← Chapters

အခန်း ၁၈၄

Vol. 18 Ch. 184

အခန်း ၁၈၄

Vol. 18 Ch. 184

အခန်း (၁၈၄) မှန်ခုံး၏ အလင်းစုစည်းခြင်း နိယာမ

ဆောင်းရာသီ၏ နေရောင်ခြည်သည် လူများအပေါ်သို့ ကျရောက်နေပြီး နွေးထွေးကာ လွန်စွာ သက်တောင့်သက်သာ ရှိလှ၏။

ချင်းချင်းသည် ဝူကျိရှန်း တီထွင်ထားသော မှန်ဘီလူးကို ကိုင်ကာ ပျော်ရွှင်စွာ ဆော့ကစားနေ၏။

မှန်ဘီလူးသည် တကယ်ကို ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်သည်။ စာရွက်ပေါ်ရှိ သေးငယ်သော စာလုံးများကို ကြီးအောင် လုပ်ပေးနိုင်ရုံသာမက ၎င်း၏ စိတ်ဝင်စားစရာ အကောင်းဆုံး အင်္ဂါရပ်မှာ နေရောင်ခြည်ကို စုစည်းပေးနိုင်ခြင်းပင် ဖြစ်၏။

ချင်းချင်းသည် ဝူကျိရှန်း သင်ကြားပေးထားသော နည်းလမ်းအတိုင်း မှန်ဘီလူး၏ တည်နေရာနှင့် ထောင့်ချိုးကို ဖြည်းညင်းစွာ ချိန်ညှိရင်း နေရောင်ခြည်ကို စူးရှတောက်ပသော အလင်းစက်အသေးလေးတစ်ခု ဖြစ်အောင် စုစည်းလိုက်၏။

ထိုစူးရှဖြူဖွေးသော အလင်းစက်လေးသည် စာရွက်ပေါ်သို့ ကျရောက်သွားပြီး ခဏအကြာတွင် စာရွက်မှာ မည်းနက်ကာ ကာဗွန်ပြာအဖြစ် ပြောင်းလဲသွား၏။အနည်းခန့် အကြာတွင်မူ ၎င်းသည် မီးပင် တောက်လောင်လာခဲ့သည်။

ချင်းချင်းအတွက်မူ မှန်ဘီလူးဖြင့် နေရောင်ခြည်ကို စုစည်းကာ စာရွက်ကို မီးရှို့ခြင်းမှာ ထူးဆန်းသော ကိစ္စတစ်ခုတော့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူမသည် ဝူကျိရှန်း ကိုယ်တိုင် လုပ်ပြသည်ကို ယခင်က မြင်တွေ့ဖူးသောကြောင့် ဖြစ်၏။

ချင်းချင်းသည်ထိုပစ္စည်းအသေးလေး၏ အရေးပါမှုကို သဘောမပေါက်သေးဘဲ ၎င်းကို ရိုးရိုးရှင်းရှင်း ပျော်စရာကောင်းသည်ဟုသာ ထင်မှတ်နေ၏။

သူမသည် စွန့်ပစ်စာရွက်များကို တစ်ရွက်ပြီးတစ်ရွက် ပျော်ရွှင်စွာ မီးရှို့နေစဉ် တံခါးပတ္တာ၏ အသံကို သဲ့သဲ့မျှ ကြားလိုက်ရသည်။

သူမ မော့ကြည့်လိုက်ရာ ပိတ်ထားသော ခြံဝင်းတံခါးပွင့်ဟသွားပြီး ကလေးခေါင်းလေးတစ်ခု တိုးဝင်လာသည်ကို မြင်လိုက်ရ၏။

ထိုကလေးမှာ လွန်ခဲ့သော သုံးရက်က ကြောင်ကို ပွေ့ချီထားသော ကလေးငယ်ပင် ဖြစ်သည်။

"သမားတော်ဝူ၊ အိမ်မှာ ရှိလား"

"သခင်လေးက အစိုးရရုံးကို အလုပ်သွားတယ်"

