← Chapters

အခန်း ၈၇

Vol. 9 Ch. 87

အခန်း ၈၇

Vol. 9 Ch. 87

Chapter 87: တောင်သခင်အသိုင်းအဝိုင်းထဲ ဝင်ရောက်ခြင်း။

“ဒီအချက်အလက်တွေကိုယူထား။”

ဂိုဏ်းချုပ်ကုက တပည့်စာရင်းတစ်ခုကိုထုတ်ပြလာသည်။

“လက်ရှိမှာတော့ ကွယ်ဝှက်တောင်ထိပ်က ရွှေအမြူတေအဆင့်တပည့်၄၃၈ယောက်၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်တပည့်လေးထောင်နဲ့ ချီစုဆောင်းခြင်းအဆင့်တပည့်၁သောင်း၂ထောင်ရှိတယ်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတဲ့သူကတော့ နည်းနည်းများနေတာ။ အဓိကကတော့ ဒီတောင်ထိပ်ကိုဝင်ဖို့ဆိုတာ မလွယ်လို့လေ။ လက်ရှိကွယ်ဝှက်တောင်ထိပ်ကိုအုပ်ချုပ်နေတဲ့စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်အကြီးအကဲက ပင်မတောင်ထိပ်ကိုပြန်ပြောင်းလာလိမ့်မယ်။ ဒါပေမဲ့ အနာဂတ်မှာ မင်းလွဲယူပြီးမှအဆင့်တက်လာတဲ့ စိတ်ဝိညာဥ်ဖွံ့ဖြိုးခြင်းအဆင့်တွေကတော့ ကွယ်ဝှက်တောင်ထိပ်ရဲ့အပိုင်ဖြစ်လာလိမ့်မယ်။”

ဂိုဏ်းချုပ်ကုက ကွယ်ဝှက်တောင်ထိပ်၏အခြေအနေကို အကြမ်းဖျင်းမိတ်ဆက်ပေးလာသည်။

စုယွမ်မှာ နားထောင်းရင် တိတ်တခိုး အံ့သြနေရတော့၏။ အပြင်တွင်ဆိုလျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတစ်ဦးကတောင် ဂိုဏ်းတစ်ခုထောင်၍ရပြီး ကျင့်ကြံရေးမြို့ထဲတွင် နာမည်တစ်ခုခြေကုပ်ယူနိုင်ချေမည်။ ထို့အတူ ရွှေအမြူတေအဆင့်ရှိသူဆိုလျှင် နယ်မြေဒေသတစ်ခုကိုတောင် အုပ်ချုပ်ခွင့်ရလေ့ရှိ၏။

သို့သော်ငြား ဤကွယ်ဝှက်တောင်ထိပ်တွင်တော့ တောင်တစ်ခုတည်းတွင်ပင် မြောက်များစွာသောအင်အားကြီးပုဂ္ဂိုလ်တို့စုဝေးနေလေသည်။ ဤသည်ကကပင် ခုနစ်အကြွင်းမဲ့ဂိုဏ်း၏အင်အားတစ်စွန်းတစ်စကို ထုတ်ဖော်နေပေ၏။

သို့လင့်ကစား ဤမျှကြီးမားသောအင်အားစုကို သူ့ကို လွယ်လင့်တကူအုပ်ချုပ်ပေး၍အဆင်ပြေသည်လား။

စုယွမ်လည်း ရပ်တန့်သွားပြီး ဆိုသည်။

“ကျွန်တော် ဒီအတိုင်းတောင်သခင်ဖြစ်သွားတာက အရမ်းမမြန်ဘူးလား။”

“ဒါက အကြီးအကဲနန်ကုန်းရဲ့အမိန့်ပဲ။”

ဂိုဏ်းချုပ်ကု ပြောလိုက်၏။

စုယွမ်၏မျက်စံများကျုံ့သွား၏။ ထိုသည်မှာ သူ့ကို ကျော်ကြားမှုအမှတ်ငါးရာကျော်ရစေခဲ့သောလူအိုကြီးဖြစ်နေသည်များလား။ ထိုအခါမှ စုယွမ်လည်း ကိစ္စများကို နားလည်သွားရပြီး ဆိုလိုက်သည်။

“ကျွန်တော် နားလည်ပါပြီ။”

“အဲ့ဒီတော့ တောင်ထိပ်နာမည်ကိုဘယ်လိုပေးမလဲ။ မင်း အခြားတောင်ထိပ်တွေရဲ့နာမည်ကိုမှီငြိမ်းပေးလို့ရတယ်။”

