စိတ်ပိုင်းဆိုင်ရာ လှည့်စားမှု
Vol. 13 Ch. 129
တိတ်ဆိတ်သောနေရာတစ်ခုသို့ ရောက်သောအခါ လီနန်ခယ့်က ခြေထောက်များတုန်ရင်နေဆဲဖြစ်သည့် ချန်းမင်ကိုကြည့်ကာ ပြုံးလျက်စနောက်သည်။
“ဒီနေ့ ငါသာဒီမှာမရှိခဲ့ရင် မင်းလည်း အသက်နဲ့ကိုယ် အိုးစားကွဲနေလောက်ရောပေါ့။ ကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ ငါ့ကို ဦးချအရိုအသေပြုသင့်တယ်မထင်ဘူးလား"
နျဲ့ယင်းကမူ အနည်းငယ်လှမ်းသောနေရာတွင် ရပ်ကျန်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချန်းမင်တစ်ယောက် အကြောက်လွန်ရာမှ အကြိမ်ကြိမ်ဆီးထွက်ကျထားခဲ့ရာ သူ့ကိုယ်မှ အနံ့အသက်ဆိုးများ မခံနိုင်လောက်အောင် ထွက်ပေါ်နေဆဲဖြစ်သောကြောင့် ဖြစ်သည်။
ဝုန်း
ချန်းမင်က လီနန်ခယ့်၏ရှေ့တွင် တကယ်ကြီးဒူးထောက်ချကာ ဦးချလိုက်ပုံမှာ ဆရာတော်များရှေ့ နောင်တကြီးစွာဦးချခဲ့စဥ်ကထက်ပင် ပိုပြင်းထန်လှလေသည်။
နဖူးပင်ပေါက်ကာ သွေးများချက်ချင်း စီးထွက်ကျလာလေသည်။
၎င်းမှာ လီနန်ခယ့်က သူ့အသက်ကို ကယ်တင်ပေးခဲ့ရုံသာမက ဆရာတော့်ရှေ့တွင်လည်း သူအခက်မတွေ့အောင် ကာကွယ်ပြောဆိုပေးခဲ့သေးသည့်အတွက် သူ့ဘက်က စိတ်ပါလက်ပါအရိုအသေပြုမိခြင်းပင်။
လီနန်ခယ့်မှာ မတတ်သာစွာ ပြောမိရသည်။
“မင်းကတော့ တကယ်ကိုရိုးအလွန်းတာပဲ။ ငါက ဦးချဆိုတော့လည်း မမေးမမြန်း ဦးချလိုက်တာပဲလား။ ငါကမင်းကို ဖေဖေကြီးလို့ခေါ်ခိုင်းရင်ရော ခေါ်ဦးမလို့လား"
“ဖေဖေကြီး”
ချန်းမင်က ရှင်းလင်းပီသစွာ အော်ခေါ်လိုက်သည်။
လီနန်ခယ့်: “...”
