုက်ရသည့်အလား ရှိ၏။ ထို့နောက် အလျင်အမြန်ပင် ရှေ့ထွက်အရိုအသေပြုလိုက်သည်။
"အော်မိထော်ဖော၊ အရာရှိမင်းတို့ ဘာအကြောင်းကြောင့်များ ဘုန်းကြီးတို့လီချန်ဘုရားကျောင်းဆီ ရောက်လာကြရတာပါလိမ့်။ အမွှေးတိုင်ထွန်းညှိပူဇော်ဖို့ဆိုရင်တော့ ခဏတဖြုတ်စောင့်ဆိုင်းပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒီနိမ့်ကျတဲ့ ဘုန်းကြီးက—"
"အဓိပ္ပာယ်မရှိတာတွေ တော်တော့၊ ငါဒီကို အမှုတစ်ခုစုံစမ်းဖို့ရောက်လာတာ"
တုန်းဝမ်ခွင်းက ဘုန်းကြီး၏စကားကို စိတ်မရှည်လက်မရှည်ဖြတ်ချပြီး ဆိုသည်။
"ဒီအရာရှိက မင်းတို့ဘုရားကျောင်းထဲ တစ်ယောက်ယောက်က နန်းတော်ကအလိုရှိနေတဲ့ ရာဇဝတ်ကောင်နဲ့ ပူးပေါင်းနေတယ်လို့ သံသယရှိတယ်။ ချက်ချင်း ရှေ့ထွက်ဝန်ခံစမ်း။ မဟုတ်လို့ကတော့ ဘုန်းကြီးတွေဆိုပြီး ညှာပေးနေမှာမဟုတ်ဘူး"
ထိုစကားအဆုံးတွင် ဘုန်းကြီးတွေအားလုံး လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတော့၏။
ကျောင်းထိုင်ဆရာတော် ဟွေဟိုင်က လေးနက်တည်ကြည်သောအမူအရာဖြင့် မတ်တပ်ထရပ်ကာ တုန်းဝမ်ခွင်းရှေ့သို့ လျှောက်လာပြီး အေးဆေးနူးညံ့စွာဆိုသည်။
"တပ်မှူး တစ်ခုခုနားလည်မှုလွဲနေတာ ဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးတို့ လီချန်ဘုရားကျောင်းက ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင်ထမ်းဆောင်ရုံမှအပ ပြင်ပကိစ္စတွေကို ပါဝင်စွက်ဖက်ခြင်းမရှိဖူးကြောင်းပါ။ ရာဇဝတ်သားတွေနဲ့ ပက်သက်ဆက်စပ်ဖို့က ဝေးလှပါသေးတယ်"
"မှန်ပါတယ်တပ်မှူး။ ဒီကျောင်းကသံဃာတွေအားလုံး သန့်စင်ရှင်းလင်းတဲ့နောက်ခံကနေ ဆင်းသက်လာတယ်ဆိုတာ ခရိုင်ဝန်မင်းရော တစ်မြို့လုံးပါ သိပြီးသားကိစ္စပါ"
ယုံမော့ကလည်း စိုးရိမ်တကြီး ဝင်ရောက်ကာကွယ်သည်။
"နားလည်မှုလွဲသလား မလွဲသလားဆိုတာ မင်းတို့ဆုံးဖြတ်ရမဲ့ကိစ္စမဟုတ်ဘူး"
တုန်းဝမ်ခွင်းက ဘုန်းကြီးများကို အေးစက်စွာစိုက်ကြည့်ကာ ဆို၏။
