← Chapters

အခန်း ၅၃

Vol. 6 Ch. 53

အခန်း ၅၃

Vol. 6 Ch. 53

အပိုင်း ၅၃

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

လန်လင်းက ခါးသီးသည့် အပြုံးတစ်ခု ပြုံးလိုက်သည်။ “ဒါက ကျုပ်ရဲ့ ပါးစပ် ၊ ကျုပ်ရဲ့ ထက်ရှတဲ့ လျှာပဲ။ အရသာဘယ်လိုလဲ။ ကြိုက်ရဲ့လား။”

ကျိနင်၏ မျက်နှာမှာ ပြင်းထန်သည့် ဒေါသကြောင့် နီရဲသွား၏။ “နင်... နင် သေချင်နေတာပဲ။” ထို့နောက် ရုတ်တရက် လန်လင်းအား ရိုက်ချလိုက်သည်။

ချက်ချင်းပင် လန်လင်းမှာ ကောက်ရိုးတစ်မျှင်ကဲ့သို့ လွင့်စင်သွား၏။ ကံကောင်းထောက်မစွာဖြင့် မင်းသမီးကျိနင်၏ သိုင်းပညာစွမ်းရည်မှာ သာမန်အဆင့်၌သာ ရှိသည့်အတွက် သူ ပြင်းထန်စွာ ဒဏ်ရာမရလိုက်ချေ။

ထိုစဉ် မိန်းမစိုးက အမြန်ရောက်လာကာ လန်လင်း၏ လည်ပင်းကို ဆွဲကိုင်ကာ ရထားလုံးရှေ့၌ အတင်းအဓမ္မ ဒူးထောက်စေလိုက်သည်။ “မင်းသမီး... အမိန့်ပေးတော်မူပါ။ သူ့ကို သတ်ရမလား”

ကျိနင်က နှင်းကဲ့သို့ ဖြူစင်နေသည့် လက်ကိုင်ပဝါဖြင့် သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်၏။

ဤသည်ကို သူမ၏ ပထမဆုံးအနမ်းဟု သတ်မှတ်ရမည်လား။ ထိုလူယုတ်မာက သူမကို တကယ်ကြီး ကိုက်လိုက်ခြင်းပင်။

ထိတ်လန့်မှုနှင့် ဒေါသတို့ကြောင့် သွားများကို တင်းတင်းကြိတ်ထားမိပြီး ဆိုလွန်ကို အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်ရန် သူမ ဆန္ဒရှိနေ၏။

တစ်ချိန်တည်းမှာပင် မိန်းမစိုး၏ ဖမ်းချုပ်မှုကို ခံထားရဆဲဖြစ်သည့် လန်လင်းက သူမကို လှောင်ပြုံးတစ်ခု ပြုံးပြလိုက်သည်။

လက်ရှိအချိန်၌ သူ့ကို သတ်၍မရကြောင်း သူမ သိထား၏။ သူ၏ ဘွဲ့ယူစာမေးပွဲ မတိုင်မီနှင့် သူ၏ မြို့စားဘွဲ့ရာထူး မဆုံးရှုံးမီအချိန်အထိ သူ့ကို သတ်၍မရနိုင်ချေ။

ကျိနင်က သူ့ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ “ဆိုလွန်... ဒါကို မှတ်ထား။ နင့်ဘာသာ အပြစ်ရှာတာပဲ။ အခု နင့်ကို ဘယ်သူမှ မကယ်နိုင်တော့ဘူး။”

ထို့နောက် ရထားလုံးတံခါးကို ဆောင့်ပိတ်လိုက်၏။ မည်သူမှ မမြင်နိုင်သည့် အတွင်းဘက်သို့ ရောက်သွားချိန်၌မူ သူမက လေကို အပြင်းအထန် ရှူသွင်းကာ မောဟိုက်နေသည်။

မိန်းမစိုးကမူ လန်လင်းကို တစ်ခဏမျှ စွေကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပစ်ချလိုက်၏။

