အခန်း ၈၄
Vol. 9 Ch. 84
Chapter 84: ရွှေမှုန်အဆင့်။
စုယွမ် ကိုယ့်ကိုယ်ကို ပြင်ဆင်လိုက်ပြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို တက်လှမ်းရန်ပြင်လိုက်သည်။
သူ တစ်ချက်တွေးလိုက်သည်နှင့် ဆန်းကြယ်ပကတိချီစွမ်းအင်တို့မှာ အရူးအမူးလည်ပတ်တော့သည််။
စုယွမ်နားလည်သွားသည့်အချိန်မှာတင် သူ၏ဒန်ထျန်ထဲရှိ ဆန်းကြယ်ပကတိစွမ်းအင်များမှာ မူလကအငွေ့စွမ်းအင်မှ အနည်အနှစ်အဖြစ် ကူးပြောင်းသွားကြ၏။
ဤသည်မှာကား အဆင့်တက်သွားခြင်း၏အကျိုးကျေးဇူးပေ။ ကောင်းကင်ဘုံမှာ သူ့ကိုကူညီပေးနေသည့်အတိုင်း ကိုယ်ထဲရှိ ချီစွမ်းအင်တို့မှာ ပကတိအနည်အနှစ်အဖြစ်ကူးပြောင်းသွားကြသည်။
စုယွမ်၏အရေပြားမှာ အနည်းငယ်ချိုင့်ဝင်သွားသလို ယွမ်ရေကန်ကလည်း အနည်းငယ်တုန်ယင်နေလေသည်။ ထို့နောက်တွင်တော့ စုယွမ်၏အရှိန်အဝါမှာ ချက်ချင်းထိုးတက်သွားကာ အခြေခံအုတ်မြစ်တည်ဆောက်အခြင်းအဆင့်သို့ရောက်ရှိသွားတော့၏။
စုယွမ် မျက်လုံးဖွင့်၍ ကြောင်အနေလျက် သူ့ကို ကြည့်နေသောရှောင်ချိုက်ကို ကြည့်လိုက်သည်။
ရှောင်ချိုက်မှာ စိတ်ရှုပ်ထွေးစွာဖြင့် အမြီးလေးယမ်းလာ၏။
“ကျွန်မက သခင့်ကိုကာကွယ်ပေးနေတာလေ။ သခင်စကျင့်ကြံလို့ရပြီ။”
“ငါပြီးသွားပြီလေ။”
စုယွမ် ပြန်ပြောလိုက်သည်။
ရှောင်ချိုက်: “??”
စုယွမ်မှာလည်း ထူးဆန်းနေရသည်။ စာအုပ်ပေါင်းများစွာတွင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်မှာမည်မျှခက်ခဲကြောင်း၊ ထိုအဆင့်သို့ရောက်ရန် ဝိညာဉ်ကျောက်တုံးတစ်သိန်းတန်ဖိုးရှိဆေးလုံးများစွာလိုအပ်ကြောင်း၊ အထောက်အကူပစ္စည်းအမျိုးမျိုးကို သုံးရန် လိုအပ်ကြောင်း အကျယ်တဝန့်ဖော်ပြထားကြသည်။
သို့သော် သူ့အလှည့်တွင်တော့ အတွေးတစ်ချက်တွေးရုံသာရှိသေး၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ရောက်သွားချေပြီ။
ဒန်ထျန်ထဲရှိ သစ်သတ္ထုသန့်စင်လောင်ကျွမ်းအုတ်မြစ်မှာ အနည်းငယ်ပိုမာရုံသွားရုံသာရှိပြီး ထိုထက်ဘာမှပိုမလာချေ။
