← Chapters

အခန်း ၁၈၂

Vol. 18 Ch. 182

အခန်း ၁၈၂

Vol. 18 Ch. 182

အခန်း (၁၈၂) ကျူးယွမ်ဝင်၏ ကြောင်

မင်မင်းဆက်၏ အိမ်ရှေ့စံမင်းသမီးသည် ခိုင်ဖျင်မင်းသား ချန်ယွီချွန်း၏ သမီးဖြစ်ပြီး အိမ်ရှေ့စံမင်းသား ကျူးပြန်၏ တရားဝင်ဇနီးကြီး ဖြစ်၏။

သို့ရာတွင် ချန်သခင်မသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့သဖြင့် ယခုလက်ရှိ အိမ်ရှေ့စံမင်းသမီးမှာ ဒုတိယဇနီးဖြစ်သူ လုသခင်မ ဖြစ်သည်။

အိမ်ရှေ့စံမင်းသား ကျူးပြန်၏ စိတ်နေသဘောထားမှာ မယ်တော်ဖြစ်သူမိဖုရားကြီးမာနှင့် အလွန်တူပြီး ရိုးရှင်းမှုကို အလေးထားကာ အသုံးအဖြုန်း မကြီးသလိုအိမ်ရှေ့စံမင်းသမီးသည်လည်း ရတနာ အဆင်တန်ဆာများ ဆင်ယင်ပြီး ဗိုလ်ကျတတ်သော မှူးမတ်ကတော်မျိုး မဟုတ်ပေ။

အိမ်ရှေ့စံမင်းသမီး သည် ဝူကျိရှန်းနှင့် အသက်အရွယ်ချင်း သိပ်မကွာလှပေ။

သူမ၏ မျက်နှာမှာ ငွေဖလားကဲ့သို့ ဝိုင်းစက်ပြီး ခန္ဓာကိုယ်မှာ ပြည့်ဖြိုး၏။ ရုပ်ရည်နှင့် ခန္ဓာကိုယ်အချိုးအစားကိုသာ ကြည့်မည်ဆိုလျှင် သခင်မလေးရွန့်ကို မီရန် ဝေးစွ၊ လှပသူဟုပင်မသတ်မှတ်နိုင်ပေ။

မိဖုရားကြီးမာသည် ကျူးပြန်အတွက်အိမ်ရှေ့စံမင်းသမီးကို ရွေးချယ်ရာတွင် ရုပ်ရည်ချောမောလှပသော မိန်းမပျိုကို မရွေးချယ်ဘဲ ကိုယ်ကျင့်တရား ကောင်းမွန်မှုကိုသာ အဓိကထားခဲ့၏။ အိမ်ရှေ့စံမင်းသမီးသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏ မိခင်ဖြစ်လာမည့်သူမို့ ရုပ်ရည်မှာ အရေးမကြီးဘဲ စိတ်ဓာတ်နှင့် အပြုအမူကသာ အရေးအကြီးဆုံး ဖြစ်သည်။

အိမ်ရှေ့စံမင်းသမီးသည် ရှေးရိုးစံနှုန်းဖြစ်သော လင်ဝတ်ကျေ၍ သားသမီးကို ကောင်းစွာပျိုးထောင်သည့် ဇနီးကောင်း ဟူသော အချက်နှင့် အမှန်ပင် ကိုက်ညီလှ၏။ သူမသည် အဆောင်တွင်းမှ အပြင်သို့ မထွက်ဘဲ နန်းတွင်းရေးရာများကိုလည်း စွက်ဖက်ခြင်း မရှိဘဲ လင်ယောက်ျားကို ကူညီခြင်းနှင့် သားသမီးကို ပြုစုပျိုးထောင်ခြင်း ကိစ္စ၌သာ အာရုံစိုက်ထားသည်။

ထိုအပြင် ပန်းမန်များ၊ ငှက်များ၊ ငါးများနှင့် အင်းဆက်ပိုးမွှားများကိုသာ အပျော်သဘော မွေးမြူတတ်၏။

ထိုသို့သော စရိုက်ကြောင့်ပင် သူမသည် ဧကရာဇ်နှင့် မိဖုရားကြီး၏ မျက်နှာသာပေးမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။

"ဒီဝူကျိရှန်းက အခွန်ဦးစီးဌာနက အရာရှိတစ်ယောက်တင် မဟုတ်ဘူး၊ တကယ့် သမားတော်စစ်စစ်လည်း ဖြစ်တယ်။ ရှန်းရှီးမှာ အသားမည်းကပ်ရောဂါ ဖြစ်တုန်းက သူကပဲ..."

