အခန်း ၅၂
Vol. 6 Ch. 52
အပိုင်း ၅၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
ဘုရင်ကျိပိုင်၏ ပြတ်သားသည့် ရွေးချယ်မှုက ကျိလီအား သူ ထောက်ခံကြောင်း ပြသနေသည်။ မင်းသားကျိလီသည် ဘုရင်မင်းမြတ်၏ သွေးသားရင်းချာ မဟုတ်ဘဲ တူဖြစ်ကာ အချစ်ဆုံး မွေးစားသားဖြစ်သော်ငြား ၊ သူ၏ အိမ်ရှေ့စံမင်းသား ရာထူးမှာ အလွန်တရာ ခိုင်မာနေပြီဖြစ်ကြောင်း ဤအချက်က နိုင်ငံတော်အတွင်း၌ ရှိသော အထက်တန်းလွှာအားလုံးကို ရှင်းလင်းစွာ သိမြင်စေ၏။
ကျိလီသာ ထျန်းရွှေမြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်သွားပါက လာမည့်နှစ်၌ တော်ဝင်အကယ်ဒမီမှ ကျင်းပမည့် ဘွဲ့ယူစာမေးပွဲကို ဘုရင်မင်းမြတ်က ဖျက်သိမ်းပစ်လိမ့်မည်ဟု လန်လင်း သေချာပေါက် ယုံထားသည်။
ဤသည်က အထက်တန်းလွှာ၏ သားမြေးများကို သူတို့၏ ဘွဲ့ရာထူးများ အလွယ်တကူ ရရှိသွားစေမည် ဖြစ်၏။ တော်ဝင်မိသားစုက အထက်တန်းလွှာများကို ခေတ်အဆက်ဆက်၌ ပို၍ အားနည်းကာ ပို၍ အသုံးမကျသူများ ဖြစ်လာစေရန် လိုလားနေခြင်းပင်။
အခန်းတွင်းရှိ လူငယ်အထက်တန်းလွှာများမှာ ထက်မြက်ကြ၏။ ပထမဆုံး အံ့ဩသွားပြီးနောက် သူတို့ ပြန်လည်တည်ငြိမ်သွားကြသည်။ ထို့နောက် လန်လင်း၏ ကံဆိုးမှုကို သဘောကျစွာဖြင့် သူ့ကို ကြည့်ကာ လှောင်ပြုံး ပြုံးလိုက်ကြသည်။
ဆိုမိသားစုတော့ ပြီးဆုံးသွားလေပြီ။ အနာဂတ် အိမ်ရှေ့စံမင်းသား၏ လမ်းကို ပိတ်ဆို့နေခြင်းမှာ သူတို့ဘာသာ အပြစ်ရှာခြင်းသာ ဖြစ်၏။
တစ်ချိန်က ဆိုလွန်နှင့် တွဲဖူးသည့် မိန်းကလေးများက ဒူးထောက်နေသည့် သူ့ကို ကြည့်လိုက်ကြသည်။ သူတို့က သနားကြင်နာမှု ၊ အနည်းငယ် ဝမ်းနည်းမှုတို့ဖြင့် နှုတ်ခမ်းကို ကိုက်ထားကြ၏။
ဆိုလွန်က ကောင်မလေးများကို မကြာခဏ အစားထိုးလဲလှယ်တတ်သော သက်တန့်ရောင်လူစားမျိုး ဖြစ်သော်ငြား ၊ သူနှင့် အတူရှိနေရခြင်းက ပျော်စရာကောင်းလှသည်။
မိန်းကလေးတစ်ယောက်ကို မည်သို့ ပျော်ရွှင်အောင် ထားရမည်ကို သူ ကောင်းစွာ သိ၏။ သူတို့က သူ့ကို မုန်းတီးဟန်ဆောင်နေကြသော်လည်း ၊ ရင်တွင်းနက်နက်၌မူ သူတို့ အတူဖြတ်သန်းဖူးသည့် အချိန်များကို လွမ်းဆွတ်နေကြဆဲပင်။ သူက ဆိုးသွမ်းသော်ငြား ချစ်ဖို့ကောင်း၏။ ယခုကဲ့သို့ သူ့ကို မြင်လိုက်ရခြင်းက သူတို့ကို ဝမ်းနည်းစေသည်။
