အခန်း ၅၆
Vol. 6 Ch. 56
အပိုင်း ၅၆
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team
မနက်ဖြန်၌ သူ၏ လက်တွေ့ လေးပစ်လေ့ကျင့်မှုကို စတင်ရမည်ဟု တွေးမိကာ လန်လင်း စိတ်လှုပ်ရှားနေ၏။ တက်ကြွမှုကြောင့် သူ၏ မျက်လုံးတို့က တောက်ပနေသည်။
ထိုစဉ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာ၏။
ရဲ့ကျင်းယွီက အခြေအနေကို အကဲခတ်ရင်း မျက်မှောင်ကြုတ်လိုက်ကာ အေးစက်စွာ မေးလိုက်သည်။ “ဘယ်သူလဲ။”
“ခယ်မလေး... ကျွန်တော် ရှောင်ရင်းပါ။” အပြင်ဘက်မှ အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။ အသံက အစောက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည့် ဖောက်သည်နှင့် တူနေသည်။
‘ခယ်မလေးတဲ့လား။’ လန်လင်းက နားမလည်ဟန်ဆောင်ကာ မျက်တောင်ပုတ်ခတ်လိုက်ပြီး ရဲ့ကျင်းယွီကို ကြည့်လိုက်၏။
ရဲ့ကျင်းယွီ၏ မျက်နှာမှာ အလွန်အမင်း ဒေါသထွက်မှုကြောင့် နီရဲသွား၏။ သူမက အေးစက်စွာ ပြောလိုက်သည်။ “ခယ်မလေးလို့ နောက်တစ်ခွန်း ခေါ်ရဲခေါ်ကြည့်... နင့်လျှာကို ဆွဲထုတ်ပစ်မယ်။”
ရှောင်ရင်းအမည်ရသည့် အမျိုးသားက အလောတကြီး တုံ့ပြန်လိုက်၏။ “ကောင်းပါပြီ... အဲဒီလို မခေါ်တော့ပါဘူး အစ်မရဲ့။ အစ်ကိုကြီးလည်း ဒီမှာရှိတယ်။ ဒါပေမဲ့ သူက အမဲလိုက်ထွက်သွားတယ်။ ကျွန်တော်က ဒဏ်ရာရထားလို့ တည်းခိုခန်းမှာ တစ်ယောက်တည်း ကျန်နေတာ။ မနက်ဖြန်ကျရင် အစ်ကိုကြီးကို သွားရှာဖို့ ကျွန်တော် လိုက်ပို့ပေးမယ်လေ... ဘယ်လိုလဲ။”
ရွံရှာမှုကြောင့် လန်လင်းက နှာခေါင်းရှုံ့လိုက်၏။ ထိုလူက မည်သည့်နေရာ၌ ဒဏ်ရာရထားသနည်း။ ဒဏ်ရာရနေသည်ဆိုသော်ငြား စောစောက မိန်းမခေါ်ရန် ခွန်အားများ ရှိနေသေးသည်။ သေချာပေါက် သေရမည်ကို ကြောက်ရွံ့၍ မြို့ထဲ၌ ပုန်းအောင်းနေခြင်းသာ ဖြစ်ပေလိမ့်မည်။
ရဲ့ကျင်းယွီက ငြင်းဆန်သည့်အနေဖြင့် ခေါင်းရမ်းလိုက်၏။ “မလိုဘူး... သူ့ကို ငါ သွားမတွေ့ဘူး။ ပြီးတော့ သူ့အကြောင်းက ငါနဲ့ ဘာမှမဆိုင်ဘူး။”
