← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

Chapter 89: စွမ်းရည်အသစ်၏အကျိုးသက်ရောက်မှု။

သူ တကယ်ကို အကုန်လုံးကို ရွေးချယ်ချင်မိ၏။

စွမ်းရည်သုံးခုလုံးမှာ အလွန်ကောင်းလှသည်ပင်။ မည်သည်ကိုရွေးပါစေ၊ အဆင်ပြေမည်ဟုသာ ခံစားနေရ၏။

သို့သော် သူသည်ကား ပျင်းရိလှသည်ပေ။

ဒုတိယစွမ်းရည်မှာ တစ်နေရာထဲတွင် ထိုင်နေရုံဖြင့် အစွမ်းထက်မည့်ပုံမပေါ်ပေ၊ အကျိုးသက်ရောက်မှုရှိစေရန် ဝံပုလွေမျိုးနွယ်စုများနှင့်ဆက်သွယ်ရဦးချေမည်။ သူ့တွင် အပြင်သွားရန် ရည်ရွယ်ချက်နည်းနည်းလေးမှမရှိသည်မို့ ထိုစွမ်းရည်ကိုပယ်ချလိုက်၏။

ပထမစွမ်းရည်ကမူ စုယွမ် မလိုအပ်ဟုခံစားရသည်။

ကြားရသည်မှာ တော်တော်လေးအစွမ်းထက်ပုံပေါ်သော်ငြား မည်သည့်အတိုင်းအတာအထိမိုးကြိုးပစ်ခံရမည်ဟု မပါပေ။

ထို့အပြင် အရေးအကြီးဆုံးမှာ ၎င်းက တော်တော်လေး ကြီးကျယ်လွန်းနေ၏။ လူတစ်ယောက်က သူ့အကြောင်း မလိုတမာပြောတိုင်း သူတို့ဟာမိုးကြိုးပစ်ခံရမည်ဆိုပါက သူ လုပ်တာဟု လူတိုင်းကိုကြေညာနေသလိုပဲမဟုတ်ပေလား။

ဤသို့သောစွမ်းရည်မျိုးက ကျော်ကြားမှုကိုတော့ အလွန်မြင့်မားစေမည်ဖြစ်သော်ငြား အတိုင်းထက်အလွန် ထိန်းမရသိမ်းမရဖြစ်သည်အထိ ဖြစ်သွားစေနိုင်၏။

ထို့အပြင် ဤစွမ်းရည်က တော်တော်လေးဝံ့ကြွားသည်ဟုခံစားရ၏။ ပြောရလျှင် ပို၍အမြင့်ရောက်လေလေ၊ ပို၍အကျနာတတ်သည်မို့ ဤစွမ်းရည်မှာ အလွန်ဆိုးကျိုးများလှ၏။

စုယွမ်လည်း တွေးလိုက်ပြီး ပယ်ချရန်သာတွေးလိုက်သည်။

တတိယမြောက်တစ်ခုကတော့ အသုံးမဝင်ပုံပေါ်သော်ငြား စုယွမ်ကတော့ အသုံးချနိုင်မည့်နေရာကို တွေးထားပြီးဖြစ်၏။

သူ အနှီစွမ်းရည်ကို 【တာအိုပညာနှင့်သဘာဝ】နှင့်တွဲဖက်ကာ သုံးနိုင်ပေသည်။

တာအိုပညာနှင့်သဘာဝစွမ်းရည်မှာ ကောင်းကင်နှင့်မြေကြီ၏နက်နဲမှုများကို သိမြင်စေသော်ငြား အိမ်တွင်သာထိုင်နေပါက ထိုသို့နက်နဲမှုများကို မည်သို့သိမြင်နိုင်မည်နည်း။

ဤစွမ်းရည်နှင့်ဆိုပါက သူ နေရာဒေသကို ထိန်းချုပ်သွားနိုင်မည်ဖြစ်၏။ အကယ်၍တစ်စုံတစ်ဦးကသာ ဆန်းကြယ်သည့်နေရာကိုသွားရင်း သူ့နာမည်ကိုပြောလာပါက သူ ထိုနေရာရှိမြင်ကွင်းတို့ကိုမြင်နိုင်မည်ဖြစ်ရာ ထိုနေရာအကြောင်းလည်း လေ့လာနိုင်သည်မျိုးဖြစ်လာနိုင်သည်။

အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်၏အကူနှင့်ဆိုပါက မြင်လိုက်ရသောမြင်ကွင်းက အချိန်နည်းလျှင်တောင် ပြဿနာမဟုတ်တော့ပါပေ။ သူသည် ထိုစွမ်းရည်နှင့်ဆိုလျှင် ရိပ်ခနဲဖြတ်ခနဲမြင်လိုက်ရရုံဖြင့် နိယာမများကို လေ့လာနိုင်ပေမည်။

စုယွမ် တွေးကြည့်လေလေ အဆင်ပြေသည်ဟု ခံစားရလေလေပင်။

ထို့ကြောင့် စုယွမ်လည်း တတိယမြောက်တစ်ခုကို ရွေးလိုက်၏။

စိတ်အာရုံကလည်း ချက်ချင်း စနစ်မျက်နှာထဲ ရေးနှိပ်ပြီးသားဖြစ်သွား၍ သူ့စွမ်းရည်များထဲတစ်ခုဖြစ်သွားတော့သည်။

ဤသို့ဖြင့် စွမ်းရည်ရွေးချယ်ခြင်းကဏ္ဍပြီးဆုံးသွားချေပြီ။

စုယွမ်လည်း ချက်ချင်းကိုပင် နေရာများများစွာက အတွေးများကို အာရုံခံမိသွား၏။

ဤမျှများသောအတွေးပေါင်းစုံမှာ သူတွေးထားသည်ထက်များစွာ ကျော်လွန်နေပေသည်။

အနှီပုံရိပ်တို့က နေရာပေါင်းစုံမှရောက်လာတာဖြစ်၏။

သူ ပင်မတောင်ထိပ်ရှိအဓိကခန်းမထဲမှ မြင်ကွင်းကိုလည်း အာရုံခံမိလိုက်သည်။

စုယွမ်လည်း စိတ်အာရုံစွမ်းရည်ကို အသက်သွင်းလိုက်၏။

စွမ်းရည်မှအလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ပြန်လည်ပေါ်ကွယ်သွားလေသည်။

နောက်တစ်ခိုက်တန့်တွင် သူ၏စိတ်ဝိညာဥ်အာရုံမှာ နှစ်ခြမ်းကွဲသွားကြောင်း ခံစားလိုက်ရသည်။ တစ်ခြမ်းမှာ သူ၏ခန္ဓာကိုယ်နှင့်ကပ်ညှိနေဆဲဖြစ်သော်ငြား နောက်တစ်ခြမ်းကတော့ အဓိကခန်းမထဲသို့ရောက်ရှိသွားလေပြီ။

အဓိကခန်းမအပြင်တွင်စည်းချထားသော အစီအရင်မှာ စုယွမ်ကိုမတားဆီးနိုင်၊ ထို့အတွက် သူလည်း အထဲက မြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရ၏။

သူ ကုချင်းကျူးတစ်ယောက် စားပွဲခုံပေါ်တွင် အလွန်စိုးရိမ်နေသည့်မျက်နှာဖြင့် စာရေးနေတာကိုတွေ့လိုက်ရသည်။

စုယွမ် ကုချင်းကျူးကို ရှုပ်ထွေးစွာကြည့်လိုက်မိသည်၊ ဤသည်မှာ သူ ပထမဆုံးအကြိမ် ကုချင်းကျူး၏မျက်နှာထက် ထိုသို့စိုးရိမ်နေသောအမူအရာကို မြင်ဖူးတာပင်။

“အတွင်းသတင်းအရဆိုရင် မဟာနတ်ဆိုးဂိုဏ်းက ငါတို့ဂိုဏ်းအတွင်းမှာ တစ်ခုခုထပ်တိုးတက်လာတာကို တွက်ချက်ပြီးခန့်မှန်းနိုင်ပုံပေါ်နေတယ်တဲ့၊ အဲ့ဒါကြောင့် ငါတို့ဂိုဏ်းအပေါ်အတိုက်အခိုက်တွေပိုလုပ်နေတာပဲ။ ဒါပေမဲ့ သူတို့လည်း အခုထိ တိတိကျကျဘာဖြစ်နေသလဲဆိုတာမသိသေးပုံပဲ။”

