← Chapters

အနိုင်အရှုံး

Vol. 13 Ch. 128

အနိုင်အရှုံး

Vol. 13 Ch. 128

ချန်းမင်၏ မျက်ရည်လည်ရွှဲ ဝန်ခံထွက်ဆိုချက်များကိုကြားပြီး တုန်းဝမ်ခွင်းမှလွဲ၍ ထိုနေရာတွင်ရှိသောလူအပေါင်းမှာ ထူးဆန်းသောမျက်နှာထားများ ဖြစ်ကုန်ကြ၏။

အချို့ကဒေါသထွက်နေဟန်ရှိကာ အချို့က စိတ်ပျက်လက်ပျက်ဖြစ်ဟန်ရှိသည်။ အချို့က ဘာစကားမှပြောမထွက်နိုင်တော့ဟန်ဖြင့် ဆွံ့အကျန်ရှိကြပြီး အချို့ကတော့ ထို့ထက်ပို၍ စပ်စုလိုဟန်ပင် ရှိနေသေး၏။

ချန်းမင်က ကျယ်လောင်စွာငိုယိုဟစ်ကြွေးကာ ကျောင်းထိုင်ဆရာတော်နှင့် ဆရာတော်ယုံမော့တို့ရှိရာသို့ တွားသွားပြီး အားပါပါ ဦးတိုက်ရှိခိုးလိုက်သည်။

"တပည့်တော်တောင်းပန်ပါတယ် ဆရာတော်ဘုရား၊ တပည့်တော်တောင်းပန်ပါတယ် ဆရာသခင်၊ ဒီတပည့်မိုက်မှားမိပါတယ်။ ဒီတပည့် အပြစ်ကျူးလွန်မိပါတယ်။ ဆရာသခင်နဲ့ ဆရာတော်ဘုရားရဲ့ သင်ကြားလမ်းညွှန်မှုတွေကို တပည့်တော်သိမှတ်ခဲ့လျက်နဲ့ မလိုက်နာမိပါဘူး။ တပည့်တော် အမှားကြီးကြီးပြုမိတဲ့အတွက် ဘယ်လိုအပြစ်ပေးမှုကိုမဆို လက်ခံဖို့ဆန္ဒရှိပါတယ်"

လူအုပ်ကြီးမှာတော့ မထင်မှတ်ဘဲသိလိုက်ရသော အဖြစ်အပျက်ဆန်းမှာ ပြန်လည်မလွတ်မြောက်နိုင်ရှာသေး။

ဘဝတစ်လျှောက်လုံး ကြမ်းလှပေ့ဆိုသော မုန်တိုင်းများကြား ဖြတ်သန်းရှင်သန်လာသူ ကျောင်းထိုင်ဆရာတော်သည်ပင် ခေါင်းတစ်ခုလုံးချာချာလည်ကာ ထိုနေရာတွင် ဆွံ့အလျက်သားရပ်နေခဲ့ရတော့၏။

"ချန်းမင် မင်း... မင်းတော့ကွာ..."

ဆရာတော်ယုံမော့က မျက်ရည်လည်ရွှဲဖြင့် နောင်တကြီးစွာရနေဟန်တူသော တပည့်ဖြစ်သူကိုကြည့်ကာ စည်းကမ်းမရှိလှမှုကြောင့် လွန်စွာဒေါသထွက်မိသည်။

"မင်း... မင်းအနေနဲ့ အခြေအနေအရ မဖြစ်မနေလုပ်ရပါတယ်ဆိုရင်တောင် အဲ့ဒါကြီးကို ဦးရီးတော်ဆရာသခင်ရဲ့ ခေါင်းတလားထဲမှ သွားထည့်စရာလိုလားကွ"

"တပည့်တော် မှားမှန်းသိပါပြီဘုရား၊ ဆရာသခင် တပည့်တော်ကိုနှင်မထုတ်လိုက်ပါနဲ့..."