နျဲ့ယင်း၏ နှုတ်ခမ်းထောင့်တွင် လှပသောအပြုံးတစ်စ လှစ်ခနဲပေါ်လာသော်လည်း လီနန်ခယ့်လှည့်ကြည့်လာသည်ကို မြင်သောအခါ မျက်နှာကို ချက်ချင်း ပြန်လည်တည်တင်းလိုက်ကာ အေးစက်စက် ရှုတည်တည်အမူအရာကို ဆက်လက်ထိန်းသိမ်းထားလိုက်သည်။
“ကဲပါ ကဲပါ၊ အလုပ်ကိစ္စပြောရအောင်။”
လီနန်ခယ့်က စိတ်ပျက်လက်ပျက်ဖြင့် ချန်းမင်ကိုဆွဲထူလိုက်ပြီး စစ်မေးတော့သည်။
“အဲ့ဒီမိန်းမက မင်းကို စာတစ်စောင်သိမ်းခိုင်းတာအပြင် တခြားဘာပစ္စည်းတွေ ပေးခဲ့သေးလဲ။”
“မပေးပါဘူးခင်ဗျာ"
ချန်းမင်က ခေါင်းကို အဆက်မပြတ်ခါပြလိုက်သည်။
လီနန်ခယ့်က ထပ်မံမေးမြန်း၏။
“သေသေချာချာစဉ်းစားစမ်း၊ လွန်ခဲ့တဲ့ရက်တွေအတွင်း လီချန်ဘုရားကျောင်းမှာ ထူးဆန်းတဲ့အဖြစ်အပျက်တွေ ဖြစ်ခဲ့တာမျိုး၊ ဒါမှမဟုတ် သံသယရှိစရာလူတွေ ပေါ်လာတာမျိုး ရှိခဲ့သေးလား။ မင်းဦးပြည်းကတုံးကို ပူခြစ်နေအောင် ခြစ်ကုပ်စဥ်းစားစမ်း"
အသက်ကယ်တင်ရှင်က အရေးတကြီးမေးမြန်းနေခြင်း ဖြစ်သဖြင့် ချန်းမင်လည်း ကတုံးပြောင်လေးပူခြစ်နေအောင် ပြန်လည်၍ သေသေချာချာ စဥ်းစားပေးရှာပါသည်။
နျဲ့ယင်းကတော့ သူ့လုပ်ရပ်ကို နားမလည်နိုင်သလိုရပ်ကြည့်နေသည်။
“ဟယ့်ပန်ကျွင်းက လူတိုင်းကို လက်ထဲထည့်ကစားသွားတာ ခုနကပဲအကုန်သိပြီးကြပြီမဟုတ်ဘူးလား။ ဒီလောက်ဆိုရင် မင်းသမီးရှန်းယွမ်ရဲ့ ရုပ်ကလာပ်က ဒီမှာရှိနေဖို့ မဖြစ်နိုင်တော့ဘူးလေ။”
“ကျွန်တော်ကတော့ တစ်ခုခုမှားယွင်းနေတုန်းပဲလို့ ခံစားရတယ်။”
လီနန်ခယ့်က စိတ်ပျက်လက်ပျက်ဖြင့် သူ့မျက်နှာသူ အားပါပါပွတ်သပ်ရင်း ညည်းညူသည်။
“ဒါပေမဲ့ ဘာကမှားနေလဲဆိုတာကိုတော့ စဉ်းစားလို့မရသေးဘူး။ ဒီဟယ့်ပန်ကျွင်းက တကယ့်ကို လှည့်ကွက်တွေများလွန်းတယ်၊ လူတွေကို စိတ်ပညာသုံးပြီးလှည့်စားရတာမျိုး သူအရမ်းသဘောကျတာပဲလား။ ဒီအမျိုးသမီး သိပ်တော့စိတ်မမှန်လောက်ဘူး"
“ထူးဆန်းတဲ့အချက်တစ်ချက်တော့ ရှိခဲ့ပါတယ်ခင်ဗျာ"
ထိုအချိန်တွင် ချန်းမင်က ရုတ်တရက် တစ်ခုခုကိုသတိရသွားပြီး ဝင်ပြောလိုက်၏။
