← Chapters

အခန်း ၁၉၀

Vol. 18 Ch. 190

အခန်း ၁၉၀

Vol. 18 Ch. 190

အခန်း (၁၉၀) အချိန်က သိပ်မကျန်တော့ဘူး

ဝူကျိရှန်း ကွန်းနင်းနန်းဆောင်သို့ရောက်ရှိချိန်တွင် အိမ်ရှေ့မင်းသားနှင့် ကျူးယွမ်ကျန်းတို့သည် မိဖုရားခေါင်ကြီးမာနှင့် စကားစမြည် ပြောဆိုနေကြ၏။

မိသားစု သုံးယောက်မှာ ရယ်မောကာ စကားပြောနေကြပြီး စိတ်ရွှင်လန်းနေပုံရသည်။

အိမ်ရှေ့မင်းသား ကျူးပြန်ကော ကျူးယွမ်ကျန်းကိုယ်တိုင်ပါ ယနေ့တွင် ထူးထူးခြားခြား စိတ်အခြေအနေ ကောင်းမွန်နေကြခြင်း ဖြစ်၏။

မိဖုရားခေါင်ကြီးမာ၏ ရောဂါအခြေအနေက တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာနေသော်လည်း တော်ဝင်သမားတော်ဌာနက ဘာမှမတတ်နိုင်ခဲ့ချေ။ ယခုအခါ ရောဂါကို အတိအကျ အဖြေထုတ်နိုင်ခဲ့သည့် ဝူကျိရှန်း ရှိလာခြင်းက ကောင်းမွန်သော အစပျိုးခြင်းတစ်ခုပင်။

ရောဂါအခြေခံကို သိပြီဆိုလျှင်တော့ သေချာပေါက် ကုသနိုင်လိမ့်မည်ဟု

လူတိုင်းက ထင်မှတ်ထားကြသည်။

ဝူကျိရှန်းကို မြင်သောအခါ ကျူးယွမ်ကျန်းက စိတ်ရွှင်လန်းစွာဖြင့် ချက်ချင်း အမိန့်ပေးလိုက်၏။

"သူ့ကို ထိုင်ခုံ ပေးလိုက်"

ဧကရာဇ်မင်းမြတ်က ထိုင်ခုံပေးခြင်းမှာ ရိုသေမှုကို ပြသခြင်းသာ ဖြစ်ပြီး ဧကရာဇ်၊ မိဖုရားခေါင်ကြီးနှင့် အိမ်ရှေ့မင်းသားတို့၏ အလယ်တွင် အမှန်တကယ် ဝင်ထိုင်ပါက အလွန်အမင်း အလိုက်ကန်းဆိုးမသိရာ ရောက်ပေလိမ့်မည်။

ဝူကျိရှန်းက အလျင်အမြန် ဒူးထောက်ဂါရဝပြုလိုက်၏။

"ကျွန်တော်မျိုး ဝူကျိရှန်းက ရိုသေစွာဖြင့်..."

"ရပါပြီ၊ ရပါပြီ"

မိဖုရားခေါင်ကြီးမာက အမြဲတမ်း သဘောကောင်းလှသည်။

"ငါက ဒီလို ရိုသေမှု အခမ်းအနားတွေကို အားမနာတတ်ဘူး။ ဒီနေ့ ရောဂါအဖြေကို အတည်ပြုနိုင်ပြီလို့ မင်းပြောတယ်မလား။ အတည်ပြုပြီးပြီလား"

"အတည်ပြု... အတည်ပြုပြီးပါပြီ"

"မယ်တော်ကြီးက ဘာရောဂါ ခံစားနေရတာလဲ"

"မိဖုရားခေါင်ကြီး ခံစားနေရတာက ခဲသူငယ်ရောဂါ ဖြစ်ပါတယ်"

