အခန်း ၅၁
Vol. 6 Ch. 51
အပိုင်း ၅၁
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
"အားးး"
"အားးး"
"ဆိုလွန်... နင့်ကို ငါ အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်မယ်။"
"နင့်အစ်မကို ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်မယ်။"
"နင့်မိသားစုတစ်စုလုံးကို မျိုးဖြုတ်ပစ်မယ်။"
လျှို့ဝှက်ခန်းအတွင်း၌ မင်းသမီးကျိနင်သည် လုံးဝတခြားလူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူမ၏ ကျက်သရေရှိမှုနှင့် မြင့်မြတ်မှုတို့အားလုံး ပျောက်ကွယ်သွားလေပြီ။
ပြင်းထန်သည့် ဒေါသကြောင့် သူမ၏ မျက်လုံးများ ပြူးကျယ်နေပြီး အသံမှာလည်း အလွန်တရာ စူးရှနေ၏။
သို့သော်လည်း စက္ကန့်သုံးဆယ်ပင် မပြည့်မီ ဒေါသဖြေအပြီး၌ သူမ ချက်ချင်း ပြန်လည်တည်ငြိမ်သွားသည်။
ဒေါသတကြီး လှိုင်းထန်နေမှုမှသည် မှန်တစ်ချပ်ကဲ့သို့ ငြိမ်သက်သွားသည့် ရေကန်တစ်ခုအလား ပြောင်းလဲရန် အချိန်ခဏသာ ယူလိုက်ရ၏။
ထို့နောက် မှန်ရှေ့၌ မတ်တပ်ရပ်လိုက်ပြီး သူမ၏ မိတ်ကပ် ၊ အနည်းငယ် ရှုပ်ပွနေသည့် ကော်လာနှင့် လှပသော ဆံပင်တို့ကို ဂရုတစိုက် ပြင်ဆင်လိုက်သည်။
ထို့နောကအ သူမ၏ လှပသည့် မျက်နှာကို ညင်သာစွာ ပုတ်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးကာ လျှို့ဝှက်ခန်းထဲမှ ကျက်သရေရှိစွာ ထွက်ခွာသွား၏။
**--**--**--**--**--**--**--**
ကျိနင် ထွက်လာသည့်အခါ ရွှေဆိုင်မန်နေဂျာနှင့် လောင်းကစားရုံပိုင်ရှင်တို့ကို ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်နှာပေါ်၌ ရှားပါးလှသည့် ဆွဲဆောင်မှုရှိသော အပြုံးတစ်ခု ပေါ်လာ၏။
ကျိနင်က ပြုံးလိုက်သည်။ "ဆိုလွန်က သူ့စာထဲမှာ ဘာရေးထားလဲ နင်တို့ သိလား။"
ရွှေဆိုင်မန်နေဂျာက အောက်ငုံ့ကြည့်ကာ ရိုသေစွာ ပြောလိုက်သည်။ "အဲဒါက အသိဉာဏ်ကင်းမဲ့ပြီး မိုက်မဲတဲ့ စကားတွေလောက်ပဲ ဖြစ်မှာပါ။"
ကျိနင်က ခေါင်းရမ်းလိုက်သည်။ "မဟုတ်ဘူး။ သူက နင်တို့ကို သတ်ပစ်ဖို့ ငါ့ကို အမိန့်ပေးထားတယ်။ တကယ့် ရယ်စရာပဲ။ နင်တို့နှစ်ယောက်က ငါ့ရဲ့ လူယုံတွေတင် မကဘူး ၊ မင်းသားကျိလီရဲ့ လူယုံတွေလည်း ဖြစ်တယ်။ ငါတို့က နင်တို့ကို အများကြီး အားကိုးရတာလေ။ တကယ်လို့ ငါက နင်တို့ကို သတ်လိုက်မယ်ဆိုရင် ကိုယ့်လက်ကိုယ့်ခြေကို ပြန်ဖြတ်ပစ်လိုက်သလို ဖြစ်မနေဘူးလား။"