ဂိုဏ်းချုပ်ကု မေးလိုက်သည်။

စုယွမ်လည်း ဤသည်ကိုကြားတော့ ပြန်ပြောလိုက်၏။

“အဲ့ဒါဆိုရင်လည်း သုံးခြယ်အကြွင်းမဲ့တောင်ထိပ်လို့ခေါ်ကြတာပေါ့။”

“သုံးခြယ်တဲ့လား။”

ဂိုဏ်းချုပ်ကုလည်း သိချင်စိတ်ဖြင့် ပြန်မေးလိုက်သည်။

“အဲ့ဒီလိုခေါ်ရတဲ့အကြောင်းအရင်းရှိလား။”

စုယွမ်က ခေါင်းညိတ်ပြလာသည်။

“တာအိုပညာက ပထမလောကကိုဖြစ်ပေါ်စေတယ်၊ နောက် ပထမက ဒုတိယ၊ ဒုတိယက တတိယလောကကိုဖြစ်ပေါ်တယ်။ အဲ့ဒီနောက်ကျမှ လောကသတ္ထဝါအားလုံးဖြစ်ပေါ်လာတာပဲ။”

ဂိုဏ်းချုပ်ကုမှာ ခဏမျှပင်ရပ်တန့်သွားရလျက်၊ သူဟာ စုယွမ်တစ်ယောက် ဤမျှနက်နဲသောစကားများဆိုလာမည်ဟု မထင်ထားပါချေ။

သူလည်း ထိုစာကြောင်း တိတ်တခိုးမှတ်ထားလိုက်ပြီး ပြောလိုက်၏။

“ကောင်းပြီလေ၊ မင်းက ပြီးကရောလျှောက်ပေးတာမဟုတ်ဘူးဆိုမှတော့ အဲ့ဒီအတိုင်းထားတာပေါ့။ ငါ အရင်ဆုံးကို မင်းကို အခြားတောင်သခင်တွေနဲ့ မိတ်ဆက်ပေးမယ်။”

“ဟုတ်ကဲ့ပါ။”

ဂိုဏ်းချုပ်ကုလည်း ပင်မတောင်ထိပ်ရှိ ခေါင်းလောင်းကိုတီးကာ တောင်သခင်အားလုံးကို ဆင့်ခေါ်လိုက်၏။

ခေါင်းလောင်မြည်သွားသည်နှင့် တောင်ထိပ်အသီးသီးတွင် တရားထိုင်သူထိုင်၊ ကိစ္စများကိုဖြေရှင်းသူကဖြေရှင်းနေသောတောင်သခင်များက အမူအရာအမျိုးမျိုးပြလာကြ၏။

ဤသို့သောခေါင်းလောင်းဖြင့်ဆင့်ခေါ်ခြင်းမျိုးက အလွန်ရှားလှ၏၊ ထို့ကြောင့် ခေါင်းလောင်းမြည်နေပြီဆိုပါက တစ်ခုခုအရေးကြီးကိစ္စဖြစ်နေပြီဆိုသည့်သဘောပါပင်။

တောင်ထိပ်အသီးသီးမှ အလင်းတန်းခုနစ်ခုကထွက်ပေါ်လာပြီး ချက်ချင်း ပင်မတောင်ထိပ်ဆီသို့ စုဝေးလာကြသည်။

ဝမ့်စစ်မင်က စုယွမ်ကို မြင်တော့ ပြုံး၍ ပြောလိုက်သည်။

“ကောင်လေး၊ မတွေ့ရတာကြာပြီ။ မင်း ပင်မတောင်ထိပ်ကို ရွေးလိုက်တာ နောင်တရနေပြီလား။ အပြစ်ပေးခံရတာမလွယ်ဘူးမလား။ တကယ်တော့ မင်း ငါ့ရဲ့သာလွန်တောင်ထိပ်ဆီပြန်လာလို့ရသေးတယ်။ ငါမင်းကို သာလွန်အကြွင်းမဲ့ကျင့်စဥ်ကိုတောင် သင်ပေးမှာနော်။”

စုယွမ်လည်း ပြုံး၍ မျက်နှာကြီးမဲနေပြီဖြစ်သောဂိုဏ်းချုပ်ထံ မေးငေ့ါပြလိုက်သည်။

ကုချင်းကျူးက အေးစက်စက်ဟန့်လိုက်၏။

“တိတ်ကြစမ်း၊ ငါ့မှာ အရေးကြီးကြေညာစရာရှိတယ်။”