သူတွေးထားခဲ့သော ယွမ်ရေကန်ရှိဝိညာဉ်ရေတို့အများအပြားစုပ်ယူခံလိုက်ရမည့် ဖြစ်စဥ်ကတောက်ဖြစ်မလာခဲ့၊ သူချီစုဆောင်းခြင်းအဆင့်တုန်းက တွေးထားခဲ့သောအခြေအနေ၏ဆယ်ပုံတစ်ပုံမျှတောင် ဖြစ်မလာခဲ့ပါပေ။
စုယွမ်လည်း သေချာတွေးကြည့်ပြီးမှနားလည်သွာ့ရသည်။ သာမာန်လူတစ်ယောက်အတွက် ချီစုဆောင်းခြင်းအဆင့်မှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တက်လျှင် ဝိညာဉ်ကျောက်တုံးတစ်သိန်းလောက်လိုအပ်ပေ၏။
သူသည်ကတော့ အပြီးပြည့်စုံဆုံးသောအုတ်မြစ်ကိုတည်ဆောင်ရန် ထိုအဆင့်မရောက်မီကပင် ကြို၍ ဝိညာဉ်ကျောက်တုံးသန်းတစ်ရာလောက်ကိုသုံးစွဲခဲ့ရာ တကယ်အခြေအနေတွင် အားများစွာစိုက်ထုတ်စရာမလိုတော့သည်က ပုံမှန်ပါပေ။
ကျူးကောကျန့်နှင့်နန်ကုန်းဟော်ယွီတို့လိုလူများဆိုလျှင်လည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုရှိသင့်ပြီဖြစ်၏။ သို့သော် ဘာကြောင့်အဆင့်မတက်သေးသနည်း။ ဖြစ်တန်သည်မှာ ပို၍သန်မာသောအုတ်မြစ်ကိုရှာနေခြင်းကြောင့်ပင် ဖြစ်ရမည်။
အုတ်မြစ်တည်ခြင်းဆိုသည်မှာလည်း အခြေအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင်သာ လုပ်နိုင်သည်မဟုတ်၊ ချီစုဆောင်းခြင်းအဆင့်တွင်လည်း လုပ်နိုင်ပေသည်။ လူတစ်ဦးက ထိုအဆင့်အကြောင်းအလင့်ပွင့်သွားသည်နှင့် အုတ်မြစ်ကအလိုလိုတည်လာမည်သာ။
ကျူးကောကျန့်နှင့်အခြားသူများ လျှို့ဝှက်နယ်မြေသို့သွားချင်ရခြင်းမှာလည်း အဆင့်မြင့်အုတ်မြစ်တည်ရန်အတွက် ရှားပါးရတနာများကိုသွားရှာရခြင်းဖြစ်ရမည်။ အားအားယားယားရည်ရွယ်ချက်မရှိသွားခြင်းတော့မဟုတ်နိုင်ပေ။
သူတို့၏ပါရမီအရဆိုလျှင် ထိုသူတို့မှာ လွယ်လင့်တကူရွှေအမြူတေအဆင့်ကို အိမ်တွင်ကျင့်ကြံရုံလောက်ဖြင့်ရနိုင်၏။ သို့သော် ကောင်းသည်ထက်သောကောင်းသောအုတ်မြစ်ကို ရှာဖွေနေခြင်းဖြစ်ရမည်သာ။
အနှီသူတို့မှာ ရွှေအမြူတေအဆင့် သို့မဟုတ် စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်တွင်သာ ရောင့်ရဲမည့်လူများမဟုတ်။ ကျူးကောကျန့်ကဲ့သို့သော ထိပ်တန်းအဆင့်ဝိညာဥ်ရင်းမြစ်ပိုင်ရှင်များမှာ ရှေးဦးဝိညာဥ်အဆင့်သို့ တိုက်ရိုက်ထိုးတက်ရန် ရည်ရွယ်နေကြခြင်းဖြစ်လောက်ပေမည်သာ။
