အခန်း ၁၈၉
Vol. 18 Ch. 189
အခန်း (၁၈၉) ကျောက်ကပ်ရောင်ရောဂါဖြစ်ကြောင်း အတည်ပြုခြင်း
ထိုနေ့နောက်ပိုင်းတွင် နန်းတော်မှ မိန်းမစိုးတစ်ယောက်သည် မိဖုရားခေါင်ကြီးမာ၏ ဆီးနမူနာ ထည့်ထားသော ကြွေအိုးကြီးတစ်လုံးကို သယ်ဆောင်ကာ ဝူကျိရှန်း၏ အိမ်သို့ ရောက်ရှိလာ၏။
"မိန်းမစိုးလေး.. ဒါက အချိန်နည်းနည်း ပေးရမယ်။ အရင်ဆုံး နန်းတော်ကို ပြန်လိုက်ပါဦး။ မနက်ဖြန် မွန်းတည့်ချိန်လောက်မှ ပြန်လာခဲ့ပါ"
"သမားတော်ဝူ.. အမြန်လုပ်ပေးရမယ်နော်။ ဒါက အရှင်မင်းကြီးကိုယ်တိုင် အမိန့်ပေးထားတဲ့ ကိစ္စမို့လို့ ကျွန်တော်မျိုးလည်း မနှောင့်နှေးရဲပါဘူး"
"ရပါပြီ၊ ရပါပြီ။ ငါ အမြန်ဆုံး ဖြစ်အောင် ကြိုးစားပေးပါ့မယ်။ မနက်ဖြန် မွန်းတည့်ချိန်ဆိုရင်တော့ အဖြေ ထွက်မှာ သေချာပါတယ်"
ဆီးစစ်ခြင်း လုပ်ငန်းစဉ်သည် လျှပ်စစ်ပစ္စည်း ကိရိယာအစုံအလင်နှင့် သက်ဆိုင်ရာ ဓာတုဗေဒ ဆေးရည်များ လိုအပ်သော်လည်း တစ်ခြားနည်းလမ်းတစ်ခု ရှိသေး၏။ ၎င်းမှာ အက်စစ်-အယ်လ်ကာလီ စစ်ဆေးသည့် နည်းလမ်းပင် ဖြစ်သည်။ ဤနည်းလမ်းက အချိန်အကြာကြီး ပေးရသော်လည်း ထိုခေတ်ကာလ၏ နည်းပညာ အခြေအနေအရ ထိုတစ်နည်းသာ ရှိတော့သည်။
မိဖုရားခေါင်ကြီးမာ၏ ဆီးနမူနာကို အေးမြ၍ မှောင်သော နေရာတွင် ထားကာ ဆယ့်နှစ်နာရီကျော်မျှ ငြိမ်သက်အောင် ထားလိုက်၏။ နောက်တစ်နေ့ မနက်ခင်း ရောက်မှသာ စစ်ဆေးမှုကို စတင်တော့သည်။
"ချင်းချင်း.. ရေနွေးတစ်အိုး သွားတည်လိုက်ဦး။ ရေက ပွက်ပွက်ဆူပြီး ဗွက်ဗွက်ထနေဖို့ လိုတယ်နော်"
ချင်းချင်းကော သခင်မလေးရွန့်ပါ ဆီးစစ်ခြင်း ကို တစ်ခါမှ မမြင်ဖူးကြသဖြင့စပ်စုလို စိတ်များဖြင့် လုပ်ငန်းစဉ်တစ်ခုလုံးကို စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။
မကြာခင်မှာပင် ချင်းချင်းက ပွက်ပွက်ဆူနေသော ရေနွေးကန်တော့ အပြည့်ကို ယူဆောင်လာခဲ့သည်။ ဝူကျိရှန်းက ချက်ချင်းပင် ပြုံးကာ ပြောလိုက်၏။
"ဒါက မရသေးဘူး။ ငါ လိုချင်တဲ့ ရေက ဒီလို မဟုတ်ဘူး"
"ပွက်ပွက်ဆူနေတဲ့ ရေနွေးက ဒီလိုပဲ မဟုတ်ဘူးလား။ နောက်ထပ် ဘယ်လို ရှိနိုင်ဦးမှာလဲ"
"ငါ လိုချင်တာက ပေါင်းခံရည်ပဲ"
"ပေါင်းခံရည်က ဘာလဲ"