အိမ်ရှေ့စံမင်းသား ကျူးပြန်စကားမဆုံးသေးမီ အိမ်ရှေ့စံမင်းသမီးက အနည်းငယ် ပြုံးလိုက်ပြီး ရှန်းတုန်း လေယူလေသိမ်းဖြင့် ပြောလိုက်၏။

"‌ငရဲမင်း ဆိုတဲ့ အမည်က တစ်လောကလုံးမှာ ကျော်ကြားပြီးသားပဲ။ ဒီမြို့တော်မှာတောင် ကျွန်မ ကြားဖူးပါတယ်"

"အိမ်ရှေ့စံမင်းသမီးမှာ ဘယ်လို ဝေဒနာ ခံစားနေရလဲ ဆိုတာ မေးပါရစေ"

"ဆောင်းတွင်း စ‌ရောက်ကတည်းက ကျွန်မရဲ့ လက်နှစ်ဖက်လုံးမှာ အနာဆိုးတွေ ထွက်လာပြီး အရေပြားတွေ ပုပ်လာတယ်"

အိမ်ရှေ့စံမင်းသမီးသည် သူမ၏ နဖူးပေါ်မှ ဆံပင်များကို သပ်တင်လိုက်ရာ နဖူးပေါ်တွင် အနာဖေးများဖြင့်ပြည့်နေသည်ကို တွေ့လိုက်ရ၏။

"မကြာခင်ကတင် မျက်နှာအထိ ပြန့်လာပြီး အရမ်း ယားယံတာပဲ..."

ရှေးဟောင်းအခေါ်အဝေါ် အနာဆိုး ဟူသည်မှာ အရေပြားရောဂါ အားလုံးနီးပါးကို ခြုံငုံခေါ်ဆိုခြင်း ဖြစ်ပြီး အချို့သော ပြင်ပဒဏ်ရာပိုးဝင်ခြင်းနှင့် အဖုအကျိတ်များကိုပင် အနာဆိုးဟု ခေါ်ဆိုတတ်ကြသည်။

ပုံမှန်အားဖြင့် အရေပြားရောဂါများသည် ပြင်ပအကြောင်းတရားများကြောင့် ဖြစ်သော်လည်း အများစုမှာ မျိုးရိုးဗီဇနှင့် သက်ဆိုင်နေတတ်၏။

ပထမဆုံး ကြည့်လိုက်ရုံဖြင့် အိမ်ရှေ့စံမင်းသမီး၏ အရေပြားရောဂါမှာ ပွေး၊ ညှင်း သို့မဟုတ် ခရုသင်းနှင့် ဆင်တူနေသော်လည်း အရေပြား အရောင်ချွတ်ယွင်းသည့် လက္ခဏာတော့ မတွေ့ရပေ။

ထူးခြားသည်မှာ သူမ ခံစားနေရသော အရေပြားရောဂါသည် အရေပြား ကွာကျခြင်း နှင့်အရေပြား ထူအန်းလာခြင်းမျိုး မရှိခြင်းပင်။

အကယ်၍ သွေးရည်ကြည်ကို စစ်ဆေးနိုင်ပါက ရောဂါဇစ်မြစ်ကို ချက်ချင်း ရှာဖွေနိုင်မည် ဖြစ်သော်လည်း ယခုက မင်မင်းဆက် ဖြစ်နေ၏။

သွေးရည်ကြည် စစ်ဆေးသည့် ကိရိယာကို ဘယ်မှာမှရှာမတွေ့နိုင်ပေ။

ထို့ကြောင့် အတိအကျ ပြောရန် ခက်ခဲလှသည်။

"အရင်က ဘာဆေးတွေ သုံးဖူးလဲ"

အိမ်ရှေ့စံမင်းသမီးက လက်ကို အနည်းငယ် ယမ်းလိုက်ရာ အစေခံမလေးတစ်ဦးက အရင်က သုံးခဲ့ဖူးသော ဆေးညွှန်းများကို ယူလာပေး၏။

ဖူလင်း၊ ရှန်းဆန်း၊ နွားသည်းခြေကျောက်၊ ကတိုး၊ မြွေဖြူ...