“ငါမင်းတို့ကို အကြောင်းမရှိဘဲ ဒုက္ခပေးဖို့ လာတာမဟုတ်ဘူး။ တစ်ယောက်ယောက်က ဒီဘုရားကျောင်းက ဘုန်းကြီးတစ်ပါး ဝတ်စုံဖြူဝတ်ပြီး ဝါးခမောက်ဆောင်းထားတဲ့ မိန်းမနဲ့ အဆက်အသွယ်ရှိနေတာကို မျက်ဝါးထင်ထင်မြင်ခဲ့တယ်။ အဲ့ဒီလူ ဘယ်သူလဲ၊ အခုချက်ချင်း ရှေ့ထွက်ခဲ့စမ်း”
တုန်းဝမ်ခွင်းက အဓိပ္ပာယ်မရှိ စွပ်စွဲပြောဆိုနေခြင်းမဟုတ်ကြောင်း သိလိုက်ရသဖြင့် ဘုန်းကြီးများ အချင်းချင်းလှည့်ကြည့်ကာ အံ့သြတုန်လှုပ်သွားကြသည်။
ထိုစဥ် ချန်းမင်မှာ တစ်ကိုယ်လုံးတုန်ယင်ကာ မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွေးဆုတ်သွားလေတော့၏။
သူ့စိတ်သူ ငြိမ်အောင်ထိန်းသိမ်းရင်း ခေါင်းကိုတွင်တွင်ငုံ့ကာ အရှေ့မှ အရိပ်စောင့်တပ်ဖွဲ့သားများနှင့် အကြည့်ချင်းမဆုံ၊ အာရုံကိုမဆွဲဆောင်မိစေဖို့ အတတ်နိုင်ဆုံး ကြိုးစားနေလိုက်သည်။
လီနန်ခယ့်နှင့် နျဲ့ယင်းတို့လည်း မလှမ်းမကမ်းတွင် ရပ်နေကြသည်ပင်။
အခုချိန်ထိ မမြှုပ်နှံရသေးသော ခေါင်းတလားကိုမြင်သော် လီနန်ခယ့် အတွေးများနက်နဲသွားရ၏။
နျဲ့ယင်းသည်လည်း ပုံမှန်ထက် အရွယ်အစား လွန်စွာပိုကြီးနေသော ခေါင်းတလားကိုကြည့်ရင်း လီနန်ခယ့်၏ မတိုင်မီကအကဲဖြတ်ချက်ကို သတိရသွားသည်။
"မဟုတ်မှ..."
"ရှူး"
လီနန်ခယ့်က အမျိုးသမီးကို စကားမပြောဖို့တားလိုက်သည်။
"အရင်ဆုံး စောင့်ကြည့်ရအောင်"
ချက်ချင်းပင် သူ့အကြည့်ကို ချန်းမင်ဆီရွှေ့လိုက်ချိန်တွင် ဘုန်းကြီးငယ်လေး၏ မသိမသာ မူမမှန်နေသော မျက်နှာအမူအရာအမျိုးမျိုးကို မြင်လိုက်ရတော့ လီနန်ခယ့် အတွေးများပိုရှုပ်သွားရသည်။
ဟယ့်ပန်ကျွင်းနှင့် အဆက်အသွယ်ရှိခဲ့ဖူးသော ထိုဘုန်းကြီးမှာ ချန်းမင်ဖြစ်နေခဲ့သည်လော။
"ဒီကလေးက ဟယ့်ပန်ကျွင်းနဲ့ ဘယ်လိုသိကျွမ်းသွားရတာလဲ"
လီနန်ခယ့်လည် လီချန်ဘုရားကျောင်းတွင် အမှုစုံစမ်းစစ်ဆေးခဲ့ဖူးသဖြင့် ဤဘုန်းကြီးငယ်လေးသည် ဘုရားကျောင်းတွင် ရိုးစင်းသေဝပ်စွာနေထိုင်သူသာဖြစ်ကြောင်း သိထားပြီးဖြစ်၏။
ဟယ့်ပန်ကျွင်းလိုမိန်းမမျိုးနှင့် ပက်သက်ဆက်နွယ်နေစရာ အကြောင်းမရှိပါချေ။