အစည်းအဝေး ပြီးဆုံးသွားကာ လူတိုင်း အတန်းထဲသို့ ပြန်သွားကြလေပြီ။ လန်လင်းက ကျောင်းအုပ်ကြီး ကျန်းယုံထံ သွားကာ ခွင့်ရှည် တောင်းလိုက်၏။ လာမည့် လအနည်းငယ်အတွင်း၌ သူ ကျောင်းသို့ လာနိုင်မည် မဟုတ်ချေ။
ရုံးခန်းအဆောက်အအုံ အပြင်ဘက်၌ မိန်းမစိုးတစ်ဦးက သူ့ကို တားလိုက်သည်။ မိန်းမစိုးက တိုးတိတ်စွာ ပြောလိုက်၏။ “မင်းသမီး ကျိနင်က တွေ့ချင်နေပါတယ်။”
လန်လင်းက လမ်းမဆီသို့ ကြည့်လိုက်ရာ တိတ်ဆိတ်သော်လည်း အလွန်တရာ ခမ်းနားလှသော ရထားလုံးတစ်စီးကို တွေ့လိုက်ရသည်။ ထိုနေရာမှ ချိုမြိန်သည့် ရနံ့တစ်ခု ထွက်ပေါ်နေ၏။ ကျိနင်က ထိုအထဲ၌ ရှိနေခြင်းပင်။
လန်လင်းက စိုးရိမ်ထိတ်လန့်နေဟန်ဖြင့် တံတွေးမြိုချလိုက်သည်။ “ဂလု...” သူ စိတ်ထဲမှ တွေးလိုက်၏။ ‘ငါတို့ နောက်ဆုံးတော့ တွေ့ရတော့မှာလား။’
မိန်းမစိုးက ရထားလုံးရှေ့မှနေ၍ တိုးတိတ်စွာ လျှောက်တင်လိုက်သည်။ “မင်းသမီး... သခင်လေး ဆိုလွန် ရောက်လာပါပြီ။”
ကျိနင်က တည်ငြိမ်စွာ ပြော၏။ “ဝင်လာခဲ့။”
လန်လင်းက အံ့ဩစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ သူမ၏ အသံမှာ လှပ ၊ ရှင်းလင်းပြီး နူးညံ့လှ၏။ ရက်စက်သော မိန်းမတစ်ယောက်၏ အသံနှင့် လုံးဝမတူချေ။
ရထားလုံးတံခါး ပွင့်လာသည်။ လန်လင်းက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ရထားလုံးပေါ်သို့ မတက်မီ တည်ငြိမ်စေရန် သူ၏ ရင်ဘတ်ပေါ်သို့ လက်ဖိထားလိုက်၏။
ကျိနင်က သူ ဤသို့လုပ်သည်ကို မြင်လိုက်သည်။ သူမက ဂုဏ်ယူစွာဖြင့် လှောင်ပြုံး ပြုံးလိုက်၏။ သို့သော် အရာအားလုံးက ဟန်ဆောင်မှုသာ ဖြစ်သည်။ လန်လင်းက ပြဇာတ်ကနေခြင်းသာ ဖြစ်၏။
ရထားလုံးအတွင်း၌မူ အလွန်အကျွံ တောက်ပမနေဘဲ ရိုးရှင်းကာ ကျက်သရေရှိလှသည်။ ကျိနင်က စာအုပ်တစ်အုပ်ကို ကိုင်ထားကာ နူးညံ့သော ကုတင်ပေါ်၌ ကျက်သရေရှိစွာ ထိုင်နေ၏။
လန်လင်း ဝင်လာသောအခါ သူ အရိုအသေမပေးသလို ထိုင်လည်း မထိုင်ချေ။ သူက အေးစက်သော အကြည့်ဖြင့် ခေါင်းမော့ကာ မတ်မတ်ရပ်နေလိုက်သည်။
ကျိနင်က မိန်းမစိုးအား လက်ဟန်ပြလိုက်၏။ “အပြင်ထွက်သွား။ ဝေးဝေးကို သွား... ငါမခေါ်မချင်း ပြန်မလာခဲ့နဲ့။”
မိန်းမစိုးက ဆိုလွန်ကို ကြည့်လိုက်သည်။ “ဒါပေမဲ့...”
