← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

Chapter 90

“ငါတို့စုန့်မိသားစုက သစ္စာရှိမှုဆိုတာမှာအခြေခံထားတာ။ ငါတို့က ခေါင်းဆောင်တစ်ယောက်ကို သတ်မှတ်လိုက်တာနဲ့ စိတ်ရောကိုယ်ရောနှစ်ပြီး ကိုယ်ကျိုးမငဲ့ခစားကြတာပဲ။ ကောင်းကင်ဘုံက လူသားတွေကိုစောင့်ကြည့်နေတာ။ မင်းရဲ့စကားလုံးတစ်လုံးက ငါတို့မိသားစုကိုတောင် ပျက်စီးသွားနိုင်တာကိုသိလား။ ဒီလိုသာဓကတွေဆိုတာလည်း အများကြီးပဲ။ မင်း အခုထိနားမလည်သေးဘူးလား။”

စုန့်ချမ်မှာ ပြန်ငြင်းချင်ဆဲ။

“သူက ဘယ်လိုလုပ်သိမှာလဲ။ သူက ကျွန်တော်တို့ဒီထဲမှာ ဘယ်လောက်မြှုပ်နှံထားပြီးနေ့ရောညရောကြိုးစားနေရတာတွေကို ဘယ်လိုလုပ်သိမှာလဲ။ ဒီလောက်လေးနဲ့ ဘာဖြစ်သွားမှာမလို့လဲ။ သူက တပည့်ရင်းဗျ၊ ဒီလောက်ဝိညာဥ်ကျောက်တုံးလောက်လေးကို ဂရုစိုက်မှာမလို့လား။”

စုန့်ချိုက်၏မျက်နှာမှာ ချက်ချင်းအေးစက်သွား၏။သူ ရုတ်တရက် ထလာပြီး ရှေ့တိုးလာကာ လက်ဖဝါးကို စုန့်ချမ်၏ဒန်ထျန်အပေါ်တင်လာသည်။ သို့သော် အဆုံးတွင်တော့ သူ့စိတ်မှာနူးညံ့သွားပြီး ရင်ထဲမှ ဖျက်စီးလိုစိတ်ကိုချုပ်ထိန်းကာ စုန့်ချမ်၏ကျင့်ကြံရေးကိုသာ အပြည့်အဝပိတ်ဆို့လိုက်တော့သည်။

ထို့နောက် စုန့်ချိုက်က စာတစ်စောင်ရေးလိုက်၏။ စုန့်ချိုက်က မိသားစုခေါင်းဆောင်ဆီရေးခြင်းဖြစ်သည်။ အကြောင်းအရာကတော့ အောက်ပါအတိုင်းဖြစ်၏။

“ကျွန်တော့်ရဲ့သွန်သင်မှုညံ့ဖျင်းသွားတာကြောင့် စုန့်ချမ်ကို လမ်းမှားရောက်ပြီး လောဘတကြီးနဲ့ မိသားစုစည်းမျဉ်းကို ချိုးဖျက်စေခဲ့ပါတယ်။ ကျွန်တော် အခုလက်ရှိမှာ သူရဲ့ကျင့်ကြံဆင့်ကိုချိတ်ပိတ်ထားပါတယ်။ကျေးဇူးပြုပြီး သူ့ကိုခေါ်ဖို့တစ်ယောက်ယောက်ကိုလွှတ်ပေးပါ။ နောက်ပြီး သူ့ကို မိသားစုထဲမှာပဲ နှစ်တစ်ရာတိတိ သုံးသပ်ခိုင်းထားပေးပါ။ ကျွန်တော် သူ့အတွက်လိုအပ်မဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေမှန်သမျှကို ထောက်ပံ့ပါ့မယ်။ ကျေးဇူးပြုပြီး ဒီကိစ္စကို မိသားစုခေါင်းဆောင် ခွင့်ပြုပေးဖို့ အနူးအညွတ်တောင်းပန်ပါတယ်။”

“အစ်ကို၊ ဘာတွေလုပ်နေတာလဲ။”

“အစ်ကို အဲ့ဒီလိုလုပ်လို့မရဘူးလေ။ ကျွန်တော့်က အစ်ကိုညီအရင်းခေါက်ခေါက်လေ။”

စုန့်ချမ် ကြောက်လန့်တကြားဆို၏။

စုန့်ချိုက်ကတော့ တိတ်ဆိတ်မြဲ၊ သူက စုန့်ချမ်၏ပါးစပ်ကိုပါ ချိတ်ပိတ်လာ၏။

“ကျွန်တော်မှားသွားပါတယ်လို့။”

