သူတို့အားလုံး ကစားခံလိုက်ရပြီ
Vol. 13 Ch. 127
ဟားဟားဟား
တုန်းဝမ်ခွင်း ရုတ်တရက် ထိုသို့ အော်ရယ်ချင်စိတ်ပေါက်သွားရသည်။
ယခုတော့ သူ တစ္ဆေနတ်ဘုရားလှံတော်ရှင်၏ အကွက်ကို သဘောပေါက်သွားလေပြီ။
ထိုအမျိုးသမီးသည် ဆရာတော်ယုံမင်၏ ရုပ်ကလာပ်သဂြိုဟ်မည့်အရေးကို အခွင့်ကောင်းယဓပြီး မင်းသမီးရှန်းယွမ်၏ ရုပ်ကလာပ်အား လူမမြင်နိုင်သည့်နေရာတွင် လျှို့ဝှက်ထားရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်မှ ရှာမတွေ့နိုင်သည့်နေရာတွင်ပင်။
လွန်စွာမှ ဉာဏ်ကောင်းလှပါပေသည်။
ဒါပေမဲ့ ကံဆိုးချင်တော့ သူ့ပြိုင်ဘက်က ငါ တုန်းဝမ်ခွင်းဖြစ်နေတာပဲ။
တုန်းဝမ်ခွင်းက သူ့လူများကို ခေါင်းတလားထဲမှအိတ်ကို ထုတ်ရန် အချက်ပြလိုက်သည်။
ထိုအရာကို မြင်သောအခါ ဘုန်းကြီးများအားလုံး လှုပ်လှုပ်ရွရွဖြစ်သွားကြပြီး ချန်းမင်ကို နားမလည်နိုင်သောမျက်လုံးများဖြင့် စုပြုံလှမ်းကြည့်ကုန်ကြတော့၏။
“ချန်းမင်၊ ဒါဘာကလဲ"
ဆရာတော်ယုံမော့မှာ မြင်နေရသည့်အဖြစ်အပျက်ကို မယုံကြည်နိုင်စွာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားရတော့သည်။
သူ လွန်စွာအလေးထားပြီး အထူးသဘောကျခဲ့ရသည့် တပည့်ဖြစ်သူက ကွယ်ရာတွင် ဤကဲ့သို့ အမှုကိစ္စမျိုးကို လုပ်လိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။
“ကျွန်တော် တောင်းပန်ပါတယ်...”
ချန်းမင်က မည်သူနှင့်မျှ အကြည့်မဆုံချင် မဆုံရဲတော့သလို မျက်စိမှိတ်ထားလျက်သားဖြင့် မြေပြင်ပေါ်တွင်လဲကျနေပြီး အံ့သြတကြီးဝိုင်းကြည့်နေသည့် ကျောင်းထိုင်ဆရာတော်၊ ဆရာသခင်နှင့် အစ်ကိုတော်အားလုံးကို လျစ်လျူရှုထားလေတော့၏။
အိတ်ကို ဖြေထုတ်တော့မည့် အချိန်တွင် တုန်းဝမ်ခွင်းက လီနန်ခယ့်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။
သူ့မျက်ဝန်းများထဲတွင် အောင်နိုင်မှု၊ စိန်ခေါ်မှုနှင့် မုန်းတီးမှုများကို အထင်သား ဖော်ပြနေခဲ့၏။
အမှုဖြေရှင်းတာတော်လှတယ် ဟုတ်စ။
အရမ်းဉာဏ်ကောင်းလှတယ် ဟုတ်စ။
ဟမ့်၊ နောက်ဆုံးတော့လည်း ငါ့ကြောင့်ပဲ မင်းသမီးရှန်းယွမ်ရဲ့ ရုပ်ကလာပ်ကို ဒီနေ့ရှာတွေ့ခဲ့တာ မဟုတ်ဘူးလား။
ပြီးတော့ မင်းကောပဲ နျဲ့ယင်း။
အကူအညီကို ဘယ်လိုလူမျိုးဆီတောင်းခံရမယ်ဆိုတာ မရွေးချယ်တတ်ခဲ့မှတော့ ဒီရလဒ်ကိုပဲလက်ခံရမှာပဲ။ ငါ့ခြေထောက်အောက်မှာသာ ဆက်ပြီးအနှိမ်ခံဖို့ အသင့်ပြင်ထားလိုက်တော့။
လီနန်ခယ့်သည် တုန်းဝမ်ခွင်း၏ စိန်ခေါ်နေသောအကြည့်ကို မျက်နှာချင်းဆိုင်မှ ထင်ရှားစွာ မြင်လိုက်ရ၏။
သို့သော် သူ့မျက်နှာတွင် အဓိပ္ပာယ်ဖော်မရသော အပြုံးတစ်ခုသာ ပေါ်လာခဲ့သည်။
“ရှင်ကဘာလို့ ရယ်နေတာလဲ”
နျဲ့ယင်းက သူ့ကိုလှည့်ကြည့်ကာ ဝေခွဲမရဖြစ်သွားဟန်ရှိသည်။
လီနန်ခယ့်က နျဲ့ယင်းဘက်သို့ တစ်ကိုယ်လုံးလှည့်လိုက်ပြီး သူ၏ ရယ်မောချင်စိတ်ကို အတင်းအကျပ် ချုပ်ထိန်းထားပုံရသော်လည်း နောက်ဆုံးတွင် မထိန်းနိုင်တော့ဘဲ ထိုအမျိုးသမီး၏ ပုခုံးပေါ်သို့ ခေါင်းမှောက်တင်ကာ ခန္ဓာကိုယ်တစ်ခုလုံး တသိမ့်သိမ့်တုန်အောင် ခိုးရယ်မိလေတော့သည်။
??