"ဘာလဲ ထွက်လာရမှာကျ ကြောက်တယ်လား"
မလှုပ်မယှက် ရပ်နေကြဆဲဖြစ်သော ဘုန်းကြီးများကိုကြည့်ရင်း တုန်းဝမ်ခွင်းက ဒေါသထွက်ထွက် ထရယ်လိုက်ပြီး ရက်စက်စွာဆို၏။
"ကောင်းတယ်၊ ဒီလိုလူမျိုးတွေမှ ငါကကြိုက်တာ၊ ကိစ္စမရှိပါဘူး။ ထွက်မလာဘူးဆိုတော့လည်း ဆွဲထုတ်လို့ရမဲ့နည်းတွေ အများကြီးရှိတာပဲ"
သတ်ချင်ဖြတ်ချင်စိတ်အပြည့်ဖြင့် အေးတိအေးစက်အသံက သူတို့အားလုံးကို တုန်လှုပ်အေးခဲသွားစေသည်။
"တပ်မှူး၊ ဘုန်းကြီးတို့ကျောင်းက သံဃာတွေ ရာဇဝတ်သားနဲ့ပက်သက်တယ်ဆိုတာ လုံးဝမဖြစ်နိုင်တာ အမှန်ပါပဲ"
ယုံမော့လည်း အခြေအနေဆိုးရွားလာတော့မည်ကို သတိပြုမိသဖြင့် အံကိုတင်းတင်းကြိတ်ကာ သူ့ရင်ဘတ်ထဲမှ ငွေစက္ကူထုပ်ကို ထုတ်ပြီး တုန်းဝမ်ခွင်း၏လက်ထဲသို့ လျှို့ဝှက်ထည့်ပေးရန် ကြိုးစားလိုက်သည်။
“တပ်မှူး၊ နောက်တစ်ကြိမ်လောက် သေသေချာချာ ထပ်ပြီးစုံစမ်းပေးလို့ ရမလား”
"ထွက်သွားစမ်း"
တုန်းဝမ်ခွင်းက ဘုန်းကြီးကိုကန်ထုတ်လိုက်သဖြင့် ငွေစက္ကူထပ်ကြီးမှာလည်း အရပ်မျက်နှာအနှံ့သို့ ပြန့်ကျဲဝဲလွင့်သွားလေသည်။
ကန်ထုတ်ခံလိုက်ရသော ယုံမော့သည် မြေပြင်ပေါ်လဲကျကာ သွေးတစ်လုပ်အန်ချလိုက်ရသည်။ ဘုန်းကြီးနှစ်ပါးက သူ့အနားသို့အပြေးရောက်လာကာ အမြန်တွဲကူပေးကြသည်။
ကျောင်းထိုင်ဆရာတော်က မျက်မှောင်ကြုတ်လိုက်သည်။ ငွေဖြူရောင် မုတ်ဆိတ်မွေးရှည်ကြီးများမှာ လေထဲတွင် လွင့်ဝဲနေလျက်။ ဆရာတော်က အသာအယာပြင်းချကာ တည်ငြိမ်သောလေသံဖြင့် မိန့်ကြား၏။
“တပ်မှူးအနေနဲ့ ဘုန်းကြီးတို့ဘုရားကျောင်းထဲက တစ်ယောက်ယောက်က ရာဇဝတ်ကောင်နဲ့ ပူးပေါင်းနေတယ်လို့ မုချယုံကြည်နေမှတော့ဖြင့် ကျွန်တော်လည်း တပ်မှူးရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါ့မယ်။ ဒါပေမဲ့ တပ်မှူးကို တစ်ခုပဲတောင်းဆိုချင်ပါတယ်၊ ဒီနေ့က ဘုရားကျောင်းရဲ့အကြီးအကဲဟောင်း ဆရာတော်ယုံမင်ကို မြေမြှုပ်သဂြိုဟ်မဲ့နေ့ပါ။ အရင်ဆုံး စျာပနအခမ်းအနားကို ပြီးအောင်လုပ်ခွင့်ပေးပါ၊ ပြီးမှ တပ်မှူးရဲ့ စုံစမ်းစစ်ဆေးမှုကို ပူးပေါင်းပါ့မယ်”
