← Chapters

စိတ်အာရုံလှည့်စားမှု

Vol. 007 Ch. 344

စိတ်အာရုံလှည့်စားမှု

Vol. 007 Ch. 344

ဝမ်လင်းက ရှေးဟောင်းဓားကို ကောက်ယူလိုက်ပြီးနောက် နတ်ဘုရားအာရုံဖြင့် စစ်ဆေကြည့်လိုက်ရာ ချက်ချင်း စိတ်လှုပ်ရှားမိသွား၏။ သူက အသက်ဝဝရှူ၍ ထိုဓားကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်း လိုက်သည်။

သည်ဓားက အလွန်အားကောင်း လှသည်။ သို့ရာတွင် သူက သည်ဓား၏ တည်ဆောက်ပုံသည် အတားအဆီးအလံ၏ တည်ဆောက်ပုံနှင့် ဆင်တူ နေလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားခဲ့ချေ။ ဓားပေါ်ရှိ များစွာသော အတားအဆီးများသည် သန့်စင်သော တိုက်ခိုက်မှု အတားအဆီး အစီအရင်များ ဖြစ်နေ၏။ ထို့ကြောင့် သည်ဓားက အလွန်အားကောင်း နေခြင်း ဖြစ်ပြီး ဝမ်လင်းအတွက် အသုံးတည့် လှပေသည်။

ဝမ်လင်းက ၎င်းအတားအဆီးများကို သတိပြုမိပြီးနောက် အများစုသည် သူတစ်ခါမှ မမြင်ဖူးခဲ့သော အတားအဆီးများ ဖြစ်နေ၏။ သည်အတားအဆီးများက အစုသုံးရာပါဝင်သော အုပ်စုသုံးခု ပါဝင်၏။

သည်လောက် များပြားသည့် အတားအဆီးများကို ဝမ်လင်းက အချိန်တို အတွင်း လေ့လာနိုင်မည် မဟုတ်သေးပေ။ သူက ၎င်းအတားအဆီး များကို ချက်ချင်း လေ့လာလို့စိတ် ဖြစ်မိပြီးနောက် အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူ၏ သိုလှောင်အိတ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် သူက နတ်ဘုရားအာရုံဖြင့် ကြည့်ရှုလိုက်ရာ သူ့အသွင်က တစ်ဖန် ထူးဆန်း သွားပြန်၏။

အချိန်အတန် ကြာပြီးနောက် ဝမ်လင်းက သက်ပြင်း ချလိုက်မိသည်။ “ကောင်းကင်ဘုံ နယ်မြေမှာ ရတနာများအတွက် လူများကို သတ်ဖြတ်ခြင်းက အမှန်ပင် မက်လောက်စရာ ဖြစ်နေတာပဲ…”

ထိုသိုလှောင်အိတ်ထဲ၌ ပစ္စည်းသုံးမျိုးသာရှိနေ၏။ ပထမဆုံးအရာက ကျောက်စိမ်းပြား တစ်ခု၊ ဒုတိယက အပြန်လက်မှတ်နှင့် နောက်ဆုံးတစ်ခုက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး အထုပ် ဖြစ်နေ၏။ ထိုအထုပ်ထဲ၌ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံး ရာချီရှိနေ၏။

ဝမ်လင်း လက်ရှိစွမ်းရည်နှင့် တောင်မှ သည် ရာချီထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများကြောင့် စိတ်မလှုပ်ရှားဘဲ မနေနိုင်ဖြစ်ရသည်။ သူက သည်ကျောက်တုံး များကို ကြည့်၍ မပြုံးဘဲ မနေနိုင်ဖြစ်ရ၏။

“ငါ့စွမ်းဆောင်ရည်က ခုထိ သိပ်မလုံလောက်သေးဘူးနဲ့ တူတယ်…”

အမှန်တော့ ဝမ်လင်းကို အပြစ်တင်ရန် မလိုချေ။ အကြောင်းမှာ ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများက ဟင်္သာပြဒါးဂြိုဟ်တွင် ရှားပါးလွန်းသောကြောင့် ဖြစ်၏။ တာလော့ ဓားကလန်ကျတော့ ရှေးဟောင်းကလန် တစ်ခု ဖြစ်သည့် အတွက် ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများကို စုဆောင်းမိနေခြင်း ဖြစ်၏။