နျဲ့ယင်းတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားရ၏။
အမျိုးသားများဖြင့် အသားချင်းထိဖို့ဝေးစွ၊ အမြဲတစေ ဝေးဝေးတွင်နေတတ်လေ့ရှိသော သူမအဖို့ ဤအနေအထားမှာ တော်တော်လေးကို အဆင်မပြေလှပေ။
အထူးသဖြင့် တစ်ဖက်လူ ထွက်သက်ထုတ်လိုက်သည့်အခါတိုင်း ပူနွေးသော အသက်ရှူငွေ့များက သူမ၏ နူးညံ့လှသော လည်ပင်းသားပေါ်သို့ တိုက်ရိုက်ကျရောက်နေခဲ့သည့်အခါတွင်၊
ယားကျိကျိဖြစ်သလိုလို ခံစားရသည်။
သို့သော် ဤအချိန်တွင် သက်တောင့်သက်သာမဖြစ်မှုထက် ထိုလူဘာကို အဲ့လောက်ရယ်ချင်နေသလဲဆိုတာ ပိုသိချင်နေရသည်။
လီနန်ခယ့်က အကျိုးအကြောင်းရှင်းမပြဘဲ ဖွင့်လက်စအိတ်ကိုသာ လက်ညှိုးထိုးပြပြီး ရယ်သံကိုထိန်းကာ ဆို၏။
“ကိုယ်တိုင်ပဲကြည့်လိုက်ပါ၊ ဟယ့်ပန်ကျွင်းဆိုတဲ့မိန်းမက အကုန်လုံးကို ဘယ်လိုကစားသွားသလဲဆိုတာ"
အိတ်ပွင့်သွားခဲ့လေပြီ။
အသားအရောင်ဖြူလျော်ပြီး ကျောက်စိမ်းလို ချောမွတ်သွယ်လျလှသော လက်မောင်းလေးတစ်ခု လျှောကျလာခဲ့သည်။
တုန်းဝမ်ခွင်း၏ မျက်နှာပေါ်ကအပြုံးမှာ ဂန္ဓမာပန်းကြီးလို ပွင့်လန်းသွားခဲ့သော်လည်း နောက်တစ်စက္ကန့်တွင်မူ သူ၏မျက်နှာပေါ်က တောက်ပလန်းဖြာနေသော အပြုံးပန်းများ ချက်ချင်းပင် ညှိုးငယ်အေးခဲသွားရတော့၏။
...