ချင်းချင်းနှင့် သခင်မလေးရွန့်တို့ ပေါင်းခံရည်ကို နားလည်စေရန်အတွက် ဝူကျိရှန်းက ကိုယ်တိုင် သရုပ်ပြလိုက်၏။ သူသည် အလွန်ကြီးမားသော ကြွေအဖုံးတစ်ခုကို ယူကာ အဆီတစ်စက်မျှ မကျန်တော့သည်အထိ မီးဖိုပြာများဖြင့် ထပ်ခါတလဲလဲ ပွတ်တိုက် ဆေးကြောလိုက်သည်။ ထို့နောက် ထိုကြွေအဖုံးကို ဆူပွက်နေသော ရေနွေးအိုးပေါ်တွင် အုပ်လိုက်၏။
ပူပြင်းလှသော ရေနွေးငွေ့သည် အေးမြသော ကြွေအဖုံးနှင့် တိုက်မိသောအခါ ဖြစ်ပေါ်လာသော ရေစက်လေးများသည် ပေါင်းခံရည်ပင် ဖြစ်တော့သည်။
၎င်းက ပေါင်းခံရည် ထုတ်လုပ်သည့် အလွယ်ကူဆုံး နည်းလမ်း ဖြစ်၏။
ပူပြင်းသော ရေနွေးငွေ့မှ ငွေ့ရည်ဖွဲ့လာသော ရေသည် ပေါင်းခံရည် ဖြစ်သည်။
ထိုပေါင်းခံရည်ကို သိပ်သည်းစွာ ပိတ်ဆို့ထားပြီး နောက်မှ သုံးရန်အတွက် အလိုအလျောက် အေးသွားအောင် ထားလိုက်၏။
ထို့နောက် သူသည် ဆာလ်ဖြူရစ်အက်စစ် အချို့ကို ယူကာ ဆီးနမူနာထဲသို့ တစ်စက်ချင်းစီ ထည့်ပြီး သေချာစွာ မွှေလိုက်သည်။
ဆာလ်ဖြူရစ်အက်စစ်က ဆီးနှင့် တွေ့ဆုံသောအခါ အပူကို ဖြစ်ပေါ်စေ၏။ အအေးမြန်စေရန်အတွက် သူသည် အပူကို စုတ်ယူရန် ရေခဲတုံးအချို့ကို အထူး ယူဆောင်လာခဲ့ရသည်။
အကယ်၍ ကျောက်ကပ်ရောင်ရောဂါသာ အမှန်တကယ် ဖြစ်ပါက ဆီးနမူနာထဲတွင် ဆီးပရိုတင်း အနည်အနှစ် အမြောက်အမြား ထွက်ပေါ်လာရမည် ဖြစ်ပြီး ဒါက ကျောက်ကပ်ရောင်ရောဂါကို အဖြေထုတ်ရန် အရေးကြီးဆုံး အညွှန်းကိန်း ဖြစ်၏။
အကယ်၍ အိုင်ဆိုအီလက်ထရစ် အမှတ်တွင် ပီအိတ်ချ် တန်ဖိုးရှိသော အသင့်သုံး ပေါင်းခံရည်သာ ရှိပါက ရလဒ်ကို ချက်ချင်းပင် မြင်တွေ့နိုင်သော်လည်း မင်မင်းဆက်တွင်မူ ဒါက မဖြစ်နိုင်သဖြင့် ပိုမို ရှုပ်ထွေးသော ကိုယ်ပိုင်နည်းလမ် ကိုသာ သုံးရမည် ဖြစ်သည်။
လူသားတို့၏ ပရိုတင်းသည် ပြင်းထန်သော အက်စစ်-အယ်လ်ကာလီ တုံ့ပြန်မှုအောက်တွင် လုပ်ဆောင်ချက် အချို့ ဆုံးရှုံးသွားသော်လည်း ပြင်းထန်သော အက်စစ် သို့မဟုတ် ပြင်းထန်သော အယ်လ်ကာလီ ဖျော်ရည်များထဲတွင် အရည်ပျော်နေနိုင်ဆဲ ဖြစ်သဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ အိုင်ဆိုအီလက်ထရစ် အမှတ်တွင် ပီအိတ်ချ် တန်ဖိုးရှိသော ဆေးရည်များ မရှိခြင်းကြောင့်အနည်ထိုင်အောင် လုပ်ဆောင်ရုံသာ ရှိတော့သည်။
