အခန်း ၈၆
Vol. 9 Ch. 86
Chapter 86
နွားကြီးမှာ ဂိုဏ်းချုပ်ကုကိုကြည့်၍ ပြောလာသည်။
“ဂိုဏ်းချုပ်ကု၊ ကျွန်တော် ဒီအလုပ်ကိုဆက်မလုပ်နိုင်တော့ဘူး။”
“ဘာ။”
ကုချင်းကျူးက နွားကြီးကို ကြောင်တောင်တောင်ပြန်ကြည့်လိုက်သည်။
“ဒါမင်းတောင်းဆိုထားတဲ့အလုပ်ပဲမဟုတ်ဘူးလား။ သက်တောင့်သက်ရာရှိပြီးဇိမ်ကျတာလေ။ မင်းအတွက် ဝိညာဉ်ပင်တွေစိုက်ပေးမဲ့ တပည့်တွေတောင်ရှိသေးတယ်။”
“အဲ့ဒါက အတိတ်လေဗျာ။ အစောင့်လုပ်ရတာ ဘဝအတွက် ဘာတိုးတက်မှုရှိမှာလဲ။”
နွားကြီးက ပြောလာ၏။
ဂိုဏ်းချုပ်ကုမှာ လက်ယမ်းလိုက်သည်။
“သဘောပဲ။ ငါ ဒီနေရာကိုစောင့်ဖို့ နောက်ထပ်အကြီးအကဲတစ်ယောက်ကိုရှာလိုက်မယ်။”
နွားကြီးမှာ သူ၏အစာများကို စတင်ထုတ်ပိုးတော့သည်။ နွားနားရွက်တွင်ချိတ်ထားသောသိုလှောင်လက်စွပ်တွင် အလင်းတစ်ချက်လင်းလာကာ ဘေးနားရှိ ရှိရှိသမျှဝိညာဉ်အပင်များကို စုပ်ယူသိမ်းဆည်းသွားတော့၏။ ရလဒ်အနေဖြင့် ကွင်းပြင်ကျယ်ကြီးမှာကား ဗလာသက်သက်သာကျန်ခဲ့တော့လေသည်။
ဂိုဏ်းချုပ်ကုမှာ ခပ်မဲ့မဲ့တောင်ဖြစ်သွားသည်။ သူ ဒီမှာရှိတာတောင် မထိန်းနိုင်သည်အထိဖြစ်နေပါသလား။ အကြီးအကဲတစ်ဦး၏စီးတော်ယာဥ်ဖြစ်နေခဲ့ရုံလေးနှင့် ထိုနွားမှာ သူ့ကိုယ်သူဟုတ်လှပြီနေထင်တာပင်။ ဟမ့်၊ သူဆိုလျှင် အနာဂတ်တွင် ဆက်ခံသူသခင်၏ဆရာပင်ဖြစ်တော့မှာဖြစ်၏။
ကုချင်းကျူးလည်း နွားကိုလျစ်လျူရှုကာ စုယွမ်ထွက်လာမှာကို စောင့်နေလိုက်သည်။
သိပ်၍မကြာ၊ စုယွမ်က ငါးကန်ကိုသယ်၍ ယွမ်ရေကန်မှ ဖြည်းညင်းစွာ လျှောက်ထွက်လာသည်။
ကုချင်းကျူးကိုမြင်တော့ စုယွမ်လည်း တစ်ခဏရပ်တန့်သွားပြီး ငါးကန်ကိုလေထဲလွှင့်စေကာ လက်ကိုအရိုအသေပြုဟန် ဆုပ်လိုက်သည်။
“စုယွမ် ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်။”
ထို့နောက် သူ ပြန်မတ်မတ်ရပ်ကာ မေးလိုက်သည်။
“ဂိုဏ်းချုပ်ကု၊ ဘာလာလုပ်တာလဲဟင်။”
ကုချင်းကျူးကတော့ စုယွမ်၏မကြိုဆိုမှုများကို ဂရုမစိုက်၊ သူ အမူအရာမဲ့စွာသာပြောလိုက်သည်။
“စုယွမ်၊ မင်းဘာအမှားလုပ်ထားလဲသိလား။”
“ဘာကိုလဲ။”
စုယွမ် ရှုပ်ထွေးသွားရသည်။
ဂိုဏ်းချုပ်ကုလည်း ဘေးတွင်လွှင့်နေသောငါးကန်ကို ညွှန်ပြလိုက်သည်။ သူ့မှာ အထဲရှိငါးအုပ်စုကိုကြည့်ရင်း နှုတ်ခမ်းများတောင်မဲ့သွားရ၏။