'ခဲ' ဆိုသည်မှာ လေးလံသော သတ္တုတစ်မျိုး ဖြစ်ပြီး ရိုးရာတရုတ်ဆေးပညာ နယ်ပယ်တွင် ကျောက်ကပ်ကို ရည်ညွှန်းခြင်း ဖြစ်၏။ သူငယ် ဆိုသည်မှာ စုပုံနေသော ရေကို ဆိုလိုခြင်းဖြစ်ပြီး ရေဖျဉ်းစွဲခြင်း သို့မဟုတ် ဖောရောင်ခြင်းအားလုံးကို သူငယ် ဟု ခေါ်ဆိုနိုင်ပါသည်။

ဝူကျိရှန်း ပြောလိုက်သော ခဲသူငယ် ရောဂါဟူသည်မှာ ကျောက်ကပ်ရောင်ရောဂါ ဖြစ်တော့သည်။

ထိုစကားကို ကြားသောအခါ အိမ်ရှေ့မင်းသား ကျူးပြန်က ချက်ချင်းပင် လက်ခုပ်တီးကာ ရယ်မောလိုက်၏။

"ကောင်းတယ်.. တကယ်ကိုငရဲမင်း လို့ ခေါ်ထိုက်ပါတယ်။ ထူးခြားပြောင်မြောက်တဲ့ ဆေးပညာ အတတ်ပညာ ရှိတာပဲ။ ငါ သိသားပဲ.. ငါတို့ မင်အင်ပါယာရဲ့ မရေမတွက်နိုင်တဲ့ ပြည်သူတွေထဲမှာ ပါရမီရှင်တွေ ဒီလောက် အများကြီး ရှိတာပဲ။ မယ်တော်ကြီးရဲ့ ရောဂါအနည်းငယ်လေးကို မကုသနိုင်ဘဲ ဘယ်ရှိပါ့မလဲ"

"မယ်တော်ကြီးက ကုသိုလ်ကံ အလွန်ကြီးမားပြီး ကောင်းမှုတွေ အများကြီး လုပ်ခဲ့လို့ပဲ.. ကောင်းကင်ဘုံက ကူညီဖို့ ဝူကျိရှန်းလို လူမျိုးကို စေလွှတ်ပေးခဲ့တာ။ အလွန်ကောင်းတယ်၊ တကယ်ကို အလွန်ကောင်းတယ်"

သာမန်အချိန်များတွင် အမြဲ တည်ကြည်လေ့ရှိသော ကျူးယွမ်ကျန်းပင်လျှင် ပျော်ရွှင်သောအမူအရာ ပေါ်လာကာ

"ရောဂါကို သိပြီဆိုရင်တော့ အမြန်ဆုံး ကုသပေးလိုက်ပါ"

"အရှင်မင်းကြီးကို လျှောက်တင်စရာ ရှိပါတယ်"

ဝူကျိရှန်းက သူ အသင့်ပြင်ထားသော စကားလုံးများကို စိတ်ထဲတွင် အထပ်ထပ် ပြန်လည် စဉ်းစားလိုက်၏။ ထို့နောက်မှ ခေါင်းကို အနည်းငယ် မော့ကာ ကျူးယွမ်ကျန်းအား ပြောလိုက်သည်။

"မိဖုရားခေါင်ကြီး ခံစားနေရတဲ့ ရောဂါက... နည်းနည်းတော့ လက်ဝင်လိမ့်မှာကိုကျွန်တော်မျိုး စိုးရိမ်မိပါတယ်"

မိဖုရားခေါင်ကြီး၏ ရောဂါက ကုသရန် ခက်ခဲလိမ့်မည်ကို အားလုံးက ကြိုတင် တွေးဆထားပြီးသားပင်။ တော်ဝင်သမားတော်ဌာနက တော်ဝင်သမားတော်များမှာလည်း အသုံးမကျသူများ မဟုတ်ကြချေ။ အကယ်၍ အလွယ်တကူ ကုသနိုင်ပါက မိဖုရားခေါင်ကြီးမာသည် ကြာမြင့်စွာကပင် ပြန်လည် ကျန်းမာလာခဲ့ပြီ ဖြစ်သည်။

ကျူးယွမ်ကျန်းက ပြုံးလိုက်၏။

"ရောဂါနဲ့ လက္ခဏာတွေကို သိပြီဆိုတော့ မင်းမှာ ဘယ်လို ရောဂါရှာဖွေပြီး ကုသရမလဲဆိုတဲ့ နည်းလမ်း ရှိမှာပေါ့"

"ကျွန်တော်မျိုးမှာ ရောဂါရှာဖွေ ကုသဖို့ နည်းလမ်း အမှန်တကယ် ရှိပါတယ်။ ဒါပေမဲ့..."

