← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

Chapter 82:ကျင့်စဥ်ကိုအဆင့်မြင့်ခြင်းနှင့် စုယွမ်၏နှစ်ထပ်ကွမ်းအောင်မြင်မှု။

“အနိမ့်တန်းစားဝိညာဥ်ကျောက်တုံး ၈.၉၇သန်းတဲ့လား။”

ဂိုဏ်းချုပ်ကုမှာ မျက်လုံးများကျွတ်ကျမတတ်ပါပင်။

“မဟုတ်သေးပါဘူး၊ တစ်ခုခုတော့မှားနေပြီ။”

ဂိုဏ်းချုပ်ကု ချက်ချင်းတွေးလိုက်မိ၏။

ဤသည်မှာ နှစ်ဝက်မျှသာရှိသေးလင့်ကစား ဝိညာဉ်ကျောက်တုံးသုံးစွဲမှုမှာ ဆယ်သန်းနီးပါးရှိနေချေပြီ။

တော်တော်လေးကို မှားနေပေသည်။

ဂိုဏ်းချုပ်ကုမှာ တစ်ခုခုတွေးမိသွားပြီး အစီအရင်မြင်ကွင်းကို လွန်ခဲ့သောနှစ်ဝက်ဆီသို့ပြန်ဆုတ်လိုက်သည်။ မြင်ကွင်းမှာကား အလျင်အမြန်ဖြင့် စုယွမ် ယွမ်ရေကန်သို့ ဝင်သည့်နေ့ပြန်ရောက်သွားခဲ့၏။

ဂိုဏ်းချုပ်ကု စုယွမ်ကို မြင်လိုက်ရသည်။

ထို့နောက်တွင်တော့ ဂိုဏ်းချုပ်ကုမှာ စုယွမ်သယ်ဆောင်လာသောဝိညာဉ်ငါးများကိုကြည့်ရင်း မပြုံးနိုင်တော့ပါပေ။

သူ အစီအရင်ထိန်းချုပ်ကျောက်တိုင်ကို လက်ညိုးထိုး၍ အစောင့်အရှောက်ဝိညာဥ်ကို မေးလိုက်၏။

“အစောင့်အရှောက်ဝိညာဥ်၊ ဘာတွေဖြစ်နေတာလဲ။ ယွမ်ရေကန်က ဝိညာဉ်သားရဲတွေကိုဝင်ခွင့်မပြုဘူးမဟုတ်ဘူးလား။ ဒါကဘာဖြစ်တာလဲ။ ဒင်းက အကောင်၅၀လောက်တောင်ယူသွားသေးတယ်။ ငါ့ဝိညာဉ်ကျောက်တုံးတွေတော့သွားပါပြီ။ မင်းနားလည်ရဲ့လား။ ငါ့ဝိညာဉ်ကျောက်တုံးတွေကွ။”

အစီအရင်အစောင့်ရှောက်မှာ တစ်ခဏမျှတိတ်ဆိတ်သွား၏။ ထို့နောက်တွင်မှ အသံတစ်ခုထွက်ပေါ်လာလေသည်။

“ဝင်ရောက်သူရဲ့သားရဲတွေက အစီအရင်စစ်ဆေးတာကို ကျော်လွှားနိုင်တဲ့အစွမ်းရှိကြောင်းတွေ့ရပါတယ်။ ကောင်းကင်ဘုံစည်းမျဥ်းတွေကို အကာအကွယ်ပြုနိုင်တဲ့အစွမ်းလိုမျိုးပိုင်ဆိုင်နေတာပါ။”

ဂိုဏ်းချုပ်ကု မေးလိုက်၏။

“ဘာလဲ။ ဘယ်ကိုအကာအကွယ်လဲ။ မင်းကိုယ်မင်း ဘယ်အဆင့်ရှိအစီအရင်လဲတောင်သတိရသေးလား။ အဲ့ဒီငါးအုပ်တွေကြား ဒုတိယအဆင့်ရှိမဲ့ကောင်တောင်ပါပါ့မလားဟ။ အသုံးမကျတဲ့ကောင်။ တကယ်ကို အသုံးမကျတဲ့ကောင်ပဲ။”

အစောင့်အရှောက်ကတော့ ဂရုပင်မစိုက်၊ ပြောစရာရှိတာသာဆက်ပြောသည်။

“ကျေးဇူးပြုပြီး ဝိညာဉ်ကျောက်တုံးတွေထပ်ဖြည့်ပေးပါ၊ မဟုတ်ရင်ထောက်ပံ့အမှတ်ကိုလျော့ချပါမယ်။ ယခင်ကထည့်ထားတဲ့ဝိညာဥ်ကျောက်တုံးတွေက ကုန်ခမ်းလုနီးနီးဖြစ်နေပါပြီ။”