“ဟမ်၊ ဒါက ဘာဖြစ်လို့လဲ။”
စုယွမ်လည်း ပြန်မေးလိုက်သည်။
“ယွမ်ရေကန်ထဲကို ဝိညာဉ်သားရဲတွေကို ယူခွင့်မှမရှိတာ။ မင်းကိုယ်မင်းပြန်ကြည့်ဦး။ အကောင်ငါးဆယ်လောက်တောင်ယူသွားသေးတယ်။ တကယ်ကို စည်းမျဉ်းတွေကိုလုပ်ချင်တိုင်းလုပ်နေတာပဲ။”
ဂိုဏ်းချုပ်ကုမှာ အံတင်းတင်းကြိတ်ထားရလွန်းသည့်အတွက် အံ့ကြိတ်သံများကိုတောင် ထွက်လာရ၏။
ဤသည်ကိုကြားတော့ စုယွမ်မှာ ကြောင်အအဖြင့် သူ့နှဖူးသူရိုက်၊ ခေါင်းငုံ့သွားကာ ကိုယ့်ကိုယ်ကို ကာကွယ်လာတော့သည်။
“ကျွန်တော့်ကို ဘယ်သူမှမပြောတာကို။ ကျွန်တော်လည်း ရတယ်ထင်လို့ပေါ့။”
ဤသည်မှာ အလိမ်အညာပါပေ။ စုယွမ်က ထိုသို့သောစည်းမျဥ်းကို စာကြည့်တိုက်ထဲတွင် တွေးဖူးပြီးသားဖြစ်၏။ သူက ဒီအတိုင်း ရမလားဟု စမ်းကြည့်ရုံသာပေ။ နောက်ပြီး တကယ်လည်း ရသွားခဲ့သည်သာ။
သို့သော်လည်း ဘယ်သူမှ သူ့ကိုလာမပြောသလို၊ တားမြစ်ထားသည်ဟု ထင်ထင်ရှားရှားလည်းရေးထားခြင်းမရှိရာ သူကတော့ ဖြူစင်ရိုးသားစွာဖြင့် ဘူးခံငြင်းနေဦးမှာပင်။
ဂိုဏ်းချုပ်ကုက သူ့ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်သည်။
“ဒီတစ်ခေါက်ပဲဖြစ်ပါစေ။”
စုယွမ် သက်သာရာရစွာ သက်ပြင်းခိုးချမိသွားသည်။ သူ၏ဂိုဏ်းချုပ်ကုအပေါ်အမြင်ကလည်း တော်တော်လေးပြောင်းသွားရ၏၊ ဤဂိုဏ်းချုပ်မှာ တော်တော်လေး ကောင်းသည်ပင်။
“ဒါနဲ့ မင်းကျင့်ကြံဆင့်က အခုဘယ်ရောက်ပြီလဲ။”
ဂိုဏ်းချုပ်ကု ပြောလိုက်သည်။
“ငါ မင်း ချီစွမ်းအင်အများကြီးစုပ်ယူနေတယ်ဆိုပြီးသတင်းရတယ်။ အဲ့ဒီလောက်ချီစွမ်းအင်ဆိုရင် မင်း ရွှေအမြူတေအဆင့်တောင် ရောက်လောက်ပြီ။”
ဤသည်ကိုကြားတော့ စုယွမ်လည်း ခေါင်းခါ၍ ဆိုလိုက်သည်။
“ကျွန်တော် အခုထိရွှေအမြူတေအဆင့်မရောက်သေးပါဘူးဗျာ။”
“ဟုတ်လို့လား။ ပြန်ကြည့်ပါဦး။ မင်း လေထဲပျံကြည့်ပါလား။ ဒီအတိုင်းပျံချင်တယ်လို့ပဲတွေးလိုက်၊ ခန္ဓာကိုယ်ထဲက ဘယ်ခွန်အားကိုမှမသုံးနဲ့။”
ဂိုဏ်းချုပ်ကုက စုယွမ်ကို စိုက်ကြည့်၍ သေချာပြောလာသည်။
“ဘယ်လိုလုပ်တွေးလိုက်ရုံနဲ့... ဟမ်။”
စုယွမ်မှာ သူ့ကိုယ်သူ လေထဲမြှောက်သွားတာကိုကြည့်ပြီး ထိတ်လန့်သွားရသည်။