ဤမြွေဖြူအဆိပ်ဖြေဆေးညွှန်းမှာ အလွန် ခေတ်စားသော ဆေးညွှန်းတစ်ခု ဖြစ်ပြီး အဓိက အာနိသင်မှာ ခန္ဓာကိုယ်ကို အေးမြစေခြင်း၊ သွေးအေးစေခြင်းနှင့် အဆိပ်ဖြေပေးခြင်း ဖြစ်သည်။

ဝူကျိရှန်းသည် အပြင်ဘက်တွင် ဆေးကြောရမည့် အခြားဆေးညွှန်းတစ်ခုကို ထပ်မံ ကြည့်လိုက်၏။ ပိုးသတ်မြစ် လေးလျန်၊ ခူရှန်း လေးလျန်၊ ကွမ်းသီးစေ့ သုံးလျန်၊ စိန်ဆေးငါးချန်းနှင့် ကန်းဆွီမြစ် နှစ်လျန်တို့ကို ရေနွေးထဲတွင် စိမ်ကာ ဒဏ်ရာရှိသော နေရာကို ဆေးကြောရခြင်း ဖြစ်သည်။

"ဒါတွေက နန်းတွင်းသမားတော်တွေ ပေးတဲ့ ဆေးညွှန်းတွေပါ။ ဆေးသောက်လိုက်ရင် ခဏတော့ သက်သာသွားပေမဲ့ ရက်အနည်းငယ်ကြာရင် ပြန်ပြန်ဖြစ်လာတာ လေးငါးခါမကတော့ဘူး..."

နန်းတော်ရှိ နန်းတွင်းသမားတော်များ ပေးသော ဆေးညွှန်းများမှာ အမှားအယွင်း မရှိပေ။ အတွင်းသောက်ဆေး၊ အပြင်လိမ်းဆေး နှစ်မျိုးစလုံး သုံးထားသဖြင့် အာနိသင်မှာ အလွန် ကောင်းမွန်လှသည်။

ရောဂါ ခဏခဏ ပြန်ဖြစ်နေသည်မှာ ရောဂါ၏ ဇစ်မြစ်ကို မပယ်ဖျက်နိုင်သေး၍သာ ဖြစ်ရမည်။

သို့သော် ဝူကျိရှန်းကိုယ်တိုင်လည်း ရောဂါဇစ်မြစ်က ဘယ်မှာလဲ ဆိုသည်ကို မသိနိုင်သေးပေ။

ဆေးသောက်လျှင် သိသိသာသာ သက်သာလာပြီး ဆေးဖြတ်လိုက်သည်နှင့် ချက်ချင်း ရောဂါပြန်ဖြစ်လာခြင်းမှာ အလွန် ထူးဆန်းလှ၏။

"အိမ်ရှေ့စံမင်းသမီး... စားသောက်တဲ့နေရာမှာ ရှောင်တာ ရှိပါသလား"

သာမန်အခြေအနေမျိုးတွင် စပ်သော အစားအစာများ သို့မဟုတ် ဓာတ်မတည့်သော အစားအစာများကို စားသုံးမိခြင်းသည်လည်း အရေပြားရောဂါ ဖြစ်ပွားရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်နိုင်သည်။

သူမ မစားသင့်တာတစ်ခုခုကို စားမိ၍လား။

လူတစ်ဦးစီ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူညီကြသဖြင့် အချို့သူများသည် စပ်သော အစားအစာ သို့မဟုတ် အခြား အစားအစာများကို စားမိပါက အရေပြား ဓာတ်မတည့်မှုများ ဖြစ်ပွားတတ်သည်မှာ ဓမ္မတာပင် ဖြစ်၏။

"နန်းတော်မှာ စပ်တဲ့ အစားအစာတွေကို မသုံးတာ ကြာပါပြီ။ ငါးနဲ့ ပုစွန်ကိုတောင် မစားရဲကြဘူး"

ဝူကျိရှန်း စဉ်းစားမိသော အချက်ကို နန်းတွင်းသမားတော်များလည်း စဉ်းစားမိပြီး ဖြစ်ရမည်။