စုယွမ်တစ်ဦးတည်းကသာလျှင် ပြင်ပကမ္ဘာသို့သွားရန်မလိုဘဲ သဘာဝအစီအရင်တစ်ခုကြောင့် အဆင့်တက်ကာ အပြီးပြည့်စုံဆုံးသောတာအိုအုတ်မြစ်ကိုတည်ဆောက်နိုင်ခဲ့ခြင်းဖြစ်၏။ ဤသည်မှာ မူလပါရမီရှင်နှင့် ဖြတ်လမ်းလိုက်သူကြား ကွာခြားချက်ပါပင်။
ယခုတွင်တော့ စုယွမ် ပြဿနာတက်နေချေပြီ။ သူ တည်ဆောက်လိုက်သောအုတ်မြစ်မှာအလွန်သန်မာလွန်းပေရာ ကျင့်ကြံနေစဥ်တွင် အားကုန်ထုတ်မသုံးနိုင်တော့ပေ။ အကယ်၍သူသာ အားကုန်ထုတ်သုံးမိပါက သူ၏မရီဒျာန်များမှာ ကျိုးပဲ့သွားနိုင်ပါ၏။
သို့သော် အလုပ်နှင့်နားနေဖလှယ်မှု၏စွမ်းရည်ကို ဤအတိုင်းသာထားလိုက်ဖို့ကလည်း နှမြောစရာကောင်းလွန်းနေသည်။
စုယွမ် အကြံတစ်ခုရသွားသည်။ သူ အဓိကလမ်းကြောမှမသွားဘဲ ဘေးလမ်းသွယ်များမှသွားမည်ဆိုလျှင်လည်း ရနိုင်သည်ပင်။
သူ့ခန္ဓာထဲရှိ ဝိညာဉ်သွေးကြော၁၁၈ခုမှာ ဘေးလမ်းသွယ်များဖြစ်ကြရာ အရှိန်ကို အဆုံးထိမြင့်တင်နိုင်၏။ ပြင်ပချီစွမ်းအင်များကလည်း သွေးကြောများထဲ တိုက်ရိုက်ဝင်ကာ ထို့နောက်မှသာ ဒန်ထျန်ထဲ ဝင်ရောက်ခြင်းဖြစ်၏။
ထိုသို့ဆိုပါက သစ်သတ္ထုသန့်စင်လောင်ကျွမ်းအုတ်မြစ်တွင် အပြင်ရရှိလာသောစွမ်းအင်များကို အလယ်ရှိရွှေရည်ကိုသန့်စင်ဖို့အတွက်သာ ပို၍သုံးလိုက်ပေမည်။
စုယွမ်လည်း တွေးပြီးသည်နှင့် တုံ့ဆိုင်းမနေတော့ပေ။
သူ့ခန္ဓာကိုယ်ရှိဝိညာဉ်သွေးကြောအားလုံးက ယွမ်ရေကန်တစ်ဝှမ်းလုံးရှိချီစွမ်းအင်တို့ကို အပြင်းအထန်စုပ်ယူကြတော့သည်။
ဝိညာဉ်ရေတို့က ဝိညာဉ်သွေးကြောထဲဝင်လာသည်နှင့် ဆန်းကြယ်ပကတိစွမ်းအင်အငွေ့အဖြစ်တိုက်ရိုက်ပြောင်းကာ ဒန်ထျန်အတွင်းရောက်ရှိသွားတော့၏။
များပြားစွာသောဆန်းကြယ်ပကတိချီစွမ်းအင်တို့မှာ ဒန်ထျန်ထဲတွင် လျင်မြန်စွာလည်ပတ်ကြတော့သည်။ အနှီစွမ်းအင်တို့ကလည်းလည်း အနည်အနှစ်ထုတ်လုပ်ရန် စုဝင်မသွားကြဘဲ၊ သစ်သတ္ထုသန့်စင်လောင်ကျွမ်းအုတ်မြစ်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားတော့သည်။