"ငါ ပိုင်ကွမ်းအာကို ကုဖို့ သမားတော်ဝူကို လာရှာတာ၊သူမရှိဘူးဆိုတော့ ငါ နောက်မှပဲ ပြန်လာခဲ့မယ်"

"မင်းရဲ့ ကြောင်တုတ်ကြီးကို ကုချင်တာ မဟုတ်လား။ ငါလည်း ကုတတ်ပါတယ်"

ထိုစကားကို ကြားလျှင် ကြားချင်း ကလေးငယ်၏ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားသည့် အရိပ်အယောင်များ ချက်ချင်း ပေါ်လာ၏။

"နင်က တကယ်ပဲ ပိုင်ကွမ်းအာကို ကုပေးနိုင်လို့လား"

"ကုနိုင်တာပေါ့"

ချင်းချင်းက တဟိဟိ ရယ်မောရင်း ပြောလိုက်၏။

"ငါက သခင်လေးရဲ့ ဆေးပညာအများစုကို သင်ယူထားတာ။ ကြောင်ရဲ့ ပွေးနာကို ကုတာပဲ၊ ဒါက ကလေးကစားစရာပဲ ရှိသေးတယ်"

ကလေးငယ်သည် ဝမ်းသာအားရဖြင့် တံခါမှ တိုးဝင်လာပြီး ပွပွယောင်းယောင်း အင်္ကျီထဲမှ ကြောင်ဖြူကြီးကို ဆွဲထုတ်ကာ ချင်းချင်းထံသို့ ကုသရန် ပေးလိုက်၏။

ဝူကျိရှန်း ယခင်က လိမ်းပေးထားသော ဆေးဆီများသည် ခြောက်သွေ့ကာ ကွာကျကုန်ပြီ ဖြစ်သဖြင့် အရေပြားအသစ်များ ပေါ်နေပြီ ဖြစ်၏။

"ပိုင်ကွမ်းအာရဲ့ ရောဂါက အတော်လေး ပျောက်နေပြီ။ နောက်ထပ် ဆေးနည်းနည်း ထပ်လိမ်းရင် လုံးဝ ပျောက်ကင်းသွားလိမ့်မယ်။ အဲဒီကျရင် ပိုင်ကွမ်းအာက ငါနဲ့ ပြန်ဆော့လို့ရပြီ"

ချင်းချင်းသည် ဝူကျိရှန်း ကြောင်ကို ကုသပေးစဉ်က လုပ်ငန်းစဉ်တစ်ခုလုံးကို ကိုယ်တိုင် မြင်တွေ့ဖူးသဖြင့်အတိုင်း ကျွမ်းကျင်နေပြီ ဖြစ်၏။ သူမသည် လွန်ခဲ့သော ရက်အနည်းငယ်ကကဲ့သို့ပင်ချဉ်ရေ အချို့ကို ယူကာ ကြောင်ဖြူကြီးကို ချဉ်ရေချိုးပေးရန် ပြင်ဆင်လိုက်၏။

သို့သော်လည်း လွန်စွာ ဝဖြိုးလှသော ကြောင်ဖြူကြီးသည် ငြိမ်ငြိမ်မနေဘဲ ရုန်းကန်သဖြင့် ရေဇလုံကို မှောက်ချပစ်လိုက်သလိုဖြစ်သွား၏။

ချင်းချင်းသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ကြောင်ဖြူကို ဖြတ်ခနဲ ရိုက်လိုက်၏။

"မင်း ငြိမ်ငြိမ်မနေရင် ဘေးအိမ်က အဝါကြီးကို မင်းကို ကိုက်ခိုင်းလိုက်မှာ..."