ကျိနင်က ပခုံးတွန့်ပြလိုက်၏။ “ဒီ အလိုလိုက်ခံထားရတဲ့ ကောင်လေးက ကြက်တစ်ကောင်ကို သတ်ဖို့တောင် အားနည်းလွန်းတယ်။ စိတ်ပူစရာ ဘာရှိလို့လဲ။”
မိန်းမစိုးက ခေါင်းညိတ်လိုက်သည်။ “ဟုတ်ကဲ့ပါ။” ထို့နောက် သူ ထွက်သွား၏။ ရထားလုံးအတွင်း၌ ကျိနင်နှင့် လန်လင်းသာ ကျန်ရစ်ခဲ့သည်။
ကျိနင်က တည်ငြိမ်စွာ မေးသည်။ “ဆိုလွန်... နင်က ငါ့ကို ဖာသည်မလို့ ခေါ်ရဲတယ်ပေါ့။ ငါ့ကို စော်ကားတဲ့အတွက် နင့်ကို သတ်ပစ်မှာကို မကြောက်ဘူးလား။”
လန်လင်းက သူမကို စောင်းခဲကြည့်လိုက်၏။ “မင်းက ကျုပ်ကို သတ်ပြီး ကျုပ်ရဲ့ စီးပွားရေးကို လုချင်နေတာလေ။ ကျုပ်က မင်းကို ဆဲတောင် မဆဲရတော့ဘူးလား။ ပြီးတော့... မင်းက ကျုပ်ရဲ့ ခံစားချက်တွေကို ကစားခဲ့တာပဲ...”
သူက ခံစားချက်များကို ဖုံးကွယ်ရန် အပြင်းအထန် ကြိုးစားလိုက်သည်။ သူ ဟန်ဆောင်နေဆဲ ဖြစ်၏။ ကျိနင်ကဲ့သို့ ဆိုးသွမ်းသော မိန်းမတစ်ယောက်ကို မည်သို့ ကိုင်တွယ်ရမည်ကို သိကြောင်း တစ်ချိန်က သူ ဆိုနင်ပင်းကို ပြောဖူးသည်။
ကျိနင်က ပို၍ပင် ဂုဏ်ယူသွား၏။ ဤအမျိုးသားက သူမကို အရူးအမူး ဖြစ်နေဆဲဟု တွေးလိုက်သည်။ ယခင်က ထိုအရာက အချစ်ဖြစ်၏။ ယခုမူ အမုန်းဖြစ်လေပြီ။ ထို့ပြင် အမုန်းတရားဆိုသည်မှာ ပို၍ ပြင်းထန်သော အချစ်တစ်မျိုးပင်။
ကျိနင်က မျက်မှောင်ကြုတ်လိုက်သည်။ “ငါ့ရဲ့ ရွှေလက်မှတ်တွေပေါ်က လျှို့ဝှက်အမှတ်အသားတွေအကြောင်း နင် ဘယ်လိုသိတာလဲ။”
လန်လင်းက ခါးသီးသော အပြုံးတစ်ခု ပြုံးလိုက်၏။ “ဟက်...” “ကျုပ်က မင်းကို ဘာလို့ ပြောပြရမှာလဲ။” သူက နာကျင်ကာ ဒေါသထွက်နေသော လူငယ်တစ်ယောက်အဖြစ် သရုပ်ဆောင်နေခြင်း ဖြစ်သည်။
ကျိနင် ထပ်မမေးတော့ချေ။ သူမက တည်ငြိမ်စွာ ပြောလိုက်၏။ “ဒီလျှို့ဝှက်ချက်ကို ပြောပြရင် နင် ဘာမှ ရမှာမဟုတ်ဘူးဆိုတာ သိတယ်မလား။ နင့်အသက်ပဲ ဆုံးရှုံးရလိမ့်မယ်။”
လန်လင်းက ပခုံးတွန့်ပြလိုက်သည်။ “အဲဒါ ကျုပ်ပြဿနာပဲ။” သူက လက်သီးများကို တင်းတင်းဆုပ်လိုက်၏။ “စိတ်မပူပါနဲ့ ၊ ကျုပ် အဲဒီလောက်ထိ မမိုက်မဲပါဘူး။ ဒါပေမဲ့ ကျုပ် ပြောထားမယ်... ကျုပ်ကိုဖြစ်ဖြစ် ၊ ကျုပ်အစ်မကိုဖြစ်ဖြစ် တစ်ခုခု အန္တရာယ်ပြုဖို့ ကြိုးစားမယ်ဆိုရင် မင်းရဲ့ ရွှေလက်မှတ်တွေရဲ့ လျှို့ဝှက်ချက်ကို လူတိုင်း သိသွားစေရမယ်။”
ကျိနင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ လျှို့ဝှက်အမှတ်အသား အသစ်တစ်စုံ ပြုလုပ်ရန် သူမ၏ လူများကို အမိန့်ပေးထားပြီး ဖြစ်၏။ သူမ မည်သူ့ကိုမှ မယုံကြည်ချေ။ ဤလျှို့ဝှက်ချက် ပေါက်ကြားသွားသည်နှင့် တစ်ပြိုင်နက် ဆိုလွန် နှုတ်ဆိတ်နေလျှင်ပင် ထိုလက်မှတ်များကို ဆက်သုံးရန် သူမ လုံခြုံသည်ဟု ခံစားရမည် မဟုတ်ချေ။