ဤသို့ဖြင့် သစ်သတ္ထုသန့်စင်လောင်ကျွမ်းအုတ်မြစ်ထဲရှိ သစ်သားနှင့်သတ္ထုနိယာမတို့ကအလုပ်လုပ်လာပြီး ဆန်းကြယ်ပကတိချီစွမ်းအင်တို့ကလည်း အလယ်ရှိမီးတောက်များအတွင်း စိမ့်ဝင်သွားတော့၏။
သစ်သားနိယာမမှာ မီးတောက်ကိုအားဖြည့်ပေးနေလျက် ပိုမိုလောင်မြိုက်စေလေသည်။ ထိုအချိန်တွင် သတ္ထုနိယာမကလည်းလှုပ်ရှားလာပြီး ဆန်းကြယ်ပကတိချီစွမ်းအင်တို့ကိုအသုံးချကာ ရွှေမျှင်တန်းကို သန့်စင်လာသည်။ ဤသို့ဖြင့် ဆန်းကြယ်ပကတိချီစွမ်းအင်တို့ အငွေ့ပျံသွားသည့်အလျောက် မီးတောက်များကြားရှိ ရွှေရောင်အမျှင်တို့မှာ ပို၍အစိုင်အခဲထုအဖြစ်ပုံပေါ်လာ၏။
ဂိုဏ်းချုပ်ကုတောင် ဤမြင်ကွင်းကိုမြင်သွားပါက ကြောင်အသွားနိုင်ချေရှိ၏။ အကြောင်းမှာ ဤသည်က အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိသူတစ်ဦး ကျင့်ကြံနိုင်သောအနေအထားမဟုတ်သည်လေ။ ဤသည်မှာ ရွှေအမြူတေအဆင့်ပင် ဖြစ်နေချေပြီ။
စုယွမ်ကတော့ မဟုတ်ဟုသာငြင်းပယ်မိမည်။ သူတည်ဆောက်နေသောရွှေအမျှင်အတန်းမှာ အနည်းငယ်သာဖြစ်ရာ ရွှေအမြူတေအစစ်၏အသေးစားမျှသာဖြစ်သည်။ သို့ဖြစ်ရာ ဤသည်မှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တွင်သာ စင်စစ်ရှိနေသေးပါ၏။
စုယွမ်၏ခန္ဓာကိုယ်အတွင်းတွင်ရှိနေသော သဘာဝတားမြစ်အခင်းအကျင်းမှာ အံ့လောက်ဖွယ်နိယာမပင်၊ တစ်ချိန်တည်းတွင်ပင် ၎င်းက သဘာဝအလျောက်တည်ရှိနေခြင်းဖြစ်သည့်အတွက် သဘာဝတရားနှင့်လိုက်လျောညီထွေဖြစ်နေသေး၏။
ပြင်ပရှိဝိညာဉ်ရေတို့မှာ ဝိညာဉ်သွေးကြော၁၁၈ခုအတွင်းသို့ စဥ်ဆက်မပြတ်ဖြာထွက်စီးဆင်းနေရာ စုယွမ်လည်း မျက်လုံးမှိတ်၍ ရွှေမျှင်သန့်စင်ရန် သစ်သတ္ထုသန့်စင်လောင်ကျွမ်းအုတ်မြစ်ကို အကောင်းဆုံးအားဖြည့်ပေးနေလိုက်သည်။
မကြာမီတွင်ပင် သူ အမြင့်တန်းဝိညာဉ်ကျောက်တုံးဆယ်ခုနှင့်ညီမျှသော ချီစွမ်းအင်တို့ကို သုံးစွဲပြီးဖြစ်သွားခဲ့၏။ ရလဒ်အနေဖြင့်လည်း ရွှေမျှင်တန်းမှာအလွန်သေးငယ်သော၊ သေးငယ်လွန်းသဖြင့် မမြင်နိုင်လုနီးနီးဖြစ်သော အမှုန်လေးအဖြစ်ဖြစ်ပေါ်လာလေသည်။