"ချီးတဲ့မှ၊ အသုဘပွဲက ဘာတွေအဲ့လောက်အရေးကြီးနေလို့လဲ"
အမှုကို မြန်မြန်အပြီးသတ်ဖို့သာ စိတ်လောနေသော တုန်းဝမ်ခွင်းက တစ်ဖက်လူ၏ပြေငြိမ်းရေးစကားကိုလည်း ထည့်မစဥ်းစားတော့။ ခေါင်းတလားပေါ် တံတွေးပင်ထွေးချလိုက်ပြီး ဆဲဆိုသောင်းကျန်းလေသည်။
"အဲ့ဒီခေါင်းတလားထဲမှာ ခိုးယူပစ္စည်းထည့်ဝှက်ထားတယ်လို့ သံသယရှိတယ်။ ဖွင့်ကြည့်ကြစမ်း"
ဤသည်ကိုကြားသော် ဘုန်းကြီးအားလုံး ဒေါသထွက်သွားကြသည်။ အဆင့်မြင့် ဘုန်းတော်ကြီးအချို့က ခေါင်းတလားပတ်ပတ်လည်တွင် ဝန်းရံစောင့်ကြပ်လိုက်ကြ၏။
ဆရာတော်၏မျက်လုံးများက အေးစက်ခဲသက်နေလျက်။
"တပ်မှူး၊ ဒီလုပ်ရပ်က ပြည်သူတွေကို အနိုင်ကျင့်လွန်းရာမကျဘူးလား"
"အနိုင်ကျင့်တယ်တဲ့လား"
တုန်းဝမ်ခွင်းက ရယ်သည်။
"ငါကဒီနေရာမှာ အပြစ်သားကိုဖမ်းဖို့ အမှန်တရားကိုဖော်ထုတ်ဖို့ရောက်လာတာကွ၊ ါကို အနိုင်ကျင့်တယ်လို့ ခေါ်တာလား။ ဟမ့် မင်းတို့လီချန်ဘုရားကျောင်းက အစကတည်းက မသန့်ရှင်းတာ ငါမြင်သားပဲ။ မင်းတို့ဘက်က ကြည်ကြည်ဖြူဖြူ မပူးပေါင်းချင်မှတော့ အကုန်လုံးကိုဖမ်းပြီး တစ်ယောက်ချင်းစီ စစ်မေးမယ်။ အရိပ်နက်တပ်ဖွဲ့မှာ မင်းတို့ဆီက အမှန်တရားထွက်ပေါ်လာအောင် လုပ်နိုင်တဲ့နည်းတွေ အများကြီးရှိတယ်။"
တုန်းဝမ်ခွင်း၏စကားလုံးများက သံအပ်များနှယ် နားမခံသာရှိလှကာ စုဝေးနေသောဘုန်းကြီးများလည်း အကြီးအကျယ် မျက်နှာပျက်ကုန်ကြတော့သည်။
ထိုအခါမှသာ သူတို့အားလုံးလည်း ဤအရိပ်နက်တပ်သားများမှာ နန်းတော်၏ တရားဝင်အာဏာပါးကွက်သားများဖြစ်ကြောင်း လက်တွေ့ကျကျ သဘောပေါက်သွားကြတော့သည်။ တကယ်လို့ ဖမ်းဆီးခံရပြီး ထောင်ထဲရောက်သွားလျှင် မညှာမတာနှိပ်စက်မှုများကြား သေခြင်းတရားမဟုတ်လျှင် ဒုက္ခိတဘဝကိုသာ ရင်ဆိုင်ရပေတော့မည်။
ဘုန်းကြီးအချို့က ထွက်ပြေးတိမ်းရှောင်ဖို့ကြိုးစားကြသော်လည်း အရိပ်နက်တပ်သားများဆီမှ ဟန့်တားခံလိုက်ရသည်။ ခဏတာအတွင်း သူတို့အားလုံး စိုးရိမ်ထိတ်လန့်မှုဖြင့် နေစရာမရှိဖြစ်ကုန်ကြ၏။