ကုချင်းကျူးက တစ်ကိုယ်တည်းတီးတိုးရေရွတ်နေလေသည်။

“ကံကောင်းလို့ စုယွမ်က ဂိုဏ်းထဲမှာ အမြဲနေခဲ့တော့ လူအများကြီးက သူ့ကိုမသိသေးဘူး။ မဟုတ်ရင် ရှေ့ဖြစ်ဟောတဲ့ရလဒ်က ဒီလောက်ဝေဝါးနေမှာမဟုတ်ဘူး။”

သူ အစီအရင်ထိန်းချုပ်ရေးနေရာကို တဖန်ပြန်ကြည့်၍ တွေးနေပြန်သည်။

“စုယွမ်က ကျင့်ကြံရေးတစ်ခါစာမှာတင် ဝိညာဉ်ကျောက်တုံး၂.၃ဘီလီယံကိုသုံးပစ်တာ။ လက်ရှိအထိတော့ သူသုံးတာတွေက ထောက်ပံ့လို့ရသေးတယ်။ ဒါပေမဲ့ အနာဂတ်ကျရင်ရော ဘယ်လိုလုပ်မလဲ။ ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် သူ့ကို ခေတ်တစ်ခတ် တွင်စေမဲ့လောကကို အုပ်စိုးလာရတဲ့အထိပျိုးထောင်ပေးရမှာပဲ။ အဲ့ဒါမှ ငါလည်း ဂိုဏ်းမှာ သမိုင်းသစ်ရေးလို့ရမှာပေါ့။ ဟားဟား။”

ကုချင်းကျူးက တစ်ခဏကြာသည်အထိရေရွတ်နေပြီးနောက်တွင် စုယွမ်အကြောင်း ဆက်မပြောတော့သည်ဖြစ်ရာ မြင်ကွင်းကလည်းရပ်သွား၏။

စုယွမ်၏စိတ်ဝိညာဥ်အာရုံလည်း ပြန်ရောက်လာလေသည်။

သူလည်း တိတ်ဆိတ်စွာဖြင့် တွေးတောနေမိကာ လက်ချောင်းများကလည်း သူ၏တပည့်ရင်းလက်စွပ်ဆီ မသိလိုက်ဘာသာ ပွတ်နေမိ၏။

ရှောင်ချိုက်လည်း စုယွမ်တစ်ယောက် ငေးမောထိုင်နေတာကိုမြင်တော့ စုယွမ်ဘေး ပတ်ပတ်လည်ပျံသန်းလာလေသည်။

စုယွမ် မျက်တောင်ခတ်လိုက်၍ နူးညံ့စွာပြုံးလိုက်ပြီး ရှောင်ချိုက်၏ခေါင်းလေးကို သပ်ပေးလိုက်သည်။

“ရှောင်ချိုက်၊ မင်းကတော့ တကယ်ဘာပူစရာမှမရှိဘူးကွာ။ ငါနဲ့သာရှိနေသရွေ့ မင်း ဝိညာဉ်ကျောက်တုံးအဖို့စိတ်ပူစရာမလိုဘူးပဲ။”

ရှောင်ချိုက်က ခန္ဓာကိုယ်လေးပက်လက်လှန်ကာ သူ၏ချစ်စဖွယ်ဗိုက်ကလေးကိုပြသလာ၏။ အပြစ်ကင်းသည့်အကြည့်လေးဖြင့်ကြည့်နေသလို ပါးစပ်မှလည်း လေးရောင်ခြယ်ပူဖောင်းတို့ကို မှုတ်ထုတ်နေလေ၏။

စုယွမ်မှာ သူ့ကိုယ်ထဲရှိဆန်းကြယ်ပကတိချီစွမ်းအင်တို့ အနည်းငယ်ထိုးတက်လာတာကို ခံစားလိုက်ရသည်။ ထို့အတွက် သူလည်း အသိအမှတ်ပြန်ပြုလိုက်ပါ၏။

“တော်လိုက်တဲ့ရှောင်ချိုက်လေးကွာ။”