“မင်း... “

ဂိုဏ်းချုပ်ကုမှာ အစောင့်အရှောက်ကို လက်ညှိုးငေါက်ငေါက်ထိုးလျက်၊ အနည်းငယ်ပင် တုန်ယင်နေလေသည်။

“ဂိုဏ်းချုပ်ရဲ့တင်ပြမှုအောင်မြင်ပါတယ်။ နောက်ထပ်လူတွေ ဝင်တဲ့အခါ သူတို့ရဲ့ဝိညာဉ်သားရဲတွေဝင်ခွင့်မရအောင် တားထားပါ့မယ်။”

အစောင့်အရှောက်က စိတ်ခံစားချက်မဲ့စွာပင် ဆက်ဆို၏။

“ကောင်းတယ်၊ ကောင်းတယ်။ မင်း ... သွားသေလိုက်ပါတော့လား။”

“ချီးကျူးပေးတာကျေးဇူးတင်ပါတယ်၊ ဂိုဏ်းချုပ်။ ကျေးဇူးပြုပြီး ဝိညာဉ်ကျောက်တုံးကို အချိန်မီပြန်ထည့်ပေးပါ။ မဟုတ်ရင် ထောက်ပံ့မှတ်တွေကို အလိုအလျောက်လျော့ပစ်ရပါလိမ့်မယ်။”

အစောင့်အရှောက်ဆိုလာပြန်သည်။

ဂိုဏ်းချုပ်ကုမှာ တော်တော်လေးကို အနှီအစောင့်အရှောက်ကို စိတ်ကုန်နေရချေပြီ။ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းမှာ အစီအရင်ပညာတွင်အားနည်းသည့်အတွက် အစီအရင်အစောင့်အရှောက်၏ဥာဏ်ရည်မှာလည်း သနားချင့်စဖွယ် နိမ့်ပါးလှ၏။ စမ်းသပ်နယ်မြေထဲတွင်ရှိသော အနှီမြေခွေးကတောင် ဒီငတုံးထက် ပို၍ဥာဏ်ကောင်းသေးသည်။ သို့သော် ဤသို့လည်းပြောမရ၊ အနှီမြေခွေးမှာ ဘိုးဘေးဆရာသခင်ကိုယ်တိုင်ချန်ရစ်ခဲ့သောအစောင့်အရှောက်ဖြစ်ရာ ပိုကောင်းမည်မှာတော့ မလွဲဧကန်ပင်။

ဂိုဏ်းချုပ်ကုမှာ အသက်ပြင်းပြင်းရူလျက် ဝိညာဉ်ကျောက်တုံးသန်းတစ်ရာကို ဖြည့်သွင်းလိုက်ရသည်။

“အဲ့ကောင်စုတ်လေး၊ မင်းအကုန်သုံးနိုင်မယ်လို့ မယုံဘူး။ ဒါပေမဲ့ အရင်ဆုံးသူ့ကို အပြင်ထွက်အောင်လုပ်ဦးမှပါ။”

ဂိုဏ်းချုပ်ကုလည်း ချက်ချင်း စုယွမ်၏တပည့်ကတ်ပြားဆီသို့ စာပို့လိုက်သည်။ စာထဲတွင်တော့ သူ့တွင် ရတနာကောင်းကောင်းတစ်ခုတွေ့ထားသည့်အတွက် ခဏလောက်ထွက်ကြည့်ရန်ပြောထားခြင်းပင်။

ရတနာသော၊ဘာသောက အမှန်တကယ်အရေးကြီးသည်မဟုတ်။ အဓိကမှာ စုယွမ် ထိုအထဲမှ အရင်ထွက်လာရန်ပင်ဖြစ်သည်။

အကုန်လုံးမှာ သူ၏ဝိညာဉ်ကျောက်တုံးဖြစ်ကြ၏။စုယွမ်သုံးစွဲသည်က အဆင်ပြေသော်ငြား ငါးများသုံးစွဲနေသည်ကတော့ အဆင်မပြေပါပေ။ ၎င်းမှာ တော်တော်လေးကိုအရှုံးပေါ်ချေလိမ့်မည်သာ။ သို့သော် အနှီငါးမှာ မည်သည့်အမျိုးအစားနည်း။ ကြည့်ရသည်မှာ ရင်းနှီးနေသလိုပင်။

သူလည်း စာကြည့်တိုက်ကို သွား၍ ရှာရန်ပြင်လိုက်၏။

အခြားတစ်ဖက်တွင်မူ စုယွမ်၏ကျင့်စဥ်အသစ်မှာ ဆက်လက်ဖန်တီးနေဆဲပင်။ သူ့ကျင့်စဥ်၏အခြေခံကို အကြမ်းဖျင်းပုံဖော်ပြီးပြီဖြစ်သလို သူ၏ခန္ဓာကိုယ်ထဲရှိ ချီလည်ပတ်ရာလမ်းကြောင်းကိုလည်း တားမြစ်အခင်းအကျင်းအတိုင်း ညှိယူပြီးဖြစ်၏။