ပြင်းထန်သောအက်စစ် ထည့်ထားသည့် ဆီးနမူနာ အေးသွားပြီးနောက် ပေါင်းခံရည်ကို ထပ်မံ ထည့်ကာ အနည်ကျစေပြီးနောက် ကွန်တိန်နာကို ဆူပွက်နေသော ရေနွေးထဲတွင် ထည့်ကာ ဆက်လက် အပူပေးလိုက်၏။
ထိုစဉ်မှာပင် အိမ်ရှေ့မင်းသား နန်းဆောင်မှ လူတစ်ယောက်က လာရောက် တိုက်တွန်းပြန်သည်။
"သမားတော်ဝူ.. အခြေအနေ ဘယ်လိုလဲ။ အိမ်ရှေ့မင်းသား ကျူးပြန်က မင်းဆီက သတင်းကို မျှော်နေပါတယ်"
အိမ်ရှေ့မင်းသား ကျူးပြန်သည်ဝူကျိရှန်းက မိဖုရားခေါင်ကြီးမာ၏ လက္ခဏာများကို အတိအကျ ပြောပြနိုင်ခဲ့သဖြင့် အလွန်စိတ်ပူနေပြီဖြစ်သည်။
"ခဏလေးပါ.. မကြာခင် ပြီးတော့မှာပါ"
"အမြန်လုပ်ပေးပါဦး။ အိမ်ရှေ့မင်းသားက အကြိမ်ကြိမ် မေးနေလို့ပါ"
"ငါ့ကို နောက်ထပ် ဗာရီခွဲလောက်ပဲ အချိန်ပေးပါ"
တစ်ချိန်တည်းမှာပင် မနေ့က မိန်းမစိုးလေးလည်း ပြန်ရောက်လာ၏။
"သမားတော်ဝူ.. အဖြေ ထွက်ပြီလား"
"မကြာခင် အဖြေ ထွက်တော့မှာပါ။ နောက်ထပ် ဗာရီခွဲလောက်ပဲ ကြာပါမယ်"
"ကောင်းပြီ၊ ကောင်းပြီ"
မိန်းမစိုးလေးက အလျင်အမြန် ပြောသည်။
"အရှင်မင်းကြီးက ကွန်းနင်းနန်းဆောင်မှာ မင်းရဲ့ သတင်းကို စောင့်နေတာ။ မနှောင့်နှေးပါနဲ့ဦး"
အရှေ့နန်းတော်က အိမ်ရှေ့မင်းသားကော ကျူးယွမ်ကျန်းပါ ရလဒ်ကို စောင့်ဆိုင်းနေကြသဖြင့် ဝူကျိရှန်း နှေမာင့်နှေးရဲ ပေ။
သူသည် နောက်ထပ် အဆင့်သို့ ချက်ချင်း ကူးပြောင်းလိုက်၏။
လူသားတို့၏ ပရိုတင်း တည်ဆောက်ပုံ ထူးခြားမှုကြောင့် ဒုတိယအကြိမ် အပူပေးပြီးနောက် ပရိုတင်း၏ တည်ဆောက်ပုံလုံးဝ ဖျက်ဆီးခံရပြီး ဇီဝလုပ်ဆောင်ချက် ဆုံးရှုံးသွားသဖြင့် သာမန်မျက်စိဖြင့် ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
ဒုတိယအကြိမ် အလိုအလျောက် အအေးခံပြီးနောက် ချည်စက္ကူ သုံးချပ်ကို စစ်ထုတ်သည့်အဝတ်အဖြစ် ယူကာ အေးမြသွားသော ဆီးနမူနာကို သေချာစွာ စစ်ထုတ်လိုက်၏။
နောက်ဆုံးတွင် သူသည် မှန်ဘီလူးကို ထုတ်ကာ သေချာစွာ ကြည့်လိုက်ရာ ချည်စက္ကူပေါ်တွင် ပရိုတင်း အခဲ အမြောက်အမြား ကျန်ရှိနေသည်ကိုတွေ့လိုက်ရ၏။၎င်းမှာ ခဲသွားသော ဆီးပရိုတင်း ဖြစ်သည်။
