← Chapters

အခန်း ၁၈၆

Vol. 18 Ch. 186

အခန်း ၁၈၆

Vol. 18 Ch. 186

အခန်း (၁၈၆) ဝင်လုဆဲဆဲ နေဝန်းကြီး

နောက်ဆုံးကျန်ရှိနေသော နေရောင်ခြည်သည် မြင့်မားလှသော နန်းတော်ကြီးကို ဖြန်းပက်ထား၏။ ထိုနေရောင်အောက်တွင် ကွန်းနင်းနန်းဆောင်သည် ရွှေရောင်အရိပ်အယောင်အဖြစ် ပြောင်းလဲနေပြီး ဒဏ္ဍာရီထဲက နတ်ဗိမာန်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။

မိဖုရားခေါင်ကြီးမာသည် နန်းဆောင်ရှေ့ရှိ ကျယ်ဝန်း၍ နူးညံ့သော ခုတင်ပေါ်တွင် မှီလျက် ထိုင်နေ၏။ သူမ၏ လက်ချောင်းများက ချောမွေ့နူးညံ့သော ကတ္တီပါဖုံးကို အသာအယာ ပွတ်သပ်နေရင်း မျက်လုံးများကို မှိတ်ထားသည်။

"ကျူးအာ့.. ငါတို့ လက်ထပ်တုန်းက အချိန်တွေကို မင်း မှတ်မိသေးလား"

ကျူးအာ့ဟူသည်မှာ ကျူးယွမ်ကျန်း၏ ငယ်နာမည် ဖြစ်၏။ တစ်ပြည်လုံးတွင် မင်မင်းဆက်ကို တည်ထောင်ခဲ့သော ဧကရာဇ်မင်းအား ထိုသို့ ခေါ်ဝေါ်ရဲသူမှာ မိဖုရားခေါင်ကြီးမာ တစ်ဦးတည်းသာ ရှိသည်။

ကျူးယွမ်ကျန်း၏ မျက်နှာတွင် ပျော်ရွှင်သော အပြုံးများ ပြည့်နှက်သွား၏။

"ငါတို့ လက်ထပ်ခဲ့တဲ့ အခြေအနေတွေကို ဒီနေ့အထိ ငါ မမေ့သေးပါဘူး။ အခုထိ မျက်စိထဲမှာ မြင်နေတုန်းပဲ။ ဟောက်မြစ်ကနေ ဟောက်ကျိုးမြို့အထိ လျှောက်ခဲ့တဲ့ မင်္ဂလာလှည့်လည်ပွဲကို ငါ မှတ်မိနေသေးတယ်။ အဲဒီတုန်းက မင်္ဂလာပွဲက နည်းနည်း ကမန်းကတန်း ဖြစ်သွားတာပဲ နှမြောဖို့ကောင်းတယ်"

"ဟုတ်တယ်.. နည်းနည်း ကမန်းကတန်း ဖြစ်ခဲ့တာ။ အဲဒီတုန်းက ငါ့မှာ ပိုးအင်္ကျီတစ်ထည်ပဲ ရှိခဲ့တာ။ အခုတော့ ဒီလို ဇာကတ္တီပါတွေပေါ်မှာ ထိုင်နေရပြီ"

ထိုစဉ်က လက်ထပ်ခဲ့သည့် အကြောင်းအရာများကို ပြောနေစဉ် မိဖုရားခေါင်ကြီးမာ၏ မျက်နှာတွင် မိန်းကလေးငယ်တစ်ဦးကဲ့သို့ အပြုံးမျိုး ပေါ်လာ၏။

"မင်း ငါတို့ မင်္ဂလာဦးညကို မှတ်မိသေးလား။ စစ်သူကြီးရွှီသီနဲ့ တခြားလူတွေက ငါတို့ကို လာနောက်ကြတယ်။ မင်းကို အရက်သောက်ဖို့ ဝိုင်းအော်ကြတော့ ထန်ကောက မင်းအတွက် ကူညီပေးခဲ့တာလေ"

ထန်ဟောသည် ကျူးယွမ်ကျန်းထက် နှစ်နှစ်ကြီး၏။ သူသည် တစ်ရွာတည်းသား မိတ်ဆွေကောင်း ဖြစ်ရုံသာမက ကျူးယွမ်ကျန်းအား ကတ္တီပါနီတပ်တော်ထဲသို့ သွင်းပေးခဲ့သော လမ်းပြလည်း ဖြစ်သည်။