ဝမ်လင်းက သို‌လှောင်အိတ်ထဲရှိ ကျောက်စိမ်းပြားကို ကြည့်ရှုပြီးနောက် အခြေအနေကို သဘောပေါက် လိုက်သည်။

တာလော့ကလန်က ကောင်းကင်ဘုံ နယ်မြေ၌ အစိတ်အပိုင်း (၃၇)ခုအား ရှာဖွေတွေ့ရှိခဲ့ပြီး အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ပြီးလည်း ဖြစ်သည်။ သူတို့က ၎င်း အစိတ်အပိုင်းများပေါ်တွင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များ လျှို့ဝှက်စွာ ထားရှိခဲ့ကြခြင်း ဖြစ်၏။

သို့ရာတွင် ကောင်းကင်ဘုံ နယ်မြေတွင် ရွှေ့ပြောင်းခြင်း အစီအရင်များ တည်ဆောက်ဖို့ရန် အတွက်က သာမန် စိတ်ဝိညာဉ် ကျောက်တုံးများဖြင့် အသက်သွင်း တည်ဆောက်လို့ မရပေ။ ထို့ကြောင့်လည်း အစိမ်းရောင် အင်္ကျီနှင့် ကျင့်ကြံသူက ထိပ်တန်း စိတ်ဝိညာဉ် ကျောက်တုံးများစွာကို ယူဆောင်လာခြင်း ဖြစ်၏။

သည်အခြင်းအရာကို သိရှိပြီးနောက် ဝမ်လင်းက တာလော့ကလန်လိုများ အင်အားကြီး ကလန်များ၏ ကျင့်ကြံသူများက ကောင်းကင်ဘုံ နယ်မြေသို့ ဝင်ရောက်ခဲ့ကြပြီး သူတို့ကိုယ်ပိုင် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်များ ချမှတ်ထားမည်ကို သဘောပေါက် လိုက်သည်။ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်လာသည့် အမှီအခို မရှိသည့် ကျင့်ကြံသူများ ကတော့ ကျချင်သည့် အစိတ်အပိုင်းပေါ်သို့ ကျရောက် သွားကြမည် ဖြစ်သည်။

ဝမ်လင်းမျက်လုံးများက တလက်လက် ဖြစ်နေပြီး သူက ကောင်းကင်ဘုံ နယ်မြေမှ အပြန်လက်မှတ်ကို ကြည့်လို့နေ၏။ သည်လက်မှတ်၏ လုပ်ဆောင်ချက်သည် သူတို့လာခဲ့သော ဂြိုဟ်ပေါ်သို့ ပြန်ရောက်ရန် ဖြစ်သည်။ ထို့ကြောင့် ဝမ်လင်းက လက်မှတ်နှစ်ခု ရှိသည့်အတွက် ဟင်္သာပြဒါး ဂြိုဟ်ကို ပြန်မလား တာလော့ကလန်ရှိရာသို့ ပြန်မလား ရွေးချယ်နိုင်ပေသည်။

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်ပြီးနောက် တာလော့ကလန်မှ ကျင့်ကြံသူ၏ အပြန်လက်မှတ်ကို သူ့လက်မှတ်နှင့် အတူမထားဘဲ တစ်သီးတစ်ခြား သိမ်းဆည်း ထားလိုက်သည်။ သူက မှားယွင်းပြီး တာလော့ကလန်မှ အပြန်လက်မှတ်ကို အသုံးပြုလိုက်လျှင် သူ့အတွက် အလွန်အန္တရာယ် များသွားပေလိမ့်မည်။

သည့်နောက် ဝမ်လင်းက ကျောက်စိမ်းပြားကို ရှေ့သို့ ပစ်လွှတ်လိုက်ပြီး နတ်ဘုရားအာရုံဖြင့် ပို့လွှတ်ကာ ကြည့်နေ၏။ ရုတ်တရက် ကျောက်စိမ်းပြားက တောက်ပလာပြီး အက်ရာနှစ်ခုနှင့် အတူ အစီအရင်တစ်ခု ဖြစ်ပေါ်လာ၏။ ထိုအစီအရင်ရှိ အက်ကြောင်းနှစ်ခုမှာ စိတ်ဝိညာဉ် ကျောက်တုံး ထည့်သွင်းရန် နေရာဖြစ်ကြောင်း ရှင်းလင်းသည်။