စုယွမ်မှာ ယခုတွင်တော့ ရွှေမှုန်အဆင့်ရောက်နေပြီဟုပြော၍ရပေသည်။
သူဟာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြူတေအဆင့်ကြား ရွှေမှုန်အဆင့်ဟူကာ အတင်းထိုးတည့်ခဲ့ခြင်းဖြစ်၏။ ထိုသည်သာမက သူ ရွှေပုလဲအဆင့်၊ ရွှေစပါးအဆင့်စသည်ဖြင့် ထပ်ထည့်နိုင်သေးပေသည်။
စုယွမ်ကတော့ ဤသို့သော ကျင့်ကြံနည်းမျိုးမှာ အဆင်ပြေသည်ဟုထင်၏။ ဆယ်လတာကိုယ်ဝန်ဆောင်ခြင်းမျိုးကဲ့သို့ပင် တစ်ဆင့်ပြီးတစ်ဆင့်ကြီးထွားလာလိမ့်ပေမည်။ အခြားကျင့်ကြံသူများက မူလအဆင့်ကနေ ရွှေအမြူတေအဆင့်ကိုတန်းသွားလေရှိကြသော်လည်း သူကတော့ အနှီအစိုင်အခဲလေးကို သေချာအားဖြည့်မွေးမြူချေမည်။ အရှိန်မှာ သာမန်ထက်နှေးနိုင်သော်ငြား အန္တာရယ်နည်းမည်ဖြစ်သလို အနာဂတ်ရှိအကျိုးကျေးဇူးများလည်း သာမန်ထက်ပိုများလောက်မည်ပေ။
သို့သော် စုယွမ်ကတော့ အနှီအခြားကျင့်ကြံသူများကလည်း သူ့ကဲ့သို့ အစိုင်းအခဲအရင်တည်ဆောက်မည်ဟုမယူဆပါပေ။ အကြောင်းမှာ ထိုသို့တည်ဆောက်ရသည့်အခက်အခဲမှာလည်း ရွှေအမြူတေကိုတည်ဆောက်ရခြင်းထက် ပို၍နည်းမည်မဟုတ်ပေ။ ဆန့်ကျင့်ဘက်အားဖြင့် ဤသည်မှာ ပို၍ခက်နေနိုင်သေး၏။
စုယွမ် ဆက်လက်ဖွဲ့စည်းနေလိုက်သည်။ စုယွမ်လည်း ပထမရွှေမှုန်ကို တော်တော်လေးဆက်လက်အားဖြည့်ပြီးချိန်တွင် ကျွမ်းကျင်သွားသည်ဟု ခံစားလိုက်ရ၏။
ထို့အတွက် ဒုတိယမြောက်တစ်ခုကိုတော့ သူ ပိုလွယ်ကူလျင်မြန်စွာ ပြီးသွား၏။ ရွှေမှုန်လေးနှစ်ခုမှာ မီးတောက်များအကြားတွင် သန့်စင်ခံနေရသည်။ အုတ်မြစ်မှာကား သစ်သားနှင့်သတ္ထုနိယာမအားဖြင့်ပြုလုပ်ထားခြင်းဖြစ်ရာ အနှီအမှုန်နှစ်ခုကို လုံလုံလောက်လောက်အားဖြည့်ပေးနိုင်ပါ၏။
စုယွမ်၏အမူအရာမှာ တည်ငြိမ်နေဆဲဖြစ်ပြီး သူ ဆက်၍ ရွှေအမှုန်လေးကို ဖွဲ့စည်းနေလိုက်သည်။
အမှုန်ခုနစ်ခုအထိမြောက်ဖွဲ့စည်းပြီးချိန်တွင် စုယွမ်မှာ ရုတ်တရက်အတွေးပေါက်သွားလျက် အမှုန်ခုနစ်ခုကို ခုနစ်စဥ်ကြယ်လမ်းကြောင်းအတိုင်းစီလိုက်၏။