ရှောင်ရင်းက ရှင်းပြလိုက်သည်။ “ခယ်မလေး... အာ... မဟုတ်ဘူး... အစ်မရဲ့... အစ်ကိုကြီးနဲ့ ရှောင်ထျန်းက တကယ်ကို ဘာမှမဆိုင်ပါဘူးဗျာ။ အဲဒီမိန်းမကသာ သူ့ကို အတင်းကပ်နေတာပါ။ ပြီးတော့ အစ်ကိုကြီးနဲ့ ပြဿနာတက်ရင်တောင် အစ်မ ဖောက်ပြန်လို့ မရဘူးလေ။ အထူးသဖြင့် ဒီလို ရုပ်ပဲရှိပြီး အသုံးမကျတဲ့ ကောင်ချောလေးနဲ့ပေါ့။”
“ထွက်သွားစမ်း... နောက်တစ်ခွန်း ထပ်ဟရဲရင် အခုချက်ချင်း နင့်လျှာကို ဖြတ်ပစ်မယ်။”
ရဲ့ကျင်းယွီက ဒေါသတကြီးဖြင့် လက်သီးများကို တင်းတင်းဆုပ်လိုက်၏။ သူမက ခွက်တစ်လုံးကို ကောက်ယူကာ တံခါးဆီသို့ ပစ်ပေါက်လိုက်သည်။
ခွပ်းးး
ခွက်က တံခါးကို ဖောက်ထွက်သွားကာ အပေါက်တစ်ခု ဖြစ်သွားစေ၏။ အပြင်ဘက်ရှိ ရှောင်ရင်းမှာ ချက်ချင်းပင် ထွက်ပြေးသွားသည်။
ရဲ့ကျင်းယွီက လန်လင်းကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။ “သခင်လေး... ကျွန်မက အဲဒီလူနဲ့ ဘာမှမဆိုင်ဘူး။”
လန်လင်းက သူမ၏ စကားကို အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်သော်ငြား သူ မယုံကြည်ချေ။ သို့သော် ရဲ့ကျင်းယွီ၏ မျက်ခုံးများမှာ နီးကပ်နေပြီး ပေါင်နှစ်ဖက်က တင်းကျပ်စွာ ပိတ်ထားကြောင်း သူ သတိပြုမိလိုက်၏။ ရှေးရိုးယုံကြည်မှုများအရ ဆိုရလျှင် ဤသည်မှာ သူမ အပျိုရည် မပျက်သေးကြောင်း ဆိုလိုခြင်းပင်။
ရဲ့ကျင်းယွီက ရွံရှာမှုဖြင့် နှုတ်ခမ်းကို တွန့်လိုက်သည်။ “ထပ်ကြည့်နေဦးမယ်ဆိုရင် သခင်လေးရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပစ်မယ်။ သခင်လေးတို့ ယောက်ျားတွေရဲ့ ခေါင်းထဲမှာ ညစ်ပတ်တဲ့ အတွေးတွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်နိုင်ဘူး။ အိပ်တော့... မနက်ဖြန် မနက်စောစော မြို့ထဲကနေ ထွက်ကြမယ်။”
သူမက နံရံဘက်သို့ လှည့်ကာ ကုတင်ပေါ်၌ လှဲလျောင်းလိုက်သည်။ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကြောင့် သူမ သက်ပြင်းချလိုက်၏။
လန်လင်းလည်း လှဲလျောင်းလိုက်သော်ငြား အိပ်မပျော်နိုင်ချေ။ တည်းခိုခန်းအတွင်းရှိ လေထုမှာ အလွန်တရာ ကမောက်ကမနိုင်လွန်းလှပြီး အခြားအခန်းများမှ ဆွဲဆောင်ဖြားယောင်းသည့် အသံများကို ကြားနေရဆဲ ဖြစ်၏။ ထို့အပြင် ရဲ့ကျင်းယွီ၌ အလွန်တရာ လှပသည့် ခန္ဓာကိုယ်အချိုးအစား ရှိနေသည်။ ဘေးတစောင်း လှဲလျောင်းနေသည့် သူမ၏ အကွေးအကောက်များမှာ ပေါက်ကွဲထွက်မတတ် ဆွဲဆောင်မှုရှိလှ၏။