“ဘာများကစားသွားလို့လဲ။ ကျွန်မကို အမြန်ပြောစမ်းပါ”
နျဲ့ယင်းမှာ ထိုလှည့်ကွက်ဆိုသည်ကို သိချင်လှပြီဖြစ်သဖြင့် စိတ်မထိန်းနိုင်တော့ဘဲ ထိုလူ၏ပုခုံးကိုသာ ခပ်နာနာဆွဲဆိတ်မိတော့သည်။
သူမအနေဖြင့် မိမိတို့၏ ပြုမူဆက်ဆံပုံမှာ ချစ်သူမောင်နှံများ စနောက်ကျီစယ်နေကြသကဲ့သို့ ဖြစ်နေသည်ကို လုံးဝသတိမထားမိချေ။
လီနန်ခယ့်က ရယ်သံကိုထိန်းကာ ပြောပြလာသည်။
“ကျွန်တော်အရင်တုန်းက လင်အိမ်တော်ရဲ့ အမှုတစ်ခုကို စုံစမ်းခဲ့ဖူးတယ်။ အဲ့ဒီတုန်းက သေဆုံးသူတွေထဲကတစ်ယောက်ရဲ့ နာမည်က ဝမ်ကျင်းအာတဲ့၊ သူ့မှာ ပညာသင်ဝမ်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိခဲ့တယ်"
“အဲ့ဒါနဲ့ ဒါနဲ့ ဘာဆိုင်လို့လဲ”
နျဲ့ယင်း လုံးဝနားမလည်တော့ချေ။
လီနန်ခယ့်က စကားဆက်သည်။
“အဲ့ဒီ ပညာသင်ဝမ်က အနောက်တိုင်းကုန်သည်တစ်ယောက်ဆီကနေ လူရုပ်တစ်ရုပ် ဝယ်ခဲ့ဖူးတယ်။ အဲ့ဒီအရုပ်က လွယ်လွယ်နဲ့မပျက်စီးနိုင်ဘူး၊ လူတွေအသုံးပြုဖို့ အထူးတလည် ဖန်တီးပြုလုပ်ထားတဲ့ လူရုပ်မလို့ မီးရှို့ဖို့အလွန်ခက်ခဲပြီး အတွင်းပိုင်းတည်ဆောက်ပုံက အလွန်ခိုင်ခံ့တယ်"
“ပြစ်မှုကျူးလွန်ပြီးချိန် သူက သက်သေတွေကို ဖျက်ဆီးဖို့အတွက် အဲ့ဒီအရုပ်ကို ဝမ်ကျင်းအာရဲ့ခေါင်းတလားထဲ အတူထည့်မြှုပ်ခဲ့တယ်”
“အဲ့ဒီတုန်းက သူ့စကားထဲ မရည်ရွယ်ဘဲပါလာတဲ့ လျှို့ဝှက်ချက်တစ်ခုကို သတိရသွားလို့လေ"
“သူပြောခဲ့တာက လီချန်ဘုရားကျောင်းက ဘုန်းကြီးတစ်ပါးတောင် ဒီလိုအရုပ်တစ်ရုပ် ဝယ်ခဲ့ဖူးသေးတယ်တဲ့"
နျဲ့ယင်းမှာ နားထောင်ရင်း အစပိုင်းတွင် ဇဝေဇဝါဖြစ်နေသော်လည်း ထို နောက်ဆုံးစကားတစ်ခွန်းကို ကြားလိုက်ရချိန်တွင် မျက်လုံးတစ်စုံမှာ ဝိုင်းစက်ပြူးကျယ်သွားရ၏။
ချက်ချင်းပင် သူမ၏ နှုတ်ခမ်းထောင့်များ တုန်ရင်သွားခဲ့ပြီး အောက်နှုတ်ခမ်းကို သွားဖြင့် တင်းတင်းဖိကိုက်ထားရသည်။
အောင့်ထားစမ်း။
ရယ်ချလိုက်လို့မဖြစ်ဘူး။
ငါကဒီလောက်အေးစက်ပြီး မာနကြီးတဲ့ အရိပ်နက်တပ်မှူး။
“ဟယ့်ပန်ကျွင်းရဲ့ မိခင်က ကူလန်နိုင်ငံသားဖြစ်တာကြောင့် သူလည်း ကပြားတစ်ယောက်အနေနဲ့ အနောက်ပိုင်းဒေသတွေမှာ အချိန်အကြာကြီး နေထိုင်ခဲ့ဖူးတယ်"
လီနန်ခယ့်က စကားဆက်သည်။
“ကျွန်တော် သေချာပေါက်ပြောနိုင်တာကတော့ အဲ့ဒီတုန်းက ကုန်သည်ဆိုတာလည်း ရုပ်ဖျက်ထားတဲ့ဟယ့်ပန်ကျွင်းပဲဖြစ်မယ်။ တစ္ဆေနတ်ဘုရားလှံတော်ရှင်ကိစ္စနဲ့ပါ ဆက်စပ်ကြည့်လိုက်ရင် အဲ့ဒီအမျိုးသမီးက ရုပ်ဖျက်ပညာမှာလည်း တစ်ဖက်ကမ်းခတ် ကျွမ်းကျင်လှပုံတူပါရဲ့"
“ဘာကြောင့် ကုန်သည်အဖြစ် ရုပ်ဖျက်ဟန်ဆောင်ခဲ့ရလဲဆိုတဲ့ ရည်ရွယ်ချက်ကို ကျွန်တော်သေချာမသိပေမဲ့ ဘာလို့ချန်းမင်က သူနဲ့သိကျွမ်းနေရတာလဲ၊ အဲ့ဒီအရုပ်ကို အခုအချိန်မှဖျက်ဆီးဖို့ ဘာလို့ ဒီလောက်ပျာယာခတ်ပြီး စိုးရိမ်တကြီးဖြစ်နေရတာလဲ ဆိုတာကိုတော့ အဖြေထုတ်နိုင်တယ်"
“ကျွန်တော်ခန့်မှန်းမိသလောက် ဟယ့်ပန်ကျွင်းက သူ့ကို အရုပ်နဲ့ပက်သက်ပြီး တစ်ခုခုသတင်းပေးခြောက်လှန့်ရင်း ခေါင်းတလားထဲထည့်ပြီး အစဖျောက်လို့ရကြောင်းပါ စကားထည့်အကြံပေးခဲ့တာ ဖြစ်လိမ့်မယ်"
"အားလုံးကို လှည့်ကွက်ထဲထည့်ဖို့ သဲလွန်စအမှားတစ်ခု တမင်သက်သက် ချန်ထားခဲ့တဲ့သဘောပေါ့"
နျဲ့ယင်း မနေနိုင်စွာ ထပြောလိုက်မိသည်။
“တကယ်ကို ကြောက်စရာကောင်းတဲ့ မိန်းမပဲ။”
...