ယခုအချိန်တွင် ရောဂါကို အပြည့်အဝ အတည်ပြုနိုင်ခဲ့ပြီ ဖြစ်၏။
မိဖုရားခေါင်ကြီးမာ ခံစားနေရသော ရောဂါမှာ ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပြီး ရောဂါပိုးကူးစက်မှုကြောင့် ဖြစ်ရသော ကျောက်ကပ်ရောင်ရောဂါ ဖြစ်ရမည်။
ရောဂါဖြစ်ပွားမှု ရှုထောင့်အရ ကျောက်ကပ်ရောင်ရောဂါကို ယေဘုယျအားဖြင့် ကျောက်ကပ်ဆဲလ်ရောင်ခြင်းနှင့် ကူးစက်တတ်သော ကျောက်ကပ်ရောင်ခြင်းဟူ၍ ခွဲခြားနိုင်၏။ အကယ်၍ ပထမတစ်မျိုးသာ ဖြစ်ပါက မိဖုရားခေါင်ကြီးမာသည် ဤမျှ အသက်ရှည်ရှည် နေနိုင်ခဲ့မည် မဟုတ်သဖြင့် ၎င်းက ကူးစက်တတ်သော ကျောက်ကပ်ရောင်ခြင်းသာ ဖြစ်နိုင်သည်။
"ဘယ်လိုလဲ။ ဘယ်လိုလဲ"
အိမ်ရှေ့မင်းသား နန်းဆောင်က လူနှင့် မိန်းမစိုးလေးတို့သည် စိတ်မရှည်ကြတော့ဘဲ တပြိုင်နက် မေးလိုက်ကြ၏။
"ရလဒ် ထွက်ပါပြီ"
"ရောဂါကို အဖြေထုတ်နိုင်တာ ကောင်းတာပေါ့။ မြန်မြန် ငါနဲ့အတူ နန်းတော်ထဲ လိုက်ပြီး မိဖုရားခေါင်ကြီးကို ကုပေးပါ.. ဘာလို့ ရပ်နေသေးတာလဲ။ မြန်မြန်လုပ်၊ အရှင်မင်းကြီး စောင့်နေတယ်"
ဝူကျိရှန်းကမူ ဝေခွဲမရ ဖြစ်နေဆဲပင်။ အကြောင်းရင်းမှာ သူသည် ထိုရောဂါကို လုံးဝ မကုသနိုင်ခြင်းကြောင့် ဖြစ်၏။
မိဖုရားခေါင်ကြီးမာ၏ ကျောက်ကပ်ရောင်ရောဂါသည် အလွန် ပြင်းထန်နေပြီ ဖြစ်သည်။ အကယ်၍ ဆက်လက် ဖြစ်ပွားနေပါက မကြာခင်မှာပင် ဆီးဆိပ်တက်သည့် အခြေအနေသို့ ရောက်ပြီးပိုမို ဆိုးရွားလာမည်ဖြစ်သည်။ နှစ်ဆယ့်တစ်ရာစုတွင်မူ လူသားအယ်လ်ဗျူမင်ကို စဉ်ဆက်မပြတ် သုံးစွဲခြင်းဖြင့် ကုသနိုင်ပြီးရောဂါကို ကုသရန် အထိရောက်ဆုံး ဆေးဝါး ဖြစ်၏။
လူသားအယ်လ်ဗျူမင်သည် လူသားတို့၏ သွေးထဲမှ ထုတ်ယူထားသော ပရိုတင်း ဆေးဝါးတစ်ခု ဖြစ်သည်။ ၎င်းသည် သာမန် သောက်သုံးရသော ပရိုတင်းမှုန့်များနှင့် လုံးဝ ကွာခြားပြီး ခေတ်သစ် နည်းပညာပေါင်းများစွာ၏ အနှစ်သာရများ ပါဝင်နေ၏။ထို အရာမျိုးက မင်မင်းဆက်တွင် လုံးဝ မရှိချေ။
ထိုဆေးဝါး မရှိဘဲ မိဖုရားခေါင်ကြီးမာ၏ ကျောက်ကပ်ရောင်ရောဂါကို ကုသရန်မှာ မဖြစ်နိုင်သလောက်ပင်။