"အဝါကြီးက ဘယ်သူလဲ"

ကလေးငယ်က ခေါင်းလေးစောင်းကာ မေးလိုက်၏။

"သူက ခွေးဝါကြီးလေ၊ အရမ်းဆိုးတဲ့ ခွေးကြီး။ သူက လေလွင့်ကြောင်တွေ အများကြီးကို ကိုက်သတ်ဖူးတယ်"

"တကယ် ဆိုးတဲ့ ခွေးကြီးပဲ"

ကလေးငယ်သည် ပိုင်ကွမ်းအာကို ပွတ်သပ်ပေးရင်း တိုးညှင်းစွာ ချော့မော့လိုက်၏။

"လိမ္မာစမ်းပါ၊ ငြိမ်ငြိမ်နေ၊ မဟုတ်ရင် သူက တကယ်ပဲ ခွေးနဲ့ ကိုက်ခိုင်းလိမ့်မယ်... အော်၊ ဒါနဲ့ နင်က နာမည် ဘယ်လိုခေါ်လဲ"

"ငါ့နာမည် ချင်းချင်း လို့ ခေါ်တယ်"

"ချင်းချင်း..."

"သူများက ငါ့ကို အဲဒီလို ခေါ်လို့ရပေမဲ့ မင်းကတော့ ခေါ်လို့မရဘူး"

"မင်းက ဒီလောက် ကလေးအသေးလေး ရှိသေးတာ၊ ငါ့ကို အမကြီးချင်း လို့ ခေါ်ရမယ်။ မဟုတ်ရင် ရိုင်းစိုင်းရာ ကျလိမ့်မယ်။ မင်း နာမည်ကကော ဘာလဲ"

"ငါ့နာမည်က ကျူးယွမ်ဝင် လို့ ခေါ်တယ်"

"ယွမ်ဝင်"

ချင်းချင်းသည် ထိုနာမည်၏ တကယ့် အဓိပ္ပာယ်ကို လုံးဝ မသိရှိပေ။ သူမသည် သူ့ထံသို့ အဝတ်တစ်ထည်ကို လှမ်းပစ်ပေးလိုက်ပြီး အစေခံတစ်ယောက်ကို ခိုင်းစေသည့် အမူအရာဖြင့် ပြောလိုက်၏။

"ကြောင်ရဲ့ ကိုယ်ပေါ်က ရေတွေကို သုတ်ပေးထား၊ ငါ ဆေးသွားစပ်လိုက်ဦးမယ်"

ဤဆေးဆီ၏ ဖော်မြူလာမှာ လွန်စွာ ရိုးရှင်းပြီး ဝူကျိရှန်းက ယခင်က တစ်ကြိမ် စပ်ဖူးသဖြင့် သူမသည် အဆင့်များအတိုင်း လိုက်လုပ်ရုံသာ ဖြစ်၏။

ကျူးယွမ်ဝင်သည် ကြောင်ကို ပွေ့ချီထားရင်း ချင်းချင်းက ပိုင်ကွမ်းအာကို ဆေးလိမ်းပေးသည်ကို ကြည့်ကာ မေးလိုက်၏။

"အိမ်မှာ နင်တစ်ယောက်တည်းပဲ ရှိတာလား"

"သခင်‌လေးက အလုပ်သွားတယ်၊ သခင်မလေးကတော့ ကလေးရအောင် ဆုတောင်းဖို့ နတ်သမီးကျောင်းကို သွားတယ်။ အဲဒါကြောင့် အိမ်မှာ ငါတစ်ယောက်တည်းပဲ ကျန်တာ"

"ကလေးရဖို့ ဆုတောင်းတယ်ဆိုတာ ဘာလဲ"

"အဲဒါက သူ ကလေးမြန်မြန်ရအောင် သားဆုပေးနတ်သမီးဆီမှာ ဆုတောင်းတာလေ"

သခင်မလေးရွန့်နှင့် ဝူကျိရှန်းတို့ လက်ထပ်ခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း သားသမီး မထွန်းကားသေးပေ။ သူတို့သည် စိုးရိမ်ပူပန်နေကြသဖြင့် ရက်အနည်းငယ်ခြားတစ်ခါ နတ်သမီးကျောင်းသို့ သွားကာ အမွှေးတိုင်ထွန်း၍ဆု‌ တောင်းခြင်းဖြစ်သည်။

"ကလေးရတာ ဘာကောင်းလို့လဲ။ ကလေးတွေက သိပ်အလုပ်ရှုပ်တာပဲ"