လန်လင်းက အချစ်ကြီးပြီး ဖြူစင်သည့် အမျိုးသားတစ်ဦး ဖြစ်သော်ငြား ဟော်မုန်းအားကောင်းသည့် ပုံမှန် လူငယ်တစ်ယောက်လည်း ဖြစ်နေဆဲပင်။ သူ စိုးရိမ်တကြီးဖြင့် တံတွေးမြိုချလိုက်၏။
“သခင်လေး ဆက်ကြည့်နေမယ်ဆိုရင် နောင်တရစေရမယ်လို့ ကျွန်မ အာမခံတယ်။”
ရဲ့ကျင်းယွီ၏ နောက်စေ့၌ မျက်လုံးများ ပါနေသည့်အလားပင်။
လန်လင်းက သူမ၏ ဆွဲဆောင်မှုရှိလှသည့် ခန္ဓာကိုယ်ကို ဆက်မကြည့်လိုတော့သဖြင့် အမြန် ကျောခိုင်းလိုက်၏။ သွေးဆောင်ဖြားယောင်းမှုကို လက်မခံလိုသည့်အတွက် သူ မျက်လုံးနှစ်လုံးကို တင်းတင်းမှိတ်ထားလိုက်သော်ငြား သူ၏ စိတ်အာရုံများက ပို၍ပင် ရှင်းလင်းလာသည်။
ဤကမ္ဘာပေါ်ရှိ လှပသည့် အပျိုစင်များက အမျိုးသားများအတွက် တကယ့်ကို စမ်းသပ်မှုတစ်ခုပင်။
**--**--**--**--**--**--**--**
နောက်တစ်နေ့ နေမထွက်မီ၌ ရဲ့ကျင်းယွီ ထလာကာ မျက်နှာသစ်လိုက်၏။ နောက်ဆုံး၌ တည်းခိုခန်းမှာ တိတ်ဆိတ်သွားသည်။ သို့သော် မိုးလင်းချိန်အထိ လုံးဝ တိတ်ဆိတ်သွားခြင်းမူ မရှိချေ။
သူ၏ သံချပ်ကာ ၊ လက်နက်များနှင့် ဆေးဝါးများ အဆင်သင့်ဖြစ်နေကြောင်း သေချာစေပြီးနောက် လန်လင်းက ရဲ့ကျင်းယွီနှင့်အတူ အခန်းထဲမှ ထွက်လာ၏။
ရဲ့ကျင်းယွီက ဘေးခန်းဆီသို့ မြန်ဆန်စွာ အကဲခတ်ကြည့်လိုက်သည်ကို လန်လင်း သတိပြုမိလိုက်သည်။ တံခါးမှာ ပွင့်နေသော်ငြား ရှောင်ရင်းကမူ ပျောက်ကွယ်နေပြီ ဖြစ်၏။
တည်းခိုခန်းမှ ထွက်ခွာပြီးနောက် လန်လင်းနှင့် ရဲ့ကျင်းယွီတို့ မြို့ထဲမှ ထွက်လာကြသည်။
တောင်ပိုင်းနယ်စပ်မြို့မှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ရှုခင်းများက လုံးဝ ပြောင်းလဲသွား၏။
အဝေး၌ ကျယ်ပြောလှသည့် တောင်တစ်သောင်းတောင်တန်းကြီးက နုလန်ဘုရင့်နိုင်ငံ တောင်ဘက်သို့ မချဲ့ထွင်နိုင်ရန် ကောင်းကင်ဘုံမှ တားဆီးချထားသည့် ဧရာမ တံတိုင်းကြီးတစ်ခုအလား မားမားမတ်မတ် ရပ်တည်နေသည်။
ဤသည်မှာ တောင်တစ်သောင်းတောင်တန်းကို လန်လင်း ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။ တောင်တန်းကြီးမှာ သူ စိတ်ကူးထားသည်ထက် များစွာ ပို၍ ကြီးကျယ်ခမ်းနားလှ၏။