"သူတို့ကို ဖမ်း"
တုန်းဝမ်ခွင်းက လက်ဖြင့်အချက်ပြကာ ပြတ်သားစွာအမိန့်ပေးသည်။
"အဲ့ဒါ သူပဲ"
ထိုစဥ် အလန့်တကြားအော်သံတစ်ခုထွက်လာသည်။ ဘုန်းကြီးငယ်လေးချန်းယွီ၏ အသံပင်။
သူက ချန်းမင်ကိုလက်ညှိုးထိုးပြကာ နာကျည်းမုန်းတီးမှုတို့ပြည့်နှက်နေသော မျက်နှာဖြင့် တုန်းဝမ်ခွင်းကို အော်ပြောလာလေသည်။
"အဲ့ဒါသူပဲဖြစ်ရမယ် သူပဲ"
နေရာတွင်စုဝေးနေသော ဘုန်းကြီးများမှာ ရုတ်တရတ်ကြုံလိုက်ရသောအဖြစ်ကြောင့် အံ့သြတုန်လှုပ်ကုန်ကြသည်။
ပထမအချက်အနေဖြင့် ချန်းမင်က ရာဇဝတ်သားတစ်ယောက်နှင့် ပူးပေါင်းမည့်သူဟု သူတို့မယုံကြည်ပေ။
ဒုတိယအချက်၊ ချန်းမင်နှင့် ချန်းယွီတို့မှာ အစဥ်တစိုက် ကောင်းမွန်သောဆက်ဆံရေးတစ်ခု ရှိခဲ့ကြရာ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ ချန်းယွီက လူပုံအလယ်ကျမှ သူငယ်ချင်း၏အားနည်းချက်ကို ဦးဆောင်ထုတ်ဖော်ပါမည်နည်း။
"မင်း... ဘာအဓိပ္ပာယ်မရှိတာတွေပြောနေတာလဲ"
ချန်းမင်မှာ ထိတ်လန့်မှုနှင့်အတူ ဒေါသတွေလည်း တရှူးရှူးထွက်လာသည်။ နဖူးပေါ်မှ စိမ့်ထွက်လာသောချွေးစက်များက ဖြူဖျော့ဖျော့ပါးပြင်များပေါ်အထိ စီးကျလာပြီး ချန်းယွီကို လက်ညှိုးပြန်ထိုးကာ စိုးရိမ်စိတ်ကြောင့် အသံများပင် တုန်ရင်နေခဲ့သည်။
"မင်း ဘာလို့ငါ့ကို မဟုတ်ကဟုတ်ကတွေ လာစွပ်စွဲနေရတာလဲ"
တုန်းဝမ်ခွင်းလည်း အနည်းငယ်အံ့သြသွားဟန်ပြကာ မျက်စိရှေ့မှမြင်ကွင်းကို ခေါင်းငဲ့လျက် စောင့်ကြည့်နေသည်။
ချန်းမင်၏ သိသိသာသာမူမမှန်နေသော တုံ့ပြန်ပုံကိုမြင်တော့ တုန်းဝမ်ခွင်းက ခနဲ့တဲ့တဲ့ရယ်ကာ အရှေ့ကိုတိုးသွားလိုက်ပြီး ဘုန်းကြီးငယ်လေး၏ပုခုံးကို အသာပုတ်လိုက်၏။
"ဘုန်းကြီးလေး၊ မင်းမဟုတ်ဘူးဆိုလည်း ဘာကြောင့်ဒီလောက်စိတ်လှုပ်ရှားနေရတာလဲ။ မဟုတ်မှ စိတ်မလုံစရာတစ်ခုခုများ လုပ်ထားမိလို့လား"
"ကျွန်တော်....ကျွန်တော်တကယ် မလုပ်...."