ရထားလုံးအတွင်း တစ်ဖန် တိတ်ဆိတ်သွားသည်။
ကျိနင်က လေးနက်သော အမူအရာဖြင့် မေးလိုက်၏။ “ဆိုလွန်... နင့်အစ်မကို အသက်ရှင်စေချင်လား။”
လန်လင်းက ခေါင်းညိတ်လိုက်သည်။ “သေချာတာပေါ့။”
သူမက စိုက်ကြည့်လိုက်၏။ “နင်ကော အသက်ရှင်ချင်လား။”
လန်လင်းက နှာခေါင်းရှုံ့လိုက်သည်။ “ဟမ့်... အဓိပ္ပာယ်မရှိတာတွေ လာမပြောစမ်းနဲ့။”
ကျိနင်က သက်ပြင်းချလိုက်၏။ “မင်းသားကျိလီနဲ့ ငါက နင့်မိသားစုကို မမုန်းဘူးဆိုတာ နင် သိသင့်တယ်။ ဒါပေမဲ့ နင်က သူ့ရဲ့ အစီအစဉ်တွေနဲ့ နိုင်ငံတော်ရဲ့ တိုးတက်မှုကို အဟန့်အတား ဖြစ်နေတယ်။ ဒီအကြောင်းကြောင့် နင့်ရဲ့ ထျန်းရွှေမြို့က ပျက်စီးရလိမ့်မယ်။ ဘယ်သူမှ နင့်ကို ကူညီနိုင်မှာ မဟုတ်ဘူး။ မြို့စားကြီးကျိထင် ဆိုတာကလည်း လူမိုက်တစ်ယောက်ပဲ။”
လန်လင်း၏ မျက်နှာ ပျက်ယွင်းသွားရသည်။
ကျိနင်က မျက်တောင်မခတ်ပဲ လန်လင်းအား စိုက်ကြည့်လိုက်၏။ “နင် သေသင့်နေပြီ။ ဒါပေမဲ့ မင်းသားကျိလီက နင့်အစ်မရဲ့ စွမ်းရည်တွေကို တကယ် သဘောကျနေတယ်။ ရေတပ်နဲ့ နုလန်ဘုရင့်နိုင်ငံအတွက် သူ့ရဲ့ အကြံဉာဏ်တွေက အံ့မခန်းပဲ။”
“ယန်အင်ပါယာကို ဒေါသမထွက်စေချင်လို့ ဘုရင်မင်းမြတ်က ရေတပ်မဖွဲ့စည်းဖို့ ငြင်းဆန်တယ် ဆိုတာကိုလည်း သူ.သိထားတယ်။ သူတို့က တိတ်တိတ်ဆိတ်ဆိတ်နဲ့ လုံလုံခြုံခြုံ နေချင်ကြတာလေ။ သူ့ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်က အရမ်းကို အထင်ကြီးစရာကောင်းတယ်။”
လန်လင်းက ကျိနင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ “ပြီးတော့ကော... ဘာဖြစ်လဲ။”
ကျိနင်က ပြုံးလိုက်၏။ “ဒါကြောင့် နင့်အစ်မ အသက်ရှင်ခွင့်ရနိုင်တယ်။ နင်လည်း အသက်ရှင်လို့ ရတယ်။ ငါတို့ တော်ဝင်မိသားစုက နင့်ကို ထျန်းရွှေမြို့ကို အနှစ်နှစ်ဆယ် အငှားချထားပေးမယ်။”
လန်လင်း မျက်မှောင်ကြုတ်လိုက်သည်။ ဤအကြောင်းကို သူ ဘာမှ မသိထားချေ။ သူက သတိထားကာ မေးလိုက်၏။ “ဘာကို ဆိုလိုချင်တာလဲ။”
ကျိနင်က ခေါင်းမော့လိုက်သည်။ “နင့်အစ်မ ဆိုနင်ပင်းက မင်းသားကျိလီရဲ့ မိန်းမ ဖြစ်လာလိမ့်မယ်။ သူနဲ့ရတဲ့ သားက နောက်ပိုင်းကျရင် ထျန်းရွှေမြို့ကို အုပ်ချုပ်လိမ့်မယ်။”
ထိုစကားကို ကြားလိုက်ရချိန်၌ လန်လင်း၏ မျက်လုံးများ ပြူးကျယ်သွား၏။ အိမ်နှင့် ကြင်ယာဖက်ကို ဆုံးရှုံးလိုက်ရသော ခြင်္သေ့တစ်ကောင်ကဲ့သို့ သူ ခံစားလိုက်ရသည်။