ကျူးယွမ်ကျန်းသည် အလွန်အမင်း ပါးနပ်သူတစ်ဦး ဖြစ်၏။ ဝူကျိရှန်း၏ ဝေခွဲမရ ဖြစ်နေသော အမူအရာကို မြင်သည်နှင့် သူ အခက်အခဲ ရှိနေကြောင်း သိလိုက်သည်။

"မင်းမှာ ဘယ်လို အခက်အခဲပဲ ရှိရှိ.. ပွင့်ပွင့်လင်းလင်းသာ ပြောစမ်းပါ။ ငါ သေသေချာချာ ဖြည့်ဆည်းပေးပါ့မယ်"

"ဒါဆိုရင်တော့ ကျွန်တော်မျိုးက အတင့်ရဲစွာနဲ့ ပွင့်ပွင့်လင်းလင်း လျှောက်တင်ပါရစေ"

"ပြောစမ်း"

"မိဖုရားခေါင်ကြီး ခံစားနေရတဲ့ ရောဂါက အမှန်တကယ်ပဲ ပြင်းထန်လွန်းပါတယ်"

ဤစကားကို ကြားသောအခါ ကျူးယွမ်ကျန်းနှင့် အိမ်ရှေ့မင်းသားတို့သည် အံ့သြမသွားကြချေ။ ဝူကျိရှန်းအနေဖြင့် အပြည့်အဝ ယုံကြည်မှု မရှိပါက မိဖုရားခေါင်ကြီး၏ အရှေ့တွင်ထို စကားမျိုးကို ပြောရဲလိမ့်မည် မဟုတ်ပါ။

"ဒါက ကုမရတဲ့ ရောဂါဆိုးကြီး ဖြစ်နေရင်တောင် ဘာဖြစ်လဲ။ မင်းကငရဲမင်းမဟုတ်ဘူးလား"

အိမ်ရှေ့မင်းသား ကျူးပြန်ကပေါ့ပါးစွာ ပြုံးပြီး‌ ပြောလိုက်၏။

"မင်းက သေလူကို ရှင်အောင် လုပ်နိုင်ပြီး ကျိုးနေတဲ့ အရိုးတွေကို ပြန်ဆက်ပေးနိုင်တယ်၊ ငရဲမင်းရဲ့ နန်းဆောင်ကနေ ဝိညာဉ်တွေကို ကယ်တင်နိုင်ပြီး ကူကယ်ရာမဲ့တံတားပေါ်က မကျေမနပ် ဖြစ်နေတဲ့ ဝိညာဉ်တွေကိုပါ ကယ်ဆယ်နိုင်တယ်လို့ ငါ ကြားဖူးတယ်။ ဒီနေ့တော့ ငရဲမင်းရဲ့ နည်းလမ်းတွေကို ငါ ကိုယ်တိုင် မြင်တွေ့ရတော့မှာပဲ"

"အိမ်ရှေ့မင်းသားက ကျွန်တော်မျိုးကို အမွှန်းတင်လွန်းနေပါပြီ။ ကျွန်တော်မျိုးမှာ နည်းလမ်းအချို့ ရှိပေမဲ့ ဒါက အားစိုက်ထုတ်ပြီး လုပ်ဆောင်ရုံသက်သက်ပါပဲ"

ဝူကျိရှန်းက ပါးနပ်စွာဖြင့် လျှောက်တင်လိုက်၏။

"မိဖုရားခေါင်ကြီးရဲ့ ရောဂါက ကျန်းမာရေး ပြန်လည် ထိန်းသိမ်းမှုအပေါ် အများကြီး မူတည်နေပါတယ်။ ရေရှည်၊ ဇွဲနပဲနဲ့ တဖြည်းဖြည်းချင်း အခြေအနေ ကောင်းမွန်အောင် ပြုပြင်ယူရမှာ ဖြစ်ပါတယ်"

