အခန်း ၁၈၈
Vol. 18 Ch. 188
အခန်း (၁၈၈) ဆီးစစ်ခြင်း
မွန်းလွဲပိုင်း နေရောင်ခြည်သည် နံရံနီနီနှင့် အမိုးပြာပြာများ ရှိသော ခမ်းနားထည်ဝါလှသည့် နန်းတော်ကြီးကို ဖြန်းပက်ထားပြီး တော်ဝင်အာဏာစက်၏ လွှမ်းမိုးမှုကို သိသိသာသာ ထုတ်ဖော်ပြသနေ၏။
နန်းတော်ထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသော ဝူကျိရှန်းသည် ဝတ်စုံသစ်ကို လဲလှယ်ဝတ်ဆင်ထားပြီး အိမ်ရှေ့မင်းသား ကျူးပြန်၏ နောက်မှနေ၍ ခပ်ခွာခွာ လိုက်ပါလာခဲ့သည်။
ယခုခရီးသည် တရားဝင် ညီလာခံတက်ရောက်ခြင်း မဟုတ်ဘဲ မိဖုရားခေါင်ကြီး၏ ရောဂါကို ကုသရန်အတွက်သာ ဖြစ်သဖြင့် ခမ်းနားသော အခမ်းအနားများနှင့်ရှုပ်ထွေးသော စည်းမျဉ်းစည်းကမ်းများစွာ မလိုအပ်ချေ။
အိမ်ရှေ့မင်းသား ကျူးပြန်၏ ဦးဆောင်မှုဖြင့် သူတို့နှစ်ဦးသည် ရှေ့တွင်ရှိသော ရိုရီနန်းဆောင်ကို ကျော်ဖြတ်ကာ ကွန်းနင်းနန်းဆောင်သို့ ချောမွေ့စွာ ရောက်ရှိခဲ့ပြီး မင်မင်းဆက်၏ မိခင်ဖြစ်သော မိဖုရားခေါင်ကြီးမာနှင့် တွေ့ဆုံခွင့်ရခဲ့သည်။
"အခွန်ဌာန သန့်ရှင်းရေးဗျူရိုက သမားတော် ဝူကျိရှန်းဟာ မိဖုရားခေါင်ကြီးကို ရိုသေစွာ ဂါရဝပြုပါတယ်"
မိဖုရားခေါင်ကြီးမာသည် အမြဲတမ်း သဘောကောင်းပုံရပြီး မည်သည့်အခါမျှ အရှိန်အဝါ ပြလေ့မရှိချေ။ သူမက သာမန်အဘွားအိုတစ်ယောက်ကဲ့သို့ ကြင်နာသောအမူအရာဖြင့် လက်ကို အသာအယာ ယမ်းလိုက်၏။
"ရပါပြီ၊ ရပါပြီ။ နန်းတွင်းစည်းကမ်းတွေက အပြင်လူတွေအတွက်ပဲ။ ဒီမှာ တခြားလူမရှိတာမို့ ဒူးထောက်နေဖို့ မလိုပါဘူး"
"သမားတော်လေး ဝူကို ထိုင်ခုံပေးလိုက်ပါ"
ဘေးတွင်ရှိသော နန်းတွင်းအစေခံမလေးက ထိုင်ခုံကို ရွှေ့ရန် ပြင်လိုက်သော်လည်း ကျူးပြန်ကိုယ်တိုင် အရှေ့သို့ လှမ်းလာပြီး ဝူကျိရှန်းအတွက် ခုံနိမ့်တစ်ခုကို ကိုယ်တိုင် ယူဆောင်ပေးလိုက်၏။
"ကျွန်တော်မျိုးက အိမ်ရှေ့မင်းသားရဲ့ အမိန့်တော်ကြောင့်..."