ထို့အပြင် ယခုအချိန်မှာ ညအခါဖြစ်နေချေပြီ။
ကောင်းကင်ရှိခုနစ်စဥ်ကလည်း ရုတ်တရက် အလွန်လင်းလက်လာပြီး ရောင်စဥ်ခုနစ်ခုအဖြစ် တိမ်လွှာအဆင့်ဆင့်ကိုဖြတ်ကာ စုယွမ်၏ကိုယ်ပေါ်သို့ တိုက်ရိုက်ကျရောက်လာလေသည်။
ရွှေအစိုင်အခဲတိို့မှာ ကြယ်များမှစွမ်းအင်ကိုရရှိလိုက်ပုံပင်၊ ၎င်းတို့က အလွန်ရှုပ်ထွေးစွာလည်ပတ်လာကြပြီး ကြယ်အစုအဝေးပုံစံအမျိုးမျိုးပြောင်းနေတော့၏။ ဤသည်များကို ကြည့်ရင်း စုယွမ်မှာ ကောင်းကင်ဘုံမှာ သင်ကြားခြင်းကို ခံလိုက်ရသည့်အတိုင်း ကနေဦးအဆင့်တတ်ကျွမ်းမှုတွင်သာ ရပ်နေသောစုယွမ်မှာ ချက်ချင်းကျွမ်းကျင်သွားလေသည်။
စုယွမ်လည်း အတွေးပေါက်သွားပြီး နောက်ထပ် ရွှေမှုန်နှစ်ခုကိုထပ်ဖွဲ့စည်းလိုက်သည်။ ယင်းအမှုန်လေးနှစ်ခုမှာ ယခင်အမှုန်၇ခုနှင့်ပေါင်းကာ ပိုကြီးမားသောခုနစ်စဥ်ကြယ်အဖွဲ့အစည်းအသွင်ဖြစ်သွားရ၏။
ဆက်လက်၍ ဆန်းကြယ်ပကတိချီစွမ်းအင်တို့မှာ ရွှေမှုန်တို့ကို ထပ်မဖွဲ့စည်းတော့ဘဲ ယခင်ရှိပြီးသားအမှုန်တို့ကိုသာ အားဖြည့်လေသည်။
သစ်သတ္ထုသန့်စင်လောင်ကျွမ်းအုတ်မြစ်အတွင်းတွင် ရွှေရောင်တောက်နေသောခုနစ်စဥ်ကြယ်ပုံရွှေမှုန်တို့မှာ မီးတောက်များဆီမှ ရစ်ပတ်ခံနေရပြီး အစစ်အမှန်ကြယ်များအသွင်ဖြစ်လာရသည်။
ယခုဆိုလျှင် စုယွမ်၏ကျင့်စဥ်မှာ အမှန်တကယ်ကိုပြုပြင်ခံလိုက်ရရာ သစ်သတ္ထုသန့်စင်လောင်ကျွမ်းကျင့်စဥ်၏အဆင့်ကိုမသတ်မှတ်နိုင်တော့ပေ။
သူအကြံတစ်ခုပေါ်လာ၏။ အနာဂတ်တွင် သူ ဤကျင့်စဥ်ကို ထူးခြားသောကျင့်စဥ်ဖြစ်စေချင်ပေသည်။ သူ အနှီကျင့်စဥ်ကို ပိုရိုးရှင်းသောကျင့်စဥ်ကိုးခုအဖြစ်ခွဲထုတ်ကာ နောက်မျိုးဆက်များကို လက်ဆင့်ကမ်းပေးချေမည်။ အရိုးရှင်းဆုံးသောတစ်ခုကတောင် မသေမျိုးမျိုးစေ့တောင်ကြားတွင်ရခဲ့သောဆန်းကြယ်စစ်မှန်ကျင့်စဥ်ထက် အဆတစ်ထောင်ပိုခက်ပေလိမ့်မည်။ သို့သော် ယင်းကိုကျင့်ကြံနိုင်မည့် တုနှိုင်းမဲ့ပါရမီရှင်ကတော့ ရှိနေဦးမည်ပါပေ။