ချန်းမင်က ခေါင်းကိုမြေပြင်ထက် တဘုန်းဘုန်းမြည်‌အောင် စည်းချက်ကျကျရိုက်ချရင်း အော်ဟစ်နေလေသည်။

“တော်စမ်း”

တုန်းဝမ်ခွင်းမှာ မျက်နှာတစ်ခုလုံး ဒေါသကြောင့် နီမြန်းပူပြင်းနေပြီး ရင်ထဲတွင်လည်း မီးဟုန်းဟုန်းတောက်နေသလို ပူလောင်လျက်ရှိလေသည်။

ထို့နောက် မြေပြင်ပေါ်လဲကျနေသောချန်းမင်ကို ဆောင့်ဆွဲထူလိုက်ပြီး အလွန်တရာ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဇွတ်အတင်းစစ်မေးသည်။

“မင်းခုနကပြောတော့ အဲ့ဒီမိန်းမကမင်းကို တစ်ခုခုသိမ်းထားခိုင်းတယ်ဆို။ အဲ့ဒါဘာလဲ။ အခုချက်ချင်း ငါ့ကိုထုတ်ပေးစမ်း”

“သူ... သူက ကျွန်တော့်ကို စာအိတ်တစ်အိတ်ပေးခဲ့ပြီး ဖွင့်မဖတ်ဖို့မှာသွားပါတယ်"

ချန်းမင်က ကြေကွဲဝမ်းနည်းနေသော မျက်နှာကြီးဖြင့် တွန့်လိပ်နေသည့် စာတစ်စောင်ကို တုန်တုန်ယင်ယင်ထုတ်ပေးလိုက်၏။

“ကျွန်တော် လုံးဝဖွင့်မဖတ်ခဲ့ပါဘူး။ အဲ့ဒီအမျိုးသမီးပြန်လာတဲ့အခါ စာအိတ်လက်ရာခြေရာပျက်နေတာမြင်ရင် ဆရာတော်တို့ဆီတိုင်ပြောမှာစိုးလို့ ဖွင့်ဖတ်ဖို့ စိတ်တောင်မကူးခဲ့တာပါ"

တုန်းဝမ်ခွင်းက စာအိတ်ကို လှမ်းဆွဲယူကာ ဆွဲဖြဲပစ်လိုက်သည်။

“ငတုံး” အသံတစ်သံက သူ့နားထဲသို့ ရုတ်တရက် ပျံလွင့်ဝင်ရောက်လာခဲ့၏။

အတွင်းမှစာလွှာကို ထုတ်ယူနေသည့် တုန်းဝမ်ခွင်းက ခေါင်းကိုဆတ်ခနဲလှည့်ကာ ‌ပြုံးပျော်နေသည့် လီနန်ခယ့်ကို စူးစိုက်ကြည့်ရင်း အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

“မင်းဘာပြောလိုက်တာလဲ။ သတ္တိရှိရင် နောက်တစ်ခေါက်ထပ်ပြောစမ်း”

လီနန်ခယ့်က ဘာမှမသိသလိုမျိုး ပုခုံးတွန့်ပြလိုက်ပြီး ထိုသူ၏လက်ထဲကစာအိတ်ကို လက်ညှိုးထိုးကာ ဆိုသည်။

“အထဲမှာ အဲ့ဒီစာလုံးနှစ်လုံးပဲရေးထားလိမ့်မယ်လို့ပြောချင်ရုံပါ။ မယုံရင် တပ်မှူးဘာသာ ဖွင့်ဖတ်ကြည့်လိုက်လေ။"

တုန်းဝမ်ခွင်း စာကို မဆိုင်းမတွဖွင့်ဖတ်လိုက်သည်။ အမှန်ပင် စာရွက်ပေါ်တွင် ကြီးမားသောစာလုံးကြီးနှစ်လုံးကိုသာ အရှင်းသားဖော်ပြထားလေသည်။

ငတုံး

“အား”

တုန်းဝမ်ခွင်းက စိတ်လွတ်ရူးသွပ်သွားသလို အော်ဟစ်လိုက်ပြီး လက်ထဲကစာရွက်ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဖြဲပစ်လိုက်တော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောမျှင်များအားလုံးမှာ ဓာတ်ဆီကန်ထဲသို့ မီးပွားတစ်ခု ကျရောက်သွားသည့်အလား ပေါက်ကွဲတောက်လောင်ကုန်ကာ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို ဒေါသဖြင့် လောင်မြိုက်စေခဲ့၏။