ထို့အပြင် ထန်ဟောနှင့် မိဖုရားခေါင်ကြီးမာတွင် နောက်ထပ် ထူးခြားသော ဆက်ဆံရေးတစ်ခု ရှိသေး၏။ ထိုစဉ်က မိဖုရားခေါင်ကြီးမာ လက်ထပ်ချိန်တွင် ထန်ဟောက သတို့သမီးလိုက်ပါပို့ဆောင်သူအဖြစ် ဆောင်ရွက်ခဲ့သည်။

သာမန်အခြေအနေတွင် သတို့သမီး၏ မောင်နှမအရင်းကသာ ဤတာဝန်ကို ယူရသဖြင့် မိဖုရားခေါင်ကြီးမာက ထန်ဟောအား သူမ၏ အစ်ကိုအရင်းကဲ့သို့ သဘောထားခြင်း ဖြစ်၏။

"အမှန်ပဲ.. ငါ မှတ်မိတာပေါ့"

ကျူးယွမ်ကျန်းက အကျယ်ကြီး ရယ်မောရင်း ပြောသည်။

"အဲဒီညက စိန့်ကုန်းက ငါ့အတွက် အရက်တွေ အများကြီး ကူသောက်ပေးလို့ သူကိုယ်တိုင်တောင် အလွန် မူးသွားခဲ့တယ်"

မိဖုရားခေါင်ကြီးမာက ထန်ဟောကို ထန်ကော ဟု ခေါ်ပြီး ကျူးယွမ်ကျန်းကမူ စိန့်ကုန်း ဟု ခေါ်သဖြင့် သူတို့နှစ်ဦး၏ ရင်းနှီးမှု ကွာခြားပုံမှာ ထင်ရှားလှ၏။

"မင်း ထန်ကောရဲ့ ကျေးဇူးကို မှတ်မိနေသေးတာပဲ"

မိဖုရားခေါင်ကြီးမာက တိုးညင်းစွာ ပြောလိုက်သည်။

"သူ့ကို လွှတ်ပေးလိုက်ပါ"

ထိုစကားကို ကြားလျှင် ကျူးယွမ်ကျန်း၏ မျက်နှာအမူအရာက ချက်ချင်း တင်းမာသွား၏။

ကော်ဟွမ်အမှုသည် ပိုမိုကြီးထွားလာနေပြီး စိန့်ကုန်းထန်ဟော၏ ဒုတိယမြောက်သားလည်း ပါဝင်ပတ်သက်နေသည်။

ထန်ဟောကိုယ်တိုင်အပေါ် အရေးယူမည့် အရိပ်အယောင် မရှိသေးသော်လည်း ကျူးယွမ်ကျန်း၏ စိတ်ကူးကို မိဖုရားခေါင်ကြီးမာက မည်သို့လျှင် မသိဘဲ နေမည်နည်း။

"လွန်ခဲ့တဲ့ ရက်ပိုင်းက ငါ ထန်ကောကို တွေ့ခဲ့တယ်။ သူ တကယ် အိုမင်းနေပြီ။ အလွန် ပိန်ကျုံ့နေပြီး နောက်ထပ် နှစ်အကြာကြီး နေရတော့မှာ မဟုတ်ပါဘူး။ ငါ့မျက်နှာကို ထောက်ပြီး ဒါကိုပဲ ထားလိုက်ပါတော့"

"မိဖုရားက ဘာတွေ ပြောနေတာလဲ"

ကျူးယွမ်ကျန်း၏ မျက်နှာအမူအရာက အကြိမ်ကြိမ် ပြောင်းလဲသွားပြီးနောက် နောက်ဆုံးတွင် အလွန်ခက်ခဲသော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။

"စိန့်ကုန်းနဲ့ငါက အပေါ်ယံမှာ ဘုရင်နဲ့ကျွန် ဖြစ်ပေမဲ့ အမှန်တော့ ညီအစ်ကိုတွေပါ။ သူမှာ အပြစ်တွေ အများကြီး ရှိရင်တောင် မျက်နှာထောက်ထားရမှာပေါ့။ ငါက သူ့ကို ဂျပန်ပင်လယ်ဓားပြတွေကို နှိမ်နင်းဖို့ အရှေ့တောင်ဘက်ဆီ စေလွှတ်တော့မလို့ပါ"

အရှေ့တောင်ဘက်တွင် ဂျပန်ပင်လယ်ဓားပြများ သောင်းကျန်းနေသဖြင့် ထန်ဟောအား မြို့တော်မှ ခွာ၍ အရှေ့တောင်ဘက်သို့ စေလွှတ်ခြင်းမှာ အမှန်တော့ အပြစ်မှ ကင်းလွတ်ခွင့်ပေးခြင်း ဖြစ်၏။