ဝမ်လင်းက ထိုအက်ကြောင်းနှစ်ခုထဲသို့ စိတ်ဝိညာဉ် ကျောက်တုံး နှစ်တုံးကို ထည့်သွင်း လိုက်သည်။ ကျောက်စိမ်းပြားက ပိုမို တောက်ပလာပြီး အစီအရင်ကလည်း စတင်လှုပ်ရှားလို့ လာ၏။ သည့်နောက် အစီအရင်ပေါ်တွင် မြေပုံတစ်ချပ်က တဖြည်းဖြည်း ပေါ်လာခဲ့သည်။

သည်မြေပုံက ဝမ်လင်းအတွက် အစိမ်းသပ်သပ်မဟုတ်ပေ။ သည်မြေပုံက ကောင်းကင်ဘုံ နယ်မြေသို့ ဆင်းသက် ဝင်ရောက်လာသော လူတိုင်းတွေ့မြင်ဖူးသော မှန်အကွဲစများနှင့် တူသည့် မြေပုံအတိုင်း ဖြစ်သည်။

သည်မြေပုံပေါ်တွင်တော့ အစိတ်အပိုင်း (၃၇)ခုက တောက်ပလို့နေသည်။

ဝမ်လင်းက သည်မြေပုံကို ကြည့်၍ သူခြေချခဲ့သော အစိတ်အပိုင်းကို ပြန်စဉ်းစား ကြည့်နေ၏။ သူက အခုရှိနေသော အစိတ်အပိုင်း၏ တည်နေရာကို အလျင်အမြန် ရှာတွေ့ လိုက်သည်။

သူက အစိတ်အပိုင်း တစ်ခုပေါ်သို့ လက်ညွှိုးထိုးလိုက်သည်။ ထို့နောက် မြေပုံပုံရိပ်က ပျောက်ကွယ် သွားပြီး အစီအရင်က အသက်ဝင် လာပြီးနောက် ဝမ်လင်းလည်း ပျောက်ကွယ် သွားတော့သည်။

ကောင်းကင်ဘုံနယ်မြေ၏ အဆုံးဘက်ခြမ်းရှိ အစိတ်အပိုင်းများထဲက တစ်ခုပေါ်တွင် လေများက ပြင်းထန်စွာ တိုက်ခတ်လျက် ရှိနေပြီး ကောင်းကင် ထက်တွင်လည်း အက်ကွဲကြောင်းကြီး တစ်ခု ပေါ်လာခဲ့သည်။ အေးစက်စက် လေများက ထိုအက်ကွဲကြောင်းထဲမှ ထွက်ပေါ်လာပြီး အစိတ်အပိုင်း ပေါ်၌ တိုက်ခတ်နေခြင်း ဖြစ်သည်။ သည်အစိတ်အပိုင်း တစ်ခုလုံးက အက်ကွဲကြောင်းကြီး၏ စွမ်းအားနှင့် ပိတ်ဆို့ထားခြင်း ခံရသလို ဖြစ်နေ၏။

သည်နေရာတွင် မည်သည့်တောင်မှ မရှိဘဲ စွန့်ပစ်နေရာ တစ်ခုအလား တည်ရှိနေသည်။ သည်နေရာသည် မူလတုန်းက တောင်များ၊ မြစ်များ ရှိခဲ့ဖူး၏။ သို့သော် ကောင်းကင်ဘုံ နယ်မြေ ပျက်စီးသွားပြီးနောက် ကောင်းကင်ဘုံ ရတနာများထဲက တစ်ခုက သည်နေရာပေါ်သို့ ကျရောက်ပြီး အက်ကွဲကြောင်းကြီးကို ဖြစ်ပေါ်စေခဲ့၏။

သည်ရတနာက အက်ကွဲကြောင်းကို ဖြစ်ပေါ်စေပြီးနောက် ပြင်းထန် အေးစက်နေသည့် လေများက ခုနေရာ အစိတ်အပိုင်း တစ်ခုလုံးအား ဖြတ်သန်း တိုက်ခတ်နေခြင်း ဖြစ်သည်။

ထိုအခိုက်တွင် လေပြင်း၏အလယ်၌ အစီအရင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သည်အစီအရင်၏ အလင်းတိုင်လုံးများက လေတိုက်ခတ်မှုကို ပိတ်ဆို့ထားသည်။ သို့သော် ထိုအလင်းတိုင်လုံးက ပြင်းထန်စွာ တုန်ခါလျက်ရှိ၏။ ၎င်းက အချိန်မရွေး ကျိုးပျက် သွားနိုင်သလို ဖြစ်နေသည်။