ဤသည်မှာ ရွှေအမြူတေအဆင့်၏အခြေခံစွမ်းရည်များပင်။ သူကတော့ သူ့ကိုယ်သူ ရွှေအမြူတေအဆင့်မရောက်သေးဘူးဟုသာ ထင်ခဲ့တာဖြစ်သည်။ သို့သော် ရွှေမှုန်အဆင့်ကပါ ထိုသို့လုပ်နိုင်လိမ့်မည်ဟု ထင်မထားပါချေ။
ဂိုဏ်းချုပ်ကု မေးစေ့ကိုသပ်ရင်း စုယွမ်ကို လှည့်ပတ်ကြည့်လာ၏။ ထို့နောက် သူ ခေါင်းခါ၍ ဆိုသည်။
“ငါတကယ် နားမလည်နိုင်တော့ဘူး။ တကယ်ထူးဆန်းတာပဲ။”
စုယွမ်၏မျက်နှာမှာ မဲမှောင်သွားလေ၏။
“ဂိုဏ်းချုပ်၊ ဘာတွေပြောနေတာလဲ။”
“ကောင်းပြီလေ။ မင်းက အခု ရွှေအမြူတေအဆင့်ရောက်ပြီဆိုတော့ ဂိုဏ်းကိုပြန်ဝင်ဖို့အချိန်ကျပြီ။ ဂိုဏ်းထဲမှာ ဘာလုပ်ချင်တယ်လို့တွေးလဲ။”
ကုချင်းကျူး ထမေးလိုက်သည်။
စုယွမ်လည်း ကိုယ့်ကိုယ်ကိုကာကွယ်နေတာကိုရပ်လိုက်ပြီး ပြန်မေးလိုက်၏။
“ကျွန်တော် မသေမျိုးမျိုးစေ့တောင်ကြားကို သွားလို့ရမလား။ အဲ့ဒီနေရာက စိတ်ဝင်စားဖို့ကောင်းလို့။”
“ဘယ်လို။”
ဂိုဏ်းချုပ်ကု အံ့သြသွားရသည်။
“မသေမျိုးမျိုးစေ့တောင်ကြားကို သွားချင်လို့လား။”
“မရဘူးလား။”
စုယွမ် မေးလိုက်သည်။
ဤသည်မှာ စုယွမ်တွေးထားသော သိုသိုသိပ်သိပ်ဖြင့် ကျော်ကြားမှုအမှတ်စုဆောင်းနိုင်မည့်နည်းလမ်းဖြစ်၏။
တပည့်အသစ်လေးများမှာ ကျော်ကြားမှုအမှတ်နည်းနည်းပဲပေးလျှင်တောင်မှ အနှီသူတို့က အနာဂတ်တွင် ခွန်အားကြီးလာနိုင်ရာ နောက်ဆက်တွဲကျော်ကြားမှတ်က တိုးမြင့်လာနိုင်၏။ ဤနည်းလမ်းဖြင့်ဆိုလျှင် သူ၏ကျော်ကြားမှုအမှတ်များမှာ စဥ်ဆက်မပြတ် ငြိမ်းချမ်းစွာ တိုးများလာနိုင်ပါ၏။
“ရပါတယ်။”
ဂိုဏ်းချုပ်ကုက တစ်ခဏမျှတွေးနေပြီး ထုတ်ပြောလိုက်၏။
“ဒါပေမဲ့ မင်းက လတ်တလောတော့ တောင်ထိပ်သခင်နေရာကိုဆက်ခံရဦးမယ်။”
“ဘာကို။ ကျွန်တော်က တောင်သခင်လုပ်ရမှာလား။”
စုယွမ် အံ့သြသွားရသည်။
ဂိုဏ်းချုပ်ကုက အေးအေးသာသာ ဆိုလာ၏။
“မင်းက ဘိုးဘေဆရာသခင်ရဲ့အမွေအနှစ်ထဲက တစ်ခုခုကိုသင်ထားတာမဟုတ်လား။ အဲ့ဒီကအမွေဆက်ခံနိုင်သူတိုင်းက နောက်လူတွေကို ပြန်လက်ဆင့်ကမ်းပေးရတယ်။ ဒါ မဖြစ်မနေလုပ်ရမဲ့စည်းမျဥ်းပဲ။ ငါပြောချင်တာ နားလည်လား။”
စုယွမ်၏အမူအရာမှာ ပြောင်းလဲသွားရတော့၏။ သူ ဂိုဏ်းချုပ်က ဒီအကြောင်းတွေသိနေမည်ဟု ထင်မထားပါချေ။ သို့သော်လည်း သူက ဘိုးဘေးဆရာသခင်၏မျက်နှာသာပေးခြင်းခံထားရသူဖြစ်ရာ ပြန်လက်ဆင့်ကမ်းပေးသင့်သည်ပင်။ ထိုသို့ဆိုပါက သူ၏ကျော်ကြားမှုအမှတ်များကလည်း အဆက်မပြတ်တိုးပွားလာနိုင်၏။ ဤသို့တွေးကြည့်လိုက်လျှင်လည်း ဒါက ကောင်းသောအရာပါပင်။