ရှောင်ချိုက်မှာ ပျော်ရွှင်စွာဖြင့် လေထဲကူးခတ်နေတော့သည်။

စုယွမ်လည်း တည်ငြိမ်အောင်ပြန်ထိန်းလိုက်ပြီး သူ၏စိတ်ဝိညာဉ်အာရုံကို အခြားမြင်ကွင်းတစ်ခုဆီပို့လိုက်သည်။

နောက်တစ်ခဏတွင် သူ၏စိတ်ဝိညာဥ်အာရုံမှာ နေရာဒေသကိုဖြတ်ကျော်၍ ဂိုဏ်းပြင်ရောက်ရှိသွား၏။

ယခုအချိန်မှာ ညနက်သန်းခေါင်ဖြစ်နေတာဖြစ်သည်။

စုန့်ချိုက်မှာ အခန်းထဲတွင် စာရင်းတွက်နေလျက်၊ သူ့ဘေးတွင်လည်း စာရင်းစာအုပ်များအပြည့် အစီအရီထပ်ထားလေသည်။

စုန့်ချိုက် ပြုံး၍ ဆို၏။

“ဂိုဏ်းတူအစ်ကိုစုက ဘယ်တော့မှငါတို့ကို ခေါ်မလဲမသိဘူး။ ငါကြားတာတော့ အစ်ကိုစုက ဂူပိတ်ကျင့်ကြံတာက ထွက်လာပြီတဲ့။ ငါတို့ ဒီခြောက်လစာအတွက် ဝင်ငွေတွေကို အခုထိသူ့ကိုမပို့ရသေးဘူး။”

ဘေးတွင်ထိုင်နေသောစုန့်ချမ်မှာ စာအုပ်ထဲရှိကိန်းဂဏန်းများကိုကြည့်ရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဆိုလာသည်။

“အစ်ကို၊ ဒီခြောက်လအတွင်း ကျွန်တော်တို့ တော်တော်လေးရခဲ့တယ်။ ဒါပေမဲ့ ဒါတွေက ကျွန်တော်တို့ကြိုးစားလို့မဟုတ်ဘူးလား။ အစ်ကိုစုက ဘာမှလုပ်တာမှမဟုတ်ဘဲ၊ ဘာလို့ သူ့ကိုပဲအကုန်ပေးနေတာလဲ။ကျွန်တော်တို့ ဆယ်ရာခိုင်နှုန်းလောက်သိမ်းထားမယ်ဆိုရင်ပဲ အနာဂတ်ကျရင်အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်နဲ့ရွှေအမြူတေအဆင့်အတွက်လုံလောက်... “

“ဝုန်း။”

စုန့်ချိုက်က ချက်ချင်း စုန့်ချမ်ကို ခပ်ပြင်းပြင်းဆောင့်ကန်လာ၏။

စုန့်ချမ်၏တစ်ကိုယ်လုံးမှာ နံရံထိ လွှင့်သွားလေသည်။ သူလည်း ပါးစပ်အပြည့်သွေးတစ်ပွက်အန်ပြီး အရှိန်အဝါကလည်း သိသိသာသာလျော့ကျသွားလေ၏။

“အစ်ကို။”

“ထွက်သွားစမ်း၊ ထွက်သွား။”

စုန့်ချိုက်မှာ မျက်နှာများနီရဲသည်အထိ ဒေါသထွက်နေလေသည်။

“မင်း ဘာလို့ငါတို့စုန့်မိသားစုက အမြဲ အောင်မြင်နေရတာလဲသိလား။ ဒါက ငါတို့အရမ်းတော်နေလို့လား။ မဟုတ်ဘူးနော်၊ ငါတို့မှာ စွမ်အားကြီးတဲ့အဆက်အသွယ်တွေအများကြီးရှိလို့ကွ။ မင်းပြောသလိုသာလုပ်ကြေးဆိုရင် ကိုယ့်အကျိုးကိုယ်ပဲကြည့်တဲ့မိသားစုတွေမှန်သမျှ မိုးထိတိုင် အောင်မြင်နေပြီပေါ့။”

စုန့်ချိုက်မှာ သူ့ညီ၏အတွေးအခေါ်ကြောင့် တော်တော်လေးဒေါသထွက်နေရလေသည်။

All Chapters