← Chapters

အခန်း ၁၈၇

Vol. 18 Ch. 187

အခန်း ၁၈၇

Vol. 18 Ch. 187

အခန်း (၁၈၇) အသက်ရာကျော် ရှည်ပါစေ

နတ်ဘုရားကော့ဟူ၍ ခေါ်ကြသော သူ၏ နာမည်အရင်းမှာ ကော့ဒန်နင်း ဖြစ်ပြီး ယွမ်မင်းဆက်နှင့် မင်မင်းဆက်ကာလအတွင်း ထူးခြားဆန်းပြားသော လူတစ်ဦး ဖြစ်၏။

ထိုနတ်ဘုရားကော့သည် မူလက ဆောင်လူမျိုးတစ်ဦး ဖြစ်ပြီး အစပိုင်းတွင် ကျင်နယ်နှင့် ရှန်နယ်တစ်ဝိုက်၌ မသေဆေးဖော်စပ်ကာ ကျင့်ကြံနေသော မှော်ဆရာတစ်ဦးမျှသာ ဖြစ်သည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် မွန်ဂိုများက တောင်ပိုင်းဆောင်မင်းဆက်ကို ဖျက်ဆီးကာ ယွမ်မင်းဆက်ကို တည်ထောင်သောအခါနတ်ဘုရားကော့သည် တောနက်ထဲတွင်ပုန်းအောင်းကာ ကျင့်ကြံခဲ့ပြီး တပည့်တပန်းများစွာကို စုဆောင်းခဲ့၏။

ထို့နောက်တွင် မွန်ဂိုဧကရာဇ်က အမိန့်တော်များ အထပ်ထပ်ထုတ်ပြန်ကာဆင့်‌ခေါ်ခဲ့သဖြင့် နတ်ဘုရားကော့သည် နန်းတော်ထဲသို့ ဝင်ရောက်ကာ ယွမ်မင်းဆက်ဧကရာဇ်အတွက် မသေဆေး ဖော်စပ်ပေးခဲ့ရသည်။ ယွမ်မင်းဆက်အဆုံးသတ် ကာလ အုန်းအုန်းကျွက်ကျွက် ဖြစ်နေချိန်တွင် နတ်ဘုရားကော့သည် ရုတ်တရက် အစအနမရှိ ပျောက်ကွယ်သွားခဲ့သော်လည်း သူ၏အကြောင်း ဒဏ္ဍာရီများကမူ ပိုမိုများပြားလာခဲ့၏။

အချို့ကမူ သူသည် နေ့ခင်းကြောင်တောင် ကောင်းကင်သို့ ပျံတက်ကာ စစ်မှန်သော နတ်ဘုရားတစ်ပါး ဖြစ်သွားခဲ့သည်ဟု ဆိုကြပြီး အချို့ကမူ တောနက်ထဲတွင် မီးဖိုများတည်ကာ မသေဆေးများ ဖော်စပ်နေဆဲပင် ဖြစ်သည်ဟု အသေအချာ ပြောဆိုကြ၏။

အရပ်သားများအကြား ကောလာဟလများအရ နတ်ဘုရားကော့သည် ဆောင်၊ ယွမ်နှင့် မင်မင်းဆက် သုံးခေတ်လုံးကို ဖြတ်သန်းခဲ့ပြီး အနည်းဆုံး အသက်တစ်ရာ့လေးဆယ်မျှ ရှိနေပြီ ဖြစ်၏။

လူအများစုက နတ်ဘုရားကော့ ဖော်စပ်ထားသော မသေဆေးကို စားသုံးရုံမျှဖြင့် ထာဝရအသက်ကို မရနိုင်လျှင်ပင် အသက်ရှည်နိုင်ပြီး အသက်တစ်ရာအထိ အလွယ်တကူ နေထိုင်နိုင်သည်ဟု ယုံကြည်နေကြသည်။

"တကယ်ပဲ သူ့ကို တွေ့တာလား"

ကျူးယွမ်ကျန်းက တည်ငြိမ်စွာ မေးလိုက်၏။

"တွေ့ပါပြီ။ သူက အခု ဝူချန်းနယ်မှာ ရှိနေပါတယ်"