ကျူးယွမ်ကျန်းသည် မိဖုရားခေါင်ကြီးမာ၏ လက်ကို ဆုပ်ကိုင်ကာ တိုးတိုးလေး ပြောသည်။

"စိတ်ရှုပ်စရာတွေကို မတွေးပါနဲ့တော့။ ကောင်းကောင်း အနားယူပြီး အသက်ရာကျော် ရှည်ပါစေ"

"အသက်ရာကျော် ရှည်ရမယ် ဟုတ်လား"

မိဖုရားခေါင်ကြီးမာ၏ မျက်နှာတွင် တည်ငြိမ်သော အပြုံးတစ်ခု ပေါ်လာ၏။

"ငါ့ရောဂါအခြေအနေကို ငါ အသိဆုံးပါ။ ဒီဆောင်းတွင်းကို ငါ ကျော်ဖြတ်နိုင်မယ် မထင်ဘူး"

"မိဖုရားက တိုင်းပြည်ရဲ့ မိခင်ပဲ။ သဘာဝအတိုင်း ကောင်းကင်ဘုံရဲ့ စောင့်ရှောက်မှုနဲ့ နတ်ဗြဟ္မာတွေရဲ့ ကာကွယ်မှုကို ရမှာပါ"

မိဖုရားခေါင်ကြီးမာက ကျူးယွမ်ကျန်းကို ကြည့်ကာ ရယ်မောလိုက်၏။

"ကျူးအာ့.. ရှင်က ဘာလို့ ဒီလို စကားတွေ ပြောနေတာလဲ။ ရှင်ကိုယ်တိုင်ကော ယုံလို့လား"

ကျူးယွမ်ကျန်းဆက်ပြောစရာစကားမရှိ ဖြစ်သွားရသည်။

ကောင်းကင်ဘုံ၏ စောင့်ရှောက်မှုနှင့် နတ်ဗြဟ္မာများ၏ ကာကွယ်မှု ဆိုသော မြှောက်ပင့်စကားများကို ကျူးယွမ်ကျန်းကိုယ်တိုင်လည်း တစ်လုံးမှ မယုံကြည်ချေ။

အကယ်၍ မြင့်မြတ်သော အဆင့်အတန်းက အသက်ရှည်မှုကို ပေးနိုင်လျှင် သမိုင်းတစ်လျှောက်ရှိ ဧကရာဇ်များနှင့် မိဖုရားများထဲတွင် မည်သူက အသက်ရာကျော် မရှည်ခဲ့ဖူး ချေ။

မိဖုရားခေါင်ကြီးမာဖျားနာနေခဲ့သည်မှာ ကြာပြီဖြစ်ပြီး သူမ၏ အခြေအနေက အလွန် စိုးရိမ်ရသည်။

ငယ်စဉ်အခါက စစ်မြေပြင်တွင် အမြဲ လှည့်လည်သွားလာခဲ့ရသဖြင့် မိဖုရားခေါင်ကြီးမာတွင် ရောဂါဝေဒနာမျိုးစုံ ရှိခဲ့ပြီး ယခုနှစ်ပိုင်းများတွင် ပိုမို ပြင်းထန်လာခဲ့ခြင်း ဖြစ်၏။

အစပိုင်းတွင် အအေးမိ၍ ချောင်းဆိုးခြင်းဟု ထင်မှတ်ကာ နန်းတွင်းသမားတော်များက အဆုတ်နာရောဂါအဖြစ် ကုသခဲ့သော်လည်း ရောဂါမြစ်ဖျားခံရာကို အမြစ်ပြတ်အောင် မကုသနိုင်ခဲ့ကြချေ။

ယခုရက်ပိုင်းတွင် မိဖုရားခေါင်ကြီးမာ၏ အခြေအနေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာ၏။ ချောင်းဆိုးခြင်းအပြင် သူမ၏ လက်များနှင့် ခြေထောက်များသိသိသာသာ ဖောရောင်လာ၏။

"ထန်ကောလည်း အိုပြီ။ ငါတို့လည်း အိုကြပြီ"

မိဖုရားခေါင်ကြီးမာက ကောင်းကင်ယံက ဝင်လုဆဲဆဲ နေဝန်းကြီးကို ကြည့်နေ၏။ သူမ၏ အမူအရာက အေးချမ်းနေပြီး လေသံကလည်း မိမိနှင့် မဆိုင်သော ကိစ္စတစ်ခုကို ပြောနေသကဲ့သို့ တည်ငြိမ်နေသည်။