သူကိုယ်တိုင် ကလေးဖြစ်သော်လည်း ကျူးယွမ်ဝင်သည် ကလေးများကို လုံးဝ နှစ်သက်ပုံမရ‌ ပေ။

"ငါ့ရဲ့ အငယ်တွေက အရမ်းဆိုးတာ။ သူတို့ ထမင်းဝနေရင်တောင် အော်ငိုနေကြတုန်းပဲ၊ အရမ်း စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတယ်။ တစ်ခါက ငါ့ညီလေးက ငါ့စာအုပ်ပေါ်ကို အီးအီးနဲ့ သေးတွေ ပေကျံအောင် လုပ်လိုက်သေးတယ်။ တွေးမိတိုင်း ရွံစရာကြီး"

"မင်းက ဒီလောက် အသက်ငယ်ငယ်နဲ့ စာဖတ်နေပြီလား။ မင်း ကဘာစာအုပ်တွေ ဖတ်လဲ"

"ငါ ကွန်ဖြူးရှပ်ကျမ်းကို ဖတ်ပြီးပြီ။ အခုတော့ ကျင်းရှန်ယောင်ရွှန်နဲ့ မဟာပညာကျမ်း၊ဓလေ့ထုံးတမ်းကျမ်းတွေကို ဖတ်နေတယ်။ နင်ကော စာအုပ်တွေ ဖတ်ဖူးလား"

"ငါလည်း စာအုပ်ဖတ်ဖူးတာပေါ့"

"နင် ဘာစာအုပ်တွေ ဖတ်ဖူးလဲ"

"ငါက မျိုးရိုးအမည်များကျမ်းနဲ့ စာလုံးတစ်ထောင်ကျမ်းကို ဖတ်ဖူးတယ်"

ဤစကားကို ကြားလျှင် ကြားချင်း ကျူးယွမ်ဝင်သည် ချက်ချင်းပင် တဟားဟား ရယ်မောတော့၏။

"မျိုးရိုးအမည်များကျမ်း နဲ့ စာလုံးတစ်ထောင်ကျမ်းက စာအုပ်ဖတ်တယ်လို့ ခေါ်လို့ရလို့လား"

တိတိကျကျ ပြောရလျှင် မျိုးရိုးအမည်များကျမ်းနှင့် စာလုံးတစ်ထောင်ကျမ်း တို့ကိုဖတ်ခြင်းကို စာအုပ်ဖတ်ခြင်းဟု မသတ်မှတ်နိုင်ပေ။ ၎င်းတို့သည် ကလေးများအတွက် စာလုံးအခြေခံ သင်ပုန်းကြီးမျှသာ ဖြစ်၏။

ကလေးတစ်ယောက်၏ပညာမရှိဟု အပြောခံရသဖြင့် ချင်းချင်းသည် အရှက်ရသွားပြီး ချက်ချင်းပင် ကြွားလုံးထုတ်တော့၏။

"ငါ... ငါက မိဘဝတ္တရားကျမ်း၊ အမျိုးသမီးကျမ်းနဲ့ ယန်မိသားစုဆုံးမစာတွေကိုလည်း ဖတ်ဖူးသေးတယ်"

၎င်းမှာ မျက်နှာပန်းလှချင်သော ချင်းချင်း၏ သက်သက် ကြွားဝါခြင်းသာ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ထိုစာအုပ်များကို တကယ် မဖတ်ဖူးဘဲ သခင်မလေးရွန့် ဖတ်သည်ကိုသာ မြင်ဖူးသောကြောင့် ဖြစ်၏။ ကျူးယွမ်ဝင်ကသာ စာအုပ်အကြောင်းအရာများကို မေးခွန်းထုတ်စစ်ဆေးလျှင် ချင်းချင်းသည် မေးခွန်းတစ်ခုမျှ ဖြေနိုင်မည် မဟုတ်ပေ။

"'ယန်မိသားစုဆုံးမစာတို့ ဘာတို့က အရမ်း အခြေခံကျလွန်းပါတယ်"