အနားသို့ကပ်လာသော တုန်းဝမ်ခွင်းဆီမှ သွေးညှီနံ့ပြင်းပြင်းကို ရလိုက်မိပြီး ချန်းမင်၏ခြေထောက်များ အားနည်းပျော့ခွေသွားတော့သည်။
တုန်းဝမ်ခွင်းက ချွေးပြန်နေသည့် ချန်းယွီကို စူးစိုက်ကြည့်ကာ တိုးညှင်းသောလေသံဖြင့် မေးလိုက်သည်။
“သူက ရာဇဝတ်ကောင်နဲ့ပူးပေါင်းနေတယ်လို့ မင်းဘာလို့ထင်တာလဲ။ မင်းကိုယ်တိုင် မြင်ခဲ့လို့လား”
"မ..မမြင်ခဲ့ပါဘူး"
ချန်းယွီက ခေါင်းကို တွင်တွင်ခါသည်။
ချန်းယွီ၏အဖြေစကားကိုကြားမှ ဘုန်းကြီးများလည်း သက်ပြင်းချနိုင်ကြတော့၏။
တုန်းဝမ်ခွင်းက ခဏလောက်စဥ်းစားလိုက်ပြီး ရှေ့ကိုတက်ကာ ထိုဘုန်းကြီးငယ်၏ကော်လာစကိုဆွဲလျက် လူကိုပင့်မြှောက်လိုက်သည်။
"ငါ့ရှေ့လာပြီး ဘာစောက်လှည့်ကွက်တွေခင်းနေတာလဲ"
ချန်းယွီမှာ ကြောက်လွန်းသဖြင့် ငိုချလုမတတ်ဖြစ်သွားပြီး ပေါင်ကြားမှ သေးနံ့များပင် လှိုင်ထွက်လာတော့လေသည်။
တုန်းဝမ်ခွင်း၏ ဝံပုလွေတစ်ကောင်ပမာ ကြမ်းတမ်းရက်စက်သောအကြည့်နှင့် ရင်ဆိုင်လိုက်ရပြီးနောက် သူတုံ့ဆိုင်းမနေရဲတော့ဘဲ ရှင်းပြလိုက်ရသည်။
"တစ်နေ့ညက ဒီမှာ မိုးတွေလေတွေ အကြီးအကျယ်ကျခဲ့ပါတယ်။ တစ်ခြားညီအကိုတွေက ရွှံ့စီးကြောင်းကိုပိတ်ဖို့ ထွက်သွားကုန်ကြတုန်း ကျွန်တော်လည်း ချန်းမင်ကိုသွားခေါ်ဖို့ဆိုပြီး ထွက်လာခဲ့တာ။ ဒါပေမဲ့ ကျွန်တော်သိလိုက်ရတာက..."
"ဘာတွေ့ခဲ့လို့လဲ၊ မြန်မြန်ပြောစမ်း"
တုန်းဝမ်ခွင်းသည် မိမိအနေဖြင့် အမှု၏ အဓိကသဲလွန်စကို ရတော့မည်မှန်း သဘောပေါက်သွားသဖြင့် အော်ဟစ်တိုက်တွန်းလိုက်သည်။
ချန်းယွီက အထစ်ထစ်အငေါ့ငေါ့ဆို၏။
"အဲ့ဒီနေ့ညက ချန်းမင်အိတ်တစ်အိတ်သယ်ပြီး ဆရာတော်ယုံမင်ရဲ့ခေါင်းတလားကိုထားတဲ့ တရားထိုင်ခန်းကိုသွားတာ တွေ့လိုက်ရပါတယ်။ အဲ့အိတ်ကြီးက ကြည့်ရသလောက် လူတစ်ယောက်ကိုထည့်သယ်ထားတဲ့ပုံပါပဲ"
တုန်းဝမ်ခွင်း တောင့်တင်းသွားခဲ့သည်။
တဖြည်းဖြည်းနှင့် နှလုံးသားဆီမှ အတိုင်းအထက်လွန် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်လာကာ တစ်ကိုယ်လုံးမှာ စိတ်လှုပ်ရှားစွာ တုန်ယင်လာလေသည်။