ဝူကျိရှန်း စကားမဆုံးသေးခင်မှာပင် မိဖုရားခေါင်ကြီးမာက ပြုံး၍ ပြောသည်။
"သမားတော်လေး ဝူ.. မင်းက ငါ့ရောဂါကို ကုဖို့ လာတာပဲ။ အဲဒီလောက်ကြီး ယဉ်ကျေးနေဖို့ မလိုပါဘူး။ ငါ့ကို သာမန်လူနာတစ်ယောက်လိုပဲ သဘောထားပါ"
မိဖုရားခေါင်ကြီးမာ၏ နွေးထွေးမှုနှင့် ရင်းနှီးမှုတို့ကြောင့် ဝူကျိရှန်း၏ စိတ်ထဲတွင် အလွန် ပေါ့ပါးသွား၏။ သူသည် ရောဂါလက္ခဏာများကို စနစ်တကျ မေးမြန်းခြင်း၊ သွေးခုန်နှုန်းစမ်းခြင်း၊ လျှာဖတ်ကို စစ်ဆေးခြင်းတို့ကို လုပ်ဆောင်ပြီးနောက် သတိထားကာ မေးလိုက်သည်။
"မိဖုရားခေါင်ကြီးရဲ့ အဆုတ်နာရောဂါက ဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ"
အဆုတ်နာရောဂါဟူသည်မှာ ကျယ်ပြန့်သော ဝေါဟာရတစ်ခု ဖြစ်ပြီး ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ အဆုတ်ဖောင်းခြင်း၊ လေပြွန်ရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်းကဲ့သို့သော နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများအားလုံးကို အဆုတ်နာရောဂါဟု ခေါ်ဆိုနိုင်၏။
"အနည်းဆုံး အနှစ်နှစ်ဆယ်တော့ ရှိပြီ။ သာမန်အချိန်မှာ မပြင်းထန်ပေမဲ့ ဆောင်းတွင်းရောက်တိုင်း ပိုဆိုးလာတတ်တယ်"
သက်ကြီးရွယ်အိုများအတွက် ချောင်းဆိုးခြင်းနှင့် ရင်ကျပ်ခြင်းက ကြီးမားသော ကိစ္စမဟုတ်ဘဲ ဆောင်းတွင်းတွင် ရောဂါပိုဆိုးလာခြင်းမှာ သဘာဝပင် ဖြစ်သည်။ သို့သော် မိဖုရားခေါင်ကြီးမာတွင် သိသာထင်ရှားသော ဖောရောင်မှုများ ရှိနေခြင်းကမူ ပုံမှန်မဟုတ်ချေ။
"မိဖုရားခေါင်ကြီး ကျေးဇူးပြုပြီး နောက်ကျောလှည့်ပေးပါ။ ကျွန်တော်မျိုး နောက်ထပ် စမ်းသပ်ဖို့ လိုအပ်ပါတယ်"
မိဖုရားခေါင်ကြီးမာက နောက်ကျောလှည့်ပေးသဖြင့် ဝူကျိရှန်းသည် နားထောင်ကိရိယာကို သူမ၏ ကျောပြင်တွင် ကပ်လိုက်၏။
"မိဖုရားခေါင်ကြီး အသက်ကို အကြာဆုံးအထိ အောင့်ထားပေးပါ"
"အသက်ကို ပြန်ရှူထုတ်လိုက်ပါ.. ရင်ဘတ်ထဲက လေတွေကို အားကုန် ထုတ်လိုက်ပါ"
အသက်ပြင်းပြင်းရှူခြင်းကို အကြိမ်ကြိမ် လုပ်ဆောင်ပြီးနောက် ဝူကျိရှန်းက ပြောသည်။
"ရပါပြီ မိဖုရားခေါင်ကြီး ရှေ့ကို ပြန်လှည့်လို့ ရပါပြီ"
ဝူကျိရှန်း၏ လက်ထဲရှိ နားထောင်ကိရိယာက မိဖုရားခေါင်ကြီးမာ၏ အာရုံကို ဆွဲဆောင်သွား၏။
"ဒီပစ္စည်းလေးက တကယ်ကို ဆန်းပြားတာပဲ။ ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါက ရောဂါရှာဖွေတဲ့ အထောက်အကူပြု ပစ္စည်းတစ်ခု ဖြစ်မယ် ထင်တယ်"
"မိဖုရားခေါင်ကြီးက အမြင်ရှိလှပါတယ်"
"ကဲ.. ရောဂါအခြေအနေကို ပြောပြပါဦး"
"ဒါကတော့.."