ထို့ကြောင့် သူလည်း ကျင့်စဥ်ကို ဆက်လက်၍ပြုပြင်ကာ ပြင်ဆင်နေလိုက်သည်။ အကယ်၍ တုနှိုင်းမဲ့ပါရမီရှင်တစ်ဦးသာ အနာဂတ်တစ်ချိန်တွင် သူ့လမ်းအတိုင်းလျှောက်ခဲ့ပါက ရူးမသွားအောင် ခံနိုင်ရည်မည်လား သူလည်း မသေချာပါချေ။
ထိုအချိန် ဂိုဏ်း၏အဓိကခန်းမတွင် ဂိုဏ်းချုပ်ကုဟာ ကြောင်အစွာရပ်နေလေ၏။
“ထည်သွင်းထားသောဝိညာဥ်ကျောက်တုံးများက ကုန်ခမ်းတော့ပါမယ်။ ကျေးဇူးပြုပြီး အချိန်မှီပြန်ဖြည့်ပေးပါ၊ဂိုဏ်းချုပ်။”
“ငါသိတယ်။ ခဏတိတ်စမ်း။”
“ထည်သွင်းထားသောဝိညာဥ်ကျောက်တုံးများက ကုန်ခမ်းတော့ပါမယ်။ ကျေးဇူးပြုပြီး အချိန်မှီပြန်ဖြည့်ပေးပါ၊ဂိုဏ်းချုပ်။”
“သိပါတယ်ဆို၊ ခဏခဏပြောမနေနဲ့။”
“ကျေးဇူးပြုပြီး... “
ဂိုဏ်းချုပ်ကု၏စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ လုံးဝပြိုလဲနေရချေပြီ။ သူ စုစုပေါင်းဝိညာဥ်ကျောက်တုံးသုံးစွဲမှုကိုကြည့်လိုက်တော့ ဝိညာဉ်ကျောက်တုံးသန်းရှစ်ရာပင်ဖြစ်တော့မည်။ ဤသည်မှာ အဆင့်မြင့်ဝိညာဉ်ကျောက်တုံးရှစ်ရာစာသာဖြစ်သော်ငြား သူ့လို စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အတွက်ပင် နှစ်လစာလုံလောက်သောပမာဏဖြစ်၏။
အနှီသူကတကယ်ပဲ အခြေခံအုတ်မြစ်အဆင့်ကျင့်ကြံသူတောင်ဟုတ်ပါသေးရဲ့လား။
လုံးဝကို ကျိုးကြောင်းမညီညွတ်လှသည်ပင်။
ယုတ္တိပင်မရှိတော့။
ကျင့်ကြံရေးလောကကတွင်လည်း လိုက်နာရမည့်ဥပဒေသဆိုတာရှိ၏။ သို့သော် ဖြစ်ပျက်နေသောအချင်းအရာများကတော့ ထူးဆန်းလွန်းလှ၏။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဖြစ်လင့်ကစား ရွှေအမြူတေအဆင့်စွမ်းရည်မျိုးပိုင်ဆိုင်ထားပေသည်။ ထိုသို့ဆိုပါက ဤသည်မှာ ရွှေအမြူတေအဆင့်ဟု ခေါ်ဆိုရမည်ပေလား။
သို့သော် အခြေခံအုတ်မြစ်အဆင့်တွင် ရွှေအမြူတေအဆင့်စွမ်းအင်ပိုင်ဆိုင်နေသော်ငြား ရွှေအမြူတေအစစ်ကိုတော့မဖွဲ့စည်းနိုင်သေးပေ။ ထို့အတွက် စုယွမ်ဟာ ရွှေအမြူတေအဆင့်မဟုတ်သေးပါပေ။ ထိုသို့ဆိုလျှင် ယွင်းမှားကျောရိုးအဆင့်များလား။ ထိုသို့ယွင်းမှားကျောရိုးအဆင့်ဆိုသည်မှာ ရွှေအမြူတေမရှိပါသော်ငြား