ကျူးယွမ်ကျန်းက နှာခေါင်းရှုံ့ကာ ပြောသည်။

"ဒီမှော်ဆရာကို ခေါင်းဖြတ်သတ်လိုက်"

ကျူးပြန်၏ မျက်နှာတွင် ချက်ချင်းပင် တုန်လှုပ်သွားသော အမူအရာ ပေါ်လာ၏။ ဒဏ္ဍာရီလာ နတ်ဘုရားကော့ကို အားစိုက်ထုတ်ကာ ရှာဖွေခဲ့ရပြီးနောက် ကျူးယွမ်ကျန်းက သူ့ကို ခေါင်းဖြတ်သတ်ချင်နေခြင်းဖြစ်သည်။

"ပြန်အာ.. မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနဲ့ သေဆုံးခြင်းက ကောင်းကင်ဘုံရဲ့ နိယာမပဲ။ ဘယ်သူက ထာဝရ အသက်ရှင်နိုင်မှာလဲ"

မိဖုရားခေါင်ကြီးမာက ရှင်းပြ၏။

"ကံကောင်းခြင်း၊ ကံဆိုးခြင်းတွေနဲ့ မသေနိုင်တဲ့အကြောင်း လိမ်ညာပြောဆိုသူတွေဟာ အားလုံး ကိုယ်ကျိုးစီးပွားအတွက် လောကကြီးကို လှည့်စားပြီး နာမည်ကျော်အောင် လုပ်နေကြတာ။ သူတို့ကို မယုံကြည်သင့်ဘူး"

"ချင်မင်းဆက်က ချင်ရှီဟွမ်ပဲဖြစ်ဖြစ်၊ ဟန်မင်းဆက်က ဝူဧကရာဇ်ပဲဖြစ်ဖြစ် ဘယ်သူက ထာဝရအသက်ကို အိမ်မက်မမက်ခဲ့ဖူးလို့လဲ။ ဒါပေမဲ့ ဘယ်သူက တကယ်ပဲ ထာဝရ အသက်ရှင်သွားလို့လဲ"

"မသေဆေးဆိုတာတွေက ခဲနဲ့ ပြဒါးတွေပဲ။ အရင် ယွမ်မင်းဆက် ဧကရာဇ်အတော်များများဟာ ထာဝရအသက်ကို ရှာဖွေပြီး မသေဆေးတွေ ဖော်စပ်ခဲ့ကြပေမဲ့ ချွင်းချက်မရှိ အားလုံး အသက်တိုခဲ့ကြတာပဲ"

မိဖုရားခေါင်ကြီးမာက အလေးအနက် ပြောလိုက်သည်။

ချမ်းသာကြွယ်ဝတဲ့ လူတိုင်းဟာ အမြဲတမ်း ထာဝရအသက်ကို အိမ်မက်မက်တတ်ကြတာပဲ။ တစ်ကမ္ဘာလုံးကို ပိုင်ဆိုင်ထားတဲ့ ကောင်းကင်သားတော်ဆိုရင် ပိုတောင် ဆိုးသေးတာပေါ့"

"ထာဝရအသက်ဆိုတာ စိတ်ကူးယဉ်မှုတစ်ခုပဲ။ ချင်ရှီဟွမ်ပဲဖြစ်ဖြစ်၊ ဟန်ဝူဧကရာဇ်နဲ့ အရင် ယွမ်မင်းဆက် ဧကရာဇ်တွေ အားလုံးဟာ ဒီအမှန်တရားကို မသိတာတော့ မဟုတ်လောက်ဘူး"

မိဖုရားခေါင်ကြီးမာက အနည်းငယ် ချောင်းဆိုးရင်း အလွန် နှေးကွေးစွာ ပြောနေ၏။

"ဒါပေမဲ့.. အနှစ်တစ်ထောင်ခံမယ့် သံတံခါးခုံ ရှိနေပါစေဦးတော့ နောက်ဆုံးတော့ မြေပုံတစ်ပုံပဲ ဖြစ်သွားရတာပဲ။ လောကမှာ ရှိတဲ့လူတိုင်း သေခြင်းတရားဆိုတဲ့ စကားလုံးကနေ မလွတ်မြောက်နိုင်ကြဘူး။ သူတို့က မသေနိုင်ဘူးဆိုတဲ့ စကားကို မယုံကြရင်တောင် ကံကောင်းရင်တော့ ဖြစ်နိုင်မလားဆိုတဲ့ စိတ်မျိုး မွေးမြူတတ်ကြတယ်"