မိဖုရားခေါင်ကြီးမာ ခံစားနေရသော ရောဂါမျိုးအတွက် ချက်ချင်း ပျောက်ကင်းသွားရန်မဖြစ်နိုင်‌ ပေ။တဖြည်းဖြည်းချင်း ကျန်းမာရေး ပြန်လည် ထိန်းသိမ်းခြင်းကသာ ‌ပျောက်ကင်းနိုင်၏။

ရောဂါအခြေအနေက ပိုမို ဆိုးရွားမလာသရွေ့ မိဖုရားခေါင်ကြီးမာ၏ နေထိုင်မှု အခြေအနေနှင့် တော်ဝင်သမားတော်ဌာန၏ ဆေးဝါး အရင်းအမြစ်များဖြင့် တဖြည်းဖြည်းချင်း ကျန်းမာရေး ပြန်လည် ထိန်းသိမ်းရန်အတွက် အချိန်နှင့် နည်းလမ်းများစွာ ရှိ၏။

ကျောက်ကပ်ရောင်ရောဂါကိုကုသရာတွင် သွေးပြန်ကြောထဲသို့ ဆေးသွင်းသည့်နည်းလမ်းဖြင့် မကုသသင့်ချေ။ သို့သော်လည်း သူ၏ လက်ထဲတွင် ပင်နီဆလင် နှစ်လုံးသာ ကျန်ရှိတော့သဖြင့် အကယ်၍ အရေပြားအောက် ဆေးထိုးသည့်နည်းလမ်းသုံးပါက ဆေးအာနိသင်က အလွန် လျော့နည်းသွားပေလိမ့်မည်။

ထိုခေတ်ကာလ၏ အကန့်အသတ်များကြောင့် သွေးပြန်ကြောထဲသို့ ဆေးသွင်းသည့် နည်းလမ်းတစ်ခုသာ လတ်တလောတွင် ဖြစ်နိုင်ချေ ရှိတော့သည်။

ဝူကျိရှန်းက ဆေးသွင်းအပ်ကို မိဖုရားခေါင်ကြီးမာ၏ လက်ကောက်ဝတ် သွေးပြန်ကြောထဲသို့ ထိုးသွင်းလိုက်သောအခါ ကျူးယွမ်ကျန်းပင်လျှင် အံ့သြသွားသော အမူအရာ ပေါ်လာ၏။

"ဒီလို သွေးကြောထဲကို ဆေးတိုက်ရိုက် သွင်းတဲ့နည်းက ငါ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ။ တကယ်ကိုထင်သာမြင်သာရှိတာပဲ..."

မိဖုရားခေါင်ကြီးမာကို ဆေးသွင်းပေးနေစဉ်မှာပင် ဝူကျိရှန်းက ဆေးညွှန်းတစ်ခုကို ရေးပေးလိုက်သည်။

"နန်းတွင်းက တော်ဝင်သမားတော်တွေကို ခရမ်းချမ်းမြက်ပြုတ်ရည်'ကနေ ဆေးလုံးတွေ ပြင်ဆင်ခိုင်းပေးပါ။ ပြီးရင် အဆိပ်ဖြေမှုန့်တစ်ခွက်ကိုလည်း ဆေးလုံးအဖြစ် ပြင်ဆင်ပြီး မဟာဆန်ဖျားမှုန့်အနည်းငယ်နဲ့အတူ မျိုချခိုင်းပေးပါ"

ဝူကျိရှန်း ပြောလိုက်သော ခရမ်းချမ်းမြက်ပြုတ်ရည် နှင့် အဆိပ်ဖြေမှုန့် တို့မှာ ရှိပြီးသား ဆေးညွှန်းများ ဖြစ်ကြပြီး အားလုံးမှာ အဆိပ်အတောက်များကို ပြယ်စေရန်နှင့်ဖောရောင်မှုကို လျှော့ချရန် အတွက် ဖြစ်ကာ ဆီးရွှင်စေသည့်အာနိသင်လည်း ရှိကြသည်။ မဟာဆန်ဖျား မှာာမူ အူလမ်းကြောင်း စုပ်ယူမှုကို လျှော့ချရန်အတွက် ဖြစ်၏။ ဤဆေးသုံးမျိုးက ကွဲပြားသော်လည်း နန်းတွင်းက တော်ဝင်သမားတော်များသည် ၎င်းတို့ကို မည်သို့ ပေါင်းစပ်ရမည်ကို သေချာပေါက် သိကြသဖြင့် ဝူကျိရှန်းအနေဖြင့် ထိုအချက်ကိုမစိုးရိမ်ပေ။