ဝူကျိရှန်းက ခဏမျှ စဉ်းစားလိုက်၏။
"မိဖုရားခေါင်ကြီး ခံစားနေရတဲ့ ရောဂါက အဆုတ်နာရောဂါနဲ့ သက်ဆိုင်ပုံမရပါဘူး"
"အဆုတ်နာရောဂါနဲ့ မသက်ဆိုင်ဘူး ဟုတ်လား"
မိဖုရားခေါင်ကြီးမာ၏ မျက်နှာတွင် ချက်ချင်းပင် အံ့သြသွားသော အမူအရာ ပေါ်လာပြီး ဘေးတွင်ရှိသော အိမ်ရှေ့မင်းသားပင် မယုံနိုင်အောင် ဖြစ်သွားရသည်။ မိဖုရားခေါင်ကြီးမာ၏ ချောင်းဆိုးခြင်းနှင့် ရင်ကျပ်ခြင်းက နှစ်ပေါင်းများစွာ ဖြစ်နေခဲ့ခြင်းဖြစ်ပြီး အခြေခံအကြောင်းရင်းက အဆုတ်တွင် ရှိနေသည်မှာ ထင်ရှားလှရာ အဆုတ်နာရောဂါနှင့် မသက်ဆိုင်ဟု မည်သို့ ပြောနိုင်သနည်း။
ဤရောဂါသည် အမှန်တကယ်ပင် အဆုတ်ရောဂါနှင့် သက်ဆိုင်ခြင်း မရှိချေ။
သူမ၏ အဆုတ်တွင် အနည်းငယ် ပိတ်ဆို့မှု ရှိနေသော်လည်း ဒါက ပုံမှန်ပင် ဖြစ်၏။ မိဖုရားခေါင်ကြီးမာ၏ အသက်အရွယ်ရှိသော သူတစ်ဦးအတွက် အဆုတ်တွင် ပြဿနာ လုံးဝမရှိနိုင်ဟု မဆိုနိုင်သော်လည်း ပြင်းထန်သည့် အဆင့်နှင့်မူ အလှမ်းဝေးလှသည်။
အထူးသဖြင့် သူမ အသက်ကို အား စိုက်၍ အောင့်ထားချိန်တွင် နှလုံးခုန်နှုန်း မြန်လာပုံမှာ အခြေခံအားဖြင့် ပုံမှန်ပင် ဖြစ်သဖြင့် နှလုံးနှင့် အဆုတ် လုပ်ဆောင်ချက်က ကောင်းမွန်နေဆဲဖြစ်ကြောင်း ပြသနေ၏။ အနည်းငယ်သော လက္ခဏာများ ရှိနေလျှင်ပင် စိုးရိမ်ရသည့် အခြေအနေ မဟုတ်ချေ။
"မိဖုရားခေါင်ကြီး အား စိုက်ပြီး ချောင်းဆိုးပေးပါ"
"ဟွတ်.. ဟွတ်.."