မဟုတ်မှ—
သူ ချန်းယွီကို ဘေးသို့တွန်းပစ်လိုက်ပြီး မျက်နှာဖြူဖတ်ဖတ်နှင့် မြေပြင်ပေါ် ပုံလဲကျနေပြီဖြစ်သော ချန်းမင်ကိုဆောင့်ဆွဲကာ သွေးဆာနေသောအပြုံးကြီးဖြင့် ဆိုလိုက်သည်။
"ပြောစမ်း၊ အဲ့ဒီအိတ်ထဲမှာ မင်းဘာသယ်သွားခဲ့တာလဲ"
"ဘာမှမဟုတ်ပါဘူး၊ ဘာမှမရှိပါဘူး"
ချန်းမင်မှာ အကြောက်လွန်ကာ အော်ငိုချလာတော့လေသည်။
"သူလိမ်ပြောနေတာ၊ ကျွန်တော်ဘာမှသယ်မသွားဘူး"
တုန်းဝမ်ခွင်းက သူ့ရှေ့မှ အနက်ရောင်ခေါင်းတလားကြီးကို မီးဝင်းဝင်းတောက်နေသောအကြည့်များနှင့်ကြည့်ကာ အရိပ်နက်တပ်ဖွဲ့ဝင်များကို အော်ဟစ်အမိန့်ပေးလိုက်သည်။
"ခေါင်းတလားကို ဖွင့်ကြ"
အရိပ်နက်တပ်ဖွဲ့ဝင်အချို့သည် ခေါင်းတလားကိုဖွင့်ရန် ရှေ့သို့လှမ်းတက်လိုက်ကြသော်လည်း ဘုန်းကြီးများထံမှ ပိတ်ပင်တားဆီးခံလိုက်ရပြန်၏။
"ကြားဖြတ်တားရဲတဲ့သူမှန်သမျှ မညှာမတာ သတ်ခွင့်ရှိတယ်"
တုန်းဝမ်ခွင်းက ရက်စက်ကြမ်းကြုတ်စွာ အမိန့်ပေးလေသည်။
ထိုအခါ ဘုန်းကြီးများ ဝင်မတားရဲကြတော့ဘဲ အသီးသီး ကြောင်အမ်းအမ်းဖြင့် ရပ်နေကြရတော့၏။
ချန်းမင်က ဝင်ရောက်တားဆီးရန် ကြိုးစားသော်လည်း တုန်းဝမ်ခွင်းက သူ့ကို မြေပြင်ပေါ်တွင် ခြေထောက်ဖြင့် ဖိနင်းထားသဖြင့် မလှုပ်ရှားနိုင်တော့ချေ။
လူအုပ်၏အပြင်တွင်ရပ်နေသော နျဲ့ယင်းက အခြေအနေအရပ်ရပ်ကိုမြင်ပြီး မျက်နှာမဲ့သည်။
"ဟယ့်ပန်ကျွင်းက မင်းသမီးရှန်းယွမ်ရဲ့အလောင်းကို ခေါင်းတလားထဲထည့်ဝှက်ထားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ တစ်ခါတည်း မြေမြှုပ်လိုက်ဖို့ပါ အခွင့်အရေးရသွားတာပဲ"
သူမနံဘေးတွင် လီနန်ခယ့်သည် မျက်ခုံးများကိုတင်းတင်းကျုံ့ကာ စိတ်ထဲတွင်လည်း သံသယအတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။
သူသည် ချန်းယွီကို မလွှဲမဖယ်စိုက်ကြည့်နေပြီး ချန်းမင်ကို တစ်ချက်ပြန်ကြည့်ကာ တိုးတိုးရေရွတ်သည်။
"ဟယ့်ပန်ကျွင်းရဲ့နည်းလမ်းဖြစ်ပုံမပေါ်ဘူး။ ဒီလောက်ဉာဏ်ကောင်းတဲ့မိန်းမက ဒီလောက်သိသာတဲ့အမှားကို လုပ်မိစရာအကြောင်းမရှိဘူး"