ရွှေအမြူတေအဆင့်ခွန်အားကိုပိုင်ဆိုင်ထားသူများကိုခေါ်ခြင်းဖြစ်၏။ ယွင်းမှားကျောရိုးအဆင့်ရှိသူများကို တနည်းအားဖြင့် အမတသခင်လေးများဟုလည်း ခေါ်ကြသေးသည်မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ၊ ရွှေအမြူတေအဆင့်ခွန်အားနှင့်စွမ်းအင်ကိုပိုင်ဆိုင်ထားသည့်အတွက် ရွှေအမြူတေအဆင့်ဟုသောသတ်မှတ်ရချေမည်၊ ရွှေအမြူရှိခြင်းမရှိခြင်းက သိပ်၍အရေးမကြီးလှ။
ဂိုဏ်းချုပ်ကုမှာ မျက်မှောင်ကြုတ်သွားရ၏။
“ဒီကောင်လေး ကျင့်ကြံတာမှားနေတာလား။ သူသာ ရွှေအမြူတေအဆင့်ကိုတန်းရောက်နိုင်သွားရင် အုတ်မြစ်က မခိုင်ဖြစ်သွားလိမ့်မယ်။ အဲ့ဒီလိုဖြစ်သွားရင် အဆိုးဘက်ရောက်ကုန်ဖို့ အလားအလာပိုများသွားလိမ့်မယ်။”
သို့သော် သူ စုယွမ် ချီစုစည်းနေတာကိုတော့ မနှောင့်ယှက်၊ ထိုအစား ထပ်တောင် ဖြည့်ပေးလိုက်သေး၏။
သူ၏စိတ်ဝိညာဥ်အာရုံမှာ သိုလှောက်လက်စွပ်ထဲဝင်ရောက်သွားရာ ဝိညာဉ်ကျောက်တုံးတောင်လောက်ကြီး လေးပုံလောက်ရှိကြောင်း တွေ့လိုက်ရသည်။
ထိုသည်များမှာ အနိမ့်တန်း၊အလတ်တန်း၊ အမြင့်တန်းနှင့် ထိပ်တန်းဟူ၍ အသီးသီးခွဲကာ ပုံထားခြင်းဖြစ်သည်။
သူ၏လက်ထဲရှိသိုလှောက်လက်စွပ်ကလည်း အဆင့်ရှစ်ရှိဂိုဏ်းရတနာဖြစ်ပြီး ဂိုဏ်းချုပ်များ၏ပိုင်ဆိုင်ရာရတနာဖြစ်၏။ သူ အရင်ဆုံး စုယွမ်ကိုအားပေးပြီးမှ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲများနှင့်မဟာအကြီးအကဲအုပ်စုထံ သတင်းပို့လိုက်ချေမည်။
သူ၏စိတ်ဝိညာဥ်အာရုံမှာ အမြင့်တန်းဝိညာဉ်ကျောက်တုံးအပုံဆီပြန်ကြည့်လိုက်တော့ သိန်းချီလောက်တောင်လျော့နေတာကိုတွေ့လိုက်ရသည်။ အကုန်လုံးကလည်း အစီအရင်ထဲကို ထည့်လိုက်ရခြင်းဖြစ်၏။
ဂိုဏ်းချုပ်ကုမှာ ထိုသည်ကိုကြည့်ရင်း ရင်ကွဲနာကျနေရသည်။ သူ ရရှိခဲ့သော သန်းကိုးရာလုံးကို အကုန်ဖြုန်းပစ်ရရုံတင်မကဘဲ ထပ်မံ၍ တစ်ဘီလီယံတောင်ပေးရဦးချေမည်။ စုယွမ်သာ ပြန်ထွက်လာပါက သူ အနှီသူကို မြင်းလိုနွားလိုပြန်အလုပ်လုပ်ခိုင်းပေမည်။ သူ၏ဝိညာဉ်ကျောက်တုံးများအားလုံးကို ပြန်ရစေရချေမည်။