"ရင်ဘတ်ထဲက စုတ်ပြဲမတတ် နာကျင်တာမျိုး ရှိပါသလား"
"မရှိပါဘူး.. လုံးဝ မနာပါဘူး"
ကိုယ်တွင်းအင်္ဂါများနှင့် လေပြွန်များတွင်လည်း ထင်ရှားသော ဒဏ်ရာများ မရှိချေ။ ဤရလဒ်က ဝူကျိရှန်းအား အံ့သြမသွားစေပါ။ အကယ်၍ လေပြွန်ရောင်ခြင်း သို့မဟုတ် နာတာရှည် လေပြွန်ရောင်ရောဂါ ဖြစ်ပါက ဤမျှ နှစ်ပေါင်းများစွာအတွင်း လက္ခဏာများက အလွန် ထင်ရှားနေရမည် ဖြစ်သည်။
"မိဖုရားခေါင်ကြီး လက်ကို ဆန့်ပေးပါ"
မိဖုရားခေါင်ကြီးက သူမ၏ ညာလက်ကို ဆန့်ပေး၏။
ဝူကျိရှန်းက အားအနည်းငယ် စိုက်ကာ သူမ၏ ဖောရောင်နေသော လက်ကို ဖိချလိုက်ရာ လက်ဖမိုးပေါ်တွင် ချက်ချင်းပင် နက်ရှိုင်းသော အချိုင့်တစ်ခု ပေါ်လာသည်။
လူသားတို့၏ အရေပြားနှင့် တစ်ရှူးများသည် အလွန် ကောင်းမွန်သော ရုန်းကန်အား ရှိသဖြင့် သာမန်အားဖြင့် ထိုအချိုင့်သည် ချက်ချင်း ပြန်ပြည့်ရမည် ဖြစ်သော်လည်း အချိန်အကြာကြီး ချိုင့်ဝင်နေဆဲပင်။
ဒါက အလွန် စိုးရိမ်ရသည်။
အမှန်တွင်ထိုလက္ခဏာများနှင့် နောက်ထပ် စမ်းသပ်မှု အနည်းငယ်ဖြင့် မိဖုရားခေါင်ကြီးမာ၏ ရောဂါကို ချက်ချင်း အဖြေထုတ်နိုင်၏။
သို့သော် မင်မင်းဆက်တွင် နောက်ထပ် ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ရန် အခြေအနေ မရှိသဖြင့် သူသည် ဖယ်ထုတ်ခြင်းနည်းလမ်းကိုသာ သုံးနိုင်ပြီး အဆင့်ဆင့် အတည်ပြုရမည် ဖြစ်သည်။
"မိဖုရားခေါင်ကြီး ခါး ခဏခဏ နာတတ်ပါသလား"
ဝူကျိရှန်းက ထိုမေးခွန်းကို မေးလိုက်သောအခါ အိမ်ရှေ့မင်းသားမှာ လုံးဝ ဝေခွဲမရ ဖြစ်သွား၏။ ခါးနာခြင်းက များသောအားဖြင့် အအေးပတ်ခြင်း သို့မဟုတ် ပင်ပန်းနွမ်းနယ်ခြင်းကြောင့် အရိုးနှင့် ကြွက်သားများကို ထိခိုက်ခြင်း ဖြစ်တတ်သည်။ ဆေးကပ်ပလတ်စတာ ကပ်ခြင်း သို့မဟုတ် အပ်စိုက်ခြင်း၊ အနှိပ်ခံခြင်းတို့ဖြင့် သက်သာစေနိုင်၏။ ဒါက မိဖုရားခေါင်ကြီး၏ ရောဂါနှင့် ဘာဆိုင်လို့လဲ။
"ဟုတ်တယ်.. ငါ့ခါးနာတာ ဆယ်နှစ်ကျော်ပြီ။ အလုပ်လုပ်ပြီးရင် ပိုပြီးတော့တောင် နာသေးတယ်"
တစ်နှစ်ပတ်လုံး အလုပ်လုပ်ရသော လယ်သမားအိုကြီးများသည် ခါးနာတတ်ကြသဖြင့် ဒါက ဘာမှမဟုတ်ချေ။
သို့သော် မိဖုရားခေါင်ကြီးမာက နေပူထဲတွင် ပင်ပန်းစွာ လုပ်ကိုင်နေရသော လယ်သမားအိုကြီး မဟုတ်ပါ။