လန်လင်းက မည်သည်မှ မဖြစ်ပျက်သွားသကဲ့သို့ မတ်တပ်ထရပ်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် အနံ့ခံကြည့်လိုက်၏။ ကျိနင်ကို ကိုက်လိုက်ခြင်းက သူ၏ အစီအစဉ်ထဲ၌ ပါမနေချေ။ အလွန်အမင်း ဒေါသထွက်သွားသည့်အတွက် စိတ်လိုက်မာန်ပါ တုံ့ပြန်လိုက်ခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လက်ရှိအချိန်၌ သူမ သူ့ကို မသတ်ရဲကြောင်း သူ ကောင်းကောင်း သိထား၏။

ရိုးရှင်းသော်လည်း ကျက်သရေရှိလှသည့် ရထားလုံး မျက်စိအောက်မှ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း လန်လင်း.သူ၏ အဝတ်အစားများပေါ်မှ ဖုန်များကို ခါထုတ်လိုက်သည်။ ထို့နောက် တော်ဝင်အကယ်ဒမီရှိ ကျောင်းအုပ်ကြီး၏ ရုံးခန်းဆီသို့ တန်းတန်းမတ်မတ် ထွက်လာလိုက်၏။

**--**--**--**--**--**--**--**

ဤသည်မှာ ကျောင်းအုပ်ကြီးကျန်းယုံနှင့် လန်လင်းတို့၏ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင်။ သူတို့ကြားရှိ ဆက်ဆံရေးမှာ ရှုပ်ထွေးပြီး ကမောက်ကမ နိုင်လှသည်။ ဆိုလွန်က ကျောင်းအုပ်ကြီး၏ ချွေးမနှင့် အိပ်ခဲ့ပြီး သူ၏သားကို အရူးလုပ်ခဲ့၏။ ထို့အပြင် ကျောင်းအုပ်ကြီးမှာ မင်းသားကျိလီအပေါ် သစ္စာစောင့်သိသူ တစ်ဦးလည်း ဖြစ်သည်။

ကျောင်းအုပ်ကြီးက သူ၏ တစ်ဝက်ခန့် ဖြူနေသည့် ဆံပင်များကို အနောက်သို့ သပ်ရပ်စွာ ဖီးသင်ထား၏။ အရပ်ရှည်ရှည် ၊ ပိန်ပိန်ပါးပါးဖြစ်ပြီး သူ၏ ခန့်ညားသည့် မျက်နှာထက်၌ လျှို့ဝှက်နက်နဲသည့် အရိပ်အ​ယောင်တစ်ခု ရှိနေသည်။

လန်လင်း စကားစရန် ပါးစပ်ပင် မဟရသေးမီ ကျောင်းအုပ်ကြီးက မျက်မှောင်ကြုတ်လိုက်၏။ “ပြီးခဲ့တဲ့အကြိမ်က မင်းကို ကျောင်းထုတ်မယ့်ကိစ္စ ဖျက်သိမ်းပေးဖို့ နီယာကို လွှတ်ပြီး ငါ့ကို အတင်းအကျပ် ခိုင်းစေခဲ့တယ်။ ငါ သဘောမတူရင် ကျန်းနင်ရဲ့ အရှုပ်တော်ပုံကို ဖွင့်ချမယ်လို့ နီယာက ခြိမ်းခြောက်ခဲ့တယ်။ ဒါကြောင့်... ငါ မင်းသားကျိလီဆီကို တိုက်ရိုက်သွားပြီး အခြေအနေအားလုံးကို သူ့ဆီ တင်ပြခဲ့တယ်။”

အံ့ဩမှုကြောင့် လန်လင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။

ကျောင်းအုပ်ကြီးက ဆက်ပြော၏။ “နောက်ဆုံးတော့ မင်းသားက ရယ်မောလိုက်ပြီး မင်းကို ကျောင်းထုတ်မယ့် ဆုံးဖြတ်ချက်ကို ရုပ်သိမ်းဖို့ ငါ့ကို ပြောခဲ့တယ်။” ထိုသို့ပြောရင်း ကြုတ်ထားသည့် သူ၏ မျက်မှောင်များ အနည်းငယ် ပြေလျော့သွားသည်။