"မင်း လီသုံးထောင် ကျယ်ပြောတဲ့ တိုင်းပြည်ကြီးကို သိမ်းပိုက်တာကို ငါ ကြည့်ခဲ့ရတယ်။ မင်း ခမ်းနားတဲ့ မင်မင်းဆက်ကို တည်ထောင်တာကိုလည်း ငါ ကြည့်ခဲ့ရတယ်။ ပြန်အာကလည်း အလွန် အားကိုးရတယ်။ ငါ့ဘဝမှာ နောင်တမရှိတော့ပါဘူး"

မိဖုရားခေါင်ကြီးမာသည် သိသိသာသာ ဖောရောင်နေသော သူမ၏ လက်များကို ဆန့်ထုတ်ကာ အချိန်ကာလ၏ အမှတ်အသားများ ထင်ကျန်နေသော ကျူးယွမ်ကျန်း၏ မျက်နှာကိုငြင်သာစွာ ပွတ်သပ်လိုက်၏။

"ကျူးအာ့..ရှင့်ရဲ့ တစ်ဘဝလုံးက မြောက်ပိုင်းကနေ တောင်ပိုင်းအထိ၊ အရှေ့ပိုင်းကနေ အနောက်ပိုင်းအထိ စစ်တိုက်ရင်း ကုန်လွန်ခဲ့ရတယ်။ တစ်စက္ကန့်မှ မနားခဲ့ရဘူး။ ရှင်လည်း ဆံပင်တွေ ဖြူကုန်ပြီ။ အချိန်က ဘယ်သူ့ကိုမှ မညှာဘူးပဲ"

သူရဲကောင်းများ အိုမင်းကာ အလှပဂေးများ ဇရာထောက်ရ၏။ အချိန်ကာလသည် ကောင်းကင်သားတော် ဖြစ်သော်လည်း ဘယ်သူ့ကိုမှ စောင့်ဆိုင်းမနေချေ။

"တာတာတွေကို မောင်းထုတ်ပြီး တရုတ်ပြည်ကို ပြန်ထူထောင်တာက ဘယ်လောက် ကြီးကျယ်တဲ့ အလုပ်လဲ။ ဒါပေမဲ့ ရှင့်ရဲ့ ပင်ပန်းမှုကို ငါတစ်ယောက်ပဲ သိတယ်"

မိဖုရားခေါင်ကြီးမာက ခေါင်းကို အနည်းငယ် မော့ကာ အနောက်ဘက်က ဝင်လုဆဲဆဲ နေဝန်းကြီးကို ကြည့်ရင်း ရေရွတ်လိုက်၏။

"လောကလူတွေက ရှင့်ကို ပညာရှိပြီး အစွမ်းထက်တဲ့ သမိုင်းတစ်လျှောက် ပြိုင်ဘက်ကင်း ဧကရာဇ်လို့ ပြောကြတယ်။ ဒါပေမဲ့ရှင်လည်း နေဝင်တာကိုတော့ မတားဆီးနိုင်ပါဘူး"

ဘဝဆိုသည်မှာ နောက်ဆုံးတွင် ကုန်ဆုံးရစမြဲ ဖြစ်ပြီး လူသားတို့၏ စွမ်းအားတွင် အကန့်အသတ် ရှိ၏။ ကျူးယွမ်ကျန်းကိုယ်တိုင်ပင် မတတ်နိုင်သော အရာများ ရှိနေ ပေသည်။

"တိုင်းပြည်ရေးရာတွေကို လုပ်ဖို့ ရှင်အမြဲတမ်း တတိယယံအထိ မအိပ်ဘဲ နေပြီး ပဉ္စမယံမှာ ထရတယ်။ ငတ်မွတ်ခေါင်းပါးမှုတွေ စစ်ပွဲတွေ ရှိတိုင်း ရှင် ထမင်းမစားနိုင် အိပ်မပျော် နိုင်ဖြစ်ရတယ်။ ဒါက ရေရှည်အတွက်အတွက်မကောင်းဘူး။ ရှင် နည်းနည်းလောက် နားသင့်ပြီ"

"ငါ ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနေပြီ ပဲမဟုတ်လား"

ကျူးယွမ်ကျန်းက အသက်ကို ပြင်းပြင်းရှူကာ အလွန် နှေးကွေးသော

လေသံဖြင့် ပြောလိုက်သည်။

"နန်းတွင်းရေးရာ အတော်များများကို ပြန်အာကို လွှဲပေးပြီး စီမံခိုင်းနေပါပြီ"