လီနန်ခယ့် အံ့သြသွားပြီး မျက်ဝန်းများ တောက်ပလာကာ မေးသည်။
“ပြောစမ်းမြန်မြန်၊ ဘာထူးဆန်းတဲ့အချက်လဲ"
ချန်းမင်က သူ၏ကတုံးပြောင်ကို အူလည်လည်ကုပ်ရင်း အသံကိုနှိမ့်ကာ ပြောပြလာသည်။
“လွန်ခဲ့တဲ့နှစ်ရက်က တရားဟောဆောင်တွေကို သန့်ရှင်းရေးလုပ်တဲ့ ကိုရင်လေးနှစ်ပါးက ပြောကြတယ်၊ ဆရာတော်ယုံမင်ရဲ့ရုပ်ကလာပ်ကို ထားထားတဲ့ အခန်းထဲကနေ သစ်သားငါးရုပ်ခေါက်သံကို ခပ်တိုးတိုးကြားရတယ်တဲ့။ ပြီးတော့ ကျွန်တော်ကိုယ်တိုင်လည်း မနေ့ကတစ်နေ့က တစ်ကြိမ်ကြားခဲ့သေးတယ်"
“တချို့ကတော့ ဆရာတော်ယုံမင် မကျွတ်မလွတ်သေးလို့ ဝိညာဥ်ကျန်ရှိနေတာလို့ ပြောကြတယ်၊ ဘာလို့လဲဆိုတော့ ဆရာတော်က တစ်နေ့ကုန်ကျမ်းစာရွတ်ပြီးတဲ့နောက် သစ်သားငါးရုပ်ကိုခေါက်ပြီး အမျှဝေလေ့ရှိလို့ပါ။ ဒီတစ်ခေါက်မှာ ရုပ်ကလာပ်ကို ရွှေရောင်ဗောဓိသတ် ထာဝရမပုပ်မသိုးရုပ်ကလာပ်အဖြစ် အောင်မြင်စွာမပြောင်းလဲနိုင်ခဲ့လို့ ဆရာတော့်ဝိညာဥ်က မငြိမ်းချမ်းနိုင်တာကြောင့် သစ်သားငါးရုပ်ခေါက်သံကို ခုထိကြားနေရတာလို့ ပြောကြတာပါပဲ။ ဒါပေမဲ့ ဒါကို ကျွန်တော်တို့သုံးယောက်ပဲ ကြားခဲ့ရတာပါ၊ ဆရာတော်တွေကတော့ ကျွန်တော်တို့လျှောက်ပြောနေတယ်လို့ပဲသမုတ်ပြီး မယုံကြည်တဲ့အတွက် ဆက်မပြောဘဲထားခဲ့လိုက်တော့တာ"
သစ်သားငါးရုပ်ခေါက်သံ...
လီနန်ခယ့်က လက်ပိုက်ကာ နံရံကိုမှီရင်း နက်နက်နဲနဲ စဥ်းစားတွေးတောနေမိသည်။
“အလောင်းက ပုပ်သိုးချို့ယွင်းသွားတာမျိုးများ ဖြစ်မလား"
နျဲ့ယင်းက ထင်မြင်ချက်တစ်ခု ပေးလာသည်။
“အလောင်းပုပ်သိုးတာဟုတ်လား"
လီနန်ခယ့်က လှောင်ပြောင်သရော်သံဖြင့် တုံ့ပြန်သည်။
“ကျင့်ကြံဆင့်ဒီလောက်မြင့်မားတဲ့ ဆရာတော်ကြီးက အလောင်းပုပ်သိုးတာ ဖြစ်နိုင်ဦးမှာလား။ ခေါင်းတလားအဖုံးပေါ်မှာကပ်ထားတဲ့ ကျမ်းစာအဆောင်တွေက အလှပြသက်သက်ကပ်ထားတာမလို့လား"
“ဒါဆို ရှင်ကရော ဘာလို့ထင်သလဲ”
နျဲ့ယင်း နည်းနည်းစိတ်တိုသွားပြီး လေသံလည်းဆတ်သွားရ၏။
သူမက စေတနာဖြင့် အမှုကို ကူညီဆန်းစစ်ပေးခဲ့ခြင်းဖြစ်သော်လည်း ရက်ရက်စက်လှောင်ပြောင်ခြင်းခံလိုက်ရသဖြင့် စိတ်ဆိုးသွားရသည်။ ဘာမှဆက်စဥ်းစားပေးမနေချင်တော့။