လန်လင်းလည်း နက်နက်နဲနဲ တွေးတောရင်း မျက်မှောင်ကြုတ်လိုက်၏။ ဤရလဒ်ကို သူ တကယ်ပင် လုံးဝ မမျှော်လင့်ထားခဲ့ချေ။

ကျောင်းအုပ်ကြီးက ပြောသည်။ “အုပ်ချုပ်သူတစ်ယောက်က ပညာရှိသလား ၊ မရှိဘူးလားဆိုတာ နိုင်ငံနဲ့ ပြည်သူတွေအတွက် အရေးအကြီးဆုံးပဲ။ ပြီးတော့ မင်းသားက တကယ့်ကို ပညာရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပဲ။”

လန်လင်းက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။ မင်းသားနှင့် တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးသော်ငြား ၊ ထိုလူသည် တန်ခိုးအာဏာကြီးမားသူ တစ်ဦးသာမက ဆွဲဆောင်မှုရှိသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းကိုပါ သူ ကြိုတင်ခံစားမိနေပြီ ဖြစ်သည်။

ကျောင်းအုပ်ကြီးက တိုးတိတ်စွာ သက်ပြင်းချလိုက်၏။ “မင်းသားက ဆိုမိသားစုအပေါ် ကိုယ်ပိုင်အငြိုးအတေး မရှိဘူး။ ဒါပေမဲ့ သူ မဖြစ်မနေ လုပ်ရမယ့် အရာတွေ ရှိတယ်။ မင်း နားလည်လား။ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် မင်းတို့ ဆိုမိသားစုရဲ့ စတေးမှုက လိုအပ်ပြီး တန်ဖိုးရှိတယ်။”

လန်လင်းက မထီမဲ့မြင်ဟန်ဖြင့် လှောင်ပြုံး ပြုံးလိုက်သည်။ “ဒါဆို ဆိုမိသားစုက သေသင့်တယ်ပေါ့။ စတေးရတာ အဲဒီလောက်တောင် ကောင်းနေရင် ဘာလို့ ခင်ဗျားတို့ ကျန်းမိသားစုက အစားဝင်ပြီး အစတေးမခံတာလဲ။”

ကျောင်းအုပ်ကြီးက တည်ငြိမ်စွာ ပြန်ဖြေ၏။ “ငါတို့ ကျန်းမိသားစုက လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ကိုယ်ပိုင်နယ်မြေတွေကို စွန့်လွှတ်ခဲ့ပြီးပြီ။”

လန်လင်းက ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်သည်။ “ခင်ဗျားတို့ မိသားစုရဲ့ နယ်မြေဆိုတာ တော်ဝင်မိသားစုက ပေးထားခဲ့တာလေ။ ပြီးတော့ မိုင်အနည်းငယ်လောက်ပဲ ကျယ်တာ။ ကျုပ်တို့ ဆိုမိသားစုရဲ့ နယ်မြေကတော့ ဘိုးဘွားတွေဆီကနေ လက်ဆင့်ကမ်းလာတာ။ နုလန်ဘုရင့်နိုင်ငံ မတည်ထောင်ခင်ကတည်းက ကျုပ်တို့ မိသားစုက ထျန်းရွှေမြို့ကို အုပ်ချုပ်နေခဲ့တာ။ အခု ကျုပ်တို့က ဘာမှမလုပ်ဘဲ ထိုင်နေပြီး ရာစုနှစ်ပေါင်းများစွာ တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်ကြီး ပျက်စီးသွားတာကို ကြည့်နေရမယ်ပေါ့။”

ကျောင်းအုပ်ကြီး တစ်ခဏမျှ တိတ်ဆိတ်သွား၏။ “မင်းရဲ့ အခြေအနေကို ငါ ကိုယ်ချင်းစာတယ်။ ဒါပေမဲ့ မင်းကို ကူညီဖို့ ငါ ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။”