ဝမ်လင်းက ထိုအစီအရင်ထဲမှ ထွက်ပေါ်လာခဲ့၏။ သူက ပတ်ဝန်းကျင်ကို ဝှေ့ဝိုက် ကြည့်ပြီးနောက် မျက်မှောင်ကြုတ် မိသွားသည်။ သည်အစိတ်အပိုင်းက သူပထမတုန်းက ခြေချခဲ့သော အစိတ်အပိုင်းနှင့် လုံးဝခြားနားလို့ နေသည်။ အစိတ်အပိုင်းနှစ်ခုကို နှိုင်းယှဉ် ကြည့်မည်ဆိုလျှင် သည်တစ်ခုက လုံးဝပျက်စီးနေတာ ဖြစ်၏။

သည့်အတွက်ကြောင့် လော့ဂျစ်အရဆိုလျှင် တာလော့ကလန်က သည်လိုနေရာတွင် အစီအရင်တစ်ခုကို ထားရှိရန် မသင့်တော်ပေ။ ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်၏။ သူက အလင်းတိုင်လုံးက ပြင်းထန်စွာ တုန်ခါနေသည်ကို တွေ့လိုက်ရသဖြင့် အစီအရင်ထဲမှ လျင်မြန်စွာ ထွက်လိုက်၏။

သူက တိုင်လုံး အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် လေများက သူ့ခန္ဓာကိုယ်အား ဓားနှင့်မွှန်းသလို လာရောက် တိုက်ခတ်သည်ကို ခံစားလိုက်ရ၏။ သူက အစီအရင်ထဲမှ ထွက်လာပြီးသည်နှင့် ထိုအစီအရင်က လျင်မြန်စွာ ပြန်ပျောက်ကွယ် သွားသည်။

ခု သည်နေရာတွင် လေတိုက်သံ တစ်ခုသာ ကြီးစိုးလို့နေ၏။ ဝမ်လင်းက အောက်သို့ ပိုမိုဆင်းသာ လာလေလေ အသံက ပိုကျယ်လောင် လာလေ ဖြစ်နေသည်။

သူက သဲပြင်ပေါ်တွင် ခြေချမိသည့် အခိုက်တွင် ရုတ်တရက် သတိထားလိုက်၏။ ထို့နောက်သူက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ လေတဝေါဝေါ တိုက်ခတ်သံကြားထဲမှ အမည်းရောင်ပုံရိပ်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရ၏။

ဝမ်လင်းက သည်ပုံရိပ်များကို ကြည့်၍ တုန်လှုပ်မိသည်။ သို့သော် သူ့နတ်ဘုရား အာရံကတော့ မည်သည့်အရာကိုမျှ ခံစားမိခြင်း မရှိ ဖြစ်နေ၏။ ထို့နောက် ဝမ်လင်းက သိုလှောင်အိတ်ထဲမှ အတားအဆီးအလံကို ထုတ်ယူလိုက်သည်။

ထိုအခိုက်တွင် အမည်းရောင်အရိပ်များက ပို၍ ရှင်းလင်းလာ၏။ သည်ပုံရိပ်များက အလွန်တရာ လှပသည့် အမျိုးသမီးများ ဖြစ်နေပေသည်။

သည်အမျိုးသမီးများက သက်တံရောင်စုံ ရှိသည့်လှပေသာ ဝတ်စုံများကို ဝတ်ဆင် ထားကြပြီး သူ့တို့နောက်တွင်တော့ သည်နယ်မြေ၏ သစ်သီးများနှင့် ဝိုင်များကို ထည့်ထားသည့် ဗန်းများကို ကိုင်ထားသော ကောင်လေးအုပ်စု တစ်စု ရှိလို့နေသည်။

သည်လူများက ရယ်မော ပြောဆိုရင်း ဝမ်လင်းထံသို့ လှမ်းလာကြသည်။

ဝမ်လင်းက မျက်မှောင် ပိုကြုတ်မိသွားသည်။ သူက သည်လူများသည် စကားပြောဆို နေကြသည်ကို တွေ့နေရသော်လည်း သူတို့ထံမှ မည်သည့်အသံမှ မကြားရ ဖြစ်နေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးသည် လေတဝေါဝေါ တိုက်ခတ်သံက လွဲ၍ တခြားအသံများမရှိချေ။