စုန့်ချမ်မှာ ငိုသံများဖြင့် ပါးစပ်ပိတ်ထားရာမှ ဝိုးတိုးဝါးတား အော်ဟစ်နေတော့သည်။

မည်သို့ပင်ဖြစ်စေ၊ စုန့်ချိုက်က မတုန်လှုပ်ပါချေ။

“မင်းက လောဘကြီးတဲ့အတွေးကိုတွေးမိရုံတင်မကဘဲ ပါးစပ်ကနေပါ ထုတ်ပြောရဲခဲ့တယ်။ ဒါနဲ့တင် မင်းက မိသားစုစည်းမျဉ်းကိုချိုးဖောက်တာဖြစ်နေပြီ။ ပထမအကြိမ်တောင်လုပ်ရဲတာပဲ၊ ဒုတိယအကြိမ်၊ တတိယအကြိမ်တွေလည်းရှိလာမှာပဲ။ ငါ မင်းရဲ့ကျင့်ကြံရေးကိုလုံးဝဖျက်စီးလိုက်သင့်ပေမဲ့ ငါစိတ်ပျော့သွားလို့ပေါ့။ အနာဂတ်မှာ မင်း မိသားစုထဲမှာပဲ ကောင်းကောင့်ကျင့်ကြံမယ်မျှော်လင့်ပါတယ်။ နှစ်တစ်ရာကြာပြီးရင် ငါမင်းကို ပြန်လာခေါ်မယ်။”

စုန့်ချိုက်က ထိုစကားများကို တည်တည်ငြိမ်ငြိမ်သာ ဆိုလာသည်။

စုန့်ချမ်၏မျက်ဝန်းထဲတွင်တော့ နောင်တတရားနှင့်ခါးသက်မှုများအပြည့်ပေါ်လာရသည်။ သူဟာ ထိုစကားများကို သာမန်လျှံကာသာပြောလိုက်ခြင်းပါပေ။ သို့သော် ဘာကြောင့်၊ ဘာကြောင့်များ သူ့ကို ဒီလိုဆက်ဆံရပါသနည်း။

သူလည်း သူမှားသွားမှန်းသိပါ၏။

သို့သော်ငြား သူ့အစ်ကို၏ခွင့်ပြုချက်မရသရွေ့ သူလည်း ဘာမှလုပ်ရဲမည်မှမဟုတ်သည်ကိုပင်။

စုန့်ချိုက်က သူ့ကိုထပ်မကြည့်တော့ဘဲ စာရင်းဇယားများကိုသာ ဆက်လက်ကိုင်တွယ်တော့သည်။

ရုတ်တရက် သူ သက်ပြင်းချသံတစ်ခုကို ကြားလိုက်သည်။

စုန့်ချိုက်လည်း ရပ်တန့်သွားပြီး လှည့်ပတ်ကြည့်လိုက်သည်။

ဘာကိုမှမတွေ့ရကာမှ သူလည်း သက်ပြင်းချမိသွား၏။

“ဒီညီတစ်ကောင်နဲ့ ငါပါရောပြီး ဒုက္ခရောက်တော့မလို့။”

ခြံဝန်းထဲတွင် စုယွမ်က စိတ်ဝိညာဥ်အာရုံကို ပြန်ခေါ်လိုက်သည်။

မည်သည့်အချိန်တည်းကမှန်းမသိ သူ၏မျက်နှာထက်တွင် မောပန်းမှုတစ်ခုပေါ်နေလေ၏။

သူ၏ရည်ရွယ်ချက်မရှိလုပ်ခဲ့သောလုပ်ရပ်မှာ အစေခံတပည့်နှစ်ဦးကို သူ့အတွက် အသေအလဲကြိုးစားပေးစေခဲ့ပြီပင်။

အမှန်တိုင်းဝန်ခံရပါလျှင် သူက အနှီနှစ်ယောက်ကို အာရုံထဲများများစားစားရှိတာမဟုတ်၊ သူတို့၏ကြိုးစားမှုများကလည်း သူ့အတွက် သာမန်လျှံကာလုပ်ရပ်များသာ ဖြစ်နေခဲ့တာပင်။

သို့သော် သူ လုံးဝမေ့သွားခဲ့သည်မှာ အနှီအစေခံတပည့်များကလည်း လူများဆိုတာကိုဖြစ်၏။ လူတိုင်းလူတိုင်းတွင် ကိုယ်ပိုင်ဘဝ၊ကိုယ်ပိုင်အတွေးများနှင့် ကိုယ်ပိုင်ခံယူချက်တို့ရှိကြ၏။