ဝမ့်စစ်မင်၏အမူအရာကလည်း လေးနက်သွား၏။ ထို့နောက် သူ စုယွမ်ကို ရှုပ်ထွေးစွာကြည့်လာသည်။ ယခု အရေးကြီးကြေညာချက်လုပ်တော့မည်မဟုတ်ပေလား။ ဘာလို့ ဒီကလေးက ဒီမှာရှိနေရပါသနည်း။

ကုချင်းကျူးက တည်ငြိမ်စွာ ဆိုလာသည်။

“ဒီနေ့ကစပြီး ငါတို့ရဲ့ခုနစ်အကြွင်းမဲ့ဂိုဏ်းမှာ တောင်ထိပ်တစ်ခုထပ်တိုးမယ်။ သုံးခြယ်အကြွင်းမဲ့တောင်ထိပ်လို့ အမည်ရတယ်။”

တောင်သခင်ခုနစ်ဦးလုံး၏အမူအရာမှာ ချက်ချင်းပြောင်းလဲသွားကြ၏။ သူတို့အားလုံးမှာ ဂိုဏ်းချုပ်ကုထံ ထိတ်လန့်တကြား ကြည့်မိသွားကြသည်။

ဝမ့်စစ်မင်မှာ ရုတ်ချည်းနားလည်သွားရပြီး သူ၏မျက်လုံးများမှာ ပြူးထွက်ကျမတတ်ဖြစ်သွားရ၏။ သူ ချက်ချင်း စုယွမ်ကို ကြည့်လိုက်၏၊ တဖန် ဂိုဏ်းချုပ်ကုကို ပြန်ကြည့်ပြန်သည်၊ သူ၏မျက်ဝန်းများတွင်တော့ မယုံကြည်နိုင်မှုများအပြည့်ပါပေ။

ဂိုဏ်းချုပ်ကုက သူ့ကိုလျစ်လျူရှုပြီး လက်ဆန့်ကာ စုယွမ်ကို ညွှန်ပြလိုက်သည်။

“ဒါက သုံးခြယ်အကြွင်းမဲ့တောင်ထိပ်ရဲ့ပထမဆုံးသောတောင်သခင်၊စုယွမ်ပဲ။ သူက လက်ရှိရွှေအမြူတေအဆင့်ခွန်အားကိုပိုင်ထားတယ်။ အခုကစပြီး သူက မင်းတို့အားလုံးနဲ့ အဆင့်အတန်းတူတောင်သခင်ရာထူးကိုပိုင်ဆိုင်လိမ့်မယ်။ အားလုံးပဲ ကြိုဆိုကြပါ။”

ဂိုဏ်းချုပ်ကုက လက်ခုပ်တီးလိုက်၏။ သို့သော် တောင်သခင်အုပ်စုမှာ ယခုအသိပြန်မဝင်သေးပေရာ ဘယ်သူကမှ လက်မတီးနိုင်ပါပေ။

ဂိုဏ်းချုပ်ကုကတော့ စိတ်ထဲမထား၊ တစ်ယောက်ပြီးတစ်ယောက်ကို စုယွမ်ထံ မိတ်ဆက်ပေးလာသည်။

“ဒီသက်လက်ပိုင်အစ်ကိုက လက်နက်ရေးရာတောင်သခင်၊ ရှီကျန်းပဲ။”

စုယွမ်လည်း လက်ကိုဆုပ်၍ ရှီကျန်းကို အရိုအသေပြုလိုက်သည်။

“စုယွမ် တောင်သခင်ရှီကို ဂါဝရပြုပါတယ်။”

ရှီကျန်းလည်း ထိုအခါ အသိပြန်ဝင်လာပြီး ရှုပ်ထွေးနေသောအမူအရာဖြင့် ခေါင်းညိတ်ပြလာ၏။

“တောင်သခင်စု၊ အခုက စပြီး အကုန်လုံးက တောင်သခင်တွေပဲကို။ မင်းသာ လက်နက်နဲ့ပတ်သက်ပြီး လိုအပ်တာရှိလာရင် ငါ့ကိုလာပြောလို့ရတယ်နော်။”

“ကျေးဇူးတင်ပါတယ်၊ တောင်သခင်ရှီ။”

ဂိုဏ်းချုပ်ကုက ထပ်မံ၍ လှပသောအမျိုးသမီးတစ်ဦးကိုညွှန်ပြလိုက်ပြီး ဆိုသည်။

“ဒါက ဆေးဝါးဆိုင်ရာတောင်သခင်ပဲ၊ ထောင်ယောင်ယောင်တဲ့။ မင်းသူ့ကို အစ်မထောင်လို့ခေါ်လို့ရတယ်။”

စုယွမ်လည်း ခဏရပ်သွားသော်ငြား ခေါင်းညိတ်လိုက်၏။

“အစ်မထောင်ကို နှုတ်ဆက်ပါတယ်။”