လန်လင်းက ပေါ့ပေါ့ပါးပါးပင် ပခုံးတွန့်ပြလိုက်သည်။ “ခင်ဗျား ကျုပ်ကို မကူညီနိုင်တာ သေချာတာပေါ့။ ကျုပ်က အကူအညီတောင်းဖို့ လာတာမှ မဟုတ်တာ။ ခွင့်လာတိုင်ရုံတင်။”

ကျောင်းအုပ်ကြီးက ပြန်ဖြေ၏။ “ရတယ်။ မင်း လိုချင်သလောက် အချိန်ယူပြီး ခွင့်ယူနိုင်တယ်။ ဒါပေမဲ့ ဘယ်ကို သွားဖို့ စီစဉ်ထားလို့လဲ။”

လန်လင်းက ပြောလိုက်သည်။ “ကျုပ်က သိုင်းကျင့်ဖို့ ခွင့်ယူတာ။ နှစ်လ သုံးလအတွင်း ဒုတိယအဆင့် သိုင်းပညာရှင် လေးသည်တော် တစ်ယောက်ဖြစ်လာအောင် လုပ်ပြီး အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရယူဖို့ စီစဉ်ထားတယ်။”

လန်လင်းက အလွန်ဆိုးရွားသည့် ဟာသတစ်ခုကို ပြောလိုက်သကဲ့သို့ ကျောင်းအုပ်ကြီးက သူ့ကို ကြည့်ကာ မယုံကြည်နိုင်စွာဖြင့် ခေါင်းရမ်းလိုက်၏။ တကယ့် ဆိုလွန်သည် ကျင်း ၅၀ ရှိသည့် လေးကိုပင် မဆွဲနိုင်ချေ။ ဒုတိယအဆင့် သိုင်းပညာရှင် လေးသည်တော် တစ်ယောက်က ကျင်း ၂၀၀ ကျော်ရှိသည့် လေးကိုဆွဲကာ ပစ်မှတ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ထိမှန်ရန် လိုအပ်သည်။

အစမှ စတင်မည့် ထူးချွန်သော ပါရမီရှင်တစ်ယောက်ပင်လျှင် ထိုအဆင့်သို့ ရောက်ရန် အနည်းဆုံး လေးငါးနှစ်ခန့် အချိန်ယူရပေမည်။ အခြေခံအဆင့် သုံးဆင့်ကိုပင် မအောင်မြင်သေးသည့် ဆိုလွန်က သုံးလအတွင်း ထိုအဆင့်သို့ ရောက်မည်ဟု ဆိုလာခြင်းမှာ... တကယ့်ကို ရယ်စရာလုံးဝ မကောင်းသည့် ဟာသတစ်ခုပင်။

ကျောင်းအုပ်ကြီးက ခေါင်းရမ်းလိုက်သည်။ “မင်းရဲ့ ခွင့်ကို ခွင့်ပြုလိုက်ပြီ။ ဒါပေမဲ့ ဘွဲ့ယူစာမေးပွဲအတွက် ပြန်လာဖို့တော့ မှတ်ထားဦး။ မင်း ရောက်မလာရင် အရှုံးပေးတယ်လို့ သတ်မှတ်ခံရလိမ့်မယ်။”

လန်လင်းက ပြန်ဖြေလိုက်၏။ “သေချာပေါက် ပြန်လာမှာပေါ့။ မဟုတ်ရင် ထျန်းရွှေမြို့ရဲ့ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့တဲ့ အမွေအနှစ်တွေက ကျုပ်လက်ထဲမှာ တကယ်ကြီး ပျက်စီးသွားလိမ့်မယ်။”

ကျောင်းအုပ်ကြီး ဘာမှ ဆက်မပြောတော့ချေ။ သူက လန်လင်းကို နက်ရှိုင်းသည့် ကိုယ်ချင်းစာမှုဖြင့်သာ ကြည့်နေလိုက်သည်။