သူ အလှည့်စားခံလိုက်ရတာလား။ သူ့လိုဉာဏ်ကောင်းတဲ့လူမျိုးက ဒီလိုလွယ်လွယ်နဲ့ လှည့်စားခံလိုက်ရတယ်ပေါ့။

မျှော်လင့်ချက်ကြီးမားခဲ့ရာမှ သဲလွန်စကြီးကြီးပါရလိုက်သောကြောင့် အလွန်အမင်း ဝမ်းသာသွားခဲ့ရပြီး ထိုမှတစ်ဆင့် အရာအားလုံး ဇဝေဇဝါဖြစ်ကာ နောက်ဆုံးတွင် ဒေါသအမျက်ချောင်းချောင်းထွက်စရာ အရှုံးဖြင့်သာ ရင်ဆိုင်လိုက်ရသောကြောင့် တုန်းဝမ်ခွင်းသည် လက်ရှိအချိန် မိမိဒေါသကို လူတစ်ယောက်ကိုသတ်ပစ်လိုက်မှသာ ဖြေဖျောက်လို့ရတော့မည်ဟု ခံစားရသည်။

သူ လက်ချောင်းများကိုဖြန့်ကာ ချန်းမင်၏လည်ပင်းကိုဆုပ်ညှစ်၍ လေပေါ်မြှောက်လိုက်သည်။

ချန်းမင်မှာ ကြောက်လန့်လွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူလျော်သွားပြီး ထိုနေရာမှာတင် ဆီးတစ်ဖန်ထွက်ကျပြန်လေသည်။

“တပ်မှူးတုန်း” လီနန်ခယ့်က ရုတ်တရက် စူးရှသောအသံဖြင့် အော်ပြောလာသည်။

“အခုအချိန်မှာ ဘုန်းကြီးချန်းမင်က မင်းသမီးရှန်းယွမ်ရဲ့အမှုနဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ သက်သေပြပြီးသွားပြီပဲ။ တကယ်လို့ သူ တစ္ဆေနတ်ဘုရားလှံတော်ရှင်နဲ့ အဆက်အသွယ်ရှိခဲ့ရင်တောင်မှ သူ့ဘက်ကမသိဘဲဖြစ်ခဲ့တဲ့ကိစ္စပါ။ အပြစ်မရှိတဲ့သူကို လက်လွတ်စပယ်သတ်ပစ်လို့ မသင့်တော်ပါဘူး။"

“ငါသူ့ကို စစ်မေးစရာရှိလို့ဖမ်းတာပဲ။ မင်းမှာ ငါ့ကိုတားပိုင်ခွင့်ရှိသလား"

တပ်မှူးတုန်းက ပြန်လည်ကြွေးကြော်လာသည်။

လီနန်ခယ့်က ရယ်ချလိုက်သည်။

“ဒါတော့ ခင်ဗျားလည်း ငတုံးမဟုတ်ရင်သိမှာပါ၊ ချန်းမင်ဆီကနေ ဘာမှစစ်မေးလို့ရမှာမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ သူကဘာမှမသိလို့ပဲ။ ကိုယ့်အသုံးမကျတာကို မကျေနပ်တိုင်း တွေ့ကရာလူဆီ ဒေါသပုံမချချင်စမ်းပါနဲ့"

“မင်းက တော်တော်သတ္တိရှိနေတာပဲ”

တုန်းဝမ်ခွင်းသည် ဤသို့အချိန်မျိုးမှ လီနန်ခယ့်ဘက်က အကြောက်အရွံ့မရှိ သူ့ကို ဆန့်ကျင်စော်ကားလာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့။ မျက်နှာတစ်ခုလုံး ဒေါသကြောင့် ခရမ်းပုပ်ရောင်သန်းသွားပြီး တစ်ဖက်လူကို အစိမ်းလိုက်ဝါးစားပစ်ချင်စိတ်များပင် ဖြစ်ပေါ်လာကာ လူသတ်ရမ်းကားလိုစိတ်ကို ဆက်လက်ဖုံးကွယ်ထားလိုစိတ်မရှိတော့။