"ကျွန်တော်မျိုးက ရိုင်းပျရာ ရောက်ပါလိမ့်မယ်။ မိဖုရားခေါင်ကြီးရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ဖို့ လိုအပ်ပါတယ်။ မိဖုရားခေါင်ကြီးဆီက ခွင့်ပြုချက် တောင်းခံပါတယ်"
"မင်းက သမားတော်။ ငါက လူနာပဲ။ လိုအပ်သလိုသာ လုပ်ပါ။ ဒီလို တားမြစ်ချက်တွေ မရှိပါဘူး"
"မိဖုရားခေါင်ကြီး မတ်တတ်ရပ်ပေးပါ။ လက်နှစ်ဖက်လုံးကို မြှောက်ပြီး ကျွန်တော်မျိုးဘက်ကို ကျောပေးပေးပါ"
မိဖုရားခေါင်ကြီးမာသည် ဝူကျိရှန်း၏ ညွှန်ကြားချက်အတိုင်း လိုက်နာကာ ကျောပေး၍ လက်နှစ်ဖက်လုံးကို အပေါ်သို့ မြှောက်လိုက်၏။
ဝူကျိရှန်းသည် သူမ၏ ကျောရိုးအတိုင်း အောက်သို့ ဆင်းလာပြီး သူ၏ လက်မနှင့် လက်ခလယ်ကို သုံးကာ နံရိုးအောက်ခြေရှိ ကျောရိုးဝဲယာထောင့်များကို ကိုင်၍ အား စိုက်ကာ ဖိချလိုက်တော့သည်။
"အား.."
ပြင်းထန်သော နာကျင်မှုက ဖြတ်သန်းသွားသဖြင့် မိဖုရားခေါင်ကြီးမာ၏ ခန္ဓာကိုယ်က ရုတ်တရက် ယိုင်လဲသွားပြီး မြေပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွား၏။
"မိုက်လှချည်လား"
မိဖုရားခေါင်ကြီးမာ၏ အစေခံမက စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"ရိုင်းလှချည်လား"
မိဖုရားခေါင်ကြီးမာက ပြန်လှည့်လာချိန်တွင် ပြင်းထန်သော နာကျင်မှုကြောင့် သူမ၏ မျက်နှာပေါ်၌ ချွေးစေးလေးများ ထွက်နေခဲ့ပြီ ဖြစ်၏။ သူမကအစေခံမကို နောက်ဆုတ်ရန် အချက်ပြလိုက်သည်။
"မင်း အခုနက ဖိလိုက်တာ တကယ် အားပါတာပဲ။ အပ်နဲ့ ထိုးသလို နာသွားတာပဲ။ ဒါက ဘယ်လို ရောဂါမျိုးမို့လို့လဲ"
ဤမျှ ထင်ရှားသော တုံ့ပြန်မှုက အခြေခံအားဖြင့် ရောဂါကို အဖြေထုတ်နိုင်စေသော်လည်း သတိထားရမည် ဖြစ်သဖြင့် ဝူကျိရှန်းက တိုက်ရိုက် မဖြေဘဲ ဆက်မေးလိုက်၏။
"မိဖုရားခေါင်ကြီး ခဏခဏ ရေငတ်တတ်ပါသလား"
"ဟုတ်တယ်.. နည်းနည်းတော့ ဖြစ်တယ်။ အခုတင် ရေနွေးကြမ်း သောက်ပြီး ရေနွေးကန်တော့ကို ချလိုက်ရုံရှိသေးတယ် ချက်ချင်း ပြန်ငတ်လာတာပဲ"
"မိဖုရားခေါင်ကြီး ခဏခဏ ဆီးသွားချင်စိတ် ပေါ်တတ်ပါသလား"
"ဟုတ်တယ်"
"သွားချင်စိတ် ပေါ်ပေမဲ့ ဆီးက ကောင်းကောင်း မထွက်ဘူး မဟုတ်လား"