**--**--**--**--**--**--**--**

ထိုအချိန်၌မူ မြို့စားကြီးအိမ်တော် တစ်ခုလုံးမှာ သေမတတ် တိတ်ဆိတ်နေ၏။ ဆိုနင်ပင်းသည်လည်း ဘုရင်မင်းမြတ်၏ အမိန့်တော်အသစ်အကြောင်းကို ကြားသိထားပြီးဖြစ်ရာ သူမ၏ နှလုံးသားထဲ၌ ကြီးလေးသည့် မျှော်လင့်ချက်မဲ့မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူမ၏ မျက်လုံးများ၌ မျက်ရည်များ ဝဲတက်လာ၏။ ဆိုမိသားစု၏ အမွေအနှစ်များသည် သူမ၏ စောင့်ကြည့်မှုအောက်၌ပင် ပျက်စီးရတော့မည် ဖြစ်သည်။ လန်လင်းက အလွန်တရာ ထက်မြက်သော်ငြား ၊ စာပေနှင့် သိုင်းပညာကို လေ့လာကျင့်ကြံနေသည်မှာ ငါးလပင် မပြည့်သေးချေ။

အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရယူရန် ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ဖို့ နေနေသာသာ ၊ အခြေခံ ဘွဲ့ယူစာမေးပွဲကိုပင် အောင်မြင်နိုင်မည် မဟုတ်ချေ။

လက်သီးများကို တင်းတင်းဆုပ်ထားရင်း သူမ ပြင်းထန်သည့် မတရားမှုတစ်ခုကို ခံစားလိုက်ရ၏။

အဘယ်ကြောင့်နည်း။ အဘယ့်ကြောင့်နည်း။

ထျန်းရွှေမြို့ဆိုသည်မှာ ဆိုမိသားစု၏ ဘိုးဘွားများက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။ တော်ဝင်မိသားစုထံမှ လက်ဆောင်ရထားခြင်း မဟုတ်ပေ။ အဘယ်ကြောင့် တော်ဝင်မိသားစုက သူတို့သဘောအတိုင်း ပြန်လည်ရုပ်သိမ်းခွင့် ရှိနေရမည်နည်း။

ဆိုမိသားစုက ထျန်းရွှေမြို့ကို အုပ်ချုပ်ခဲ့သည်မှာ နုလန်ဘုရင့်နိုင်ငံ တည်ရှိခဲ့သည့် အချိန်ထက်ပင် ပို၍ ကြာမြင့်နေပြီ ဖြစ်၏။ အကယ်၍ သူတို့၏ ဘိုးဘွားများက ထိုစဉ်က တော်ဝင်ကျိမိသားစုကို ထောက်ခံရန် မရွေးချယ်ခဲ့ပါက ၊ တော်ဝင်မိသားစုမှာ အရှေ့တောင်ဒေသတစ်ခုလုံးကိူ အောင်နိုင်ခဲ့မည် မဟုတ်ချေ။

ထိုစဉ်က ဘုရင်မင်းမြတ်က ဆိုမိသားစု ခေါင်းဆောင်၏ လက်ကိုဆုပ်ကိုင်ကာ ကတိပေးခဲ့ဖူးသည်။ “မင်းက ငါ့ရဲ့ အကြီးမားဆုံး ကျေးဇူးရှင်ပဲ။ မင်းရဲ့ မိသားစုက ငါ့ရဲ့ နိုင်ငံနဲ့အတူ ဒီကမ္ဘာကြီးကို ခွဲဝေခံစားရမယ်။ ပြီးတော့ မင်းတို့ရဲ့ ဂုဏ်ကျက်သရေနဲ့ ဓနဥစ္စာတွေက ဒီနိုင်ငံတော် တည်ရှိနေသရွေ့ တည်တံ့နေလိမ့်မယ်။”