ထိုစဥ် နျဲ့ယင်းက ရှေ့သို့တစ်လှမ်းတိုးကာ အေးစက်စက်ဆို၏။

“တပ်မှူးတုန်း၊ သူ့ကို အောက်ချပေးလိုက်”

ပတ်ဝန်းကျင်ရှိ အရိပ်နက်တပ်ဖွဲ့ဝင်များမှာ ခေါင်းဆောင်နှစ်ယောက် အတွင်းပဋိပက္ခဖြစ်ပွားနေသည်ကို မြင်သောအခါ အချင်းချင်းလှည့်ကြည့်ရင်း ဘယ်ဘက်က ဝင်ကူရမှန်းမသိ ဖြစ်နေကြသည်။

နောက်ဆုံးတွင် တုန်းဝမ်ခွင်း အသိတရားအနည်းငယ် ပြန်ဝင်လာခဲ့၏။

သို့သော်လည်း မိမိ၏ အရှက်သိက္ခာကို အဖတ်ဆယ်ရန်အတွက် အရိပ်နက်တပ်ဖွဲ့ဝင်များကို အမိန့်ပေးလိုက်သည်။

“ရှာစမ်း။ ဒီဘုရားကျောင်းတစ်ခုလုံးကို မြေလှန်ပြီး ရှာကြစမ်း။ ဘယ်ထောင့်တစ်နေရာကိုမှ လွတ်မသွားစေနဲ့”

နျဲ့ယင်းက မျက်မှောင်ကြုတ်ကာ စကားပြောရန်ပြင်သော်လည်း လီနန်ခယ့်က လက်ညှိုးတစ်ချောင်းဖြင့် သူမ၏လက်မောင်းကို အသာလှမ်းတို့ပြီး အချက်ပြတားဆီးလိုက်သည်။ ထိုအမျိုးသမီးက သူ့ကို တစ်ချက်ကြည့်ကာ အကြောင်းရင်းမသိသေးသော်လည်း တိတ်တိတ်ဆိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်တော့သည်။

တုန်းဝမ်ခွင်းက အသက်ရှူကျပ်လုနီးပါးဖြစ်နေသည့် ချန်းမင်ကို မြေပြင်ပေါ်သို့ပစ်ချလိုက်၏။ သို့သော်လည်း စိတ်မကျေနပ်သေးသဖြင့် ဘေးမှ တပ်သားတစ်ယောက်၏ဓားကို ဆွဲယူကာ ချန်းမင်၏ အသက်တမျှချစ်ရသော အရုပ်ကြီးကို အပိုင်းပိုင်းအစစဖြစ်အောင် ခုတ်ထစ်ချေမွပစ်လိုက်တော့လေသည်။

ဤသည်ကိုလည်း ချန်းမင်၏ရှေ့မှောက်တွင်ပင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဓားချက်များကား တစ်ချက်ပြီးတစ်ချက်...

ချန်းမင်မှာ ဘာသံမှမထွက်ရဲဘဲ ကြောက်လန့်တကြားဖြင့် လီနန်ခယ့်ကျောနောက်တွင်သာ အားကိုးတကြီး ပုန်းကွယ်နေခဲ့သည်။ ယခုအချိန် သူ့ဘဝကိုကယ်တင်နိုင်သူမှာ လီနန်ခယ့်တစ်ယောက်သာရှိတော့သည်ပင်။

အချိန် တစ်နာရီတင်းတင်း ကြာပြီးနောက်တွင်မှသာ အရိပ်နက်တပ်ဖွဲ့ဝင်များ၏ မြေလှန်ရှာဖွေမှု ပြီးဆုံးသွားခဲ့သည်။