အကယ်၍အခြားကျင့်ကြံသူတစ်ဦးသာ စုယွမ်ကျင့်စဥ်၏လည်ပတ်နည်းကိုသာမြင်ပါက ခေါင်းများမူးဝေသွားချေလိမ့်မည်။

လမ်းကြောင်းများမှာ သေးတစ်ဖုံ၊ကြီးတစ်ဖုံဖြင့် မရေတွက်နိုင်သောမရီဒျာန်များပါဝင်ပြီး၊ ဝိညာဉ်သွေးကြောများမှာ မရီဒျာန်များ၏အလယ်တွင်နေရာယူထားလျက် ကြီးမားသောကွန်ရက်ကြီးကိုဖြစ်ပေါ်စေ၏။

ဝိညာဥ်သွေးကြောများမှာ တစ်ခုထက်တစ်ခုကိုပိုရှုပ်ထွေးနေရာ ဤသည်များမှာ သာမန်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦး၏လုပ်နိုင်စွမ်းထက် များစွာကျော်လွန်နေပေသည်။ စုယွမ်ကိုယ်တိုင်တောင်မှ သူ့ခန္ဓာအတွင်းရှိတည်ဆောက်ပုံကိုအပြည့်အဝနားမလည်ပါချေ၊ တားမြစ်အခင်းအကျင်းဆီမှ ပုံစံကိုသာ အတုယူ၍ ပြုလုပ်ထားခြင်းသက်သက်ဖြစ်လေသည်။

သူ ဤလမ်းကြောင်းများအလုပ်လုပ်ပုံကိုသေချာမသိသော်ငြား ရရှိလာသောအကျိုးကျေးဇူးများကိုတော့ ကောင်းကောင်းအသုံးပြုလို့ရဆဲပင်။ ချီစွမ်းအင်စုပ်ယူခြင်းနှင့်သန့်စင်ခြင်းလုပ်ငန်းစဥ်များမှာ ယခင်ကထက်များစွာ ပို၍ လျင်မြန်လာခဲ့သည်။

ပြင်ပမှချီစွမ်းအင်တို့ ဝိညာဉ်သွေးကြောထဲဝင်သွားသည်နှင့် မျက်စိတစ်မှိတ်အတွင်းတွင် ပကတိချီစွမ်းအင်အဖြစ်သို့ ပြောင်းသွားလိမ့်မည်သာ။

ထို့အပြင် ဆန်းကြယ်စစ်မှန်ကျင့်စဥ်ကိုလည်း မူရင်းကိုမမှိတ်မိလောက်သည်အထိပြင်ဆင်လိုက်ပြီပင်။ နာမည်မှလွဲ၍ ကျန်သည်အားလုံးမှာ မူရင်းနှင့်ဘာမှမတူတော့ပါချေ။

သွေးကြောများအတွင်း အကြီးဆုံးဝိညာဉ်သွေးကြောဖြစ်သည့် သူ၏ဒန်ထျန်ကို ယွမ်ရေကန်ကဲ့သို့ စွမ်းအင်တို့အဓိကသိုလှောင်ရာအဖြစ် ပြုလုပ်ထား၏။

ဒန်ထျန်၏အောက်ဘက်တွင်ပင် ယွမ်ရေကန်အခင်းအကျင်းကို စီမံထားသည့်အတွက် ရောက်ရှိလာသမျှ စွမ်းအင်တို့မှာ ဆယ်ဆတိုးပွားလာလိမ့်မည်ဖြစ်၏။

ဒါ့အပြင် ဝိညာဉ်စွမ်းအင်တို့မှာ အလိုအလျောက်အဆီအနှစ်အဖြစ်ပြောင်းလဲနိုင်သော လက္ခဏာတို့ပြသနေကြသည်။ တကယ်ဆိုလျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူများသာလျှင် ထိုသို့ပြုလုပ်နိုင်တာဖြစ်ပေ၏။

ဒန်ထျန်အတွင်းတွင်လည်း ရောင်ခြယ်များစွာထွက်နေလျက် ရောက်ရှိလာသမျှဝိညာဉ်စွမ်းအင်တို့ကို ဆန်းကြယ်ပကတိချီစွမ်းအင်အဖြစ် ပြောင်းလဲပေးနေကြလေသည်။

ဤသို့ကူးပြောင်းခြင်းများမှာ သဘာဝအဆင့်ပြီးပြည့်စုံခြင်းပါပေ။

ယွမ်ရေကန်၏တားမြစ်အခင်းအကျင်းကိစ္စပြီးသွားသောအခါ စုယွမ်လည်း ပြီးပြည့်စုံသောတာအိုအုတ်မြစ်တည်ရန်ပြင်တော့သည်။