ကျူးယွမ်ဝင်သည် ချင်းချင်းထက် အသက် ငယ်သော်လည်း သူ၏ ပညာအရည်အချင်းမှာ သူမထက် လွန်စွာ မြင့်မားလှ၏။

"နင်သမိုင်းစကားဝိုင်းကျမ်းနဲ့ မင်းကျင့်တရားအုပ်ချုပ်မှုမှန်ပြတင်းကျမ်း တွေကို ဖတ်သင့်တယ်။ စာဖတ်ခြင်းက လူတွေကို အမြင်ပွင့်စေပြီး စိတ်ကူးစိတ်သန်းတွေကို ကျယ်ပြန့်စေတယ်..."

ကျူးယွမ်ဝင် ပြောဆိုလိုက်သော စာအုပ်နှစ်အုပ်သည် အဆင့်မြင့်သဖြင့် ချင်းချင်းသည် ထိုစာအုပ်များ၏ နာမည်ကိုပင် မကြားဖူးပေ။

သူမသည် အသက်ငယ်ငယ်လေးနှင့် ပညာတတ်လူကြီးလေးလုပ်နေသည့် ကျူးယွမ်ဝင်ကို ကြည့်ပြီး စိတ်ထဲတွင် လုံးဝ မကျေနပ် ဖြစ်နေ၏။

သိက္ခာဆယ်ရန်အတွက် ချင်းချင်းသည် ဘေးနားရှိ မှန်ဘီလူးကို ကောက်ယူလိုက်၏။

"ငါက နိယာမတွေ အများကြီး သိတာ။ မင်း မှန်ခုံးဆိုတာ ဘာလဲ သိလား။ အလင်းစုစည်းခြင်း ဆိုတာ ဘာလဲ သိလား"

"မှန်ခုံး ၊အလင်းစုစည်းခြင်း၊အဲဒါတွေက ဘာတွေလဲ"

ကျူးယွမ်ဝင်၏ ကြောင်အမ်းအမ်း မျက်နှာအမူအရာကို မြင်သဖြင့် ချင်းချင်းသည် စိတ်ထဲတွင် ကျေနပ်သွားရ၏။ သူမသည် မှန်ဘီလူးကို သုံးကာ နေရောင်ခြည်ကို စုစည်းပြီး စာရွက်တစ်ရွက်ကို မီးရှို့ပြလိုက်၏။

မီးမပါဘဲ စာရွက်ဖြူကို မီးတောက်စေနိုင်ခြင်းမှာ ကျူးယွမ်ဝင်ကို အလွန်အမင်း အံ့အားသင့်စေခဲ့ပြီး သူသည် ချင်းချင်း မှန်ခုံး ဟု ခေါ်သော အရာအပေါ် ချက်ချင်းပင် စိတ်ဝင်စားမှု ပြည့်နှက်သွားတော့၏။

"နင် ဒါကို ဘယ်လို လုပ်လိုက်တာလဲ။ ဒီစာရွက်က ဘယ်လိုဖြစ်ပြီး မီးတောက်သွားတာလဲ"

"နင့်ရဲ့ ဒီပစ္စည်းက ဘယ်လိုဖြစ်တာလဲ။ သူက တကယ်ပဲ မီးရှို့နိုင်တာပဲ၊ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်"

ပညာရပ်ပိုင်းတွင် ကျူးယွမ်ဝင်ကို အသာစီးရလိုက်သဖြင့် ချင်းချင်းသည် ပို၍ပင် ပျော်ရွှင်သွား၏။

"ကလေးလေး၊ မင်း စာအုပ်တွေ အလကား အများကြီး ဖတ်ခဲ့တာပဲ၊ ငါ့လောက်တောင် မသိဘူး"

"အမကြီးချင်း၊ နင် ဒါကို တကယ်ပဲ ဘယ်လို လုပ်လိုက်တာလဲ။ ကျေးဇူးပြုပြီး ငါ့ကို သေသေချာချာ ပြောပြပါဦး..."

*********

All Chapters