ထို့အပြင် တောင်တစ်လုံးတည်း၌ပင် မတူညီသည့် ရာသီဥတုသုံးခု ရှိနေသည်။ အောက်ခြေ၌ နွေရာသီကဲ့သို့ ပူပြင်း၏။ အလယ်ပိုင်း၌ ဆောင်းဦးရာသီကဲ့သို့ အေးမြသည်။ အထွတ်အထိပ်၌မူ နှင်းများဖြင့် ဖုံးလွှမ်းနေ၏။
ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရုံဖြင့် ဤတောင်များမှာ ပေ တစ်သောင်းခြောက်ထောင် သို့မဟုတ် တစ်သောင်းကိုးထောင်ကျော် မြင့်မားနေသည်။ တပ်မတော်ကြီးတစ်ခုအနေဖြင့် ဤနေရာကို ဖြတ်သန်းချီတက်ရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
တောင်တစ်သောင်းတောင်တန်းနှင့် နယ်စပ်မြို့တော်ကြားရှိ နယ်မြေမှာ ညီညာသည့် တောရိုင်းမြေတစ်ခု ဖြစ်၏။ ခြောက်သွေ့နေပြီး ဧရာမ သစ်ပင်ကြီး အနည်းငယ်ခန့်သာ ရှိသည်။ မြေပြင်ကို မြင့်မားသော မြက်ပင်များ ၊ ချုံပုတ်များနှင့် မရေမတွက်နိုင်သည့် တောပန်းများဖြင့် အများဆုံး ဖုံးလွှမ်းထားသည်။
မိုင်အနည်းငယ်ခြားတိုင်း ရေကန်တစ်ခု ရှိနေ၏။
အတိုချုပ်ဆိုရလျှင် ဤနေရာ၏ အလှတရားက အသက်ရှူမှားလောက်အောင် လှပလွန်းသည်။ ကျယ်ဝန်းပြီး အရိုင်းဆန်သော သဘာဝရှိကာ လန်လင်းကဲ့သို့ အနုပညာဆန်သည့် အမျိုးသားများ အလွန်နှစ်သက်သော နေရာမျိုး အတိအကျပင်။ သူက မြင်ကွင်းကို ခံစားရင်း ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။
ဤနေရာက တောင်တစ်သောင်းတောင်တန်းနှင့် နီးကပ်နေသော်ငြား ရွာအချို့ ရှိနေဆဲပင်။ ဤနေရာရှိ လူများက အများအားဖြင့် သေဆုံးသွားသော သားရိုင်းများနှင့် သက်ဆိုင်သည့် အလုပ်များ လုပ်ကိုင်ကြ၏။ သားရိုင်းများ၏ အသားများ ၊ သားရေများ ၊ အရွတ်များနှင့် အရိုးများကို ပြုပြင်မွမ်းမံကြသည်။
ထိုရွာများက မုဆိုးများအတွက် ကုန်သွယ်ရန်နှင့် အနားယူရန် နေရာတစ်ခုကိုလည်း ပံ့ပိုးပေးထား၏။
လမ်းတစ်လျှောက်၌ အမဲလိုက်အဖွဲ့များစွာနှင့် သူတို့ ဆုံတွေ့ကြသည်။ အမျိုးသားများက ရဲ့ကျင်းယွီကို လေချွန်ကာ နောက်ပြောင်ကြသော်ငြား သူမက ဂရုမစိုက်ဘဲ ပခုံးတွန့်လိုက်၏။ သို့သော် မြို့ပြင်၌ အလွန်တရာ အန္တရာယ်များလှပြီး မည်သူကမှ သူစိမ်းများကို မယုံကြည်ကြသောကြောင့် မည်သည့်အဖွဲ့ကမှ သူတို့ကို ပူးပေါင်းရန် မဖိတ်ခေါ်ကြချေ။