သူ၏သာမန်အမိန့်လေးတစ်ခုမှာလည်း အခြားသူများအဖို့ အားများစွာစိုက်ထုတ်ရစေသောတာဝန်လည်းဖြစ်သွားနိုင်ခဲ့သော်ငြား သူကတော့ တကယ်ကို ဤသည်များကို မမြင်နိုင်ခဲ့ပေ။ သူ ဆိုးရိုးတစ်ခုကိုတောင်သတိရသွားသည်။ အနှီဆိုရိုးမှာ လူတိုင်းက မိမိအပေါ်ကောင်းသောလူမှန်သမျှကို ပြန်၍ကောင်းကောင်းဆက်ဆံသင့်သည်၊ ထိုအရာမှာ သာမန်ကြက်ဥလေးတစ်လုံးပေးသည်ဖြစ်စေ၊ လက်ဖက်ရည်တစ်ငုံတိုက်သည်ဖြစ်စေ၊ မိမိပင်ပန်းနေချိန်တွင် အပြုံးတစ်ပွင့်ဖြင့်ပြုံးပြခွန်အားပေးခဲ့သည်ဖြစ်စေ ဖြစ်ပေ၏။

စုယွမ်လည်း ကျန်ရှိနေသောသူ့အကြောင်းပြောဆိုနေသည့်မြင်ကွင်းများကိုကြည့်ရင်း နှလုံးသားထဲ လေးလံလာရသည်။

အချို့ကိစ္စများသည်ကား မသိလျှင် ပျော်ရွှင်လွတ်လပ်စွာနေနိုင်သော်ငြား သိသွားပါကတော့ ရင်ထဲ မမြင်နိုင်သည့်ခဲတစ်လုံးအလား လေးလံနေမည်ပင်။ အချို့မှာ တာဝန်များကြောင့်ဖြစ်ကြပြီး အချို့ကတော့ လုံခြုံးရေး၊ အချို့ကတော့ လေးစားမှု အကြောင်းအမျိုးမျိုးကြောင့်ပင်။

စုယွမ်၏အကြည့်များမှာ အနှီလူတို့၏ပဲ့တင်သံများစွာကြားလည်ပတ်နေပြီးမှ အရှုပ်ထွေးဆုံးဖြစ်နေသောတစ်ခုဆီ ရပ်တန့်သွား၏။

ဤသည်မှာ ၎င်းက အတော်လေးအဝေးကဖြစ်နိုင်သည်ပင်။

စုယွမ်လည်း ထိုနေရာသို့ စိတ်ဝိညာဥ်အာရုံကိုပို့လိုက်သည်။

သူ၏စိတ်ဝိညာဥ်အာရုံမှာ မည်သည့်နေရာအထိ ရောက်သွားသည်မသိ၊ နောက်ဆုံး မဲမှောင်ပျက်စီးနေသော တောင်အုပ်ကြီးတစ်ခုအတွင်းရောက်ရှိသွားလေသည်။

အနှီတိတ်ဆိတ်ငြိမ်သက်နေသောတောင်အုပ်တွင် ကျင့်ကြံသူအများအပြားမှာ ကျောချင်းကပ်ရပ်နေလျက် ဘေးပတ်လည်ကို ထိတ်လန့်တကြား သတိတကြီးဖြင့် လှည့်ပတ်ကြည့်နေကြလေသည်။

“ဒါက နတ်ဆိုးတွေပဲ။ သေစမ်း၊ ဘယ်လိုလုပ် မဟာနတ်ဆိုးဂိုဏ်းက လူတွေပါ ဒီထဲရောက်နေတာလဲ။”

ကျူးကောကျန့်က ဒေါသအချောင်းချောင်းထွက်နေလေ၏။

“ငါတို့ လျှို့ဝှက်နယ်မြေကနေ ဘေးကင်းကင်းနဲ့ထွက်လာနိုင်ပြီထင်ခဲ့တာ၊ ရုတ်တရက်ကြီး နတ်ဆိုးဂိုဏ်းက လူတွေနားအပို့ခံလိုက်ရမယ်လို့ထင်မထားဘူး။”

ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းသားတစ်ဦးက ပြောလာသည်။

“ကံကောင်းလို့ ဂိုဏ်းတူအစ်ကိုကျူးကောနဲ့အစ်မနန်ကုန်းက အချိန်မှီတုံ့ပြန်လိုက်ပြီး ရွှေအမြူတေအဆင့်အကာအကွယ်ကို ထုတ်မိလို့သာပေါ့၊ မဟုတ်ရင် အကုန်သေကုန်လောက်တယ်။”