အဆိပ်ဖြေခြင်းနှင့် ဆီးရွှင်စေခြင်းတို့က မိဖုရားခေါင်ကြီးမာ၏ ခဲသူငယ် ရောဂါကို အမြစ်ပြတ် မပျောက်ကင်းစေနိုင်သော်လည်း ရောဂါအခြေအနေကို အတတ်နိုင်ဆုံး သက်သာစေနိုင်ပြီး နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

"မိဖုရားခေါင်ကြီးမှာ ချောင်းဆိုးတာနဲ့ ရင်ကျပ်တာ ရှိနေပေမဲ့ ဒါက မပြင်းထန်တာမို့လို့ လက်ရှိ သောက်နေတဲ့ ဆေးတွေကို ရပ်လိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်"

ဆေးတိုင်းမှာ အဆိပ်သုံးပုံတစ်ပုံ ပါတယ်ဆိုသော စကားမှာ အလကား ပြောခဲ့ခြင်း မဟုတ်ချေ။ မည်သည့် ဆေးအမျိုးအစားမဆို ၎င်းကိုယ်တိုင်တွင် အချို့သော အဆိပ်အတောက် ဘေးထွက်ဆိုးကျိုးများ ရှိကြပြီး ဆေးဝါးများ၏ ဂုဏ်သတ္တိများစွာကို ကျောက်ကပ်မှတစ်ဆင့် စွန့်ထုတ်ရခြင်း ဖြစ်သည်။ အခြားသော ဆေးဝါးများကို ရပ်ဆိုင်းလိုက်မှသာ ကျောက်ကပ်အပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်မှုကို အနည်းဆုံးအထိ လျှော့ချနိုင်မည် ဖြစ်၏။

"မိဖုရားခေါင်ကြီး ခံစားနေရတဲ့ ရောဂါအတွက် ဆားနဲ့ ဆီကို အတတ်နိုင်ဆုံး နည်းနည်းပဲ စားသုံးသင့်ပါတယ်။ အကယ်၍ ရေငတ်တယ်လို့ ခံစားရရင်လည်း အောင့်ထားပေးပြီး ဖြစ်နိုင်ရင် ရေမသောက်ဘဲ နေပေးပါ"

"ပြီးတော့ ပဲအမျိုးအစားတွေ၊ တိုဖူး အဲဒီလို အရာတွေကို လုံးဝ မစားသုံးပါနဲ့"

"အထူးသဖြင့် တိရစ္ဆာန်အဆီတွေကို မစားသုံးပါနဲ့။ ဟင်းသီးဟင်းရွက်ဆီကိုတောင် ခြွေတာပြီး သုံးစွဲရပါမယ်"

"ကြက်ဥ၊ အမဲသား သို့မဟုတ် ဆိတ်သားအနု သို့မဟုတ် နို့ကိတ်အချို့ကိုတော့ စားသုံးနိုင်ပါတယ်"

"အကောင်းဆုံးကတော့ ငြိမ်ငြိမ်သက်သက် အနားယူဖို့ပါပဲ။ အလွန်အမင်း ပင်ပန်းနွမ်းနယ်တာတွေကို ရှောင်ကြဉ်ပြီး ရေနွေးကြမ်း သောက်တာကိုလည်း ရှောင်ကြဉ်ပေးပါ"

ဝူကျိရှန်းက ပြောလိုက်တိုင်း ဘေးတွင်ရှိသော နန်းတွင်းအစေခံများက သေသေချာချာ မှတ်တမ်းတင်ထားကြ၏။