ရွှေဆိုင်မန်နေဂျာက အမြန် ပြောလိုက်သည်။ "မဟုတ်ပါဘူး ၊ မဟုတ်ပါဘူး။ အဲဒီ အလေအလွင့်ကောင်ကို ပညာပေးဖို့ ကျွန်တော်မျိုးတို့ ကိုယ်ပိုင်နည်းလမ်းတွေကို သုံးပါ့မယ်။ သူ့ကို သင်းကွပ်ပစ်ရမလား ၊ ဒါမှမဟုတ်... သူ့အစ်မကို တစ်ခုခုများ လုပ်လိုက်ရမလား။"
ကျိနင်က သူမ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။ "နင်တို့ သင့်တော်သလိုသာ စီစဉ်လိုက်ပါ။ ကဲ... ငါ ပင်ပန်းနေပြီ။ နင်တို့ သွားလို့ရပြီ။"
သူတို့နှစ်ယောက်က အရိုအသေပေးလိုက်ကြသည်။ "ဟုတ်ကဲ့ပါ။" ထို့နောက် ကျိနင်၏ အမြင်အာရုံထဲမှ လုံးဝပျောက်ကွယ်သွားသည်အထိ နောက်လှည့်ရန်ပင် မရဲဘဲ နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာသွားကြ၏။
ထိုစဉ် ကျိနင်က သူမဘေးရှိ မိန်းမစိုးကို လှမ်းကြည့်လိုက်ပြီး ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသည့် လက်ဖြင့် သူမ၏ လည်ပင်းကို ဖြတ်ဟန် ဖြည်းညင်းစွာ လုပ်ပြလိုက်သည်။
ထိုအခါ မိန်းမစိုးက ခေါင်းညိတ်လိုက်ပြီး ထိုလူနှစ်ယောက်နောက်သို့ တိတ်ဆိတ်စွာ လိုက်သွား၏။
"ရွှီးးး"
နူးညံ့သည့် အဖြူရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။
ချက်ချင်းပင် ခေါင်းနှစ်လုံး ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွား၏။ တော်ဝင်မြို့တော်၏ မြေအောက်ဘုရင်များဟု ခေါ်ဆိုကြသည့် ရွှေဆိုင်မန်နေဂျာနှင့် လောင်းကစားရုံပိုင်ရှင်တို့သည် သေဆုံးသွားချိန်၌ပင် သူတို့၏ ရိုသေလေးစားသော မျက်နှာအမူအရာများကို ထိန်းသိမ်းထားကြဆဲ ဖြစ်သည်။
အရာအားလုံးက လျင်မြန်လွန်းလှသဖြင့် ခေါင်းဖြတ်မခံရမီ ကြောက်ရွံ့မှုကို ပြသရန်ပင် အချိန်မရလိုက်ကြချေ။
ကျိနင် တကယ်ပဲ သူတို့ကို သတ်လိမ့်မည်ဟု လုံးဝမယုံဘဲ သေဆုံးသွားကြခြင်း ဖြစ်၏။
မည်သို့ပင်ဖြစ်စေကာမူ သူတို့မှာ အလွန်တရာ အသုံးဝင်ပြီး မရှိမဖြစ် လိုအပ်သူများ ဖြစ်ကြသည်။ တစ်ယောက်က ဓနဥစ္စာများကို ထိန်းချုပ်ထားပြီး အခြားတစ်ယောက်က မြေအောက်အင်အားစုများကို ထိန်းချုပ်ထားသည် မဟုတ်ပါလော။
မိန်းမစိုး၏ တိုက်ခိုက်မှုသည် လက်နက်ဆွဲထုတ်ခြင်းမှ သတ်ဖြတ်ခြင်းနှင့် သူ၏ အင်္ကျီလက်စွပ်အတွင်း ပြန်လည်ဝှက်ထားခြင်းအထိ စက္ကန့်ဝက်ပင် အချိန်မယူလိုက်ရချေ။
ထို့နောက် ချက်ချင်းပင် တစ္ဆေဆန်သည့် အခြားမိန်းမစိုးနှစ်ဦး လျင်မြန်စွာ ပေါ်လာ၏။ သူတို့က လိမ့်ကျနေသည့် ခေါင်းများကို ဖမ်းယူလိုက်ပြီး အလောင်းများကို သဲလွန်စမကျန်အောင် ဆွဲထုတ်သွားကြသည်။