"ဒီလို စိတ်ကူးယဉ်မှုတွေကြောင့်ပဲ သူတို့က စည်းစိမ်ဥစ္စာတွေကို ဖြုန်းတီးပြီး မသေဆေးတွေ ဖော်စပ်ရင်း နောက်ဆုံးတော့ သမိုင်းတစ်လျှောက် ရယ်စရာ အဖြစ်ခံခဲ့ကြရတာပဲ"

"ဆေးဖော်စပ်တဲ့ လှည့်ကွက်တွေက တကယ်တော့ အလွယ်တကူ ပေါ်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့က ဧကရာဇ်တွေရဲ့ စိတ်ဓာတ်ကို အသုံးချသွားတာပဲ။ ပြန်အာ.. မင်း ဒါကို သင်ခန်းစာယူရမယ်"

သေခြင်းတရားဟူသော နောက်ဆုံးခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်တွင် မသေဆေးကို အသည်းအသန် ရှာဖွေခဲ့ကြသော ယွမ်မင်းဆက် ဧကရာဇ်များနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးတစ်ဦးဖြစ်သော မိဖုရားခေါင်ကြီးမာသည် သေခြင်းတရားအပေါ် မြင့်မြတ်သော တည်ငြိမ်မှုကို ပြသနိုင်သဖြင့် လေးစားစရာ ကောင်းလှ၏။

မြင့်မြတ်သည်ဆိုသော စကားလုံးက မျိုးရိုးအပေါ်တွင် မူတည်ခြင်း မဟုတ်ဘဲ အခြားအရာတစ်ခုအပေါ်တွင် မူတည်ခြင်း ဖြစ်သည်။

"သားတော်က မယ်တော်ရဲ့ သွန်သင်ဆုံးမမှုကို ရိုသေစွာ နာခံပါတယ်"

မုန့်များကိုသာ ငုံ့စားနေသော ငယ်ရွယ်သည့် ကျူးယွမ်ထုန်းနှင့် နှိုင်းယှဉ်လျှင် အသက်တစ်ဆယ့်တစ်နှစ်အရွယ် ကျူးယွမ်ဝင်က ပို၍ အလိုက်သိလှ၏။

"တော်ဝင်အဘွား ပြောတာ တကယ်ကို နက်နဲတဲ့ အမှန်တရားပါပဲ။ နောင်မျိုးဆက်ပေါင်းများစွာ ကြာတဲ့အထိ အနာဂတ်သားမြေးတွေက တော်ဝင်အဘွားကို ထာဝရမိဖုရားခေါင်ကြီးလို့ ခေါ်ကြမှာဖြစ်ပြီး တော်ဝင်အဘိုးကိုတော့ ထာဝရဧကရာဇ်လို့ ခေါ်ကြမှာပါ"

ဒါက ကလေးတစ်ယောက်အနေဖြင့် အဘိုးအဘွားများကို အလိုလိုက်ရန် ပြောဆိုခြင်းသာ ဖြစ်သဖြင့် ကျူးယွမ်ကျန်းက အတည်မယူဘဲ အနည်းငယ် ပြုံးကာ ပြော၏။

"ယွန်းဝမ်.. မင်းက ငါ့ကို ထာဝရဧကရာဇ်လို့ ခေါ်တာလား။ ဒီအကဲဖြတ်ချက်က နည်းနည်း မြင့်လွန်းနေမလား"

"တော်ဝင်အဘိုးက မွန်ဂိုတွေကို မောင်းထုတ်ပြီး တရုတ်ပြည်ကို ပြန်လည်တည်ထောင်ခဲ့တာပဲ။ သဘာဝအတိုင်း ထာဝရဧကရာဇ်ဆိုတဲ့ အကဲဖြတ်ချက်နဲ့ ထိုက်တန်ပါတယ်"