နောက်ထပ်ဂိုဏ်းသားတစ်ယောက်က ထပ်ဆိုလာသည်။

ကျူးကောကျန့်နှင့်နန်ကုန်းဟော်ယွီ၏မျက်နှာတွင်လည်း စိတ်သက်သာရာရစွာဖြင့် ပင့်သက်ရှိုက်ဟန်ပေါ်လာသည်။ သူတို့စိတ်ထဲတွင်တော့ စုယွမ်ကို ကျေးဇူးတင်နေမိသည်။ ယခုတွင်ပင် စုယွမ်ပြောသည့်အတိုင်း သူတို့၏အသက်ကယ်ကတ်ကို ထုတ်သုံးလိုက်တာမဟုတ်၊ ရှေ့တွင်လည်း သူတို့ဟာ စုယွမ် ပြောသည့်အတိုင်း လိုက်နာသည့်အတွက် ဘေးအန္တရာယ်တို့ကို ရှောင်ရှားခဲ့ရုံသာမက အခွင့်အရေးတစ်ခုကိုပါ ရရှိလိုက်ခဲ့သေးသည်။

သို့သော် ယခုတွင် သူတို့လက်တလောအန္တာရယ်ကိုရှောင်ရှားနိုင်ခဲ့သော်ငြား လုံးဝကြီးတော့ ဘေးကင်းသေးသည်မဟုတ်။

“ဟားဟားဟား၊ သစ်တောနက်ထဲမှာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့ ဖြောင့်မတ်မှန်ကန်တဲ့တပည့်လေးတွေကို တွေ့ရမယ်မထင်ဘူးလေ။ ကြည့်ရတာ ငါ၊ နတ်ဆိုးအိုကြီးဝူတော့ ဆော့ဖို့ကစားစရာလေးတွေရပြီနဲ့တူတယ်ဟေ့။”

နတ်ဆိုးများနောက်မှ အလွန်ပိန်ပါးလွန့်သည့်အတွက် ခြောက်သွေ့ညိုးနွမ်းနေဟန်ပေါ်သော လူအိုကြီးတစ်ယောက်က ရယ်မောလျက် ထွက်လာခဲ့သည်။

သူ၏မျက်လုံးများမှာကား ကျူးကောကျန့်၏အဆောင်ထံ ရောက်ရှိလာပြီး လှောင်ပြောင်လာသည်။

“အဲ့ဒီဟာလေးက ဘယ်လောကာတောင့်ခံနိုင်မှာမလို့လဲ။ ဆယ့်ငါးမိနစ်လား၊ ဒါမှမဟုတ် နာရီဝက်လောက်လား။ မင်းတို့ ဒီအတိုင်းအညံ့ခံလိုက်တာက ပိုကောင်းမယ်နော်၊ အနည်းဆုံးတော့ အသေသက်သာတာပေါ့။ ကောင်မလေးတွေကတော့ ဟင်းဟင်း”

“ဟမ့်၊ မကောင်းဆိုးဝါးကောင်၊ ကျွန်မတို့အကြီးအကဲက ဒီနားမှာတင်ရှိတယ်။ သူ သိပ်မကြာဘူး၊ရောက်လာလိမ့်မယ်။”

နန်ကုန်းဟော်ယွီ ပြောလိုက်သည်။

“ဟမ်၊ ငါက ဒါကိုယုံမယ်လို့ထင်နေလား။’

လူအိုကြီးမှာ နတ်ဆိုးများကိုအမိန့်ပေးကာ ချက်ချင်းတိုက်ခိုက်စေတော့သည်။

ကျူးကောကျန့်မှာ ကောင်းကင်ကိုမော့ကြည့်လိုက်တော့ ခုနစ်စဥ်ကြယ်ကိုမြင်လိုက်ရ၍ သူ တွေးလိုက်မိတော့၏။ ကြည့်ရသည်မှာ သူ့တွင် စုယွမ်ကို ကျေးဇူးဆပ်ရန် အခွင့်မရှိတော့သည့်ပုံပါပေ။

ခြံဝန်းထဲရှိ စုယွမ်မှာ မျက်မှောင်ကြုတ်သွား၏။ သူလည်း အခြေအနေတွေကိုမြင်တော့ချက်ချင်း ယခင်က ခုနစ်စဥ်ကြယ်အတွက်ထောင်ထားသောစင်မြင့်ထံသွားလိုက်သည်။ ထို့နောက် စုယွမ်၏လက်ထဲတွင် ဆံပင်နှစ်မျှင် ပေါ်လာလေသည်။

“အသုံးဝင်ဖို့မျှော်လင့်ပါတယ်။”

စုယွမ် သက်ပြင်းချလိုက်သည်။

All Chapters