အလောင်းများကို အလဟဿ ဖြစ်စေမည် မဟုတ်ချေ။ သူတို့၏ သွေးများနှင့် ဟင်္သာပြဒါးတို့ကို ရွှေလက်မှတ်များအတွက် အတုအပကာကွယ်ရေး အမှတ်အသားများ ပြုလုပ်ရာ၌ အသုံးပြုမည်ဖြစ်ပြီး အသားနှင့် အရိုးများကိုမူ မြေဩဇာအဖြစ် ကြိတ်ချေပစ်မည် ဖြစ်၏။
ကျိနင်က အေးစက်စွာ အမိန့်ပေးလိုက်သည်။ "သူတို့ မိသားစုတစ်စုလုံးကို သွားသတ်လိုက်။"
မိန်းမစိုးက အရိုအသေပေးလိုက်သည်။ "ဟုတ်ကဲ့ပါ။" ထို့နောက် တစ္ဆေတစ်ကောင်ကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွား၏။
**--**--**--**--**--**--**--**
ကျိနင်က တည်ငြိမ်စွာ ခိုင်းစေလိုက်သည်။ "ငါ့ကို အဝတ်အစားလဲပေးကြ။ ဘုရင်မင်းမြတ်ကို တွေ့ဖို့ နန်းတော်ကို သွားရမယ်။ ဒီပြဇာတ်က အခု အဆုံးသတ်သင့်ပြီ။"
အစေခံမိန်းကလေးအချို့က အသံမထွက်ရဲဘဲ တိတ်ဆိတ်စွာ ချဉ်းကပ်လာကြသည်။
ညင်သာစွာ ခါယမ်းလိုက်မှုနှင့်အတူ ကျိနင်၏ ပင့်ကူအိမ်ကဲ့သို့ ပါးလွှာသည့် ဝတ်ရုံမှာ ကြမ်းပြင်ပေါ်သို့ ကျလာပြီး သူမ၏ အပြစ်အနာအဆာကင်းကာ လှပလှသော ခန္ဓာကိုယ်လေး ပေါ်လွင်လာ၏။
ထို့နောက် လှပပြီး သွေးဆာနေသည့် သစ်တောနတ်သမီးလေးတစ်ပါးကဲ့သို့ သူမ၏ အဝတ်လဲခန်းထဲသို့ ကျက်သရေရှိစွာ လျှောက်သွားလိုက်သည်။
**--**--**--**--**--**--**--**
မြို့စားကြီးအိမ်တော်အတွင်း၌မူ ကျိထင်က သက်ပြင်းချလိုက်သည်။ "ဟူး... မင်း ပြင်ဆင်ထားသင့်တယ်။ မင်းတို့ ဆိုမိသားစုရဲ့ ထျန်းရွှေမြို့ နယ်မြေက သေချာပေါက် ဆုံးရှုံးသွားပြီ။ နိုင်ငံတစ်နိုင်ငံရဲ့ မဟာဗျူဟာအသစ်က အမြဲတမ်း စတေးမှုတွေ လိုအပ်တယ်။ မင်းမိသားစု ကံမကောင်းတာပါပဲ။ မင်းတို့ရဲ့ နယ်မြေက လူရိုင်းချောက်ကမ်းပါးရဲ့ မြောက်ဘက်ခြမ်းမှာ ရှိနေပြီး နိုင်ငံတော်ရဲ့ တောင်ဘက်နယ်မြေချဲ့ထွင်မှုကို ပိတ်ဆို့နေတာလေ။"
လန်လင်းမှာ ဝမ်းနည်းမှုနှင့် နာကြည်းမှုတို့ဖြင့် ပြည့်နှက်နေ၏။ သူက လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ သူ၏ မိသားစုက အဘယ်ကြောင့် အမြောက်စာ ဖြစ်ရမည်နည်း။ သို့သော် သူ တိတ်ဆိတ်နေလိုက်၏။
ကျိထင်က ဆက်ပြောသည်။ "ငါ လက်ခံထားတဲ့ လာဘ်ငွေတွေကို ဘယ်တော့မှ ပြန်မပေးဘူး။ ဒါပေမဲ့ မင်းက ငါ့ကို တစ်ခါ အလုပ်အကျွေးပြုခဲ့ဖူးတော့... မင်းရဲ့ နယ်မြေနဲ့ ဘွဲ့ရာထူး ဆုံးရှုံးသွားရင်တောင် မင်းမိသားစုရဲ့ အသက်တွေကို ငါ ကတိပေးမယ်။ အဲဒီလောက်အထိတော့ ငါ လုပ်ပေးနိုင်တယ်။"