"သမိုင်းတစ်လျှောက်မှာ ရှိခဲ့တဲ့ ဧကရာဇ်တွေထဲမှာ ငါ့ထက် သာလွန်တဲ့သူတွေ ရှိပါသေးတယ်။ ငါက ထာဝရဧကရာဇ်ဆိုတဲ့ ဘွဲ့ကို မခံယူဝံ့ပါဘူး"

"တော်ဝင်အဘိုးက ထာဝရဧကရာဇ် မဟုတ်ရင် ဘယ်သူက ဖြစ်ရဲမှာလဲ"

ကျူးယွမ်ကျန်းက ခေါင်းကို အနည်းငယ် ခါယမ်းကာ ကျူးယွမ်ဝင်ကို သူ၏အနားသို့ ဆွဲခေါ်လိုက်၏။ သူက မြေးငယ်ကို ဆုံးမနေသကဲ့သို့လည်း ဖြစ်ပြီး မိမိဘာသာ ရေရွတ်နေသကဲ့သို့လည်း ဖြစ်နေသည်။

"ချင်မင်းဆက်က ယင်းကျန့်က လောကကြီးကို အုပ်စိုးပြီး နယ်စားပဒေသရာဇ်တွေကို လက်အောက်ခံ ဖြစ်စေခဲ့တယ်။ အရပ်ရှစ်မျက်နှာကို လွှမ်းမိုးပြီး တိုင်းနိုင်ငံ ခြောက်ခုကို စည်းလုံးစေခဲ့တယ်။ စာပေနဲ့ လှည်းလမ်းကြောင်းတွေကို တစ်ပြေးညီ ဖြစ်စေပြီး ကမ္ဘာသစ်ကို လမ်းဖောက်ခဲ့တယ်။ သူ့ကိုတော့ ထာဝရဧကရာဇ်လို့ ခေါ်လို့ရပါတယ်။ ငါကတော့ ဘိုးဘေးနဂါးကြီးရဲ့ အောင်မြင်မှုနဲ့ အလှမ်းဝေးပါသေးတယ်"

ချင်ရှီဟွမ်၏ အောင်မြင်မှုများက ငါ့ထက် အများကြီး ကြီးကျယ်သည်။ ငါက သူ့ကို မမီပါ ဟူသည်မှာ ကျူးယွမ်ကျန်းက မိမိကိုယ်ကို မျှတစွာ အကဲဖြတ်ခြင်း ဖြစ်၏။

"ယင်းချင်ရဲ့ ရက်စက်တဲ့ အုပ်ချုပ်မှုကြောင့် ပုန်ကန်မှုတွေ အနှံ့အပြား ဖြစ်ပွားခဲ့ပြီး ဆယ်စုနှစ်တစ်ခုအတွင်းမှာပဲ ပြိုလဲသွားခဲ့တာပဲ။ ချင်ရှီဟွမ်က တော်ဝင်အဘိုးနဲ့ ဘယ်လို နှိုင်းယှဉ်လို့ ရမှာလဲ"

ငယ်ရွယ်သော ကျူးယွမ်ဝင်က စကားကို ချက်ကျလက်ကျ ပြောနေ၏။

"ယင်းချင်က ဒုတိယမျိုးဆက်မှာတင် ပျက်စီးသွားခဲ့တာ။ အခြေခံအကြောင်းရင်းက အမျိုးအနွယ်ဆက်ခံသူကို အချိန်မီ မသတ်မှတ်နိုင်ခဲ့လို့ ဟုဟိုင်က ထီးနန်းတက်ပြီး နောက်ဆုံးတော့ အင်အားကြီးတဲ့ ချင်ပြည်နယ်ကြီး ပျက်စီးသွားခဲ့တာပဲ။ မြေးတော် ထင်တာကတော့ ယင်းကျန့်က တော်ဝင်အဘိုးကို အများကြီး မမီပါဘူး"

ဤမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ဤကဲ့သို့ စည်းစနစ်ကျသော အကြောင်းပြချက်များကို ပြောနိုင်ခြင်းက ထူးခြားသော ဉာဏ်ရည်ကို ပြသနေခြင်း ဖြစ်သော်လည်း ကျူးယွမ်ကျန်းကမူ ထိုသို့ မထင်ချေ။