လီနန်ခယ့်က ထိုအမျိုးသမီး စိတ်ဆိုးသွားသည်ကိုမြင်သော်လည်း ချော့မော့နေဖို့စိတ်ကူမးရှိ။ ထိုအမြင်ကို ခေတ္တထည့်သွင်းစဥ်းစားပြီးနောက် ပြောလိုက်သည်။
“ထပ်သွားပြီး နောက်တစ်ခေါက်လောက်ကြည့်ကြမလား၊ တကယ်ပဲ အလောင်းပုပ်သိုးသွားတာလည်း ဖြစ်နိုင်တာပဲလေ"
ခြံဝင်းငယ်လေးအတွင်းသို့ ပြန်ရောက်သောအခါ ခေါင်းတလားကို မြေကျင်းကြီးအတွင်းသို့ ချထားပြီးဖြစ်ကြောင်း တွေ့လိုက်ရသည်။
ဘုန်းကြီးအချို့မှာ ဂေါ်ပြားများကိုကိုင်ဆောင်ကာ မြေကြီးများဖြင့် စတင်ဖုံးအုပ်နေကြပြီ ဖြစ်၏။
“ခဏလောက် စောင့်ပါဦး”
လီနန်ခယ့်က ရှေ့ဆုံးမှပြေးသွားကာ လုပ်လက်စအလုပ်ကို တားဆီးလိုက်ပြီး သူ့ကိုဇဝေဇဝါကြည့်နေသည့် ဆရာတော်ဟွေဟိုင်အား ခွင့်တောင်းသည်။
“ဆရာတော်၊ ကျွန်တော် ခေါင်းတလားကို နောက်တစ်ကြိမ်ထပ်ပြီး စစ်ဆေးချင်လို့ပါဘုရား။ ခွင့်ပြုပေးလို့ရမလား"
“နောက်တစ်ကြိမ် ဟုတ်လား။”
ယုံမော့၏ မျက်နှာထားမှာ အလွန်ဆိုးဝါးပျက်ယွင်းနေခဲ့သည်။
သူက ဝင်ရောက်ဟန့်တားဖို့ပြင်သော်လည်း ဆရာတော်ဟွေဟိုင်က လက်မြှောက်ကာ တားဆီးလိုက်ပြီး စိတ်မကောင်းစွာပြုံးလျက် မိန့်ကြား၏။
“အခြေအနေက ဒီအထိရောက်လာမှတော့ နောက်တစ်ခေါက် ထပ်စစ်တာလည်း ဘာမှမဖြစ်ပါဘူးလေ"
ယုံမော့က ခေါင်းတလားကိုကြည့်ကာ မျက်နှာပျက်လျက် သက်ပြင်းကို အခါခါချနေမိသည်။
ဆရာတူအစ်ကိုဖြစ်သူသည် ဘဝသက်တမ်း တစ်ဝက်နီးပါးကို ဗုဒ္ဓ၏ လမ်းညွှန်သင်ပြမှု ကျင့်စဉ်များဖြင့် အေးချမ်းစွာဖြတ်သန်းခဲ့ပါသော်လည်း ပျံလွန်တော်မူပြီးနောက်တွင်မှ ဤသို့ အေးအေးချမ်းချမ်း နားခွင့်မရဖြစ်လိမ့်မည်ဟု ထင်မထားခဲ့။
“ကျေးဇူးတင်ပါတယ် ဆရာတော်။ အားလုံးလည်း ဒီနေရာကနေ ခဏလောက်ဖယ်ပေးကြပါဦး"
လီနန်ခယ့်က ထပ်ဆင့်တိုးကာ တောင်းဆိုလိုက်ပြန်သည်။
“ဒါပေမဲ့ စိတ်ချပါ။ ကျွန်တော် ဆရာတော်ယုံမင်ရဲ့ရုပ်ကလာပ်ကို တစ်စုံတစ်ရာ ထိခိုက်ပျက်စီးမှု မရှိစေရဘူးလို့ အာမခံပါတယ်"
“ကောင်းပါပြီ။”