ဆေးကုသနိုင်သည့် နည်းလမ်း ရှိသော်လည်း ဆေးဝါး မရှိခြင်းက အကြီးမားဆုံး ပြဿနာ ဖြစ်နေတော့သည်။
ပဋိဇီဝဆေးများသည် ကျောက်ကပ်ရောင်ရောဂါအပေါ် ထိရောက်မှု မရှိသော်လည်း ကူးစက်တတ်သော ကျောက်ကပ်ရောင်ခြင်းကမူ ချွင်းချက် ဖြစ်၏။
ဝူကျိရှန်း၏ လက်ထဲတွင် သူ၏ အသက်ကို ကယ်တင်ရန် သိမ်းဆည်းထားသော နောက်ဆုံးပင်နီဆလင် နှစ်လုံး ရှိနေသေးသည်။ ဗိုက်နာရုံမျှဖြင့် အသက်ဆုံးရှုံးနိုင်သော ခေတ်ကာလတွင် ပဋိဇီဝဆေးများ၏ တန်ဖိုးကို လျှော့တွက်၍ မရချေ။
နောက်ဆုံးတော့ ထိုပင်နီဆလင် နှစ်လုံးမှာ သက်တမ်း နှစ်နှစ်သာ ရှိသဖြင့် အကယ်၍ မသုံးပါက သက်တမ်းကုန်မည် ဖြစ်သည်။
ပင်နီဆလင်သည် ကူးစက်တတ်သော ကျောက်ကပ်ရောင်ရောဂါအတွက် အကောင်းဆုံး ဆေးမဟုတ်သော်လည်း ယခု အခြေအနေတွင် ၎င်းတစ်မျိုးသာ ရွေးချယ်စရာ ရှိတော့သည်။
ပင်နီဆလင် နှစ်လုံး ရှိနေလျှင်ပင် မိဖုရားခေါင်ကြီးမာ၏ ရောဂါမှာမပျောက်ကင်းနိုင်ကြောင်း ဝူကျိရှန်း အသိဆုံး ဖြစ်၏။ အလွန်ဆုံး ရှိလှမှ ကူးစက်မှု လက္ခဏာများကို ယာယီ သက်သာစေပြီး နောက်ဆက်တွဲ ပြဿနာများနှင့် လူနာ၏ နာကျင်မှုကို လျှော့ချပေးနိုင်ရုံသာ ရှိမည်ဖြစ်ကာ ရောဂါမြစ်ဖျားခံရာကိုမူ အမြစ်ပြတ်အောင် မလုပ်နိုင်ချေ။
အရေးကြီးဆုံး အချက်မှာ ရောဂါလက္ခဏာကိုသာ ကုသပြီး အမြစ်ကို မကုသနိုင်သော ထိုနည်းလမ်းသည် အချိန်ကာလခုနစ်ရက် သို့မဟုတ် ရှစ်ရက်ခန့်သာ ထိရောက်မှု ရှိလိမ့်မည် ဖြစ်၏။
ထိုအချိန်ကာလ ကုန်လွန်သွားပြီးနောက် မိဖုရားခေါင်ကြီးမာ၏ ရောဂါသည် ပြန်လည် ဖြစ်ပွားလာမှာ သေချာပြီး တစ်နေ့ထက်တစ်နေ့ ပိုမို ပြင်းထန်လာကာ ကျောက်ကပ် ပျက်စီးခြင်း သို့မဟုတ် ဆီးဆိပ်တက်ခြင်းအထိ ဆိုးရွားသွားလိမ့်မည် ဖြစ်ရာ ထိုအချိန်ကျမှသာ တကယ်ကို ကုသရန် နည်းလမ်း ရှိတော့မှာ မဟုတ်ချေ။
"သမားတော်ဝူ.. ဘာလို့ ရပ်နေသေးတာလဲ။ မြန်မြန် နန်းတော်ထဲ လိုက်ပြီး မိဖုရားခေါင်ကြီးကို ကုပေးပါတော့"
"ရပါပြီ၊ ရပါပြီ"
ဝူကျိရှန်းအသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဆေးသေတ္တာကြီးကို ပုခုံးပေါ် ထမ်းတင်ကာ မိန်းမစိုးလေး၏ နောက်မှနေ၍ နန်းတော်ထဲသို့ လိုက်ပါသွားတော့သည်။
*********