သူတို့က စားသောက်မှုပုံစံကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး ဖြစ်သဖြင့် အစားအသောက် ဓာတ်မတည့်မှုကြောင့် ဖြစ်ရသည့် အရေပြားရောဂါတော့ မဟုတ်နိုင်ပေ။

ထိုအချက်က ပို၍ စဉ်းစားရခက်စေသည်။ထိုကဲ့သို့ ရံဖန်ရံခါ ဖြစ်တတ်သော အရေပြားရောဂါသည် ပြင်ပမှ ပိုးဝင်ခြင်း၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးကြောင့် ဖြစ်နိုင်သလို ဝတ်မှုန်ဓာတ်မတည့်မှုကြောင့်လည်း ဖြစ်နိုင်၏။ သို့သော် ယခုက ဆောင်းတွင်း ဖြစ်သဖြင့် ဝတ်မှုန်ဓာတ်မတည့်မှုတော့ မဟုတ်နိုင်ပေ။

ထို့ကြောင့် ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးဝင်ခြင်းသာ ဖြစ်ရမည်။သို့သော် ထိုခေတ်က နည်းပညာ အခြေအနေအရ ထိုနှစ်ခုကို ခွဲခြားရန် မဖြစ်နိုင်ပေ။

အတန်ကြာတွင် အတွင်းခန်းထဲမှ အလွန်အမင်း ဝဖြိုးနေသော ကြောင်ဖြူကြီးတစ်ကောင် ခုန်ထွက်လာပြီး အိမ်ရှေ့စံမင်းသမီး၏ ပေါင်ပေါ်သို့ ခုန်တက်သွား၏။

၎င်းမှာ နန်းတော်တွင် မွေးမြူထားသော အိမ်မွေးကြောင် ဖြစ်ပြီး အဖိုးတန် မျိုးစိတ်တစ်ခု ဖြစ်ရ၏။

ဝူကျိရှန်း၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ဖြစ်သွားသည်။

"အိမ်ရှေ့စံမင်းသမီး... အဲဒီကြောင်ကို ခဏလောက် ပွေ့ထားပေးပါ။ ကျွန်တော်မျိုး သေချာ ကြည့်ချင်လို့ပါ..."

မင်းက အိမ်ရှေ့စံမင်းသမီးကို ကုပေးရမှာလေ၊ ကြောင်ကို ကုရမှာ မဟုတ်ဘူး၊ ဘာလို့ ကြောင်ကို ကြည့်ချင်ရတာလဲ။

အိမ်ရှေ့စံမင်းသမီးသည် ဇဝေဇဝါ ဖြစ်သွားသော်လည်း ဝူကျိရှန်း သေချာ ကြည့်နိုင်ရန် ဝဖြိုးနေသော ကြောင်ဖြူကြီးကို ပွေ့ချီပေးလိုက်၏။

ကြောင်ဖြူကြီး၏ မျက်ခွံများနှင့် နားရွက်ဖျားများတွင် အရေပြား ထူအန်းနေသော လက္ခဏာများကို သိသာထင်ရှားစွာ တွေ့လိုက်ရသည်။

ဝူကျိရှန်း ချက်ချင်း သဘောပေါက်သွား၏။ ဤသည်မှာ ကြောင်မှတစ်ဆင့် ကူးစက်သည့် ပွေးရောဂါ ဖြစ်သည်။

ကြောင်ပွေးရောဂါသည် တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော ရောဂါဖြစ်ပြီး အများအားဖြင့် အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် ပိုင်ရှင်ထံသို့ ကူးစက်တတ်၏။

"အိမ်ရှေ့စံမင်းသမီး... နောင်ကို ဒီကြောင်ကို ဘယ်တော့မှ မကိုင်ပါနဲ့တော့"

"ဘာဖြစ်လို့လဲ"

"ဒီကြောင်မှာ ရောဂါရှိနေပါတယ်။ အိမ်ရှေ့စံမင်းသမီး ခံစားနေရတဲ့ အနာဆိုးတွေက ဒီကြောင်ဆီကနေ ကူးစက်တာပါ။ မင်းသမီးအနေနဲ့ ဒီကြောင်နဲ့ ဝေးဝေးနေပြီး အရင် ဆေးညွှန်းအတိုင်း ဆက်သောက်ရင် မကြာခင်မှာပဲ သက်သာပျောက်ကင်းသွားပါလိမ့်မယ်"