ကျိနင်က ရယ်မောလိုက်၏။ “ဟင်းဟင်း... နင့်အတွက်ကတော့ ဆိုလွန်... နင်လည်း အသက်ရှင်နိုင်ပါတယ်။ ဒါပေမဲ့ လုံခြုံဖို့အတွက် နင် ကလေးယူလို့ မရဘူး။ နင့်ကို သင်းကွပ်ပစ်ရမယ်။ ပြီးရင် ငါ့ရဲ့ မိန်းမစိုးအဖြစ် အလုပ်လုပ်လို့ ရတယ်။ အဲဒါ နင် အမြဲတမ်း လိုချင်တဲ့အရာ မဟုတ်ဘူးလား။”
ပြင်းထန်လှသော ဒေါသကြောင့် လန်လင်း၏ မျက်နှာ နီရဲသွားသည်။ လှပသော်လည်း ရက်စက်လှသော ဤမိန်းမကို သူ သတ်ပစ်ချင်လာမိ၏။
သူက ဂုဏ်ယူစွာဖြင့် မေးစေ့ကို မော့ကာ သူမကို တည့်တည့် ကြည့်လိုက်သည်။ “ဒီမယ် မိန်းမ... မင်း အိပ်မက်မက်နေတာလား။ ကျုပ် လန်လင်းက ဒူးထောက်ပြီး အသက်ရှင်ရမယ့်အစား မတ်တပ်ရပ်ပြီး သေဖို့ကိုပဲ ရွေးချယ်မယ်။”
သူက ထွက်သွားရန် နောက်လှည့်လိုက်၏။
ကျိနင်က အော်ပြောလိုက်သည်။ “ဆိုလွန်... ဒါ နင့်အတွက် နောက်ဆုံးအခွင့်အရေးပဲ။ ဒူးထောက်ပြီး အရှုံးပေးမလား... ဒါမှမဟုတ် ဘာမှမရှိဘဲ သေမလား။”
လန်လင်းက ကျိနင်၏ လှပသော မျက်နှာကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ဒီမယ် မိန်းမ... ဒါကို မှတ်ထား။ ကျုပ်က သူရဲကောင်းတစ်ယောက်လို သေရင်သေမယ်... ဒါမှမဟုတ် ကျုပ်ရဲ့ ထျန်းရွှေမြို့ကို ဂုဏ်သိက္ခာရှိရှိ ကာကွယ်မယ်။ ဘယ်တော့မှတော့ ရှက်စရာကောင်းတဲ့ ဘဝမျိုးနဲ့ အသက်မရှင်ဘူး။”
ကျိနင်က ရယ်မောကာ သဘောကျသည့်ဟန်ဖြင့် သွားဖြဲပြလိုက်သည်။ “နင့်အစ်မနဲ့ ထျန်းရွှေမြို့ကို နင် ဘယ်လို ကာကွယ်မှာလဲ။ ပါးစပ်နဲ့လား။ နင့်ရဲ့ ထက်ရှတဲ့ စကားလုံးတွေနဲ့လား။ ဟားဟားးး။” သူမက ထိုစကားကို ကြီးမားသော ဟာသတစ်ခုအဖြစ် တွေးလိုက်၏။
လန်လင်းက သူမ၏ အနီးသို့ တိုးသွားလိုက်သည်။ ထို့နောက် သူမ၏ နူးညံ့လှသည့် မေးစေ့ကို ဆုပ်ကိုင်ကာ နီရဲနေသည့် နှုတ်ခမ်းများကို အားပြင်းပြင်းဖြင့် ကိုက်ချလိုက်၏။
ထိုနှုတ်ခမ်းများမှာ အလွန်တရာ နူးညံ့ပြီး ချိုမြိန်လှသည်။ ချိုပြီး ငန်သော အရသာတစ်ခုက သူ၏ ပါးစပ်အတွင်း ပြည့်နှက်သွား၏။
သူ ကိုက်ချလိုက်ချိန်၌ ကျိနင်၏ မျက်နှာမှာ တုန်လှုပ်မှုကြောင့် ဖြူရော်သွားသည်။ အရာအားလုံးက လျင်မြန်လွန်းလှသဖြင့် သူမ ဘာမှ မလုပ်နိုင်လိုက်ချေ။
နောက်ဆုံး၌ သူမ၏ နှုတ်ခမ်းပေါ်မှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရပြီး သတိဝင်လာ၏။ သူမက ဆိုလွန်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ အတင့်ရဲလှ၏။
အပိုင်း ၅၂ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team