လန်လင်း နက်ရှိုင်းစွာ ဦးညွတ်လိုက်သည်။ "ကျေးဇူးတင်ပါတယ် မြို့စားကြီး။"
ကျိထင်က လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်သည်။ "ကဲ... ပြန်သွားပြီး ဘုရင်မင်းမြတ်ရဲ့ အမိန့်စာကို စောင့်နေလိုက်။ နှစ်ရက် သုံးရက်အတွင်း ရောက်လာလိမ့်မယ်။"
လန်လင်း မြို့စားကြီးအိမ်တော်မှ ထွက်လာ၏။
**--**--**--**--**--**--**--**
နောက်တစ်နေ့၌ လန်လင်း တော်ဝင်အကယ်ဒမီ၌ အနုပညာအတန်းကို တက်ရောက်နေသည်။
ရုတ်တရက် ခေါင်းလောင်းကြီးများ မြည်ဟည်းလာ၏။ ထိုအသံမှာ ဘုရင်မင်းမြတ် သို့မဟုတ် တော်ဝင်အမိန့်စာ ရောက်ရှိလာကြောင်း အဓိပ္ပာယ်ရသည့် ခမ်းနားလေးနက်သော ဆယ့်နှစ်ချက်မြည်သံပင်။
ဤသည်မှာ ကျောင်းသားများအားလုံး အကယ်ဒမီရင်ပြင်၌ စုဝေးကာ ဘုရင်မင်းမြတ်၏ အမိန့်များကို နားထောင်ရမည်ဟု ဆိုလိုခြင်း ဖြစ်၏။
လန်လင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ "ဟူး... နောက်ဆုံးတော့ ရောက်လာပြီပဲ။" ထို့နောက် တခြား အထက်တန်းလွှာကျောင်းသားများနှင့်အတူ ရင်ပြင်ဆီသို့ လိုက်သွားလိုက်သည်။
ဆယ့်ငါးမိနစ်ခန့်အကြာ၌ ရင်ပြင်တစ်ခုလုံး၌ လူသောင်းချီ၍ သပ်ရပ်သည့် အတန်းများဖြင့် ရပ်နေကြ၏။
ကွဲပြားမှုက ရှင်းလင်းလှသည်။ အထက်တန်းလွှာကျောင်းသားများက အပေါ်ဘက်၌ ရပ်နေကြပြီး အရပ်သားကျောင်းသားများကမူ အောက်ဘက်၌ ရပ်နေကြ၏။
မိန်းမစိုးတစ်ဦးက ကျယ်လောင်စွာ ကြေညာလိုက်သည်။ "ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အတိုင်း ဒူးထောက်ကြ။"
ကျောင်းသားအားလုံး တညီတညွတ်တည်း ဒူးထောက်လိုက်ကြသည်။
ထို့နောက် မိန်းမစိုး၏ စူးရှသည့်အသံက ရင်ပြင်တစ်ခွင် ပဲ့တင်ထပ်သွား၏။ ထူးဆန်းသည်မှာ သူက ကျယ်လောင်စွာ မပြောသော်ငြား ထိုအသံက လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ထိုးဖောက်ဝင်ရောက်သွားခြင်းပင်။ ဤသည်က သူသည် တော်ဝင်ကိုယ်ရံတော်တပ်ဖွဲ့၏ သိုင်းပညာရှင်တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။