သူလည်း ဒန်ထျန်၏အလယ်ဗဟိုတွင် ဆန်းကြယ်ပကတိချီစွမ်းအင်များနှင့်အတူ ကောင်းကင်နှင့်မြေကြိး၏နိယာမများပါ လောင်းထည့်လိုက်၏။

အုတ်မြစ်ပုံစံမှာ သတ္ထုနှင့်တူသလို၊ သစ်သားနှင့်လည်းတူလှသော်ငြား နှစ်ခုလုံးမဟုတ်ပါပေ။ ယင်းမှာ သစ်သားရောသတ္ထုရော၏နိယာမများကိုပေါင်းစပ်ထားခြင်းဖြစ်၏။ အုတ်မြစ်အထဲတွင်မူ မီးတောက်နိယာမကိုအသုံးပြုထားခြင်းကြောင့် အနီရောရောင်ခြည်များ လင်းလက်နေလေသည်။

ဤသည်မှာ စုယွမ်တွေးထားခဲ့သော သစ်သတ္ထုသန့်စင်လောင်ကျွမ်းအုတ်မြစ်ပါပေ။

အမည်ကတော့ ရိုးရှင်းကာသာမန်မျှသာဖြစ်သော်လည်း ကောင်းကင်နှင့်မြေကြီး၏ဆန်းကြယ်မှုများအပြည့်တော့ ပါဝင်နေလေ၏။

သေချာကြည့်မည်ဆိုပါက ရွှေရောင်အလင်းတစ်စတစ်စမှာ မီးတောက်တို့နှင့်အတူ တဖြတ်ဖြတ်လင်းနေသည်လေ။

ဤသည်မှာကား စုယွမ်အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ရွှေအမြူလည်းဖြစ်ချေပါ၏။

သစ်ရွှေသတ္ထုသန့်စင်လောင်ကျွမ်းအုတ်မြစ်ထဲတွင်ပါဝင်သော ရွှေမှာ သတ္ထုနိယာမကိုအသုံးပြုထားခြင်းဖြစ်ပြီး အနာဂတ်ရွှေအမြုတေအတွက်အုတ်မြစ်ပေ။ ထို့အပြင် ယင်းမှာ စုယွမ်၏သတ္ထုအပေါ်ကျွမ်းကျင်မှုကိုလည်း ကိုယ်စားပြုပါ၏။

ဤကျင့်စဥ်၏အယူအဆမှာ နက်နဲကာ သာမန်ကျင့်စဥ်တို့၏သီအိုရီများထက် များစွာ သာလွန်လွန်းပေရာ သူသာ စာအုပ်အဖြစ်ချရေးလျှင် ရွှေအမြူတေအဆင့်အကြီးအကဲတောင်မှ တစ်ဝက်တစ်ပျက်ကိုသာ နားလည်နိုင်ပေမည်။

သူ့အုတ်မြစ်ထဲတွင် ပါဝင်နေသော ရွှေရောင်အလင်းကိုတော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ရောက်မှသာ သေချာပြန်၍ဖွဲ့စည်းနိုင်ချေမည်။

သူ့တွင် ရွှေအမြူတေရှိနေပြီးဖြစ်ရာ အဘယ့်ကြောင့်များ ရွှေအမြူတေအဆင့်တန်းမရောက်ရပါသနည်း။ ဘာလို့များ အနှီရွှေမျှင်ကို ဆက်လက်မဖွဲ့စည်းနိုင်ရပါသနည်း။

ဤမေးခွန်းများကိုကား နောက်မှ သူ၏မြောက်မြားလှစွာသောဗဟုသုတထဲမှ ဆက်လက်တွေးတောတော့ပေမည်။

ဤသို့ဖြင့် ဆက်လက်ကျင့်ကြံရာ သူ၏ကျင့်စဥ်ဖန်တီးနေခြင်းမှာ အဆုံးသပ်ခါနီးနေချေပြီ။

အဆုံးတွင်မူ စုယွမ်က ခုနစ်စဥ်ကြယ်သန့်စင်ကျင့်စဥ်နှင့်ခုနစ်စဥ်ကြယ်နတ်ဘုရားကျင့်စဥ်ကို ပေါင်း၍ သူ လက်ရှိတွင််ကျင့်ကြံနိုင်လောက်မည့် ပြီးပြည့်စုံခြင်းအဆင့်ကျင့်စဥ်ဖြစ်အောင် ဖန်တီးလိုက်၏။

ဤသို့ဖြင့် သစ်သတ္ထုသန့်စင်လောင်ကျွမ်းကျင့်စဥ်ရရှိတော့၏။။

All Chapters