"ဒီစကားတွေကို မင်းကို ဘယ်သူ သင်ပေးတာလဲ"

"ဆရာကြီးတွေ အားလုံးက ဒီလိုပဲ ပြောကြပါတယ်"

"ဒါတွေက ပညာရှိတွေရဲ့ လေးနက်လွန်းတဲ့ စကားတွေပဲ။ မယုံရဘူး၊ မယုံရဘူး"

ကျူးယွမ်ကျန်းက ကျူးယွမ်ဝင်၏ လက်ကို ကိုင်ကာ အလေးအနက် ပြောသည်။

"ဧကရာဇ်တစ်ယောက်က အလုပ်တွေ ပြီးမြောက်အောင် လုပ်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ပညာရှိတွေကတော့ ကြီးကျယ်တဲ့ စကားတွေ ပြောပြီး ကိုယ့်သဘောအတိုင်း ဝေဖန်တတ်ကြတာ။ သူတို့ စကားတွေကို.. နားထောင်ရုံပဲ နားထောင်။ တကယ်လို့ မင်းက တကယ် ယုံကြည်သွားရင် အလွန် ဒုက္ခရောက်လိမ့်မယ်"

"မင်းက ငယ်လွန်းသေးတော့ သူတပါး ပြောသမျှကို ယုံလွယ်တတ်တယ်။ ဒါက မကောင်းဘူး"

ကျူးယွမ်ကျန်းက ကျူးယွမ်ဝင်ကို ပြုံး၍ ပြောလိုက်၏။

"ဒါပေမဲ့ ကိစ္စမရှိပါဘူး။ မင်းကြီးလာရင် နားလည်လာလိမ့်မယ်။ ကဲ.. ဒါတွေကို မပြောကြတော့စို့။ တော်ဝင်အဘိုးကို ပြောပြစရာ ဝမ်းသာစရာ ကိစ္စတွေ ရှိသေးလား"

"ဝမ်းသာစရာ ကိစ္စလား.."

ကျူးယွမ်ဝင်က ခေါင်းကို စောင်းကာ ခဏမျှ စဉ်းစားလိုက်၏။

"ဝမ်းသာစရာ တစ်ခုတော့ ရှိပါတယ်။ ပိုင်ကွမ်းအာရဲ့ ရောဂါ ပျောက်သွားပြီ။ ပိုင်ကွမ်းအာကို မှတ်မိသေးလား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က တော်ဝင်အဘွား မြေးတော့ကို ပေးခဲ့တဲ့ ကြောင်ဖြူကြီးလေ"

အမှန်တော့ မိဖုရားခေါင်ကြီးမာသည် ကျူးယွမ်ဝင်က လူကြီးတစ်ယောက်ကဲ့သို့စကားပြောနေသည်ကိုနားမထောင်ချင်ချေ။ နောက်ဆုံးတော့ သူက မသိနားမလည်သေးသော ကလေးတစ်ဦးသာ ဖြစ်ပြီး ထိုနက်နဲပုံရသော စကားလုံးများမှာ အခြားသူများ သင်ကြားပေးထားခြင်းသာ ဖြစ်သည်။

မိဖုရားခေါင်ကြီးမာသည် ကလေးများ၏ ရိုးသားသော သဘာဝကိုသာ ပို၍ မြင်ချင်၏။ သူကလက်ဟန်ခြေဟန်ဖြင့် ပြောနေသည်ကို မြင်လျှင် သူမ၏ စိတ်အခြေအနေက ချက်ချင်း ကြည်လင်သွားသည်။

"ငါက မင်း ဒီလို မိသားစုကိစ္စလေးတွေ ပြောတာကိုပဲ ပိုနားထောင်ချင်တာ။ ပိုင်ကွမ်းအာက ဘာဖြစ်လို့လဲ"

"ပိုင်ကွမ်းအာက အပြင်းအထန် ဖျားနာပြီး မယ်တော့်ကိုပါ ရောဂါ ကူးစက်စေခဲ့တာ။ နန်းတွင်းသမားတော်တွေတောင် မကုသနိုင်ခဲ့ပေမဲ့ ဝူကျိရှန်းက ကုသပေးခဲ့ပါတယ်"