ဆရာတော်ဟွေဟိုင်က ခေါင်းညိတ်ကာ ဘုန်းကြီးများကိုဦးဆောင်၍ နေရာမှ ရှောင်ဖယ်ထွက်ခွာသွားတော့သည်။
မကြာမီတွင် ထိုဝင်းငယ်လေးအတွင်း၌ လီနန်ခယ့်၊ နျဲ့ယင်းနှင့် ခေါင်းတလားကြီးတစ်ခုသာ ကျန်ရှိတော့လေ၏။
သို့သော်လည်း ပတ်ဝန်းကျင်၏အရှိန်အဝါမှာမူ အကြောင်းရင်းမရှိဘဲ ထူးဆန်းစွာ ခြောက်ခြားဖွယ်ဖြစ်လာခဲ့သည်။
နျဲ့ယင်းက လေးလံလှသော ခေါင်းတလားအဖုံးကို တွန်းဖွင့်လိုက်ပြီး မံမီအလောင်းတစ်ခုကဲ့သို့ ဖြစ်နေသည့် ဆရာတော်၏ရုပ်ကလာပ်ကို သေသေချာချာစစ်ဆေးကာ သူမ၏ ကျင့်ကြံမှုစွမ်းအားကိုပါ ထည့်သုံး၍ ရှာဖွေစစ်ဆေးလိုက်သည်။
လီနန်ခယ့်ကမူ ခေါင်းတလားအတွင်းရှိ ရုပ်ကလာပ်၏ဘေးနားတွင် အတူတူ ထည့်သွင်းမြှုပ်နှံထားသည့် သစ်သားငါးရုပ်ဆီသို့ တစ်ချိန်လုံး အကြည့်ရောက်နေခဲ့သည်။
သူကိုယ်ကိုငုံ့ကိုင်းကာ ထိုသစ်သားငါးရုပ်ကို ကောက်ယူရန်ကြိုးစားသော်လည်း ၎င်းမှာ အထူးကော်တစ်မျိုးဖြင့် ခေါင်းတလားမျက်နှာပြင်ပေါ်တွင် မြဲမြံစွာဖိကပ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ အခြားသော ပစ္စည်းများအားလုံးကိုလည်း ခေါင်းတလားအတွင်းတွင် အလွန်တိကျသော အနေအထားများဖြင့် ကော်တင်းတင်းကပ်ထားခြင်းဖြစ်၏။
ခေါင်းတလားကိုရွှေ့ပြောင်းသည့်အခါ ထိုပစ္စည်းများလှုပ်ရှားသွားပြီး စီစီရီရီမရှိတော့မည်ကို စိုးရိမ်သောကြောင့် ယခုကဲ့သို့ ကော်ကောင်းကောင်းဖြင့် မြဲမြံစွာကပ်ထားခြင်း ဖြစ်ပေလိမ့်မည်။
လီနန်ခယ့် လက်ဆန့်ထုတ်ကာ စမ်းသပ်ကြည့်လိုက်သည်။
သေသေချာချာ စမ်းသပ်ပြီးနောက်တွင် ဤသစ်သားငါးရုပ်၏ ကုန်ကြမ်းပစ္စည်းမှာ ဘုန်းကြီးများ ပုံမှန်ခေါက်လေ့ရှိသော သစ်သားငါးများထက် ပိုမိုထူးခြားနေကြောင်း တွေ့ရှိလိုက်ရသည်။
အရုပ်သက်သက်တင်မဟုတ်ဘူး ၎င်းအပေါ်တွင် ပါးလွှာပြီးနူးညံ့သော ရေမြှုပ်လွှာတစ်ခု ဖုံးအုပ်ထားသကဲ့သို့ ရှိနေခဲ့၏။
ထို့အပြင် လက်ဖြင့်ထိတွေ့လိုက်သည့်အခါ အနည်းငယ်စိုစွတ်နေသကဲ့သို့ ခံစားရသည်။
“သစ်သားငါးကို ခေါက်တယ်... သစ်သားငါးကို ခေါက်တယ်...”