အမဲလိုက်အဖွဲ့ နှစ်မျိုး ရှိ၏။ တစ်ဖွဲ့က ထူးဆန်းသည့် သားရိုင်းများကို အမဲလိုက်ပြီး နောက်တစ်ဖွဲ့က လူရိုင်းများကို အမဲလိုက်ကြသည်။
ရဲ့ကျင်းယွီက တောင်ပိုင်းနယ်စပ်၌ အချိန်များစွာ ကုန်ဆုံးဖူးကာ ထိုဒေသကို အလွန် ကောင်းစွာ သိရှိနေကြောင်း ထင်ရှားလှ၏။
ရဲ့ကျင်းယွီက ရှင်းပြလိုက်သည်။ “အခု ကျွန်မ သခင်လေးကို ပြောင်ချိုင့်ဝှမ်းဆီ ခေါ်သွားမယ်။ ပြောင်တွေက ကြီးမားပြီး ပစ်မှတ်ထားဖို့ လွယ်ကူတဲ့အတွက် သခင်လေးရဲ့ ပထမဆုံး တိုက်ပွဲဝင်လေ့ကျင့်မှုအတွက် အသင့်တော်ဆုံးပဲ။”
လန်လင်းက စူးစမ်းလိုစိတ်ဖြင့် မျက်ခုံးပင့်ကာ မေးလိုက်၏။ “ပြောင်က ခွန်အားသုံးတဲ့ သားရိုင်း အမျိုးအစားလား။”
“ဟုတ်တယ်။ သူက အံ့မခန်း သန်မာပြီး ရန်စမိရင် အရမ်း အန္တရာယ်များတယ်။ ဒါကြောင့် သခင်လေးအနားမှာ အချိန်တိုင်း ကျွန်မ နေဖို့လိုတယ်။ ပြောင်က သခင်လေးအနား ခြေလှမ်း ဒါဇင်အနည်းငယ်လောက်အထိ ရောက်လာရင် သူ့ကို ကျွန်မ သတ်ပစ်မယ်။”
သူက ခွန်အားကို အခြေခံသည့် ပစ်မှတ်နှင့် တိုက်ခိုက်ရန် လိုအပ်နေသောကြောင့် လန်လင်း ပျော်ရွှင်သွား၏။ လက်ရှိအချိန်၌ သူ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ခွန်အားမှာ အားနည်းနေသေးသည်။
ပြောင်ချိုင့်ဝှမ်းက နယ်စပ်မြို့တော်မှ မိုင်တစ်ရာခန့် ကွာဝေးကာ အတော်လေး အလှမ်းဝေးလှ၏။
ပြောင်သားမှာ မာကျောပြီး အရသာမရှိချေ။ သူတို့၏ အရွတ်များနှင့် သားရေတို့က ငွေအနည်းငယ် ရနိုင်သော်ငြား ယေဘုယျအားဖြင့် အခြားတိရစ္ဆာန်များနှင့် နှိုင်းယှဉ်လျှင် တန်ဖိုးသိပ် မရှိလှချေ။ လူရိုင်းတစ်ယောက်ကို အမဲလိုက်လျှင် ငွေဒင်္ဂါး ဆယ့်ငါးပြား ရနိုင်သော်လည်း ပြောင်တစ်ကောင်ကို သတ်လျှင် ငွေဒင်္ဂါး နှစ်ပြား သို့မဟုတ် သုံးပြားခန့်သာ တန်ဖိုးရှိ၏။
ဤအကြောင်းကြောင့် အသက်မွေးဝမ်းကျောင်းအတွက် အမဲလိုက်သည့် ဒေသခံ မုဆိုးများမှလွဲ၍ သူတို့ကို အထူးတလည် လာရောက်ရှာဖွေသူ အလွန်နည်းပါးလှ၏။ ရလဒ်အနေဖြင့် ပြောင်အကောင်ရေမှာ အလွန်တရာ များပြားနေသည်။