"ဝူကျိရှန်း..ဝူကျိရှန်းက ဘယ်သူလဲ"

ထိုနာမည်က တစ်နေရာရာတွင် ရင်းနှီးနေသကဲ့သို့ ရှိသော်လည်း ကျူးယွမ်ကျန်းနှင့် မိဖုရားခေါင်ကြီးမာတို့သည် လောလောဆယ်တွင် မမှတ်မိကြချေ။

ကျူးယွမ်ကျန်းနှင့် ဇနီးအတွက် ဝူကျိရှန်းသည် မပြောပလောက်သော လူငယ်လေးတစ်ဦးမျှသာ ဖြစ်သဖြင့် မေ့လျော့နေခဲ့သည်မှာ ကြာပြီ ဖြစ်၏။

"အသားမည်း ကပ်ရောဂါတုန်းကလေ.."

ကျူးပြန်က တိုးညင်းစွာ သတိပေးလိုက်သည်။

"မှတ်မိပြီ၊ မှတ်မိပြီ"

မိဖုရားခေါင်ကြီးမာက သူမ၏ နဖူးကို အသာအယာရိုက်လိုက်၏။

"အာ.. လူက အိုလာတော့ မေ့တတ်လာပြီပဲ။ ငါ နောက်ဆုံးတော့ မှတ်မိပြီ။ အဲဒီ အသားမည်း ကပ်ရောဂါကို နှိမ်နင်းပေးခဲ့တဲ့ သမားတော်လေးပဲ"

"တကယ်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ"

အိမ်ရှေ့မင်းသမီးက ပြုံးလျက် ပြောသည်။

"အဲဒီ ဝူကျိရှန်းက အဖိုးတန် ဆေးဝါးတွေကို မသုံးခဲ့ဘူး။ သူက ရောဂါကူးစက်ခံထားရတဲ့ ပိုင်ကွမ်းအာကို လူတွေနဲ့ မထိတွေ့အောင် ခွဲခြားထားပြီး နန်းတွင်းသမားတော်တွေ ညွှန်ကြားထားတဲ့ ဆေးတွေကိုပဲ ဆက်သုံးခိုင်းတာနဲ့ ရောဂါ ပျောက်ကွယ်သွားတာပဲ"

"ဝူကျိရှန်းရဲ့ ဆေးပညာက တကယ်ပဲ ထူးခြားပုံရတယ်"

မိဖုရားခေါင်ကြီးမာက ပြုံး၍ ပြောလိုက်၏။

"ရောဂါရဲ့ အရင်းအမြစ်ကို တစ်ချက်တည်းနဲ့ အကဲဖြတ်နိုင်တာက တကယ့် အရည်အချင်းပဲ။ တောဆေးတစ်ခွက်က ရောဂါကြီးကို ပျောက်ကင်းစေတယ် ဆိုတဲ့ စကားက အမှန်တရား ရှိနေတုန်းပဲ"

ထိုကြောင်ဖြူကြီး၏ ရောဂါမြစ်ဖျားခံရာကို အကဲဖြတ်နိုင်ခြင်းကပင် ဝူကျိရှန်း၏ ဆေးပညာသည် ထူးခြားလှကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်၏။

"ဒါဆိုရင်.."

ကျူးပြန်က ခဏမျှ ဝေခွဲမရ ဖြစ်သွားပြီး ကျူးယွမ်ကျန်းကို မသိမသာ လှည့်ကြည့်လိုက်၏။ ထို့နောက် သတ္တိမွေးကာ ပြောလိုက်သည်။

"ဝူကျိရှန်းရဲ့ ဆေးပညာက မဆိုးလှဘူးဆိုတော့ သူ့ကို နန်းတော်ထဲ ပင့်ပြီး မယ်တော့်ကို စမ်းသပ်ကြည့်ခိုင်းရင် ဘယ်လိုလဲ။ ခမည်းတော်ရဲ့ သဘောက ဘာလဲ"

"ကိစ္စတိုင်းမှာ ငါ့သဘောကိုပဲ အမြဲ လာမမေးနဲ့။ မင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချဖို့ သင်ယူရမယ်"

"သားတော် နာခံပါ့မယ်"

*********

All Chapters