ဆေးဝါးဆိုင်ရာတောင်သခင်မှာ သက်ပြင်းချလာ၏။

“အရမ်းယဥ်ကျေးမနေပါနဲ့။ နောက်ကျရင် အစ်မထောင်ကတောင် မင်းကို အကူအညီတောင်းရဦးမှာ။ မင်းသာ ဆေးဝါးအတွက်တစ်ခုခုလိုအပ်ရင် ငါ့ကိုလည်းလာရှာလို့ရတယ်နော်။”

စုယွမ်လည်း ကျေးဇူးတင်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းချုပ်ကုမှာ ဆက်လက်၍ အမျိုးသမီးတောင်သခင်တစ်ဦးကို မိတ်ဆက်ပေးလာသည်။

“ဒါက နတ်ဘုရားအာရုံတောင်ထိပ်ရဲ့တောင်သခင် ယိုချွမ်လီပဲ။ သူမက စိတ်ဝိညာဥ်အာရုံကိုထိန်းချုပ်တဲ့နေရာမှာ တော်တယ်။ မင်းရဲ့လှုပ်ရှားမှုတွေက နည်းနည်းဟာကွက်ရှိနေသေးတော့ မင်း အစ်မလီကို အကြံတောင်းလို့ရတယ်။”

စုယွမ်လည်း ခေါ်လိုက်၏။

“အစ်မလီ။”

ယိုချွမ်လီက ရယ်မောလာ၏။

“အကြံပေးတယ်လို့ မခေါ်ရဲပါဘူး။ အတွေ့အကြုံဖလှယ်တယ်လို့ပဲပြောတာတာပေါ့။”

ထို့နောက်တွင် ဂိုဏ်းချုပ်ကုက မိုးကြိုးတောင်သခင်လိုင်မင်၊ မန္တန်ဆိုင်ရာတောင်သခင်ချင်ရုံ၊ ဝိညာဉ်ရေးရာတောင်သခင်ဟွမ်ရှန်ပေါ်တို့ကို အသီးအသီးမိတ်ဆက်ပေးလာသည်။ နောက်ဆုံးတွင်မှသာ သူ စုယွမ်ကို သိသိသာသာမဲဆွယ်နေသောသာလွန်တောင်သခင်ဖြစ်သူဝမ့်စစ်မင်ကို မိတ်ဆက်ပေးတော့သည်။

ဂိုဏ်းချုပ်ကု လူတိုင်းကိုပြောလိုက်သည်။

“မင်းတို့ အားလုံးတောင်သခင်အသစ်ဆိုတဲ့ဂုဏ်ပုဒ်ရဲ့အဓိပ္ပါယ်ကိုနားလည်မယ်လို့ယုံကြည်ပါတယ်။ ဂိုဏ်းကလက်ရှိမှာ သန်မာနေပေမဲ့လည်း ပတ်ပတ်လည်မှာ ရန်သူတွေဝိုင်းနေကြတုန်းပဲ။ နတ်ဆိုးဂိုဏ်းကလည်း ငါတို့ကိုလုံးဝပြိုလဲသွားစေချင်နေတာ။ ငါတို့ အရာရာကိုသတိနဲ့လှုပ်ရှားရမယ်။ ဒီအတောအတွင်း ဂူပိတ်ကျင့်ကြံတာတွေမလုပ်ကြနဲ့။ တပည့်တွေကိုလည်း သေချာစောင့်ကြည့်ထားကြ၊ တစ်ခုခုသာဖြစ်လာရင် တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းကြမယ်။”

ဂိုဏ်းချုပ်ကု၏လေသံထဲတွင် အလေးအနက်သတိပေးမှုတစ်ရပ်ပါဝင်နေလေ၏။

“နားလည်ပါပြီ။”

တောင်သခင်များမှာ အထူးအလေးအနက်ဖြင့် တစ်ညီတညွတ်တည်း ခေါင်းညိတ်လာကြသည်။

ဂိုဏ်းချုပ်ကုမှာ စုယွမ်ကိုခြိမ်းခြောက်လာနိုင်သော ဂိုဏ်းတွင်းဂိုဏ်းပြင်ပြဿနာအားလုံးကို တစ်ခါတည်း ရှင်းလင်းချင်နေတာဖြစ်ကြောင်း အားလုံးသိ၏။

ဤသို့ဖြင့် သူတို့ယခင်စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခဲ့သောကိစ္စအဝဝကိုလည်း ကိုင်တွယ်ဖြေရှင်းတော့ချေမည်။

All Chapters