နာကျင်မှုကြောင့် သူမ မျက်လုံးနှစ်လုံးကို တင်းတင်း မှိတ်ထားလိုက်၏။ ထိုကတိစကားများက သူတို့၏ နားထဲ၌ ပဲ့တင်ထပ်နေဆဲ ဖြစ်သော်ငြား ၊ ယခုအခါ မင်းသားကျိလီ၏ မဟာဗျူဟာကြီးအတွက် တော်ဝင်မိသားစုက သူတို့၏ အစွယ်များကို ထုတ်ပြလာလေပြီ။ သူတို့က နိုင်ငံတော်ကို တည်ဆောက်ရာ၌ ကူညီခဲ့သည့် မိသားစုကို ဖျက်ဆီးပစ်ရန် အဆင်သင့် ဖြစ်နေကြသည်။

တန်ခိုးအာဏာကြီးမားလှသည့် တော်ဝင်မိသားစုက မုဆိုးမတစ်​ယောက်နှင့် သူမ၏ မောင်လေးကို အနိုင်ကျင့်ရလောက်အောင် အဘယ်ကြောင့် ဤမျှအထိ အောက်တန်းကျရသနည်း။

လန်လင်း တံခါးဝမှ ဝင်လာသည်နှင့် တစ်ပြိုင်နက် သူ၏ အစ်မ ဆိုနင်ပင်းက အပြေးအလွှား ရောက်လာကာ သူ၏ ရင်ခွင်ထဲသို့ ဝင်လာ၏။ ထို့နောက် အလွန်တရာ ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့ကာ ပြောလိုက်သည်။ “မောင်လေး... ကျင်းယွီရဲ့ အကြံကို သဘောတူခဲ့မိတာ အစ်မ အခု အရမ်းနောင်တရနေပြီ။ မင်းကို ဒီအရှုပ်အထွေးထဲ ဆွဲမသွင်းခဲ့သင့်တာ။ မင်းက အရမ်းကို ထူးချွန်တဲ့လူတစ်ယောက်လေ။ ဒါပေမဲ့ အခုတော့ မင်းလည်း အစ်မတို့ ဆိုမိသားစုနဲ့အတူ မြေမြှုပ်ခံရတော့မယ်။”

အနီး၌ ရပ်နေသည့် ရဲ့ကျင်းယွီကလည်း ပြင်းထန်သော နောင်တတရားများ ပြည့်နှက်နေသည့် အကြည့်ဖြင့် သက်ပြင်းချလိုက်၏။ အခြေအနေများ ဤသို့ ဖြစ်လာမည်ဟုသာ သူမ သိခဲ့ပါက ၊ ဆိုလွန်နေရာတွင် ဟန်ဆောင်ပေးရန် လန်လင်းကို ဘယ်သောအခါမှ တောင်းဆိုခဲ့မည် မဟုတ်ချေ။

လန်လင်းမှာ တကယ်ကို ထူးခြားပြောင်မြောက်လွန်းလှသည်။ သူ၏ သိုင်းပညာပါရမီ ၊ ထက်မြက်သည့် ဉာဏ်ရည်နှင့် အနုပညာစွမ်းရည်များအားလုံးက ယှဉ်ပြိုင်နိုင်စွမ်း ကင်းမဲ့လှ၏။ သူ့အနေဖြင့် အလွန်တရာ တောက်ပသည့် အနာဂတ်တစ်ခုကို ပိုင်ဆိုင်နိုင်ခွင့် ရှိခဲ့သော်ငြား ၊ ယခုအခါ ဆိုမိသားစုနှင့် တော်ဝင်မိသားစုကြားရှိ သေရေးရှင်ရေး အာဏာလုပွဲအတွင်းသို့ ဆွဲသွင်းခံလိုက်ရပြီး စတေးခံတစ်ခုသက်သက်သာ ဖြစ်လာလေပြီ။

လန်လင်းက သူ၏ အစ်မကို ညင်သာစွာ ဖက်ထားလိုက်သည်။ သူမကို နှစ်သိမ့်ရန် ကျောလေးကို ပုတ်ပေးရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။ “အစ်မ... ကျွန်တော်တို့ ထျန်းရွှေမြို့ကို သေချာပေါက် ဆုံးရှုံးရမှာတော့ မဟုတ်ဘူး။”