“ကောင်းပါပြီ။”
စုယွမ် ခေါင်းညိတ်လိုက်၏။
စုယွမ်တကယ်ကြီး ဝန်ခံလာသည်ကိုတွေ့တော့ ကုချင်းကျူးမှာ စိတ်ထဲ ကြိတ်ထိတ်လန့်မိဆဲပေ။
ဤသည်မှာ တကယ်ကိုအမွေအနှစ်ကြီးဖြစ်၏။ဒါက အရေးကြီးသော်ငြား အဓိကမဟုတ်၊ အဓိကမှာ ထိုသို့အမွေအနှစ်ကိုဆက်ခံနိုင်ခဲ့သောသူပါပင်၊ အနှီသူဟာ အဘယ်သို့သော ပါရမီရှင်မျိုးပါနည်း။
ထို့အပြင် အမွေအနှစ်က နောက်ကျမှပေါ်ထွက်လာလေလေ၊ ထိုအရာကိုနားလည်နိုင်ခဲ့သောလူက ပို၍ထူးချွန်လေလေဖြစ်သည်။ အထူးသဖြင့် ဤခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းတွင် အမွေအနှစ်တစ်ခုကို နားလည်နိုင်သည်သူပေါ်ထွက်လာသည်မှာ အလွန့်အလွန်ကို ကြာမြင့်နေပြီပင်။ စုယွမ်ဟာ ဂိုဏ်းတွင်ရှိသမျှသော ပါရမီရှင်ကိုသာမက အရင့်အရင်သောဆက်ခံသူသခင်ခုနစ်ဦးကိုပါ ကျော်တက်နိုင်သွားတာဖြစ်ပေ၏။
“သွားကြစို့။ ငါ မင်းကို ကွယ်ဝှက်တောင်ထိပ်ကိုခေါ်သွားပေးမယ်။ နာမည်ကိုတော့ မင်းနောက်မှ ဘယ်လိုပြောင်းလဲ မင်းဘာသာမင်းစဥ်းစား။ အခုကစပြီး အဲ့ဒီနယ်မြေက မင်းအပိုင်ပဲ။”
ဂိုဏ်းချုပ်ကုက ပျံတက်သွားပြီးဆိုလာသည်။
စုယွမ်လည်း လေထဲမှာဖြစ်ရာ ဂိုဏ်းချုပ်နောက်လိုက်ရန်ပြင်လိုက်သည်။
ဘေးတွင်မူ အစိမ်းရောင်နွားတစ်ကောင်မှာ စုယွမ်နောက် ကပ်လိုက်လာ၏။ မသိလျှင် အနှီနွားမှာ သူ၏သားရဲဖြစ်လေသည့်အတိုင်း စုယွမ်ထိုင်နိုင်ရန် ကိုယ်ကိုငုံ့ပေးလာသည်။
စုယွမ်လည်း ရှုပ်ထွေးစွာဖြင့် အနှီနွားကို ခေါင်းလှည့်ကြည့်လိုက်သည်။ နွားကြီးမှာ မျက်တောင်ခတ်လျက် သူ့ကို ဖြူစင်စွာ ပြန်ကြည့်လာ၏။
စုယွမ် အနည်းငယ်အံ့သြသွားရ၏။ သို့သော် စုယွမ်လည်း နွားကြီးကျောပေါ်သို့ ဒီအတိုင်းထိုင်လိုက်သည်။ ထို့နောက်တွင်မူ နွားကြီးမှာ ဟစ်ကြွေးလျက် ဂိုဏ်းချုပ်ကုနောက်သို့ လိုက်တော့လေ၏။
ဂိုဏ်းချုပ်ကုလည်း နောက်လှည့်ကြည့်သော် ဤမြင်ကွင်းက စောင့်ကြိုနေသည့်အတွက် ထိုနွားကို သူ့မှာ အထိတ်တလန့် ပြန်ကြည့်မိသွား၏။
ဒီနွားအိုကြီးကတော့၊ ဂိတ်စောင့်မလုပ်တော့တာ အံ့သြစရာမရှိတော့ပါဘူး။ မင်းက ပိုပြီးမိုက်တဲ့ခုတုံးကိုတွေ့သွားတာကို။