"ဟုတ်တယ်"
ဆီးသွားချင်စိတ် အမြဲ ပေါ်နေသော်လည်း ဆီးက နည်းနည်းသာ ထွက်ခြင်း ၊ လုံးဝ မထွက်ခြင်းမှာ သိသာလှသော ဆီးအောင့်ခြင်း လက္ခဏာပင် ဖြစ်၏။
နန်းတော်ထဲက နန်းတွင်းသမားတော်များသည် မိဖုရားခေါင်ကြီးကို ကုသပေးချိန်တွင် ချောင်းဆိုးရင်ကျပ်ရင် အဆုတ်ကို ကုရမယ်ဆိုသော မူဝါဒကို အမြဲ လိုက်နာကာ အဆုတ်ရောဂါအဖြစ်သာ ကုသခဲ့ကြသည်။
ရိုးရာ ဓာတ်ကြီးငါးပါး သီအိုရီအရ နှလုံးက မီး၊ ကျောက်ကပ်က ရေ၊ အသည်းက သစ်သား၊ သရက်ရွက်က မြေကြီးနှင့် အဆုတ်က သတ္တု ဖြစ်၏။ ဓာတ်ကြီးငါးပါးသည် အချင်းချင်း အကျိုးပြုခြင်းနှင့် ဖျက်ဆီးခြင်းများ ရှိကြပြီး သတ္တုက ရေကို ဖြစ်ပေါ်စေသဖြင့် မိဖုရားခေါင်ကြီးမာ၏ ဖောရောင်မှုမှာ အဆုတ်ရောဂါကြောင့် ဖြစ်ရသည်ဟု သူတို့က ကောက်ချက်ချခဲ့ကြခြင်း ဖြစ်သည်။
ဝူကျိရှန်းကမူ သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး ဆိုသည်များကို ထိုမျှလောက် နားမလည်သော်လည်း မိဖုရားခေါင်ကြီးမာ၏ ရောဂါမှာ အဆုတ်နာရောဂါ လုံးဝမဟုတ်ဘဲ ထင်ရှားလှသော ကျောက်ကပ်ရောင်ရောဂါ ဖြစ်ကြောင်း သိလိုက်၏။ ထို့အပြင် နောက်ဆုံးအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်ရာ ဆီးဆိပ်တက်သည့် အခြေအနေသို့ ကူးပြောင်းရန် အလားအလာ အလွန် များပြားနေသည်။
ဝူကျိရှန်းက လက္ခဏာများကို ဤမျှ ရှင်းလင်းစွာ ပြောပြနိုင်သဖြင့် သူ၏ စိတ်ထဲတွင် အဖြေရှိနေပြီဖြစ်ကြောင်း သိသာလှ၏။ မိဖုရားခေါင်ကြီးမာက အနည်းငယ် ပြုံး၍ မေးသည်။
"သမားတော်လေး ဝူ.. ငါ့ရောဂါက အတိအကျဘာရောဂါလဲ"
သူ့စိတ်ထဲတွင် ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာနေပြီး ကျောက်ကပ်ရောင်ရောဂါအဖြစ် အစပိုင်း အဖြေထုတ်နိုင်သော်လည်း အထင်ရှားဆုံး သက်သေကိုမူ လိုအပ်နေသေး၏။
"အခုချက်ချင်း ရောဂါကို အတည်ပြုဖို့ စောလွန်းပါသေးတယ်။ နောက်ထပ် စစ်ဆေးဖို့ လိုအပ်ပါတယ်"
"မင်း ဘယ်လို စစ်ဆေးမှာလဲ"
"တစ်ယောက်ယောက်ကို လွှတ်ပြီး မိဖုရားခေါင်ကြီးရဲ့ ဆီးကို ကျွန်တော်မျိုးဆီ ပို့ပေးပါ။ ခဏမျှ စစ်ဆေးကြည့်ရုံနဲ့ ရောဂါကို အတည်ပြုနိုင်ပါလိမ့်မယ်"
ဤရောဂါသည်ဆီးစစ်ရန် လိုအပ်ပေသည်။
*********