"ငါတို့ရဲ့ နုလန်ဘုရင့်နိုင်ငံကို တော်ဝင်မိသားစုနဲ့ အထက်တန်းလွှာတွေက နိုင်ငံကို ခွဲဝေအုပ်ချုပ်ပြီး စစ်ရေးအင်အားနဲ့ တည်ဆောက်ခဲ့တာ ဖြစ်တယ်။ တည်ထောင်ကတည်းက အထက်တန်းလွှာတွေဟာ နိုင်ငံတော်ရဲ့ ကျောရိုးဖြစ်ခဲ့တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ အထက်တန်းလွှာတွေရဲ့ သားမြေးတွေက ပေါ့ဆလာကြပြီး ပျော်ရွှင်မှုတွေမှာပဲ နစ်မွန်းနေကြတယ်။ နယ်ဘက်အုပ်ချုပ်ရေးပဲဖြစ်ဖြစ် ၊ သိုင်းပညာပဲဖြစ်ဖြစ် ခေတ်အဆက်ဆက်မှာ ပိုဆိုးလာနေတယ်။ ဒီအချက်က ငါကိုယ်တော်ကို အရမ်းနာကျင်စေတယ်။ ဒီအတိုင်းသာ ဆက်သွားနေရင် နိုင်ငံတော် ပျက်စီးသွားလိမ့်မယ်။"
ဤသည်မှာ ပြင်းထန်သည့် ဆူပူကြိမ်းမောင်းမှုပင် ဖြစ်၏။ အထက်တန်းလွှာကျောင်းသားများသည် ပညာရေးနှင့် သိုင်းပညာနှစ်ရပ်လုံး၌ အရပ်သားများထက် များစွာနောက်ကျနေသည်မှာ မှန်ကန်သည်။
သို့သော် ဤသည်မှာ တော်ဝင်မိသားစု၏ အစီအစဉ်တစ်စိတ်တစ်ပိုင်း လုံးလုံးလျားလျား ဖြစ်၏။ သူတို့၏ မဟာဗျူဟာမှာ လက်ရှိမျိုးရိုးလိုက် အထက်တန်းလွှာများကို အုပ်ချုပ်သူလူတန်းစားအသစ်အဖြစ် အစားထိုးရန်အတွက် ထူးချွန်သည့် အရပ်သားအမြောက်အမြားကို ပြုစုပျိုးထောင်ရန် ဖြစ်သည်။
မိန်းမစိုးက စကားရပ်လိုက်ပြီး သူ၏ အေးစက်သည့် အကြည့်များဖြင့် ဒူးထောက်နေသော အထက်တန်းလွှာများကို ဝေ့ကြည့်လိုက်၏။ သူ၏ အကြည့်က ဘုရင်မင်းမြတ်၏ အမျက်ဒေါသကို ကိုယ်စားပြုနေပြီး ချက်ချင်းပင် အထက်တန်းလွှာကျောင်းသားအားလုံး ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။
"ဒါကြောင့်မို့ ဘိုးဘွားတွေရဲ့ ဥပဒေကို ပြန်လည်ကျင့်သုံးဖို့ ငါကိုယ်တော် ဆုံးဖြတ်လိုက်တယ်။ ဒီနေ့ကစပြီး ဘွဲ့ရာထူးကို ဆက်ခံချင်သူတိုင်း တော်ဝင်မိသားစုဆီကနေ အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရယူရမယ်။ မဟုတ်ရင် သူတို့တွေက ဘွဲ့ရာထူး ဒါမှမဟုတ် နယ်မြေကို ဆက်ခံခွင့် ရမှာ မဟုတ်ဘူး။ ဒါပဲ။"
အမိန့်စာ အဆုံးသတ်သွားသည်နှင့် အထက်တန်းလွှာကျောင်းသားများက မျှော်လင့်ချက်မဲ့စွာဖြင့် ညည်းတွားအော်ဟစ်လိုက်ကြ၏။
လန်လင်း၏ နှလုံးသားထဲ၌လည်း ရုတ်တရက် အေးစက်သွားသလို ခံစားလိုက်ရသည်။ သူ၏ မျှော်လင့်ချက်များလည်း ထိုးကျသွား၏။
ခက်ထန်သည့် အမိန့်စာတစ်ခု ထွက်လာမည်ဟု သူ မျှော်လင့်ထားသော်ငြား ဤသည်မှာ သူ စိတ်ကူးထားသည်ထက် များစွာပိုဆိုးနေသည်။
ယခင်က ကျောင်းသားတစ်ဦးသည် သူတို့၏ ဘွဲ့ရာထူးကို ဆက်ခံရန် ဘွဲ့ယူစာမေးပွဲကို အောင်မြင်ရန်သာ လိုအပ်၏။ ဆိုလိုသည်မှာ ပျမ်းမျှရမှတ် ၆၀ ရရှိရန်သာ ဖြစ်သည်။