တရားမဝင်သည်ဟူ၍ ဘုန်းကြီးကျောင်းနှင့်မသက်ဆိုင်လှသော ညစ်ညမ်းစာအုပ်အနည်းငယ်မှအပ အခြားဘာကိုမှ ရှာမတွေ့ခဲ့ကြပါချေ။

တုန်းဝမ်ခွင်း၏ လက်သီးများကို လက်ဆစ်သံတဂျွတ်ဂျွတ်မြည်သည်အထိ ဆုပ်လိုက်မိသည်။

ဘုန်းကြီးများ၏ ရှေ့မှောက်တွင်ပင် သိမ်းဆည်းရမိသော ညစ်ညမ်းစာအုပ်များကို အပိုင်းပိုင်းဆွဲဖြဲပစ်လိုက်ပြီး လီနန်ခယ့်ထံသို့ ခြိမ်းခြောက်စကားအနည်းငယ် ဟစ်ကြွေးကာ ထို့နောက်တွင်‌တော့ သူ့လူစုသူပြန်ခေါ်ပြီး ကျောင်းဝင်းထဲမှ ဒေါသတကြီးဆုတ်ခွာသွားလေတော့၏။

တုန်းဝမ်ခွင်းနှင့်သူ့လူများ ထွက်ခွာသွားသောအခါမှသာ ထိုနေရာရှိ ဘုန်းကြီးများအားလုံး သက်ပြင်းချနိုင်ကြတော့သည်။

မုန်တိုင်းတစ်ခုမှာ ဤကဲ့သို့ပင် ပြီးဆုံးသွားခဲ့ရ၏။

ဇာတ်လမ်းစတင်ချိန်မှသည် ပြင်းထန်သော မုန်တိုင်းကြီးတစ်ခုကိုသာ မျှော်လင့်ထားခဲ့သော်လည်း ရလဒ်မှာမူ လူအများကို စိတ်ရှုပ်ထွေးလျက် မရှင်းမရှင်းသာ ကျန်ရစ်စေခဲ့လေသည်။

“ဆရာတော်ဟွေဟိုင်၊ ကျွန်တော့်မှာ ချန်းမင်ကို မေးစရာအချို့ရှိလို့ပါ၊ ဆရာတော်တို့ သာသနာရေးကိစ္စတွေကို စီစဥ်ထားတဲ့အတိုင်းပဲ ဆက်လက်ဆောင်ရွက်နိုင်ပါပြီ။ သူ့အတွက် ထိုက်သင့်တဲ့ပြစ်ဒဏ်ကိုတော့ နောက်မှပဲ ဖြည်းဖြည်းချင်းတိုင်ပင်ကြတာပေါ့။ ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ လူငယ်တစ်ယောက် ခြေလှမ်းချွတ်ချော်မှားယွင်းမိတာလောက်က ဖြစ်တတ်တဲ့သဘာဝပါ။”

လီနန်ခယ့်က ပြုံးလျက်လျှောက်တင်ပြီး ချန်းမင်ကို ထိုနေရာမှ ခေါ်ထုတ်သွားခဲ့သည်။

ဆရာတော်ဟွေဟိုင်က ဘုရားစာများကိုသာ တတွတ်တွတ်ရွတ်ဆိုရင်း လီနန်ခယ့်၏ကျောပြင်ကို ကျေးဇူးတင်သောမျက်ဝန်းများဖြင့် လှမ်းမျှော်ကြည့်နေပြီးနောက် ဆရာတော်ယုံမင်၏ ရုပ်ကလာပ်ကို မြှုပ်နှံသဂြိုဟ်ရေး ပြန်လည်စတင်ရန်အတွက် ခေါင်းတလားအဖုံးကိုပိတ်ရန် ဘုန်းကြီးများကို အချက်ပြလိုက်တော့သည်။

ဘုန်းကြီးများလည်း ထိုအခါမှ ထိတ်လန့်တုန်လှုပ်မှုများမှ ပြန်လည်လွတ်မြောက်လာပြီး မပြီးဆုံးသေးသော လုပ်ငန်းစဥ်များကို နဂိုအတိုင်း ဆက်လက်လုပ်ဆောင်ကြလေတော့၏။

...

All Chapters