ဆိုနင်ပင်းက အရှုံးပေးသည့်ဟန်ဖြင့် ခေါင်းရမ်းလိုက်သည်။ “မင်း အစ်မကို လာနှစ်သိမ့်ပေးနေစရာ မလိုပါဘူး။”

လန်လင်း၏ မျက်လုံးတို့က ဆုံးဖြတ်ချက် ခိုင်မာမှုတို့ဖြင့် တောက်ပလာ၏။ “ဘွဲ့ယူစာမေးပွဲမှာ ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ပြီး အထက်တန်းလွှာစစ်သည်တော် တံဆိပ်ကို ရယူနိုင်သရွေ့ ၊ တော်ဝင်မိသားစုက ကျွန်တော့်ကို ဘွဲ့ရာထူး ဆက်ခံခွင့်ပေးပြီး ထျန်းရွှေမြို့ရဲ့ မြို့စားကြီး ဖြစ်လာခွင့်ပေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ ရှိမှာ မဟုတ်ဘူး။”

အံ့ဩမှုကြောင့် ဆိုနင်ပင်း၏ မျက်လုံးများ ပြူးကျယ်သွားသည်။ လန်လင်းက ဤမျှ မဖြစ်နိုင်သည့် မျှော်လင့်ချက်တစ်ခုကို ဆုပ်ကိုင်ထားလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ချေ။

ထိပ်ဆုံးဆယ်ယောက်စာရင်းဝင်ရန် ကျောင်းသားတစ်ယောက်အနေဖြင့် သိုင်းပညာစာမေးပွဲ၌ပင်လျှင် ဒုတိယအဆင့် သိုင်းပညာရှင် လေးသည်တော်အဆင့်သို့ ရောက်ရှိရန် လိုအပ်၏။ ကမ္ဘာပေါ်ရှိ အထူးချွန်ဆုံး ပါရမီရှင်တစ်ယောက်ပင် ထိုအဆင့်သို့ရောက်ရန် အပြင်းအထန် ကျင့်ကြံပါက ငါးနှစ် ခြောက်နှစ်ခန့် အချိန်ယူရပေမည်။

လန်လင်းမှာ သူ၏ အခြေခံကျင့်စဉ်များကိုပင် မပြီးမြောက်သေးသလို ပြင်ဆင်ရန် အချိန်ကလည်း လေးလသာ ရှိသည်။ ဤသည်မှာ လုံးဝကို စိတ်ကူးယဉ်နေခြင်းသာ ဖြစ်၏။

စိုးရိမ်တကြီးဖြင့် နှုတ်ခမ်းကို ကိုက်ထားရင်း စိတ်ဖိစီးမှုနှင့် ဒေါသတို့က နောက်ဆုံး၌ လန်လင်းကို ရူးသွပ်သွားစေပြီဟု ဆိုနင်ပင်းက တိတ်တဆိတ် သံသယဝင်မိသည်။

သို့သော်လည်း သူမက သူ့ကို အရမ်းချစ်လွန်းလှသဖြင့် ခနဲ့တဲ့တဲ့ စကားဆိုဖို့ နေနေသာသာ ၊ ငြင်းဆန်သည့် စကားတစ်ခွန်းကိုပင် မပြောရက်ခဲ့ချေ။

သူတို့ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းခဲ့သည်မှာ တစ်လပင် မပြည့်သေးသော်ငြား ၊ လန်လင်းကို သူမ၏ မိသားစုဝင်အရင်းတစ်ယောက်အဖြစ် အပြည့်အဝ လက်ခံထားပြီး ဖြစ်၏။ သူမ၏ နှလုံးသားထဲ၌ ကွယ်လွန်သွားပြီဖြစ်သည့် မောင်လေး ဆိုလွန်၏ နေရာကို သူက လုံးဝ အစားထိုး ယူထားပြီး ဖြစ်လေပြီ။

အပိုင်း ၅၃ ပြီး။

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Yue

True Immortal Team

All Chapters