သို့သော် ယခုအခါ သူတို့က အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို လိုအပ်နေပြီ ဖြစ်၏။ ထိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဤသည်က ဘွဲ့ယူစာမေးပွဲ၌ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ရန် လိုအပ်ပြီး ဘာသာရပ်တိုင်း၌ ပျမ်းမျှရမှတ် ၈၀ သို့မဟုတ် ၉၀ ရရှိရန် လိုအပ်သည်ဟု အဓိပ္ပာယ်ရသည်။
လန်လင်း တစ်ယောက် စာသင်နေသည်မှာ ငါးလပင် မပြည့်သေးချေ။ သူ့အတွက်မူ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ရန် နေနေသာသာ စာပေနှင့် သိုင်းပညာ ဘာသာရပ်နှစ်ခုလုံးကို အောင်မြင်ခြင်းကပင်လျှင် မယုံနိုင်စရာ အောင်မြင်မှုတစ်ခု ဖြစ်နေပြီ ဖြစ်၏။
ယခုနှစ်၌ စာမေးပွဲဖြေဆိုမည့် အထက်တန်းလွှာကျောင်းသား နှစ်ရာကျော် ရှိသည်။ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ရန် သူက လူတိုင်းနီးပါးကို အနိုင်ယူရမည် ဖြစ်၏။
ယခင်က ဆိုလွန်သည် အဆင့်သတ်မှတ်ချက်များ၌ အမြဲတမ်း နောက်ဆုံး၌သာ ရှိခဲ့သည်။ ယခု ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ရန် ဆိုသည်မှာ ကောင်းကင်ဘုံသို့ တက်ရသည်ထက်ပင် ခက်ခဲပေလိမ့်မည်။
အထူးသဖြင့် မြားပစ်ရာ၌ ဖြစ်၏။ ယခင်က ကျင်း ၁၈၀ ဆွဲအားရှိသည့် လေးကိုဆွဲကာ မီတာအနည်းငယ်အကွာမှ ပစ်မှတ် ၆၀ ရာခိုင်နှုန်းကို ထိမှန်လျှင် အောင်မြင်ရန် လုံလောက်သည်။ ယခုမူ သူတို့က ကျင်း ၂၅၀ ရှိသော လေးကိုဆွဲကာ မီတာ ၁၀၀ ကျော်အကွာမှ ပစ်မှတ် ၈၀ ရာခိုင်နှုန်းကို ထိမှန်ရန် လိုအပ်နေပြီ ဖြစ်၏။
သုံးလသာ အချိန်ကျန်တော့ရာ ဤသည်မှာ တကယ်ကို မဖြစ်နိုင်သည့် အလုပ်တစ်ခုပင်။
ယခင် ကျိထင်နှင့် ကျိလီတို့ကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခ၌ ဘုရင်မင်းမြတ်က တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။
သို့သော် ကျိနင် နန်းတော်တွင်းသို့ဝင်ကာ တွေ့ဆုံပြီးနောက် နောက်တစ်နေ့၌ ဤခက်ထန်လှသည့် အမိန့်စာ ထွက်ပေါ်လာ၏။ သူမက ဘုရင်မင်းမြတ်ကို မည်သည်တို့များ ပြောခဲ့သည်နည်း။ သူမက ဘုရင့်အပေါ် ထိုမျှလောက်အထိ လွှမ်းမိုးနိုင်စွမ်း ရှိနေသည်လော။
သိသာလှစွာပင် ဤအမိန့်စာက သူ ဘွဲ့ရာထူးကို ဘယ်သောအခါမှ မဆက်ခံနိုင်စေရန်နှင့် ထျန်းရွှေမြို့ကို မထိန်းချုပ်နိုင်စေရန် ဆိုလွန်ကို တိုက်ရိုက် ဦးတည်နေခြင်းပင်။
အပိုင်း ၅၁ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team