တဖြည်းဖြည်းဖြင့် သည်လူများက ဝမ်လင်းထံသို နီးသထက် နီးကပ်လာကြ၏။ ထို့နောက် ဝမ်လင်းက သည်အမည်းရောင်ပုံရိပ်များသည် သူတို့အထက်တွင် ဖြစ်ပေါ်နေသည်ကို သတိပြုမိ လိုက်သည်။ သည်ပုံရိပ်များက တိမ်များပေါ်တွင် ပျံဝဲနေသည့် လူငယ်များ ဖြစ်ကြ၏။ သူတို့က အမျိုးသမီးများကို စောင့်ကြပ်ပေးနေသည်နှင့် ဆင်တူ၏။

ဝမ်လင်းက အသက်ဝဝရှူ၍ အတားအဆီးအလံကို သိမ်းဆည်းလိုက်သည်။ အခု သည်လူများက သူ့ရှေ့တွင် ရောက်နေပြီ ဖြစ်၏။ သူက ထိုလူများကို ရှောင်ရှားပေးခြင်း မပြုဘဲ သူတို့ကို သူ့အား ကျော်ဖြတ်၍ လျှောက်လှမ်း ခိုင်းလိုက်သည်။

ကောင်လေး တစ်ယောက်က သူ့အား တန်းတန်းမတ်မတ် ဖြတ်ကျော်သွား၏။

ဝမ်လင်းက မချိပြုံး ပြုံးမိလိုက်သည်။ သူက သည်လူများသည် အစစ်အမှန် မဟုတ်ကြောင်း သတိပြုမိခဲ့၏။ သူတို့က ပုံရိပ်ယောင်များသာ ဖြစ်ကြသည်။

သူက ကောင်းကင်ဘုံ နယ်မြေ မပျက်စီးခင်တုန်းက သည်နေရာ အစိတ်အပိုင်းသည် ထူးဆန်းသည့် စွမ်းအားတစ်ခုက ပုံရိပ်ယောင်များကို ဖြစ်စေခဲ့လိမ့်မည်ဟု ခန့်မှန်းလိုက်၏။

ဝမ်လင်းက သည်လူများကို ကြည့်၍ ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သည်လူများက တစ်ချိန်တုန်းက အရေးကြီးမည့်သူများ ဖြစ်ကြသော်လည်း ခုတော့ အရာအားလုံးက လေနှင့်အတူ လွင့်ပျောက် သွားခဲ့ရပေပြီ။ ပုံရိပ်ယောင် တစ်ခုသာ ကျန်ရစ်ခဲ့တော့၏။

ကောင်းကင်ဘုံနယ်မြေက ခုလိုထိ ပျက်စီးသွားအောင် မည်သည့်အရာများ ဖြစ်ပွား ခဲ့ရသနည်း။

သည်မေးခွန်းက ဝမ်လင်းစိတ်ထဲ၌ ပဲ့တင်ထပ်နေ၏။ သူက အနည်းငယ် စဉ်းစားပြီးနောက် ထွက်ခွာသွားသော ပုံရိပ်ယောင်များ နောက်သို့ လိုက်သွားသည်။

သည်လူများက ပို၍ဝေးဝေးသို့ ရောက်သွားပြီးနောက် တစ်နေရာတွင် ရပ်တန့်လိုက်၏။ ဝမ်လင်းက အကွာအဝေးတစ်ခုမှ လှမ်းကြည့်လိုက်ရာ မြင်ကွင်း ပြောင်းလဲမှု တစ်ခုအား သတိပြုမိ လိုက်၏။ အဆောက်အဦ တစ်ခုသည် ရုတ်ပရပ်ပေါ်လာခဲ့သည်။ သည်အဆောက်အဦ ထဲတွင်လည်း သစ်သီးများနှင့် ဝိုင်များစွာ တည်ခင်းထားသည့် စားပွဲများစွာ ရှိနေ၏။

ထိုစားပွဲများတွင် လူအချို့ထိုင်နေပြီး တစ်ယောက်နှင့် တစ်ယောက် စကားပြောဆို နေကြသည်။ သူတို့က နည်းစနစ် လက်ဟန်များဖြင့် ပြောဆိုနေကြ၏။ သူတို့က တစ်စုံတစ်ခု အကြောင်း ဆွေးနွေး ငြင်းခုံနေသည့်ဟန်ပင်။