**--**--**--**--**--**--**--**
သူတို့နှစ်ယောက် မြင်းများကို နာရီအနည်းငယ်ကြာ စီးနှင်ပြီးနောက် မွန်းတည့်ချိန်၌ ပြောင်ချိုင့်ဝှမ်းသို့ နောက်ဆုံး၌ ရောက်ရှိလာကြသည်။
ဤနေရာရှိ ရှုခင်းမှာ ပို၍ပင် ကျယ်ဝန်းကာ လှပနေ၏။ မြေပြင်က ခပ်ပြေပြေ ကုန်းတန်းလေးများ ဖြစ်နေပြီး ဒူးခေါင်းခန့် မြင့်သော မြက်ခင်းစိမ်းများဖြင့် ဖုံးလွှမ်းထားကာ အစိမ်းရောင် ကော်ဇောတစ်ခုနှင့်ပင် တူနေသည်။ ပေဆယ်ဂဏန်းခန့် ခြားတိုင်း ဖြောင့်တန်းနေသည့် ထင်းရှူးပင်ကြီးများ ရှိနေ၏။
ချိုင့်ဝှမ်း၏ ဗဟိုချက်၌ ကြည်လင်နေသည့် ရေများဖြင့် ဧရာမ ရေကန်ကြီးတစ်ခု ရှိနေသည်။
ရဲ့ကျင်းယွီက မြင်းပေါ်မှ ဆင်းကာ လေးနှစ်လက်ကို ထုတ်ယူလိုက်၏။ တစ်လက်၏ ဆွဲအားက ကျင်းခြောက်ဆယ် အားရှိပြီး နောက်တစ်လက်က ကျင်းနှစ်ရာ အားရှိသည်။
အားပိုနည်းသည့် လေးက လန်လင်းအတွက်ဖြစ်ပြီး ပိုများသည့် လေးက သူမ ကိုယ်တိုင် အသုံးပြုရန် ဖြစ်၏။
ရဲ့ကျင်းယွီက ကျင်းခြောက်ဆယ်လေးကို လန်လင်းထံ ကမ်းပေးလိုက်သည်။ “ဒါက ကျင်းခြောက်ဆယ် လေးပဲ။ စမ်းကြည့်ပါ။ လေးကြိုးကို ဆွဲပြီးရင် မိနစ်ဝက် အတိအကျ ငြိမ်နေအောင် ထိန်းထားရမယ်။”
ဤကမ္ဘာရှိ အချိန်မှတ် ကိရိယာမှာ သဲနာရီသာ ဖြစ်နေဆဲပင်။ ရဲ့ကျင်းယွီက သေးငယ်ပြီး သေသပ်လှပသည့် တစ်မိနစ်စာ သဲနာရီတစ်ခုကို ထုတ်ယူလိုက်၏။
လန်လင်းက လေးကို ကောက်ယူကာ လက်မစွပ်ကို စွပ်လိုက်ပြီးနောက် အသက်ပြင်းပြင်း တစ်ချက်ရှူကာ လေးကြိုးကို အပြင်းအထန် ဆွဲလိုက်သည်။
“လက်ရုံးခွန်အား တစ်ခုတည်းကိုပဲ မသုံးနဲ့ သခင်လေး... ခါးအားကို ပိုသုံးပါ။” ရဲ့ကျင်းယွီက လက်ဟန်ခြေဟန်ဖြင့် ပြသကာ တင်းကျပ်စွာ အမိန့်ပေးလိုက်၏။ သူမက ရှေ့သို့ လှမ်းလာကာ လန်လင်း၏ ကိုယ်နေဟန်ထားကို ပြင်ဆင်ပေးလိုက်သည်။
လန်လင်းက သူ၏ အစွမ်းကုန် ခွန်အားဖြင့် ကျင်းခြောက်ဆယ်လေးကို ဆွဲနိုင်သော်ငြား ဒဏ်ကို ခံနိုင်ရန် အံကို တင်းတင်းကြိတ်ထားလိုက်၏။ လက်ချောင်းသုံးချောင်း၏ ခွန်အားကိုသာ လိုအပ်သောကြောင့် မိနစ်ဝက်ခန့် ငြိမ်သက်နေအောင် ထိန်းထားရန်မှာ အလွန်တရာ ခက်ခဲလှသည်။
အပိုင်း ၅၆ ပြီး။
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Yue
True Immortal Team