လီနန်ခယ့်က လက်ချောင်းများကိုကွေးကာ ငါးရုပ်ကို အကြိမ်ရေအနည်းငယ်ခန့် စမ်းတောက်ကြည့်လိုက်ရာ အပြင်ပိုင်းမှာ စိုစွတ်နေသော်လည်း ထွက်ပေါ်လာသောအသံမှာမူ ကြည်လင်သာယာနေဆဲ ဖြစ်သည်။
ထိုအချိန်တွင် နျဲ့ယင်းကလည်း ရုပ်ကလာပ်ကိုစစ်ဆေးခြင်း ပြီးဆုံးသွားပြီး မပြောင်းလဲသောမျက်နှာထားဖြင့်ဆိုသည်။
"အားလုံးပုံမှန်ပဲ"
လီနန်ခယ့်က ဘာစကားမှမဆိုဘဲ မျက်စိမှိတ်ကာ သေသေချာချာစဉ်းစားနေခဲ့သည်။
သူသည် မိမိကိုယ်မိမိ ဟယ့်ပန်ကျွင်း၏နေရာတွင် အစားထိုးဝင်ကြည့်ကာ သူမ ဤသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပန်းတိုင်ကို စတင် ဆန်းစစ်တွေးတောမိသည်။
ရေတွက်မရနိုင်အောင် များပြားထွေလီသော ထင်မြင်ချက်များနှင့် ကောက်ချက်ချမှုများမှာ တစ်ခုပြီးတစ်ခု ပယ်ဖျက်ခြင်းခံလိုက်ရ၏။
“နေဦး၊ စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေး"
ရုတ်တရက် သူ့ဦးနှောက်ထဲတွင် ကောင်းကင်ထက် လျှပ်စီးလက်သကဲ့သို့ အတွေးတစ်ခု ဝင်းခနဲပေါ်လာခဲ့သဖြင့် လီနန်ခယ့် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်တော့သည်။
သူ ပထမဦးစွာ ပတ်ဝန်းကျင်ကို ဝဲယာကြည့်ကာ တစ်ခုခုကိုရှာဖွေလိုက်ပြီးနောက် မြေကျင်းထဲမှခုန်ထွက်၍ သစ်ပင်တစ်ပင်အောက်ရှိ စိုစွတ်ပြီး စေးကပ်နေသော ရွှံ့စေးများကို လက်တစ်ဆုပ်စာယူဆောင်ကာ ခေါင်းတလားဆီသို့ပြန်လာခဲ့သည်။
နျဲ့ယင်းကတော့ သူလုပ်သမျှကို နားမလည်သောအမူအရာဖြင့် အူကြောင်ကြောင်သာ လိုက်ငေးကြည့်နေနိုင်တော့၏။
လီနန်ခယ့်က သစ်သားငါးကိုချိန်ရွယ်ကာ လက်ထဲကရွှံ့စေးများကို တင်းတင်းကြိတ်ညှစ်လိုက်ရာ လက်ချောင်းကြားမှ စိုစွတ်သောရေစက်တစ်ခုသည် ဖြည်းညှင်းစွာ ထွက်ကျလာခဲ့တော့သည်။
တောက်
သစ်သားငါးဆီမှ ကြည်လင်သောအသံတစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုရေစက်သည် သစ်သားငါးထဲသို့ စိမ့်ဝင်သွားပြီး ရွှံ့စေးအစအန အနည်းငယ်သာ ကျန်ရစ်ခဲ့လေသည်။
လီနန်ခယ့် ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့်ရပ်နေမိပြီး နျဲ့ယင်း၏ အံ့သြတကြီးအကြည့်အောက်တွင် ရုတ်တရက် အရူးတစ်ယောက်လို အော်ဟစ်ရယ်မောလိုက်တော့သည်။
“ဟားဟားဟားဟား...”
ထိုလူသည် ခေါင်းတလားဘောင်ကို လက်ဖြင့် အဆက်မပြတ်ရိုက်ပုတ်ကာ ခါးကုန်းသည်အထိ အားပါးတရရယ်မောနေခဲ့ပြီး အသံမှာ ပို၍ပင်ကျယ်လောင်လာသေး၏။
“ဒါကြောင့်ကိုး၊ ဒီမိန်းမက ကျွန်တော်တို့အတွေးတွေကိုလှည့်စားပြီး စိတ်ကိုကစားသွားတာ၊ စိတ်ပိုင်းဆိုင်ရာစစ်ဆင်ရေးပဲ။ ဟားဟားဟား ရယ်လိုက်ရတာ"
ထိုလူ၏ ရူးသွပ်မတတ် အထိန်းအကွပ်မဲ့ဖြစ်ပျက်နေသော အမူအရာကိုကြည့်ကာ နျဲ့ယင်းရင်ထဲတွင် အကြောင်းရင်းမဲ့စွာ တုန်လှုပ်လာရသည်။
ခံစားချက်အရ မျက်စိရှေ့မှလူမှာ သရဲပူးသလို ကြောက်စရာကောင်းလာသည်ပင်။