ဝမ်လင်းက သည်မြင်ကွင်းကို အာရုံစိုက်၍ ကြည့်နေ၏။ အထူးသဖြင့် သူတို့ထုတ်ဖော် ပြသနေသည့် နည်းစနစ်များကိုပင်။ သူက အသက်ဝဝ ရှူသွင်းလိုက်၏။ သည်လူများက မည့်သည် ဂါထာမန္တာန်၊ သို့မဟုတ် ချိပ်ပိတ်မှုများကိုမှ သုံးစွဲခြင်း မရှိပေ။ သူတို့က ရိုးရှင်းစွာ လက်ဝှေ့ယမ်းရင်း နည်းစနစ်များကို အသုံးပြုနေခြင်း ဖြစ်သည်။

လူတစ်ယောက်က မတ်တတ် ထရပ်လိုက်ပြီးနောက် အခြားတစ်ယောက်ကို ဒေါသတကြီး အော်လိုက်၏။ ထို့နောက်သူက လက်ဆန့်ထုတ် လိုက်ပြီးနောက် ဧရာမ ခရမ်းရောင်မ အလင်းလုံးကို ဖန်တီး လိုက်သည်။ သူက လက်ညွှန်လိုက်ရာ သည်အလင်းလုံးက ကောင်းကင်ထက်မှ ဖြည်းညင်းစွာ ကျဆင်းလာ၏။

ဝမ်လင်းက မျက်မှောင်ကြုတ်၍ သည်အလင်းလုံးကို ကြည့်သည်။ သို့သော် တစ်ချိန်တည်းမှာပင် ကောင်းကင်က နက်မှောင်လာ၏။ အမည်းရောင် အလင်းများက လက်သီး အရွယ်အစားသို့ စုဝေးသွားပြီး ခရမ်းရောင် အလင်းလုံး ပေါ်သို့ ကျရောက်လာသည်။

အလင်းလုံးက ရုတ်တရက် အက်ကွဲလို့ သွားပြီးနောက် လက်သီးစုပ်ခန့် အလင်းကည်း အောက်သို့ ကျရောက်သွား၏။

ဘေးနားရှိလူများ၏ အသွင်က ပြောင်းလဲ သွားသည်။ သူတို့နှစ်ယောက်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး အခြေအနေကို စစ်ဆေးရန် ထလိုက်၏။ သို့သော် အလင်းလုံး လက်သီးစုပ်က အောက်သို့ ကျဆင်းသွားခဲ့ပြီး ဖြစ်သည်။

သည်လက်သီးအရွယ် အလင်းလုံးက အဆောက်အဦထဲရှိ လူတိုင်း၏ ခန္ဓာကိုယ်အား ချေဖျက်လို့ သွားခဲ့သည်။ အပြင်သို့ ထွက်ရန် ပြင်နေသည့် လူနှစ်ယောက်ကသာ သက်တံရောင် အလင်းတန်းများကို ထုတ်ဖော်၍ သူတို့ကို သူတို့ ကာကွယ်နိုင်လိုက်သည်။

သူတို့နှစ်ယောက်၏ အမူအရာက အကြီးအကျယ် ပြောင်းလဲသွားသည်။ ထိုအခိုက်တွင် အပြာရောင် ဓားချီတစ်ခုက ကောင်းကို ဖြတ်၍ ပျံသန်းလာခဲ့ပြီး ဧရာမအက်ကွဲကြောင်း တစ်ခုကို ဖြစ်စေခဲ့၏။ အေးစက်သော လေလှိုင်းများက ၎င်းအက်ကွဲကြောင်းထဲမှ တိုက်ခတ် ထွက်ပေါ်လာခဲ့သည်။

သိပ်မကြာခင်မှာပင် ဧရာမ လက်တစ်ဖက်က ကောင်းကင်ထက်တွင် ပေါ်လာခဲ့ပြီးနောက် ထိုအပြာရောင်ဓားချီကို ညင်သာစွာ ဖိနှပ်လာသည်။ ထိုအခါ ဓားချီ ထွက်ပေါ်စေခဲ့သည့် ဓားက တစစီ ဖြစ်သွားပြီး အက်ကွဲကြောင်းထဲ၌ ပျောက်ကွယ်သွား၏။ သို့သော် ဓားရိုးကတော့ ပျက်စီးသွားခြင်း မရှိဘဲ ကောင်းကင်ကို ဖြတ်၍ ပျံသန်းသွားလေ၏။

***

All Chapters