"ကျွန်တော်မျိုး အတတ်နိုင်ဆုံး လုပ်ဆောင်ပေးခဲ့ပါပြီ။ မိဖုရားခေါင်ကြီးရဲ့ ရောဂါအခြေအနေက မကြာခင်မှာ ပြန်လည် ကောင်းမွန်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ တခြား ညွှန်ကြားချက် မရှိဘူးဆိုရင်တော့ ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး"

"ရပါပြီ၊ ရပါပြီ"

မိဖုရားခေါင်ကြီးမာက ပြုံး၍ အိမ်ရှေ့မင်းသားကို ပြောသည်။ "

"သမားတော်လေး ဝူက အကြာကြီး အလုပ်ရှုပ်နေခဲ့ရတာ တကယ်ကို ပင်ပန်းနေရှာပြီ။ သားကြီး.. မယ်တော့်ကိုယ်စား သူ့ကို တစ်ခုခု ဆုချလိုက်ပါဦး"

"သားတော် နာခံပါ့မယ် မယ်တော်"

"ကျွန်တော်မျိုး ပြန်ခွင့်ပြုပါဦး"

ဝူကျိရှန်းက ဦးညွှတ်၍ ပြန်ရန် ပြင်လိုက်ချိန်တွင် အိမ်ရှေ့မင်းသားကို မျက်လုံးထောင့်မှနေ၍ ကြည့်ကာ အချက်ပြလိုက်၏။

အိမ်ရှေ့မင်းသား ကျူးပြန်က အလွန် ပါးနပ်သူ ဖြစ်သဖြင့် ဝူကျိရှန်းတွင် လူအများရှေ့ ပွင့်ပွင့်လင်းလင်း ပြောရန် အဆင်မပြေသော အခြားကိစ္စတစ်ခု ရှိနေကြောင်း ချက်ချင်း သိလိုက်သည်။ သူက ပြုံး၍ ပြောလိုက်၏။

"သမားတော်ဝူက ကြီးမားတဲ့ အမှုကို လုပ်ဆောင်ပေးခဲ့တာပဲ။ သားတော်က ခမည်းတော်နဲ့ မယ်တော်ကိုယ်စား သူ့ကို လိုက်ပို့ပေးပါ့မယ်..."

ကျူးပြန်သည် ဝူကျိရှန်းကို အပြင်သို့ လိုက်ပို့ချိန်တွင် အလွန် ပေါ့ပေါ့ပါးပါး ဖြစ်နေသည့်ပုံစံမျိုးကို တမင်တကာ သရုပ်ဆောင်ထားခဲ့သည်။

ကျူးပြန်က မမေးရသေးခင်မှာပင် ဝူကျိရှန်းက အမှန်တရားကို ဖွင့်ဟပြောလိုက်၏။

"အိမ်ရှေ့မင်းသား.. အခုနက အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးရဲ့ အရှေ့မှာ အချို့အရာတွေကို ရှင်းရှင်းလင်းလင်း လျှောက်တင်ဖို့ တကယ်ပဲ အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ အိမ်ရှေ့မင်းသား သေသေချာချာ သိထားရမယ့် ကိစ္စအချို့ ရှိနေပါတယ်"

ထိုစကားကို ကြားသောအခါ ကျူးပြန်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။

"ဘေးမှာဘယ်သူမှ မရှိတော့ပါဘူး။ ရှင်းရှင်းလင်းလင်း ပြောဖို့ အဆင်မပြေခဲ့တဲ့ ဘယ်အရာကိုမဆို မင်း ပွင့်ပွင့်လင်းလင်း ပြောနိုင်ပါတယ်"

"မိဖုရားခေါင်ကြီး ခံစားနေရတဲ့ ရောဂါက ကုမရတဲ့ ရောဂါဆိုးကြီး ဖြစ်ပါတယ်"

ဝူကျိရှန်းက အသံကို နှိမ့်ကာ တိုးတိုးလေး ကပ်ပြောလိုက်၏။

"ကျွန်တော်မျိုး စိုးရိမ်မိတာကတော့... မိဖုရားခေါင်ကြီးမှာ အချိန် သိပ်မကျန်တော့ပါဘူး"

*********

All Chapters