အိတ်ထဲရှိ လူစင်စစ်နှင့် အရွယ်အစားရော ပုံစံပါ တထပ်တည်းတူလှသော အရုပ်ကြီးကိုကြည့်ကာ တုန်းဝမ်ခွင်း ကြောင်အမ်းသွားရသည်။
သူ့မျက်လုံးများမှာ လက်သီးတစ်ဆုပ်စာလောက် ပြူးထွက်နေခဲ့ပြီး နဖူးပေါ်တွင်လည်း အကြောကြီးများထောင်ထကာ တဆတ်ဆတ်ခုန်နေကြလေပြီ။
အခြားလူများ အားလုံးလည်း ထိုနေရာတွင် ဆွံ့အတောင့်ခဲနေကုန်ကြသည်။
“မင်း”
တုန်းဝမ်ခွင်းက ချန်းမင်ကိုလှည့်ကြည့်ကာ ဒဏ်ရာရသွားသော ကျားတစ်ကောင်လို့ ဒေါသတကြီး အော်ဟစ်လိုက်သည်။
ချန်းမင်မှာတော့ အဖတ်ဆယ်စရာကိုမရှိတော့။
လူအုပ်ကြီး၏ ကြောင်တောင်တောင်အကြည့်များကြား ခေါင်းမဖော်နိုင်လောက်အောင် ရှက်ရွံ့နေခဲ့ပြီး မနားမနေ ငိုကြွေးနေခဲ့တော့၏။
“ချန်းမင် တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"
ယုံမော့က မျက်မှောင်ကြုတ်ကာ မေးလာသည်။
ဆရာသခင်၏ မေးမြန်းမှုအောက်တွင် ချန်းမင်သည် နောက်ဆုံးတော့ အကြောင်းရင်းမှန်ကို ထွက်ဆိုခဲ့ရတော့၏။
လီနန်ခယ့် ခန့်မှန်းခဲ့သည့်အတိုင်းပင် လွန်ခဲ့သည့်နှစ်က စိတ်လိုက်မာန်ပါဖြင့် သူသည် အနောက်တိုင်းကုန်သည်တစ်ဦးထံမှ လူအရုပ်တစ်ရုပ်ကို ဝယ်ယူခဲ့ပြီး အားလပ်ချိန်တွင် ဘဝအကြောင်း ရင်ဖွင့်ပြောဆိုရန်နှင့် လူငယ်သဘာဝ သွေးသားဆန္ဒများကို ဖြေဖျောက်ရန် အသုံးပြုခဲ့ခြင်းဖြစ်လေသည်ဟု။
သို့သော် မထင်မှတ်ထားစွာပင် လွန်ခဲ့သောရက်အနည်းငယ်က ထိုအနောက်တိုင်းကုန်သည်သည် သူ့ကို လမ်းတွင် ကြားဖြတ်တားဆီးကာ အရုပ်နှင့်ပက်သက်ပြီး သတိပေးစကားပြောခဲ့လေသည်။
ထိုသူဆီမှ ခြောက်လှန့်ခြင်းခံရပြီးနောက် ချန်းမင်မှာ သူ့လျှို့ဝှက်ချက် ပေါ်ပေါက်သွားမည်ကို လွန်စွာကြောက်လန့်စိုးထိတ်လှပါသော်ငြား အလွယ်တကူမဖျက်ဆီးဝံ့၊ မစွန့်ပစ်ဝံ့။
အဘယ်ကြောင့်ဆိုသော် တစ်စုံတစ်ခုလွဲချော်၍ ဤကိစ္စပေါ်ပေါက်သွားပါက သူ့ဘဝတစ်ခုလုံး ပျက်စီးပြိုလဲသွားမည်ဖြစ်သောကြောင့်။
ထို့ကြောင့် ထိုကုန်သည်၏ အရိပ်အမြွက်အကြံပေးစကားအတိုင်း သူသည် တွေဝေစွာဖြင့် ထိုအရုပ်ကို ဆရာတော်ယုံမင်၏ ခေါင်းတလားထဲသို့ အတူထည့်သွင်းကာ သက်သေဖျောက်ဖျက်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေတော့သည်။