"ဒါပေမဲ့ ချန်းမင်ကတော့ ခေါင်းတလားထဲမှာ သေချာပေါက် အလောင်းတစ်ခုထည့်ခဲ့ပုံရတယ်"
နျဲ့ယင်းကဆိုသည်။
လီနန်ခယ့် နားထင်များကိုပွတ်ကာ သူ့ခေါင်းထဲရှိ သဲလွန်စများကို အချက်အလက်တစ်ခုချင်းစီ ပြန်လည် ဆန်းစစ်ကာ ချွတ်ချော်မှုတစ်နေရာရှိမရှိ ရှာဖွေကြည့်နေမိသည်။
ဘာလို့ ဒီလိုတွေဖြစ်သွားရတာလဲ။
ဒီချန်းမင်က သတ္တိကြောင်ပြီး ကြောက်တတ်တဲ့သူဆိုတာ မြင်သာနေတာပဲကို။
ဘာလို့ ဟယ့်ပန်ကျွင်းက မင်းသမီးရှန်းယွမ်ရဲ့ရုပ်ကလာပ်ကို အဓိကကျတဲ့ပစ္စည်းကိုမှ ငကြောက်တစ်ယောက်ကို ဖျောက်ဖျက်ခိုင်းရမှာလဲ။
အခေါင်းထဲ ထည့်လိုက်ချင်တယ်ဆိုရင်တောင် သူ့လက်နဲ့သူ သေသေသပ်သပ်ထည့်လိုက်ဖို့ မဖြစ်နိုင်တာမှမဟုတ်တာ။
ဒီမိန်းမ ဘယ်လိုလှည့်ကွက်တွေနဲ့ ကစားချင်နေတာလဲ။
နျဲ့ယင်းက နံဘေးတွင် မျက်မှောင်အကြုတ်သားဖြင့်ရပ်နေသော အမျိုးသားကို မျက်လုံးလှလှလေးများဖြင့်ကြည့်လိုက်ပြီး သက်ပြင်းမျှင်းမျှင်းချသည်။
“တကယ်လို့ တုန်းဝမ်ခွင်းက မင်းသမီးရှန်းယွမ်ရဲ့ ရုပ်ကလာပ်ကို ကိုယ်တိုင်ရှာတွေ့သွားရင် ဒါကသူ့အတွက် အကျိုးအမြတ်ကြီးကြီးတစ်ခုဖြစ်မှာ၊ ပျောက်ဆုံးသွားရတဲ့အပြစ်ကို ဖြေဖျောက်နိုင်ရုံမက ရာထူးကဖြုတ်ချဖို့ပါ ဖြစ်နိုင်တော့မယ်မထင်ဘူး။"
လီနန်ခယ့်က သူမစကားတွေကို လျစ်လျူရှုထားပြီး သူ့ခေါင်းထဲက ပဟေဠိကိုသာ ဆက်လက်စဉ်းစားနေခဲ့သည်။
ခေါင်းတလားပေါ်က အဆောင်လက်ဖွဲ့များကို ခွာချလိုက်ပြီဖြစ်သည်။
ကြီးမားလေးလံလှသော ခေါင်းတလားအဖုံးကိုလည်း အရိပ်နက်တပ်ဖွဲ့ဝင်များ၏ စုပေါင်းအားဖြင့် ဖြည်းညှင်းစွာ တွန်းဖွင့်လိုက်ရာ အတွင်းပိုင်းအခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရတော့သည်။
“ဖယ်စမ်း”
တုန်းဝမ်ခွင်းက အမြန်ဆုံး ရှေ့တက်လာခဲ့သည်။
အမှန်ပင် ခေါင်းတလားအတွင်းတွင် ဘုန်းကြီးအလောင်းအပြင် တခြား လူအလောင်းတစ်လောင်း သေချာပေါက် ပါဝင်နေပုံရသည့် အိတ်ကြီးတစ်လုံးပါ ရှိနေခဲ့သည်ပင်။