သူတို့ မသိလိုက်ဘဲ နေမင်းကြီးသည် နန်းတော်တံတိုင်းကြီးများ၏ နောက်ကွယ်သို့ ကွယ်ပျောက်သွားခဲ့ပြီး‌ မှောင်ရီပျိုးလာတော့သည်။

ထိုစဉ်မှာပင် ကျူးပြန်ရောက်ရှိလာ၏။

သူသည် အိမ်ရှေ့မင်းသမီးနှင့် ကလေးအချို့ကို ခေါ်ဆောင်ကာ ရောက်လာခြင်း ဖြစ်သည်။

လဆန်းတစ်ရက်နေ့နှင့် လပြည့်နေ့တိုင်းတွင် ကျူးပြန်သည် ဇနီးနှင့် သားသမီးများကို ခေါ်ကာ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးထံ လာရောက် ဂါရဝပြုစမြဲ ဖြစ်သည်။

ကျူးပြန်၏ မိသားစုကို မြင်လျှင် မိဖုရားခေါင်ကြီးမာက သူမ၏ ခန္ဓာကိုယ်ကို ချက်ချင်း မတ်မတ်ပြင်လိုက်ပြီး သိက္ခာရှိသော အနေအထားကို ထိန်းသိမ်းလိုက်၏။

ကျူးယွမ်ကျန်း၏ မျက်နှာပေါ်ရှိ ဝမ်းနည်းရိပ် အနည်းငယ်ကလည်း ပျောက်ကွယ်သွားပြီး အဘိုးအိုတစ်ယောက်အသွင်မှ ပြတ်သားထက်မြက်သော ကောင်းကင်သားတော်အဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။

"သားတော်က ခမည်းတော်ကို ဂါရဝပြုပါတယ်။ မယ်တော်လည်း သက်တော်ရာကျော် ရှည်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်"

"မြေးတော်များက အဘိုး‌တော်နဲ့ဘွားတော်ကိုဂါရဝပြုပါတယ်"

ဒူးထောက်အရိုအ‌သေပြုနေသော သားသမီးမြေးများကို ကြည့်ကာ မိဖုရားခေါင်ကြီးမာ၏ မျက်နှာတွင် ကျေနပ်သော အပြုံးများ ပြည့်နှက်သွား၏။

"ကောင်းလှပြီ ကလေးတို့။ အားလုံး ထကြ၊ ထကြ။ ငါ့ဘေးမှာ လာထိုင်ကြဦး"

မိဖုရားခေါင်ကြီးမာက စားပွဲပေါ်ရှိ နန်းတွင်းမုန့်များကို ညွှန်ပြလိုက်သည်။

"ဒါတွေက ဆူးကျိုးနယ်က ဆက်သလာတဲ့ မုန့်တွေပဲ။ ယွန်းဝမ်၊ ကျူးယွန်းထုန်း.. မင်းတို့ ဘာသာမတ်တတ် ယူစားကြ"

"ရာသီဥတုက အေးနေပြီ။ မယ်တော် အပြင်မှာ မနေသင့်ဘူး။ နန်းဆောင်ထဲမှာက ပိုနွေးပါတယ်"

ကျူးပြန်စကားပြောရင်း မိဖုရားခေါင်ကြီးမာအား အတွင်းဆောင်ထဲသို့ တွဲခေါ်ရန် ပြင်လိုက်၏။

သို့သော် မိဖုရားခေါင်ကြီးမာက ပြုံး၍ ခေါင်းယမ်းလိုက်သည်။

"နန်းဆောင်ထဲမှာ အိုက်စပ်စပ်ကြီး။ အပြင်မှာက ပိုလင်းတာပေါ့။ အအေးနည်းနည်းလောက်ကို ဘာကြောက်စရာ ရှိလဲ။ ငါ တစ်ခါက ရေခဲမြစ်ကိုတောင် ဖြတ်ခဲ့ဖူးတာပဲ။ ငါက အဲဒီလောက် အနုအယွ ကောင်မလေး မဟုတ်ပါဘူး။ ဒီမှာပဲ မိသားစုအလိုက် စကားပြောကြရအောင်"

"မယ်တော်.. အလွန် ဝမ်းသာစရာ သတင်းကောင်းတစ်ခု ရှိတယ်"

ကျူးပြန်က ပြုံးလျက် ပြောသည်။

"ဒီနေ့ ဝူချန်းနယ်က အစီရင်ခံစာ တက်လာတယ်။ သူတို့ နတ်ဘုရားကော့ကို တွေ့လိုက်ပြီတဲ့"

*********

All Chapters