"ကြောင်ဆီက ရောဂါက လူဆီ ကူးစက်နိုင်တယ် ဟုတ်လား"

အိမ်ရှေ့စံမင်းသား ကျူးပြန်သည် မယုံကြည်နိုင်ဘဲ ဖြစ်နေ၏။

"အရှင်မင်းသား မယုံကြည်ရင် ဒီကြောင်ရဲ့ အမွေးတွေကို ရိတ်ကြည့်လိုက်ရင် ချက်ချင်း သိသာသွားပါလိမ့်မယ်"

ကျူးပြန်သည် ယုံတစ်ဝက်၊ မယုံတစ်ဝက်ဖြင့် ချက်ချင်းပင် ဓားထက်ထက်များကို ယူလာခိုင်းလိုက်ပြီး မကြာမီ အချိန်အတွင်း ကြောင်ဖြူကြီး၏ အမွေးများကို အပြောင် ရိတ်ပစ်လိုက်တော့၏။

အမွေးရှည်ကြီးများ မရှိတော့သောအခါ ကြောင်၏ ခန္ဓာကိုယ်ပေါ်တွင် အကွက်လိုက်ဖြစ်နေသော အနာဆိုးများနှင့် အချို့နေရာများတွင် ပုပ်နေသည်ကိုပင် တွေ့လိုက်ရသည်။ ပုံမှန်ဆိုလျှင် အမွေးရှည်ကြီးများ ဖုံးကွယ်ထားသဖြင့် လုံးဝ မမြင်ရခြင်း ဖြစ်၏။

"ဆောင်းတွင်းမှာ ရာသီဥတုက အေးတော့ ကြောင်တွေက အအေးကြောက်ပြီး အနွေးဓာတ်ကို ကြိုက်ကြတယ်။ သူတို့က နွေးထွေးဖို့အတွက် လူတွေအပေါ် လာအိပ်တတ်ကြရင်းနဲ့ ကြာလာတော့ လူဆီကို အနာဆိုးတွေ ကူးစက်စေတာပါ။ ရေရှည်အတွက်ဆိုရင် ဒီကြောင်ကို သတ်ပြီး မြေမြှုပ်ပစ်သင့်ပါတယ်..."

ထိုကြောင်မှာ အိမ်ရှေ့စံမင်းသမီး အလွန်ချစ်သော အိမ်မွေးတိရစ္ဆာန် ဖြစ်၏။ကြောင်တွင် ရောဂါရှိနေပြီ ဖြစ်သော်လည်း သူမ မသတ်ရက်ပေ။

"မသတ်ဘဲ ထားလို့ မရဘူးလား"

"မသတ်လည်း ရပါတယ်။ သူ့ကို ဝေးဝေးမှာပဲ ထားလိုက်ပါ"

"ပိုင်ကွမ်းအာ"

အိမ်ရှေ့စံမင်းသမီးသည်အမွေးရိတ်ထားသော ကြောင်ကြီး၏အမည်ကို ခေါ်၍ပြောလိုက်၏။

"မင်း သွားတော့... မင်း အသက်မွေးနိုင်မယ့် နေရာကို သွားတော့။ ငါ့နားကို ဘယ်တော့မှ ပြန်မလာနဲ့တော့..."

ကြောင်ကြီးသည် လူစကားကို နားလည်ပုံရ၏။ ၎င်းသည် ရုတ်တရက် ခုန်တက်ကာ မီးခိုးငွေ့တစ်ခုကဲ့သို့ လျှင်မြန်စွာ ပြေးထွက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

"ဒုက္ခပါပဲ"

အိမ်ရှေ့စံမင်းသား ကျူးပြန်ကရုတ်တရက် သူ၏ ပေါင်ကို ရိုက်ကာ ရေရွတ်လိုက်၏။

"ပိုင်ကွမ်းအာက ယွမ်ဝင်ဆီ သွားရှာမှာ သေချာတယ်။ မြန်မြန် သွားဖမ်းကြစမ်း။ ယွမ်ဝင်ပါ အနာဆိုးတွေ ကူးကုန်လိမ့်မယ်..."

*********

All Chapters